ပြည်သူ့ရေးရာမူဝါဒကျောင်းသား

၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။

ကျနော် ပညာသင်ဆုရပါပြီ။ ကနေဒါနိုင်ငံ၊ University of British Columbia (UBC) မှာ ပြည်သူ့ရေးရာမူဝါဒ နဲ့ ကမ္ဘာ့အရေး ဘာသာရပ်နဲ့ မဟာဘွဲ့ကို တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။ အခုတော့ ပြည်သူ့ရေးရာမူဝါဒ ကျောင်းသား ဖြစ်ဖို့ ၊ ကြုံပါပြီ။ တချိန်က နိုင်ငံရေးသိပ္ပံကျောင်းသားဖြစ်ခဲ့ဖို့၊ မျှော်လင့်ခဲ့ဖူးပါတယ်။ အခုက ပြည်သူ့ရေးရာမူဝါဒဆိုတော့ နိုင်ငံရေးသိပ္ပံနဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ဘာသာရပ်တစ်ခုမို့၊ မျှော်လင့်ချက် ပြည့်ပြီလို့ ပြောရပါမယ်။ တကယ်တော့ ကျနော် သင်ယူခွင့်ရတဲ့ ပြည်သူ့ရေးရာမူဝါဒ ဘာသာရပ်ဟာ သူ့ချည်းသီးသန့် မဟုတ်ပါဘူး။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ တွဲဖက်ထားတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ နာမည် အပြည့်အစုံကတော့ Master of Public Policy and Global Affairs လို့ ခေါ်ပါတယ်။ ကျနော့်အတွက် အနောက်နိုင်ငံကြီး တစ်နိုင်ငံကနေ ပထမဆုံး သင်ယူခွင့်ရတဲ့ ဘွဲ့လွန်မဟာတန်းဖြစ်ပါတယ်။ ကျနော် မဟာတန်းကျောင်းသားအဖြစ် (၂) နှစ်သင်ယူရပါလိမ့်မယ်။ နည်းပညာတက္ကသိုလ်မှသည်၊ မန္တလေးတက္ကသိုလ်။ မန္တလေးတက္ကသိုလ်မှသည် ချင်းမိုင်တက္ကသိုလ်ကို တစ်ထောက်နားပြီး၊ အခုတော့ British Columbia တက္ကသိုလ်မှာ ထပ်မံ ခြေချရပါလိမ့်အုံးမယ်။

တချိန်တုန်းက အိုင်အာ (IR) ကျောင်းသားဖြစ်ခဲ့ဖူးတဲ့ကောင်။ အခုတော့ မဟာဝိဇ္ဇာကျောင်းသား ဖြစ်ပါပြီ။ ကျနော့်အသက် (၃၂) ပြည့်ခါနီး အချိန်မှာ၊ ကျနော် မျှော်မှန်းခဲ့တဲ့ နိုင်ငံတကာပညာကို စတင်ရရှိခြင်းဖြစ်ပါတယ်။ တကယ်တော့ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကျနော်က အတော်ကြီးနောက်ကျမှ ရခဲ့တာလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သစ်ပင်တွေတောင်မှ ကြီးထွားမှု ပုံစံတွေ မတူကြတာ။ လူတွေလည်း တူကြမှာမို့လား။ လူတွေမှာလည်း မတူကြပါဘူး။ တချို့သူတွေကတော့ ၊ ပညာရေးခရီးကို အရင်စတယ်။ ပြီးမှ လုပ်ငန်းခွင် ဝင်ကြတယ်။ ကျနော်ကတော့ လုပ်ငန်းခွင်ကို အရင်ရောက်တယ်။ ပြီးမှ ပညာရေးခရီးစတင်တယ်။ သူများတွေနဲ့တော့ ပြောင်းပြန်ဖြစ်ပါတယ်။

ပညာရေးခရီးလို့ ပြောတဲ့နေရာမှာ၊ နိုင်ငံတကာပညာရေးက ရတဲ့ ပညာရေးစနစ်ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်တိုင် အသိစိတ်ရှိရှိတဲ့ စတင်ခဲ့တဲ့ ကိုယ်တိုင်ရှာပညာကတော့ ဆယ်ကျော်သက်ဘဝကတည်းက စခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင်ရှာပညာရေးကို ကိုယ့်နည်းကိုယ်ဟန်နဲ့ မောင်းနှင်မယ်လို့ ကြွေးကြော်ပြီး၊ ရသမျှ စာအုပ်တွေ / လက်လှမ်းမှီသမျှ စာအုပ်တွေကို သဲကြီးမဲကြီး ဖတ်ခဲ့တယ်၊ အငမ်းမရ ဖတ်ခဲ့တယ်။ စာအုပ်တွေကို သဘောကျပြီး စာရေးဆရာတွေကို အထင်ကြီးခဲ့တယ်။ စာရေးဆရာတွေကို အားကျလို့ ၊ “ငါ ကိုယ်တိုင် စာရေးဆရာဖြစ်စေရမယ်” ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တယ်။ စာသမားသက်တမ်း (၁၀) နှစ်ပြည့်ချိန်မှာ၊ စာရေးဆရာဘဝကို စပြီး ခြေလှမ်းနိုင်ခဲ့တယ်။ စာရေးဆရာဘဝမှာတင် ရပ်နေလို့ မရဘူး၊ ပညာခြေလှမ်းကို တစ်ဆင့် လှမ်းနိုင်မှ၊ စာပေအပေါ်မှာ ပညာပေါင်းထည့်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း စာပေကိုယ်ခံအားကို မြှင့်သလို၊ ပညာရပ်ဆိုင်ရာ သိနားလည်မှုကို ကျယ်သထက် ကျယ်အောင် လုပ်ခဲ့တယ်။ အခု ရရှိတဲ့ အခွင့်အလမ်းဟာ၊ ကျနော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ပညာရေးအခွင့်အလမ်းလို့ ပြောနိုင်ပါတယ်။ ဒီအခွင့်ကို ရဖို့ အသက် (၂၄) နှစ်၊ (၂၅) နှစ်လောက် အရွယ်ကတည်းက ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အချိန်မကျသေးဘူး ထင်တယ်…ဆိုတဲ့စိတ်နဲ့ လက်လျော့ခဲ့ပါတယ်။ မြေပြင်မှာ ကျင်လည်ရမယ့် အတွေ့အကြုံနဲ့ ဖြည့်ပြီး ပညာခရီးကို အပြိုင်လှမ်းရမယ်ဆိုတဲ့စိတ်နဲ့ ၊ အတွေ့အကြုံတွေလည်း ယူခဲ့တယ်။ စာအုပ်ကိုလည်း လက်က မချခဲ့ပါဘူး။ ပညာရပ်ဆိုင်ရာ အဝန်းအဝိုင်းနဲ့လည်း ကင်းလွတ်အောင် မနေခဲ့ပါဘူး။ ဒီလိုနဲ့ နိုင်ငံရေးဘဝကနေ ၊ စာပေဘဝ။ စာပေဘဝကနေ ပညာရေးဘဝကို တဖြည်းဖြည်း ကူးလူးလာနိုင်ခဲ့ပါတယ်။

ကနေဒါကို မရောက်ခင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှာ ခရီးတစ်ထောက် ဖြတ်သန်းခဲ့ပါသေးတယ်။ နိုင်ငံတကာပညာရေးစနစ်ကို ရဖို့ ချင်းမိုင်တက္ကသိုလ်က နိဒါန်းအစ ဖြစ်ခဲ့ပြီး၊ ယခု British Columbia တက္ကသိုလ်ကတော့ စာကိုယ်ပိုင်း ဖြစ်ပါတယ်။ နိဂုံးပိုင်းမှာ ဖြတ်သန်းရမယ့် တစ်နေရာတော့ ရှိနေပါသေးတယ်။ အဲဒါက ဘာဖြစ်လာမလဲဆိုတာကို တိတိကျကျ မပြောနိုင်သေးပါဘူး။ ကျနော့်စိတ်ထဲမှာတော့ ပြတ်ပြတ်သားသား မျှော်မှန်းထားတာ ရှိပါတယ်။

ယခု ကျနော် ဆက်လျှောက်မယ့် ပညာရေးခရီးဟာ စာပေအတွက် ကိုယ်ခံအားမြှင့်တဲ့ ဖြစ်စဉ်တစ်ခုလို့ နားလည်ထားပါတယ်။ မြန်မာစာပေကို ဒီ့ထက်ပိုပြီး ရေးသားချင်တာတွေ ရှိနေပါတယ်။ စာရေးခြင်းအလုပ်ကို အသက်သေတဲ့အထိ တစိုက်မတ်မတ် လုပ်သွားမယ့်စိတ်ဟာ ကျနော့်စိတ်မှာ ကြီးစိုးနေပါတယ်။

နိုင်ငံတကာပညာရေးနဲ့ပတ်သက်ပြီး၊ ကျနော့် ဆရာသမားတွေနဲ့ မိတ်ဆွေတွေကတော့ အမြဲတမ်း တိုက်တိုက်တွန်းတွန်းအားပေးခဲ့တယ်။ ကျနော် ကွန်မြူနတီနယ်ထဲမှာ နိုင်ငံရေးအလုပ်တွေကို လုပ်နေစဉ်ကာလ ကတည်းက နိုင်ငံတကာပညာရေးကို ဆုပ်မိကိုင်မိရှိအောင် ယူဖို့ တွန်းအားပေးခဲ့တယ်။ တကယ်တော့ ကျနော်က နိုင်ငံတကာပညာရေးကို ရဖို့၊ အထူး သီးသန့်ကြီး အားထုတ်ခဲ့တာလည်း မရှိတာကို ဝန်ခံရပါလိမ့်မယ်။ ကျနော် အားထုတ်ခဲ့တယ်ဆိုတဲ့အဆင့်တိုင်းက ကိုယ့်ဘာသာ လက်တည့်စမ်းပြီး လုပ်ခဲ့လို့လည်း၊ စောစောစီးစီး ဒီအခွင့်ကို မရတာလို့ နားလည်ပါတယ်။ အခုတော့ ကြောင်းကျိုးသင့်လို့ ထင်ပါရဲ့….။ ဒီပညာသင်ယူခွင့်ကို ရပါတယ်။

နိုင်ငံရေး၊ သမိုင်းနဲ့ ယဉ်ကျေးမှုဟာ ကျနော် အာရုံကျရာ နယ်ပယ်တွေဖြစ်ပြီး၊ စာပေကတော့ ကျနော် ဖန်တီးတဲ့ ကွင်းပြင်ဖြစ်ပါတယ်။ ပညာရေးကတော့ ကျနော် ရေးသားတဲ့ စာပေကို တန်ဖိုးပေါင်းထည့်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ခရီးက ခပ်ဝေးဝေးထိ လျှောက်ကြရအုံးမယ်ဆိုတာကို သိပါတယ်။ ဒါ့ကြောင့် ပညာကိုယ်ခံအားမြှင့်မှ၊ ခရီးပေါက်လိမ့်မယ်လို့ နားလည်ထားပါတယ်။ ကိုယ်တိုင်ရှာပညာနဲ့ အသားကျခဲ့တာ ကြာပြီ။ အခုတော့ ကိုယ့်ကို ထပ်မောင်းမယ့် ယန္တရားထဲ ပြေးဝင်လိုက်ပြီ။ ပြေးပေအုံးတော့… မင်းသေ့ ရေ… လို့ ကိုယ့်ဘာသာ အားပေးလိုက်ပါတယ်။

စာဖတ်သမား မိတ်ဆွေတွေကနေ တစ်ဆင့် ကြားရတာ တစ်ခု ရှိတယ်။ တချို့က ကိုမင်းသေ့ကို နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်စေချင်တယ်။ တချို့ကလည်း ကိုမင်းသေ့ကို နိုင်ငံရပ်ခြားမှာ ကျောင်းသွားမတက်တာ ကောင်းတယ်…လို့ ကြားရတယ်။ အားလုံးက သူ့လိုလားချက်နဲ့ သူတို့ပါပဲ။ သူတို့ အားလုံးက ကျနော့်ရဲ့ စာပေဖန်တီးမှုကို လေးလေးနက်နက် စားသုံးသူတွေဆိုတာ တွေ့ရပါတယ်။ အကြောင်းကတော့ — နိုင်ငံတကာပညာရေးက ပုံသွင်းပေးလိုက်တာက ကျနော့်ရဲ့ စာပေဖန်တီးမှုကို တိုးတက်စေတာထက်၊ ဖျက်လိုက်သလို ဖြစ်မှာ စိုးရိမ်ကြတယ်။ သူတို့က ကျနော့်ကို အခုနေအတိုင်း သကာမအုပ်ဘဲ / သမားဂုဏ်မပြဘဲ / ပညာတတ်ကြိမ်လုံး မသုံးဘဲ လွတ်လွတ်လပ်လပ် ဘွင်းဘွင်းလင်းလင်း ဒဲ့ဒိုးရေးတာတွေကို သိပ်သဘောကျတယ်။ ဒါ့ကြောင့် နိုင်ငံရပ်ခြားမှာ ပညာသင်လာပြီး တခြားသောနိုင်ငံခြားပညာတတ်တွေလို အကယ်ဒမစ်လေချဉ်တက်ပြမှာ သိပ်စိုးရိမ်ဟန်တူတယ်။ ဒါ့ကြောင့် မင်းသေ့ ကျောင်းသွားမတက်တာ ကောင်းပါတယ်၊ ဒီအတိုင်းလေး သူ့ဘာသာသူ လွတ်လွတ်လပ်လပ် ဖန်တီးနေပါစေဆိုတဲ့ စိတ်ရှိတယ်။ တချို့ကတော့ မင်းသေ့ကို တန်ဖိုးပေါင်းထည့်လိုက်စေချင်တယ်။ နိုင်ငံတကာပညာရပ်ဝန်းမှာ အချိန်တစ်ခု ဖြတ်သန်းပြီးသွားရင် ဒီ့ထက် ပိုပြီး ကွာလတီကောင်းတာတွေကို ရေးထုတ်နိုင်မယ်လို့ မျှော်လင့်ကြတယ်။ တခါတရံ မင်းသေ့ရေးတာတွေက အရမ်းကာရောတွေဖြစ်လို့၊ သီအိုရီနဲ့ ချွန်းအုပ်ပေးနိုင်ရင် အတော်ကြီး ကလနားသပ်သွားနိုင်မယ်လို့ မျှော်လင့်ကြတယ်။ ဒါ့ကြောင့် ကျနော့်ကို နိုင်ငံတကာကျောင်းတစ်ခုခုကို တက်ဖို့ အခွင့်ရတိုင်း စေ့ဆော်ကြတာတွေ့ရတယ်။

ကျနော့်အနေနဲ့ ဒီအမြင်တွေကို ခပ်စောစောကတည်းက ကြားနေ၊ သိနေရပါတယ်။ စာပေအပေါ်မှာ ကျနော်ထားတဲ့ စိတ်ကိုလည်း ခံစားမိကြဟန်တူပါတယ်။ အဲသည့်အတွက် ကျနော်က လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။ ဒီလို အကြံပြု ဆော်ဩချက်တွေက ကျနော့်အတွက် အကျိုးရှိပါတယ်။ ကျောင်းတက်နေပေမယ့်၊ မြန်မာ့အရေးနဲ့ မကင်းကွာဘဲ စာတွေ ဆက်ရေးနေမယ်။ စာအုပ်တွေလည်း ထုတ်နိုင်သလောက် ထုတ်ချင်တယ်။ လူထုနားမျက်စိနဲ့ အပ်စပ်သော အရေးအသားတွေဖြစ်အောင် အမြဲ ထိန်းသိမ်းပါ့မယ်။ စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံ မဖြစ်ဖို့၊ နိုင်ငံရေးစာရေးဆရာတစ်ယောက်က အမြဲ သတိရှိနေပါမယ်။ ကြိုက်ခြင်း / မကြိုက်ခြင်းကို အသာထား ဉာဏ်ချဲ့ပြီး စဉ်းစားကြရမယ့် စာတွေလို့ မှတ်ယူပြီး ဖတ်စေချင်ပါတယ်။ ကျနော်ကလည်း စာပေဖန်တီးတဲ့နေရာမှာ အားထုတ်မှု မလျော့စေရပါဘူး။ ဒီလိုနဲ့ စာပေအပေါ်မှာ ပညာပေါင်းထည့်ဖို့ အစဉ်တစိုက် ကြိုးစားနေပါ့မယ်။

မင်းသေ့

နံနက် ၆း၄၄

၂၈ ၊ ဩဂုတ်၊ ၂၀၂၃။

ဗန်ကူးဘား၊ ကနေဒါ။

Previous post ပြည်တွင်းစစ် နဲ့ မြန်မာပြည်
Next post လှိုင်းနဲ့ လူငယ်