လူထုပညာတတ်ဆိုတာ ဘာလဲ။

[Public intellectual] ဆိုတာ ဘယ်လိုမျိုးလဲ။

[Public intellectual] ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာကို မြန်မာလို အနက်ပြန်ရမယ် ထင်ပါတယ်။ [Public intellectual] ဆိုတာ ပညာတတ် တစ်ယောက်ပါ။ ဒါပေမယ့် ဘယ်လို ပညာတတ်မျိုးလဲဆိုတော့၊ လူထုပညာတတ် လို့ ပြောရမယ် ထင်ပါတယ်။ ဒီစကားလုံးက ကျနော့်အတွက် အနည်းငယ်တော့ ခပ်တောင့်တောင့် ဖြစ်ပါတယ်။ နားထဲ အဝင်မချောပါဘူး။ [public] ဆိုတာကို ဒီနေရာမှာ ပြည်သူ၊ လူထု ဆိုတဲ့ အသုံးနဲ့ မသုံးချင်ဘူး။ ဒါပေမယ့် ဒါက ပြည်သူနဲ့ ဆက်စပ်နေတယ်၊ လူထုနဲ့ ဆက်စပ်နေတယ်။ ဒါ့ကြောင့် ခပ်တောင့်တောင့်ဖြစ်တဲ့ {လူထုပညာတတ်} ဆိုတဲ့ အသုံးကို မသုံးဘဲ၊ [Public intellectual] လို့ပဲ တိုက်ရိုက် သုံးနှုန်းချင်ပါတယ်။

တကယ်တော့ [Public intellectual] ဆိုတာဟာ ပညာရှင်တစ်ယောက်ဖြစ်နိုင်ပါတယ်၊ စာရေးဆရာတစ်ယောက် ဖြစ်နိုင်ပါတယ်၊ အနုပညာသမားတစ်ယောက် ဖြစ်နိုင်ပါတယ်၊ သို့တည်းမဟုတ် တစ်ခုခုမှာ ပေါက်ပေါက်မြောက်မြောက် ထူးချွန်ထားတဲ့ [expert] တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ ပညာနဲ့ သီးခြားဖြစ်တည်နေသူတွေ မဟုတ်ဘူး။ လူထုအရေးအရာတွေနဲ့ ဆက်စပ်ပြီး ဖြစ်တည်နေတဲ့သူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရပ်ဆိုင်ရာ၊ ယဉ်ကျေးမှု၊ လူမှုစီးပွားနဲ့ တခြားသော အများရေးရာကိစ္စရပ်တွေမှာ တစ်ဦးချင်းအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူတွေ ဖြစ်ပါတယ်။ အဲသည့်လို ပါဝင်ပတ်သက် ဆက်စပ်နေရုံတင် မဟုတ်ပါဘူး၊ သူတို့ရဲ့ သဘောထားအမြင်တွေနဲ့ မှတ်ချက်တွေက အဲသည့် နယ်ပယ်တွေအပေါ်မှာ ရိုက်ခတ်မှု ရှိတယ်၊ လှုပ်ခတ်မှု ရှိတယ်။ သူတို့ရဲ့ သဘောထားအမြင်တွေက ဘယ်လို ရှိသလဲဆိုတာကို လူထုက အမြဲလိုလို နားစွင့်နေလေ့ရှိပါတယ်။ ဒီလိုလူမျိုးတွေကို [Public intellectual] လို့ ပြောနိုင်ပါတယ်။ [Public intellectual] တွေဟာ လူထုနဲ့ သက်ဆိုင်ရာ လူတန်းစား / အုပ်စု / အလွှာတွေအပေါ်မှာ ဩဇာကြီးတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ [public debate] လို့ ခေါ်တဲ့ လူထုကြားက စဉ်းစားအငြင်းပွားစရာတွေနဲ့ [public discussion] လို့ခေါ်တဲ့ အများသဘောဆွေးနွေးမှုတွေမှာ၊ [Public intellectual] တစ်ယောက်ရဲ့ အမြင်နဲ့ မှတ်ချက်ဟာ ကြိုက်သော်ရှိ / မကြိုက်သော် ရှိ။ အလွယ်တကူ ပယ်ရှားလို့ မရဘူး။ ထည့်သွင်းစဉ်းစားရမယ် / ထည့်သွင်းစဉ်းစားသင့်တယ်ဆိုတဲ့ ပညာဩဇာတိက္ကမမျိုးရှိသူကို ခေါ်တာဖြစ်ပါတယ်။ ထူးခြားတာကတော့ [Public intellectual] တွေဟာ ဆင်စွယ်နန်းမှာ စံမြန်းနေတဲ့ မဟာပညာရှိကြီးတွေနဲ့ မတူဘူး။ သူတို့ဟာ လူထုကြားထဲမှာ နေတယ်၊ လူထုကြားထဲမှာ ရှိနေတယ်၊ လူထုနဲ့ အတူနေသလို၊ လူထုနဲ့ တိုက်ရိုက် ဆက်ဆံရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူထုနဲ့ ဘယ်လို ဆက်သွယ်ပြောဆိုရမလဲဆိုတာကို နားလည်သလို၊ လူထုရဲ့ သဘောထားအမြင်တွေကို ဘယ်လို ပုံဖော် လမ်းပြနိုင်သလဲဆိုတာလည်း သိနားလည်သူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ဟာ ဆက်သွယ်ဖို့ လွယ်ကူတဲ့လူတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ လူထုနဲ့ မဝေးကွာဘူး။ လူထုက သူတို့နဲ့ လက်လှမ်းတမှီ ရှိကြတယ်။ ဒါ့ကြောင့်လည်း သူတို့ကို [လူထုပညာတတ်] တွေလို့ ခေါ်တာဖြစ်ပါတယ်။

[Public intellectual] တွေမှာ ဘယ်လို သွင်ပြင်တွေ ရှိတတ်သလဲ။

[Expertise]

[Public intellectual] တွေဟာ နယ်ပယ်တစ်ခုခု၊ ဘာသာရပ်ဆိုင်ရာ တစ်ခုခုမှာ ထွန်းထွန်းပေါက်ပေါက် ရှိသူထားသူတွေ၊ ပေါက်ပေါက်မြောက်မြောက် ပီပီပြင်ပြင် တတ်ကျွမ်းထားသူတွေ ဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်သမားတွေဟာ [Public intellectual] တစ်ယောက် မဖြစ်နိုင်ပါဘူး။ အုတ်ရောရော ကျောက်ရောရောသမားတွေက [Public intellectual] မဖြစ်နိုင်ပါဘူး။ [Public intellectual] တွေထဲမှာ [Generalist] တွေ ရှိလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ နယ်ပယ်တစ်ခု၊ ကဏ္ဍတစ်ခု၊ အကြောင်းအရာတစ်ခုမှာတော့ အပီအပြင် ခြေချ ကျွမ်းကျင်သူတွေ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ သူတို့ အထူးပြုထားတဲ့ ဘာသာရပ် (သို့မဟုတ်) သူတို့ အခြေချထားတဲ့ နယ်ပယ်က နက်နဲတဲ့အသိတွေကို လူထုနဲ့ မျှဝေသူတွေဖြစ်ပါတယ်။ သူတို့ သိနားလည်ထားတဲ့ နယ်ပယ် အကြောင်းအရာတွေနဲ့ လူထု ဦးနှောက်ကို ပေါင်းကူးပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ [Public intellectual] တွေနဲ့ လူထုအကြားမှာ ပညာရပ်ဆိုင်ရာ ဘာသာစကားခြားနေတာမျိုးကို တွေ့ရခဲပါတယ်။

[Engagement with the Public]

ဆင်စွယ်နန်းက ပညာရှင်တွေ၊ အကယ်ဒမစ်တွေကတော့ သူတို့ရဲ့ သုတေသနတွေ့ရှိချက်တွေကို အထူးပြုလေ့လာသူတွေနဲ့ ဘာသာရပ်ဆိုင်ရာ မွှေ့လျော်သူတွေဆီပဲ ဖြန့်ကျက်နိုင်တာတွေ့ရပါတယ်။ ဒါပေမယ့် [Public intellectual] တွေကတော့ အဲသည့်လို မဟုတ်ပါဘူး။ သူတို့ဟာ နည်းမျိုးစုံ၊ အသွင်ပုံစံပေါင်းစုံနဲ့ သူတို့ရဲ့ သုတေသနတွေ့ရှိချက် (သို့မဟုတ်) ဘာသာရပ်ဆိုင်ရာ သဘောအနက်တွေကို လူထုနားပေါက်အောင် ဖြန့်ချိနိုင်ကြပါတယ်။ အဲသည့်လို လူထုနားမျက်စိထံ ပေါက်မြောက်အောင် လုပ်တဲ့နေရာမှာ၊ သူတို့ဟာ ပုံစံ ဒီဇိုင်းမျိုးစုံကို သုံးပြီး လုပ်လေ့ရှိတယ်။ စာအုပ်တွေ ရေးတယ်၊ ဆောင်းပါးတွေ ရေးတယ်၊ သင်ကြားတယ်၊ ပို့ချက်တယ်၊ ဟောပြောတယ်၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ငြင်းခုန်တယ်၊ လူထုထံရောက်နိုင်တဲ့ လူထုမီဒီယာ ပလက်ဖောင်းတွေပေါ်မှာ သူတို့ အိုင်ဒီယာနဲ့ အမြင်သဘောထားတွေကို ဖြန့်ကျက် ချပြတာမျိုး လုပ်နိုင်ကြတယ်။ အဲသည့်လုပ်တဲ့နေရာမှာလည်း လူထုနဲ့ အပ်စပ်တဲ့ စကားလုံးတွေ၊ နည်းနာ ၊ ဥပမာတွေကို သုံးပြီးတော့ လူအများကြားထဲ ပျံ့နှံ့အောင် လုပ်ကြပါတယ်။

[Interdisciplinary Approach]

[Public intellectual] တွေဟာ [Interdisciplinary Approach] ကို သုံးလေ့ရှိပါတယ်။ [Interdisciplinary Approach] ဆိုတာကတော့ – တစ်ဖက်ဖက်ကနေ အသေရပ်ခံပြီး ကြည့်တာမျိုး မဟုတ်ပါဘူး။ ရှုဒေါင့်တစ်ခုတည်းကို ဆုပ်ကိုင်ပြီး ပြောတာမျိုး မဟုတ်ဘူး။ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ချည်းကပ် အဖြေရှာနိုင်ဖို့အတွက် ဒေါင့်ပေါင်းစုံကနေ ကြည့်တာကို ခေါ်တာ ဖြစ်ပါတယ်။ ဘာသာရပ်တွေမှာလည်း တစ်ခုနဲ့ တစ်ခု ဆက်စပ်ပတ်သက်နေတာမို့၊ ဒီလို ဆက်စပ်ဖြစ်တည်နေတဲ့ ဘာသာရပ်တွေကို ပေါင်းကူးပြီး ကြည့်နိုင်ဖို့ ကြိုးစားကြပါတယ်။ ဥပမာ နိုင်ငံရေးဒေါင့်တစ်ခုတည်းကနေ ကြည့်တာ မဟုတ်ဘဲ၊ နိုင်ငံရေးနဲ့ စီးပွားရေးကို ဆက်စပ်ပြီး ကြည့်တဲ့ နိုင်ငံရေးဘောဂဗေဒ [political economy] လို ရှုဒေါင့်မျိုးနဲ့ ကြည့်တာမျိုး။ ဘာသာရေးနဲ့ နိုင်ငံရေးကို ဆက်စပ်ကြည့်မြင်တာမျိုး။ ပဋိပက္ခနဲ့ ဥတုရာသီကိစ္စကို ဆက်စပ်ကြည့်မြင်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် [Public intellectual] တွေမှာ တရားသေဆွဲကိုင်တဲ့ ဝါဒမျိုး၊ အယူအဆမျိုးတွေ မရှိပါဘူး။ သူတို့ဟာ နယ်ပယ် ကဏ္ဍအလိုက်၊ ဘာသာရပ်ဆိုင်ရာ အလိုက် ပေါင်းစပ်အမြင်တွေနဲ့ ဒေါင့်ပေါင်းစုံက ချည်းကပ်ပြီး အဖြေရှာလေ့ရှိပါတယ်။ ပြဿနာနဲ့ အိုင်ဒီယာတွေကို ချည်းကပ်ရာမှာ၊ မှန်ကူကွက်ပေါင်းများစွာ ရှိတယ်ဆိုတာ သိမြင်ပြီး တစ်စုံလုံးကို ရှုထောင့်အလိုက် ခြုံငုံနားလည်အောင် ချည်းကပ်ကြည့်မြင်လေ့ရှိပါတယ်။

[Advocacy and Commentary]

[Public intellectual] တစ်ယောက်ဟာ လူမှုဖြစ်ပျက်တွေကို ဆုပ်ဆုပ်ကိုင်ကိုင် ရှိပါတယ်။ ဒါ့အပြင် တည်ဆဲ စနစ်တွေရဲ့ ချို့ယွင်းမှု အားနည်းချက်တွေကို ပြောင်းလဲဖို့ ကြိုးစားကြပါတယ်။ ဒါ့အပြင် လူထုရဲ့ သဘောထားကို ပုံဖော်တာမျိုးတွေ လုပ်ပြီး သက်ဆိုင်ရာ မူဝါဒအဆုံးအဖြတ်တွေမှာ ဩဇာလွှမ်းမိုးနိုင်ကြပါတယ်။ ဒါ့ကြောင့် [Public intellectual] တွေဟာ စနစ်အပြောင်းအလဲ၊ ခေတ်အပြောင်းအလဲအတွက် အရေးကြီးသလို၊ လူ့အဖွဲ့အစည်း အပြောင်းအလဲအတွက်လည်း အရေးကြီးတယ်လို့ ဆိုကြတာဖြစ်ပါတယ်။

[Critique and Analysis]

[Public intellectual] တွေဟာ ဝေဖန်ပိုင်းခြားစိစစ်နိုင်စွမ်း မြင့်မားကြတယ်၊ ဒါ့အပြင် သုံးသပ်ဆင်ခြင်နိုင်စွမ်းလည်း မြင့်ကြတယ်။ သူတို့ဟာ လက်ရှိ တည်ဆဲ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးဖြစ်ရပ်တွေ၊ လူမှုပြဿနာတွေနဲ့ လူမှုစီးပွား အခင်းအကျင်းတွေအပေါ်မှာ နက်နဲတဲ့ မှတ်ချက်တွေကို မျှဝေတတ်တယ်၊ ပေးတတ်တယ်။ လက်ရှိ ကမ္ဘာကြီးနဲ့ လူ့အဖွဲ့အစည်းကို လူထုက ပိုမိုနားလည်သဘောပေါက်အောင် အားထုတ် ကူညီပေးနေတတ်တယ်။ ကမ္ဘာကြီးက ဘာဖြစ်နေတယ်ဆိုတာ လူထုနားလည်အောင် သူတို့က သုံးသပ်ရှင်းလင်း ပြကြတယ်၊ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့ အရှိပကတိက ဘာလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပြပါတယ်။ ဒီလိုနဲ့ လောကကြီးအကြောင်း လူထုက ပိုနားလည်အောင် ကျေးဇူးပြုပေးပါတယ်။

[Public Influence]

[Public intellectual] တွေဟာ လူထုအပေါ် ဩဇာညောင်းတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့မှာ လူထုကြည်ညိုလေးစားထိုက်ဖွယ် ဂုဏ်အင်တွေလည်း ရှိကြတယ်။ အထူးသဖြင့် ကိုယ်ကျင့်နဲ့ ပညာမှာ လူထုလေးစားခံရသူတွေ ဖြစ်ပါတယ်။ လူထုကြားထဲမှာ ဩဇာတိက္ကမရှိတဲ့ [Public intellectual] တွေရဲ့ အရေးအသားတွေ၊ ပြောစကားတွေ၊ ဟောပြောချက်တွေနဲ့ မှတ်ချက်တွေဟာ လူမှုအရွေ့အပြောင်းအတွက် အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးခေါင်းဆောင်၊ စီးပွားရေးသမားတွေနဲ့ နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရဲ့ အတွေးအမြင်တွေကိုလည်း ဆွပေး၊ တူးပေးနိုင်စွမ်းရှိကြတယ်။ ဒီလိုနဲ့ သူတို့ဟာ လူ့အဖွဲ့အစည်း ပြောင်းလဲတိုးတက်ရေးအတွက် လူထုကြားထဲမှာ ဩဇာရှိသူတွေဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။

မြန်မာပြည်မှာတော့ ဘယ်လိုလူမျိုးတွေက [Public intellectual] တွေ ဖြစ်နိုင်ပါသလဲ။ ဂျာနယ်ကျော် ဦးချစ်မောင်၊ လူထုဦးလှ၊ မောင်စူးစမ်း၊ ဦးသန့်နဲ့ မောင်ဝံသ တို့ဟာ [Public intellectual] တွေဖြစ်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။

မင်းသေ့

၆ ၊ စက်တင်ဘာ ၂၀၂၃ ။

Previous post စာပေ – နိုင်ငံရေး – တော်လှန်ရေး
Next post ထွက်ပေါက် အယူအဆနဲ့ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်