ဒီဆောင်းပါးဟာ စစ်အာဏာသိမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်တွေက ပေးတဲ့ ဘေးဒုက္ခတွေကို လူ့အဖွဲ့အစည်းက ဘယ်လို ခါးစည်းခံရသလဲဆိုတာကို ဝေဖန်စောကြောထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တယ်။

၁။ ဓနကို လေ့လာတဲ့ စီးပွားရေးဘာသာရပ်မှာ၊ အရှုံး – အမြတ် ဆိုတာကို ပြောတာ ရှိတယ်။ အရင်းအနှီးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာကို ပြောတာရှိတယ်။ ဒီသီအိုရီကို နိုင်ငံရေးမှာ သယ်လာပြီးတော့ အခု ကျနော်တို့ ကြုံတွေ့နေရတဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကျနော်တို့ ဘာတွေ ရှုံးပြီး၊ ကျနော်တို့ ဘာတွေ အမြတ် ရသလဲဆိုတာကို စဉ်းစားနိုင်ရင် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် အဲသည့်လို စဉ်းစားတဲ့နေရာမှာ ဘယ်အထိုင်ကနေ စဉ်းစားမလဲဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။ နိုင်ငံရေးအစုအဖွဲ့တစ်ခုအနေနဲ့ ထိုင်ပြီးတော့ စဉ်းစားရင် အဖြေက တစ်မျိုး တစ်ဖုံဖြစ်မယ်။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးနဲ့ နောက်ခံထားတဲ့အထိုင်ကနေ စဉ်းစားရင် အဖြေက တစ်မျိုးထွက်မယ်။ ဒီတော့ ကျနော်တို့ရဲ့ စဉ်းစားချက်က ဘယ်အပေါ်မှာ ထိုင်ပြီး စဉ်းစားသလဲဆိုတာ အရေးကြီးတယ်။

၂။ ကျနော်ကတော့ အစုအဖွဲ့တစ်ခုကို ကြည့်ပြီး မပြောချင်ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ သိုင်းခြုံပြီးတော့ ပြောချင်ပါတယ်။ အဲသည့်လို ပြောလို့၊ မင်းက ဘယ်ကောင်လဲလို့ မဟုတ်ရပါဘူး။ စာရေးဆရာမျက်လုံးနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို တွယ်တာပြီး ပြောတဲ့ စကားတွေဖြစ်ပါလိမ့်မယ်။

၃။ နွေဦးတော်လှန်ရေးမှာ တွေ့ရတဲ့ ဖြစ်စဉ်တွေကို ကြည့်ရင် အားလုံးဟာ အရှုံးချည်းပဲ မဟုတ်သလို၊ အားလုံးက အမြတ်ချည်းပဲလည်း မဟုတ်ပါဘူး။ အရှုံးနဲ့ အမြတ် ဒွန်တွဲနေပါတယ်။ တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ ချည်းကပ်ပုံနဲ့ တွက်ကြည့်မယ်ဆိုရင် ၇၀/ ၃၀ အချိုးနဲ့ တွက်ချင် တွက်နိုင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အကောင်းဖြစ်လာတာတွေက ၇၀ % လောက်ရှိမယ်ဆိုရင်တော့ ဒါဟာ အမြတ်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အဆိုးဖြစ်လာတာတွေက ၇၀ % လောက်ရှိမယ်ဆိုရင်တော့ ဒါဟာ အရှုံးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ အကောင်း ၇၀ % နဲ့ အဆိုး ၃၀ % ဖြစ်နေသလား။ သို့တည်းမဟုတ် အဆိုးဖြစ်တာ ၇၀ % ရှိပြီးတော့ အကောင်းကတော့ ၃၀ % လောက်ပဲ တွေ့ရသလား။

၄။ ဘယ်ကိစ္စ မဆို အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာတွေဟာ သဘာဝပါ။ ဒါပေမယ့် ကျနော်တို့ဟာ သေချာ စစ်စစ်ပေါက်ပေါက်  ရှာကြည့်နိုင်မှ ရပါလိမ့်မယ်။ နိုင်ငံရေးသမားတွေနဲ့ ဝါဒဖြန့်ချိရေးမီဒီယာတွေက ဖော်ပြတဲ့ အချက်အလက်တွေကိုပဲ ကြည့်ပြီး သုံးသပ်လို့ မရနိုင်ပါဘူး။ ဒီလိုပဲ စစ်လိုလားတဲ့ စစ်ဝါဒီတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးမှိုင်းလုံးတွေနဲ့ ကာပြီး၊ ဖုံးပြီး ကြည့်လို့ မရပါဘူး။ အနီးစပ်ဆုံးကတော့ မိမိဘဝနဲ့ တိုင်းတာဖို့ပါပဲ။ ထို့နောက် မိမိဝန်းကျင်နဲ့ တိုင်းတာဖို့ပါပဲ။ ထို့နောက် မိမိရဲ့ တိုင်းပြည်တစ်ခုလုံး စုစုပေါင်းရလဒ်နဲ့ တိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို တိုင်းတာကြည့်ဖို့ ကျနော်တို့က ဉာဏ်မှီတဲ့လူတွေ ဖြစ်ပါတယ်။

၅။ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံး မဟုတ်သလို၊ မြန်မာနိုင်ငံဟာ အိန္ဒိယလို၊ တရုတ်လို၊ အမေရိကန်တို့လို သိပ်ကို ဧရိယာကျယ်ဝန်းတဲ့တိုင်းပြည်တစ်ခုလည်း မဟုတ်ပါဘူး။ အဲသည့်နိုင်ငံကြီးတွေရဲ့ ပြည်နယ်တစ်ခုစာလောက်သာ ရှိတယ်လို့ ပြောနိုင်ပါတယ်။ တကယ်တမ်း နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ဧရိယာဟာ အမေရိကန်နိုင်ငံတွင်းက တက္ကဆက်ပြည်နယ်ထက် စတုရန်းကီလိုမီတာ နှစ်သောင်းနီးပါးတောင် သေးငယ်နေပါတယ်။ မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ လူဦးရေဟာ သန်း ၅၀ ကျော်လောက်ပဲ ရှိပါတယ်။ အခုဆိုရင် တိုင်းပြည်အတွင်းက လူတွေက စုပြုံပြီး ပြည်ပထွက်ကြလို့ ဘယ်လောက်ကျန်မယ်ဆိုတာတောင် တိတိကျကျ တိုင်းတာဖို့ ခက်ပါတယ်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံရဲ့ လူဦးရေ စုစုပေါင်းဟာ သန်း ၅၀ ကျော်လောက်သာ ရှိပြီး တရုတ်နိုင်ငံရဲ့ လူဦးရေကတော့ သန်း ၁၄၀၀ နီးပါး ရှိနေပါပြီ။ တရုတ်တစ်နိုင်ငံလုံးနဲ့ မတွက်ဘဲ၊ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ယူနန်ပြည်နယ်အတွင်း လူဦးရေနဲ့ပဲ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံနဲ့ လေးငါးခြောက်သန်းလောက်ပဲ ကွာဟချက်ရှိပါတယ်။ ယူနန်ပြည်နယ်တွင်း နေထိုင်တဲ့ လူဦးရေက မြန်မာနိုင်ငံရဲ့ လူဦးရေထက် ၆ သန်းလောက်ပဲ ပိုနည်းတာတွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ လူဦးရေများပြားပြီး ဧရိယာကျယ်ဝန်းတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ပြည်နယ်တစ်ခုစာလောက်သာ ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ ယခုဖြစ်နေတဲ့ တစ်နိုင်ငံလုံးစာ ဖြစ်ရပ်တွေဟာ တခြားသောနိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ရင် ဒေသတွင်း ပဋိပက္ခအဆင့်လောက်သာ ရှိပါတယ်။ ဒီတော့ ကျနော်တို့တတွေဟာ မြန်မာ့နိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အရေးအရာတွေကို စဉ်းစားဖို့ ဉာဏ်မှီနိုင်တဲ့ ပညာရေးအဆင့်အတန်း ရှိတယ်လို့ ယုံကြည်ပါတယ်။

၆။ ကျနော့် အမြင်ကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးဟာ ဆက်တိုက် အရှုံးပြနေပါတယ်။ တည်ငြိမ်မှုမှာလည်း အရှုံးပြတယ်။ ငြိမ်းချမ်းရေးမှာလည်း အရှုံးပြပါတယ်။ နိုင်ငံရေးအခင်းအကျင်းမှာလည်း အရှုံးပြပါတယ်။ တစ်ဦးချင်း လူသားဘဝတွေရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးမှာလည်း အရှုံးပြပါတယ်။ လူထုအတွင်း လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တန်ဖိုးနဲ့ စာရိတ္တမဏ္ဍိုင် တည့်မတ်မှုမှာလည်း အရှုံးပြသလို၊ ကျနော်တို့ တစ်ဦးချင်းစီရဲ့ ကိုယ်နှုတ်အမူအရာနဲ့ ဦးနှောက်အတွေးအခေါ်တွေမှာလည်း အရှုံးပြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ငွေရေးကြေးရေးမှာလည်း အရှုံးပြသလို၊ ပြန်မရနိုင်တော့တဲ့ အသက်နဲ့ လူ့ဂုဏ်သိက္ခာဆုံးရှုံးမှုတွေမှာလည်း အရှုံးပြပါတယ်။ ပိုပြီးဆိုးရွားတာက ကျနော်တို့ ရင်ထဲမှာ ရှိတဲ့ အကြင်နာတရားနဲ့ ကရုဏာစိတ်တွေဟာ ကြမ်းတမ်းခက်ထန်ကုန်ကြတာပဲ ဖြစ်ပါတယ်။ polarization of politics လို့ခေါ်တဲ့ နိုင်ငံရေးအစွန်းတွေ သိပ်အားကြီးလာတာကြောင့် ကျနော်တို့ဟာ မိသားစုအချင်းချင်းအကြား အခေါ်အပြော မလုပ်နိုင်ကြတော့ဘူး။ သူငယ်ချင်းမိတ်ဆွေတွေအကြားမှာ ရင်းရင်းနှီးနှီး စကားမပြောနိုင်ကြတော့ဘူး။ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းအကြား သို့လောသို့လောနဲ့ သံသယတွေ အားကြီးလာကြတယ်။ ဒါတွေဟာ ကျနော်တို့အတွက် တော်ရုံနဲ့ ပြန်ပြီး အဖတ်ဆယ်လို့ မရတဲ့ အရှုံးတွေဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု ရဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကြောင့် ကျနော်တို့ဟာ မိဘတွေ ဆုံးရှုံးရတယ်၊ ညီအစ်ကိုမောင်နှမတွေ ဆုံးရှုံးရတယ်၊ ကိုယ့်တူကိုယ့်သားတွေကို ဆုံးရှုံးရတယ်၊ ကျနော်တို့ရဲ့ ပညာရေးကို လက်လွှတ်ခဲ့ရတယ်၊ ကျနော်တို့ အိုးအိမ်ကို စွန့်ပစ်ခဲ့ကြရတယ်။ ထို့နောက် ကျနော်တို့ ဘဝကိုတောင် ပြောင်းလဲပစ်ကြရတယ်။ ကျနော်တို့ဟာ အရင်လို မပြုံးနိုင်ကြတော့ဘူး။ ကျနော်တို့ဟာ အရင်လို အူလှိုက်သည်းလှိုက် မရယ်မောနိုင်ကြတော့ဘူး။ ဒါဟာ ကျနော်တို့ အတွက် တိတိကျကျ တိုင်းတာဖို့ ခက်ခဲတဲ့ အရှုံးကြီးတွေ ဖြစ်ပါတယ်။

၇။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဖြစ်ပျက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ အကန့်အသတ် မရှိ၊ အတားအဆီးမဲ့ ရှိနေပါပြီ။ ဒါ့ကြောင့် အာဏာသိမ်းမှုမဖြစ်ခင် အကြိုကာလတွေတုန်းက လူပညာရှိတွေဟာ တိုင်းပြည်ကို ချောက်ထဲ ပြန်လည် ဆွဲချမသွားကြဖို့ သတိပေးတာတွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်ဟာ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကို သယ်ဆောင်လာတဲ့ မကောင်းဆိုးရွားဆိုတာကို လူပညာရှိတွေနဲ့ ရဟန်းပညာရှိတွေက ကောင်းစွာ နားလည်သဘောပေါက်ထားကြပါတယ်။ ကျနော်တို့ တိုင်းပြည်ဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အကောင်းတွေ မရှိတော့ပါဘူး။ ကံကြမ္မာဂြိုဟ်ဆိုးဝင်သလို၊ မကောင်းဆိုးဝါး ဝင်ပူးသလို အနှုတ်လက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေဟာ တစ်ခုပြီး တစ်ခု ဆက်တိုက် ဆက်တိုက် လာနေကြပါတယ်။ ယခုလည်း လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ထရော်မာတွေ ရကုန်ကြပါပြီ။ စိတ်ဒဏ်ရာတွေ ရကုန်ကြပါပြီ။ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြုံကြည့်ရင် အားလုံးဟာ ကိုယ်စီကိုယ်စီ စိတ်ရောဂါတွေ ရနေကြတယ်။ စိတ်ကျရောဂါ ဆွဲကပ်နေသူတွေ ဖြစ်နေကြတယ်။ ကျနော်တို့ နှလုံးသားထဲမှာ အမုန်းတရားတွေ ကိန်းအောင်းသွားပြီ။ ကျနော်တို့ ရင်ထဲမှာ အငြိုးတရားတွေက အမြစ်ဆွဲသလို စွဲမြဲကုန်ကြပြီ။ ဒီအမုန်းနဲ့ ဒီအငြိုးတွေဟာ ဆယ်စုနှစ်ပေါင်းများစွာအထိ လူ့အဖွဲ့အစည်းထဲမှာ တနုံ့နုံ့နဲ့ ဒုက္ခပေးနေလိမ့်မယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ တမြည့်မြည့်နဲ့ လောင်မြိုက်စေနေလိမ့်မယ်။

၈။ လွတ်လပ်ပြီးခေတ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုအားလုံးဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးကို သယ်ဆောင်လာတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ စစ်အာဏာသိမ်းမှုအားလုံးကတော့ ဆိုးကျိုးကိုပဲ ဆောင်ယူလာတယ်။ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးရယ်လို့ မတွေ့ခဲ့ရပါဘူး။ အကယ်၍ ကောင်းကျိုး ရှိခဲ့တယ်ဆိုရင်တောင် ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုး မဟုတ်ပါဘူး၊ လူအုပ်စုတစ်စု၊ လူ့အသိုင်းအဝိုင်း တစ်ခုရဲ့ အကျိုးစီးပွားပဲ ဖြစ်ပါလိမ့်မယ်။ မြန်မာ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအပေါ်မှာ စစ်အာဏာသိမ်းမှုတွေက ကောင်းကျိုးဖြစ်ထွန်းခဲ့တာ မရှိပါဘူး။ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကို ချောက်ထဲ ထိုးချလိုက်သလို ဖြစ်ခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ အကျယ်ပြန့်ဆုံးသော ပြည်တွင်းစစ်နယ်ကြီးကို ဖြန့်ချလိုက်သလို ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ တော်ရုံနဲ့ အဆုံးသတ်နိုင်ဖွယ် မရှိပါ။

၉။ ကျနော်တို့ဟာ လက်နက်ကိုင်ပဋိပက္ခက ပေးတဲ့ ဒုက္ခ၊ သုက္ခတွေကို ပြန်လည် ရေတွက်ကြည့်ကြပါစို့။ ကျနော်တို့ဟာ ပြည်တွင်းစစ်က ဘေးတဲ့ ဒုက္ခတွေကို ပြန်လည် ဆန်းစစ်ကြည့်ကြပါစို့။ ကျနော်တို့ဟာ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ပြန်လည် ဆန်းစစ်ကြည့်ကြပါစို့။ ကျနော်တို့ဟာ စစ်အာဏာသိမ်းမှုတွေရဲ့ ဆိုးကွက်တွေကို ပြန်လည် ဆင်ခြင်ကြည့်ကြပါစို့။ ကျနော်တို့ဟာ တော်လှန်ရေးတွေက ထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်ကြပါစို့။ ကျနော်တို့ဟာ အုပ်စုတိုက်ပွဲတွေနဲ့ အကျိုးစီးပွားတိုက်ပွဲတွေအကြား လူထုရဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်ကြပါစို့….။

မင်းသေ့

နေ့လယ် ၁၁း၁၅

၂၅ ၊ စက်တင်ဘာ ၊ ၂၀၂၃။

Previous post သံချေးတက်လူ့အဖွဲ့အစည်း
Next post ဒီ/ချုပ် သရုပ်ခွဲ