စာပေအနုပညာဖန်တီးရှင်နှင့်အတူ

  • တချို့က အဆင်းလှ တချို့က အဆင်းမလှ
  • အမှတ်မရှိ ၊ လမ်းမရှိ ၊ ကီလီဗောတံတား
  • အားလုံး ငြိမ်ပါ မီးစုံဖွင့်မယ်
  • အိပ်နေရင် ည ၊ နိုးနေရင် နေ့
  • သောက်တော့ ဒူးယား နေတော့ ချုံကြား ဝတ်တော့ မလေးရှား
  • ခေါင်းမော့လိုက်တော့မင်း ၊ ခေါင်းငုံ့လိုက်တော့ သူ
  • ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ ဇွဲကောင်းပါရဲ့
  • နှင်းဆီလေ… ဟုတ်ဖူး
  • နမ်းမှာလား မောင်ရဲ့ … မွှေးတယ်ရှင့်
  • မြစိမ်းပြာကမာရွတ်
  • လဝန်းစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေ
  • သူစိမ်းတွေ ကြားမှာ
  • နှစ်ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်တဲ့ မိန်းမတစ်ယောက်
  • ချစ်တဲ့သူသခင်မြင်လာအုန်း
  • ထမိန်လေးတစ်ထည် နှင့် အခြားဝတ္ထုတိုများ
  • ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

ကြည့်စမ်းပါ… ဘယ်လောက်လှလိုက်သလဲ။ ဝတ္ထုတွေကို မခံစားသေးခင်၊ ဝတ္ထုနာမည်လေးတွေကို အရင် ခံစားကြည့်စမ်းပါ။ သေချာ ကာရံနံဘေနဲ့ နရီစည်းဝါးကို ညှိလိုက် တိလိုက်ရင် ကဗျာလေးလိုနော်။ ဘယ်လောက် လှသလဲ။ အလှကို ခံစားတတ်ရဲ့လား….။ အလှကို မြင်တတ်ရဲ့လား။ အလှကို မြင်နိုင်တဲ့ မျက်စိ ရှိရဲ့လား။ အလှကို ကြားနိုင်တဲ့ နားရှိရဲ့လား။ တချို့ အလှတွေကတော့ ပကတိနားမျက်စိနဲ့ ခံစားလို့ မရနိုင်ပါဘူး။ နှလုံးသားကနေ နားထောင်ရတာ။ ကြားရဲ့လား…။ တိုးတိုးလေး…..။ ရင်ထဲမှာ အပူလှိုင်းတွေ ရှိရင် မကြားနိုင်ဘူးနော်။ နှလုံးသားမျက်စိမှာ တိမ်သလ္လာမှိုင်းတွေကပ်ငြိနေရင် မမြင်ရဘူးနော်။ နှလုံးသားကနေ ခံစားမိရဲ့လား။

  • ထုံနေပြီလား၊
  • အူနေပြီလား၊
  • ဟုံနေပြီလား၊
  • မြုံနေပြီလား။

တေးရေး ကိုမောင်မောင် ရေးစပ်တဲ့ သီချင်းတစ်ပုဒ်ကို သတိရလိုက်တာ။ အကြိုက်ဆုံး တေးဆို ခင်မောင်တိုးက ဆိုထားတယ်လေ။ အခုထိ အနုပညာဂုဏ်ဒြပ်မြင့်မားမှုကို တည့်မတ်စွာ ထိန်းသိမ်းထားနိုင်တဲ့ မဇ္ဈိမလှိုင်း အဖွဲ့ရဲ့ ဖော်ကျူးမှုပေါ့။ အို…မေတ္တာရှင်…တဲ့။

  • ကြားဖူးကြလား
  • နားထောင်ဖူးသလား
  • ခံစားလို့ ရသလား
  • ခံစားတတ်ရဲ့လား

အို… မေတ္တာရှင်ရေ့….။

အသင်ပေးလှူခဲ့သော မေတ္တာစောင်းကြိုးတွေကို ငါ့အသည်းလွှာမှာ သိမ်မွေ့ညင်သာစွာ ဂရုတစိုက်တပ်ဆင်၍ ကြိမ်ဖန်များစွာ ငါ တီးခတ်ခဲ့ပါ၏။ သို့ပါသော်လည်း တပါးသူတို့မှာ မကြားနိုင်ကြပါ။ မြုံနေကြတယ် ထင်ရဲ့….။

အို…သစ္စာရှင်ရေ့….

အသင် တိုင်တည်ခဲ့သော သစ္စာပန်းစကားများသည် အမှောင်အမိုက်ထဲမှာပင် ပဲ့တင်ထပ်၍ လာနေခဲ့ပါသည်။ မည်မျှ ပဲ့တင်ထပ်သည်ဟု ဆိုရလျှင်၊ တိမ်ယံမိုးထက်အာကာပြင်ပေါ်တွင် ကျယ်လောင်စွာ မြည်ဟိန်းနေပါသည်။ သို့ပါသော်လည်း တပါးသူတို့မှာ မကြားနိုင်ကြပါ။ အမြုံတွေဖြစ်နေကြတယ် ထင်ရဲ့….။

အို… တေးသံရှင်ရေ့….

အသင် သီကျူးနေသည့် ဆန်းသစ်သော တေးသံဂီတများကို ငါ၏ နှလုံးအာရုံထဲ၌ စွဲမြဲစွာ တည်စေရန် လိုက်ဆိုငြီးကြည့်နေစဉ် ငါ၏ အနောက်မှ သံယောင်လိုက်သံလို ကြားခဲ့ပါ၏။ ငါကဲ့သို့သောသူ ရှိလိမ့်မည်ဟု ငါ ထင်မြင်ခဲ့၏။ သို့ပါသော်လည်း ဤထင်မြင်ချက်မှာ အမှန် မဟုတ်။ ဆန်းသစ်သော အသင်၏ ဂီတတေးသံများကို မကြားနိုင်ကြသော အမြုံများ ရှိကြလေ ကုန်၏။

  • ၎င်းတို့မှာ မြုံနေဆဲ
  • မြုံနေမြဲ
  • ထပ်မံ မြုံနေကြလိမ့်မြဲ

အနုပညာများ၏ နက်နဲမှုကို လူတိုင်း မခံစားနိုင်ပါ။ သို့သော် ဤကား အပြစ် မဟုတ်။ အနုပညာမှာ အလှရှိ၏။ စာရေးဆရာကြီး အောင်သင်း၏ လှလိုက်တာနော်…ဆိုသည့် စာတမ်းငယ်ကို ဖတ်ဖူးပါသလား။ သို့မဟုတ် အလှကို အနက်ဖွင့်ဖူးပါသလား။ ဘယ်လိုအရာက လှသလဲဆိုတာကို စိတ်မှာ ထင်ထင်ရှားရှား နားလည်သဘောပေါက်အောင် ကြိုးစားခဲ့ဖူးပါသလား။ ဤမေးခွန်းများသည် သာမန်လူအများအဖို့ “ကျွဲပါးစောင်းတီး” သကဲ့သို့ ဖြစ်နေနိုင်ပါသည်။ သို့သော် လူအများနှလုံးသား ညံ့ဖျင်းသည်ဆိုရုံမျှဖြင့် အနုပညာဖန်တီးသူသည် သူ့၏ ဖန်တီးမှုကို မလျော့။ သူ့စိတ် ခံစားမှု နက်နဲလျှင် နက်နဲသလို အပြောင်မြောက်ဆုံးအထိ ထုဆစ်မည် ဖြစ်ပါသည်။

အမှန်တကယ်တော့ လူတိုင်းလူတိုင်းသည် နက်နဲသော အနုပညာကို အကျယ်ပြန့်ဆုံး ခံစားသက်ဝင်နိုင်စွမ်း ရှိကြပါ၏။ အမြုံများက လွဲလို့၊ လူသားတိုင်းက အနုပညာ၏ အတွင်းသဘောကို ခံစားနားလည်နိုင်ကြပါ၏။

ဪ… တချို့က အဆင်းလှ၊ တချို့က အဆင်းမလှ….

မင်းသေ့

နေ့လယ် ၁၂း၁၁

၂၈ ၊ စက်တင်ဘာ ၂၀၂၃

Previous post ဒီ/ချုပ် သရုပ်ခွဲ
Next post လက်နက်ကိုင်ပဋိပက္ခတွင်းက စာပေပြဿနာ