လူမှုနိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများ

ကျနော် ရေးတာ လူမှုနိုင်ငံရေးဝေဖန်ချက်ဆောင်းပါးတွေ အများစုပါ။ စာပေရေးရာတွေ ပါဝင်တယ်။ ဒါကလည်း လူမှုပြုပြင်ပြောင်းလဲရေးကို စာပေအားဖြင့် ကျေးဇူးပြုဖို့၊ ရည်မျှော်တာပဲဖြစ်ပါတယ်။ ကျနော်ရေးတဲ့စာတွေက ဘောဂဗေဒနယ်ကို မကူးပါဘူး။ စီးပွားရေးနယ်ကို မတို့ထိပါဘူး။ အနည်းအကျဉ်း ပါတာတော့ ရှိတယ်။ အကယ်၍ စီးပွားရေးလို့ ပြောရင်လည်း၊ နေ့စဉ် လူမှုဘဝတွေရဲ့ စားဝတ်နေရေးကိစ္စတွေပဲ ထည့်သွင်းရေးသားပါတယ်။ မက်ခရိုစီးပွားရေးတွေ၊ မိုက်ခရိုစီးပွားရေးတွေဘက်ကို ကျနော် မသွားပါ။ ကျနော် အာရုံစိုက်တဲ့နယ်ဟာ လူမှုနိုင်ငံ ရေးနယ် ဖြစ်ပါတယ်။ လူမှုနိုင်ငံရေးနယ်ပယ်ဟာ ကျယ်ပြန့်ပါတယ်။ လူမှုရေးနဲ့ နိုင်ငံရေးအကြား ဆက်ဆံရေးတွေ ရှိတယ်။ လူမှုရေးကနေ နိုင်ငံရေးကို လွှမ်းမိုးပြုပြင်နေတာတွေ ရှိတယ်။ နိုင်ငံရေးကနေ လူမှုရေးကို ချုပ်ကိုင်စီရင် နေတာတွေ ရှိတယ်။ လူမှုရေးနဲ့ နိုင်ငံရေးဟာ အပြန်အလှန် အညမညဆက်စပ်နေတယ်၊ ကျေးဇူးပြုနေတယ်။ အပြန်အလှန်အမှီသဟဲပြု ရှင်သန်နေတာတွေ ရှိတယ်။ ဓာတ်တူတဲ့အရာတွေ ပေါင်းစည်းမိပြီးတော့၊ ဓာတ်မတူတဲ့ အရာတွေ တွန်းတိုး ကန်ကျောက်တတ်တဲ့သဘောလည်း တွေ့ရတယ်။ မြန်မာ့လူမှုဓလေ့မှာ စွဲမြဲနေတဲ့ ယဉ်ကျေးမှု၊ အစဉ်အလာ၊ ထုံးတမ်းတွေ ရှိတယ်။ ဒါတွေကို မြန်မာတွေ ကိုးကွယ်တဲ့ ဘာသာရေးမှာ တွေ့ရတယ်။ မြန်မာစာပေ မှာလည်း တွေ့ရတယ်။ မြန်မာတွေရဲ့ သမိုင်းဖြတ်သန်းမှုနောက်ခံမှာလည်း တွေ့မြင်ရတယ်။ မြန်မာလူမှုအဖွဲ့ အစည်းမှာ နေ့စဉ်ပြုမူပြောဆိုနေတဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းက နားလည်လက်ခံ ထားတဲ့ လူမှုဓလေ့နဲ့ လူမှုအတွေးအခေါ်ကနေ ဆင်းသက်တာများပါတယ်။ ကျနော် ဒါတွေကို လေ့လာဖြစ်ပါတယ်။

ရည်ရွယ်ချက်

အထူးသဖြင့် ကျနော်ဟာ လူမှုနိုင်ငံရေးဓလေ့တွေကို ဝေဖန်ဆန်းစစ်တဲ့ဆောင်းပါးမျိုးတွေ ရေးရတာ ခံတွင်းလိုက် တယ်။ အစဉ်အလာယုံကြည်ရင်းစွဲရှိတဲ့ဓလေ့တွေထဲမှာ ….

  • ခေတ်ကာလနဲ့ အံမဝင်တော့တဲ့ စရိုက်တွေကို ဝေဖန် ထိုးနှက်တယ်။
  • ကြောင်းကျိုးမညီတဲ့ကိစ္စတွေကို ဝေဖန်စောကြောတယ်။
  • အဖိနှိပ်ခံပြည်သူတွေကို ဝါဒမှိုင်းသွင်းထား တဲ့ အယူအဆတွေလို့ မှတ်ယူရင်၊ တိုက်ခိုက်တယ်။
  • လူအများကောင်းကျိုးအတွက် မွေးမြူရှေ့ရှုရမယ့်အရာတွေကို တိုက်တွန်းနှိုးဆော်တယ်။
  • အဟောင်းတွေထဲက အကောင်းတွေ ရှိရင် ဖော်ထုတ်တယ်။
  • လူတစ်စုကောင်းစားရေးအတွက် ဖန်တီးစီရင်ထားတဲ့ ထုံးတမ်းအစဉ်အလာတွေ ရှိရင်၊ တော်လှန်ဖို့ ကြိုးစားတယ်။
  • လွတ်လပ်ခွင့်ကို ဟန့်တားနှောက်ယှက်တဲ့ ရှေးရိုးစွဲတွေကို ပြုပြင်ဖို့ လှုံ့ဆော်တယ်။
  • ပညာကို သင်းသတ်ထားတဲ့ဓလေ့ကို ငြင်းဆန်တယ်၊ တိုက်ခိုက်တယ်။
  • ဆင်ခြင်တုံတရား အပြန့်ကျယ်နိုင်ဖို့ ရည်ရွယ်ပြီး၊ ရှင်းလင်းတင်ပြသင့်တာကို ရေးဖို့ ကြိုးစားတယ်။

ဒါတွေဟာ ကျနော်ရေးတဲ့ လူမှုနိုင်ငံရေးဝေဖန်ချက်ဆောင်းပါး (Socio-Political critic articles) တွေရဲ့ အဓိက အခြင်းအရာပဲဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံနယ်ပယ်ဟာ ကျယ်ပြန့်တဲ့ပညာရပ်ဖြစ်ပါတယ်။ ဘာသာရပ်ပေါင်းစုံ စုပေါင်း အကြုံးဝင်နေတဲ့ နယ်ပယ်ဖြစ်ပါတယ်။ multidisciplinary လို့ ပြောနိုင်တယ်။ ထိုနည်းလည်းကောင်း လူမှုရေးနယ်ပယ်ဟာ ကျယ်ပြန့်ရှုပ်ထွေးတဲ့နယ်ပယ်ဖြစ်ပါတယ်။ လူမှုဗေဒလို့ပဲ ပြောပြော၊ လူမှုသိပ္ပံလို့ပဲဆိုဆို လေ့လာစရာ အကြောင်းအခြင်းအရာရပ်တွေ ခပ်များများ ပေါင်းစုပါဝင်နေတဲ့ နယ်ပယ်ဖြစ်တယ်။ လူမှုရေးနယ်နဲ့ နိုင်ငံရေးနယ် ဆက်စပ်နေတဲ့အကြောင်းအချက်တွေကို လေ့လာစူးစမ်းရှာဖွေရတာ ကျနော်သဘောကျတယ်။ ဒါ့ကြောင့်လည်း လေ့လာဆည်းပူးမှုဟာ ကျနော့်ကို ရင်ခုန်စေတယ် ထင်တယ်။ မကုန်နိုင်ဘူး။ မခမ်းနိုင်ဘူး။ မဆုံး နိုင်တဲ့ တောကြီးမျက်မည်းထဲမှာ တခါတရံလည်း မျက်စိလည်း လမ်းမှားတာတွေ ကြုံရတယ်။ ဒါပေမယ့် ကျနော့် ရည်မှန်းချက်ဟာ ခရီးရောက်ဖို့ထက်၊ တောကြီးတောင်ကြီးထဲမှာ ကျင်လည်ကျက်စားရတာကိုက ကျနော်လုပ်ချင် တဲ့အလုပ်ဖြစ်နေပါတယ်။ ဥပမာ တစ်ခုပြောရရင်၊ ကောက်ရိုးပုံ ဖွတဲ့သူပေါ့။ ကောက်ရိုးပုံထဲ အပ်ပျောက်လိုက်ရှာ တဲ့သူက အပ်ကို တွေ့ရင် သူ့အလုပ်ပြီးသွားတယ်။ ကျနော်ကတော့ ကောက်ရိုးပုံထဲက အပ်ကို တွေ့ပြီးရင်တောင် အဲသည့်ကောက်ရိုးပုံကို ဆက်ဖွနေမှာပဲ။ ဒီလိုနဲ့ ကျနော်ဟာ လူမှု (+) နိုင်ငံရေး (+) ဓလေ့ အကြောင်း ဆောင်းပါး တွေ ခပ်များများရေးဖြစ်လာခဲ့တယ်။

နိုင်ငံရေးနယ်

နိုင်ငံရေးနယ်ကို ချုပ်လိုက်ရင် အဓိက အခြေခံအချက် (၃) ချက်ပဲ ရှိပါတယ်။ (၁) လူကိစ္စ ၊ (၂) မြေကိစ္စ၊ (၃) အာဏာကိစ္စ…။ ဒီသုံးခုပဲ ရှိပါတယ်။ လူကို အခြေခံပြီးတော့ အကြောင်းအရာတွေ များစွာ ခွဲဖြာသက်ဆင်းလာ တယ်။ မြေကို အခြေခံပြီးတော့ နယ်ပယ်ကဏ္ဍများစွာ ခွဲဖြာသက်ဆင်းလာတယ်။ အာဏာကို အခြေခံပြီးတော့ အကြောင်းအရာနယ်ပယ်ကဏ္ဍအမျိုးမျိုး ခွဲဖြာသက်ဆင်းလာတယ်။ ဒါတွေကို အနည်းငယ် စာရင်းချကြည့်ရင်၊ အခုလိုတွေ့ရတယ်။

  • အုပ်ချုပ်ရေး
  • ဥပဒေပြုရေး
  • တရားစီရင်ရေး
  • ပါတီနိုင်ငံရေး
  • လူမျိုးရေး
  • အမျိုးသားရေး
  • ဖွံ့ဖြိုးတိုးတက်ရေး
  • ပြည်သူလူထုအရေး
  • နိုင်ငံခြားဆက်ဆံရေး
  • အချုပ်အခြာအာဏာ
  • ရွေးကောက်ပွဲ
  • နိုင်ငံရေးဒဿနိကဗေဒ
  • နိုင်ငံရေးဘောဂဗေဒ
  • စစ်ပွဲ နဲ့ ပဋိပက္ခတွေ
  • စက်မှု၊ သိပ္ပံနဲ့ နည်းပညာ
  • ကာကွယ်ရေးနဲ့ လုံခြုံရေး
  • အာဏာသိမ်းမှု
  • တော်လှန်ရေး (အရေးတော်ပုံ)
  • လွတ်လပ်ရေး
  • တည်ငြိမ်ရေး
  • ခွဲထွက်ရေး
  • အာဏာခွဲဝေရေး
  • အမှတ်အသားသရုပ်

စတဲ့ကိစ္စ အခြင်းအရာတွေဟာ နိုင်ငံရေးနယ်ထဲမှာသော်လည်းကောင်း၊ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ အကြောင်းအရာတွေသော်လည်းကောင်း ဖြစ်တာနေတာတွေ့ရတယ်။ ဒီလို ကိစ္စရပ်တွေကို နားလည်သဘော ပေါက်အောင် လုပ်ရတဲ့နေရာမှာ၊ သီအိုရီ (သဘောတရား) ကိုလေ့လာခြင်းနဲ့ သမိုင်းကို လေ့လာခြင်းဟာ ယှဉ်တွဲ သွားရတဲ့အရာလို့ ယူဆတယ်။ နိုင်ငံရေးလေ့လာသူဟာ သမိုင်းကို မလေ့လာလို့ မရဘူး။ သမိုင်းကို လေ့လာသူက လည်း နိုင်ငံရေးကို ထည့်သွင်းလေ့လာကြတာပါပဲ။ သမိုင်းဟာ ဖြစ်စဉ်၊ ဖြစ်ရပ်တွေနဲ့ ဥပမာ ဥပမေယျတွေနဲ့ များစွာ ရှင်းလင်းပြသနိုင်တယ်။ သမိုင်းဟာ လမ်းပြမြေပုံ မဟုတ်ပေမယ့်၊ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ အတိတ်ကို ကျေကျေလည်လည် နားလည်အောင် လုပ်ကြရတာ ထုံးစံပဲ။

ခွဲခြမ်း စိတ်ဖြာ ပိုင်းဖြတ်ခြင်း

လူ့အဖွဲ့အစည်းထဲမှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စတွေဟာ စိတ်ဝင်စားစရာကောင်းတယ်။ တက္ကသိုလ်မှာတော့ စိတ်ပညာဘာသာရပ်ကို သီးသန့်သင်ကြတယ်။ ဘာသာရေးနယ်မှာလည်း စိတ်အကြောင်း လေ့လာတွေ့ရှိထားတာ တွေ့နိုင်တယ်။ လူတစ်ဦးချင်းစီရဲ့ စိတ်နေသဘောထားကို လေ့လာရမှာ ဖြစ်သလို၊ လူအုပ်စုတွေရဲ့ စိတ်နေစရိုက် ကိုလည်း လေ့လာသင့်တယ်။ လူအုပ်စုတွေဆိုတာ လူအများရဲ့ စိတ်အစုအပေါင်းလို့ နားလည်နိုင်တယ်။ ဒါတွေက နေ ဓလေ့ယဉ်ကျေးမှုရယ်လို့ ဖြစ်လာတယ်။ ဓလေ့စရိုက်ရယ်လို့ ဖြစ်လာတယ်။ ပြည်သူလူထုမှာ ထားရှိတဲ့ စိတ်နေ စိတ်ထားတွေ ရှိသလို၊ ခေါင်းဆောင်ပိုင်းမှာ ထားတဲ့စိတ်နေစိတ်ထားတွေကို လေ့လာဖို့ လိုတယ်။ စိတ်ပိုင်းဆိုင်ရာ နဲ့ ဒဿနပိုင်းဆိုင်ရာက ဆက်စပ်နေတယ်။ စိတ်နေသဘောထားနဲ့ အတွေးအခေါ်အယူအဆတွေကနေ အပြုအမူ တွေ ဖြစ်လာတယ်။ လုပ်ရပ်တွေ ဖြစ်လာတယ်။ လူ့အရေးအရာတွေ၊ နိုင်ငံ့အရေးအရာတွေကို လေ့လာကြည့်တဲ့ အခါ၊ အလွှာတွေကို တစ်ချပ်ချင်းစီး ခွဲခြားပိုင်းဖြတ်ကြည့်လို့ ရတယ်။ တချို့က လူတန်းစားကို လွှာပြီး ကြည့်တယ်။ တချို့ကတော့ အရေအတွက်နဲ့ ပိုင်းဖြတ်ကြည့်တယ်။ လူတစ်ဦးချင်းကိစ္စ၊ လူ့အဖွဲ့အစည်းကိစ္စ၊ နိုင်ငံတစ်ခုလုံးကိစ္စ နဲ့ ကမ္ဘာ့အရေး၊ နိုင်ငံတကာအရေးရယ်လို့ လွှာပြီး ကြည့်လေ့ရှိတယ်။ တချို့ကတော့ စနစ်ကို ထည့်တယ်။ တချို့ ကတော့ အဖွဲ့အစည်းနဲ့ အင်စတီကျူးရှင်းတွေကို ထပ်ပြီး ပေါင်းထည့်ကြည့်တယ်။ ကြည့်မြင်မှုတွေက အမျိုးမျိုး ရှိနိုင်တယ်။ ရှုဒေါင့်တွေက အမျိုးမျိုးဖြစ်နိုင်တယ်။ ဘယ်ဘက်က ရပ်ကြည့်ရင်၊ ဘာမြင်တတ်သလဲဆိုတာ လေ့လာမှု စူးစူးစိုက်စိုက်ဖြစ်လာတာနဲ့အမျှ ပိုသိလာပါတယ်။

လူ့အရေးအရာတွေ

လူ့အရေးအရာတွေမှာ …

  • လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိစ္စတွေ ပါဝင်တယ်။
  • လူတွေရဲ့ အမူအကျင့်ပိုင်းဆိုင်ရာကိစ္စတွေ ပါဝင်တယ်။
  • လူတွေရဲ့ စားဝတ်နေမှုကိစ္စတွေပါဝင်နေတယ်။
  • လူတွေရဲ့ အသိဉာဏ်ပညာပိုင်းဆိုင်ရာကိစ္စတွေ ပါဝင်နေတယ်။
  • လူတွေရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကိစ္စတွေ ပါဝင်နေတယ်။
  • လူတွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စတွေ ပါဝင်နေတယ်။
  • လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာကိစ္စတွေ ပါဝင်နေတယ်။
  • လူတွေရဲ့ အထွေထွေ လုံခြုံရေးကိစ္စရပ်တွေ ပါဝင်နေတယ်။
  • လူတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတွေ ပါဝင်နေတယ်။

လူ့အရေးအရာကိစ္စတွေထဲမှာ၊ စာပေ – ယဉ်ကျေးမှု – အနုပညာ အားလုံးဟာ ပုံဖော်တည်ဆောက်နေတဲ့ လူ့အရေး အရာတွေအဖြစ် ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံရေးနယ်က ကိစ္စတွေနဲ့ ဘယ်လို ဆက်စပ်နေသလဲ ဆိုတာကို သိအောင် လုပ်ရတာ၊ နားလည်အောင် လုပ်ရတာ ကျနော့်အတွက် ရင်ခုန်စရာဖြစ်ခဲ့ပါတယ်၊ ဖြစ်နေပါ တယ်။

စာပေအားဖြင့်

စာရေးသားခြင်းအလုပ်နဲ့ လူ့အဖွဲ့အစည်းအတွင်းက လူမှုနိုင်ငံရေးဖြစ်ရပ်တွေကို နဂိုမူလအနေအထားထက် ပိုသိ နားလည်အောင် ကျေးဇူးပြုရတာ၊ နိုင်ငံကို ပြုခြင်း၊ တိုင်းပြုပြည်ပြုအလုပ်ကို လုပ်နေခြင်းလို့ ကျနော် ခံယူထား တယ်။ စာပေနဲ့ ကျေးဇူးပြုရတဲ့ကိစ္စဟာ၊ သက်ရောက်မှုအားဖြင့် တဖြည်းဖြည်းနဲ့သာ သတ္တိပြလာတတ်ပါတယ်။ ချက်ချင်းလက်ငင်း သက်ရောက်နိုင်တဲ့ကိစ္စမျိုး မဟုတ်ပါ။ သို့သော်လည်း လူ့အဖွဲ့အစည်းအတွင်းမှာ၊ စာပေ အားဖြင့် မြှုပ်နှံထားတဲ့ အတွေးအခေါ်၊ အယူအဆနဲ့ အမြင်တွေကို ဖြန့်ဝေခြင်းဟာ အဟောသိကံဖြစ်တဲ့ကိစ္စ မဟုတ်ဘူး။ လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိပါတယ်။ အကျိုးတရားကောင်းတွေကို ရဖို့၊ အကြောင်း တရား ကောင်းတွေကို ဖန်တီးထားရမှာ ကျနော်တို့ တာဝန် မဟုတ်လား။

မင်းသေ့

နေ့လယ် ၃း၀၈

၁၁၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post သေခြင်းဒဿနမှသည်
Next post ဧကစာရီကျင့်နေသော စစ်ကောင်စီ