ရက္ခိုင်အမျိုးသားရေး နယူကလိယက်စ် (သို့မဟုတ်) အမျိုးသားရေးဆဲလ်များ ပြန့်နှံ့ခိုင်မာစေခြင်း

• အမြုတေ ကိုယ်ခံအားကောင်းအောင်တော့ ဖြည့်မှ ရမယ်။ အမြုတေ အားမကောင်းရင် ဆဲလ်တွေ အလုပ်သိပ်မလုပ်ဘူး။

〓 အင်္ဂလိပ်လို စကားလုံး သုံးနှုန်းရရင် “Nucleus of Arakanese Nationalism” လို့ အနက်ပြန်ရမယ် ထင်ပါတယ်။ အဲသည့်နေရာမှာ နယူကလိယက်စ် [ nucleus ] ဆိုတာ အနက်ဆုံးအတွင်းပိုင်းက “အမြုတေ” ကို ပြောတာဖြစ်ပါတယ်။

ကျနော်က မန္တလေးတက္ကသိုလ်မှာ မဟာဘွဲ့လွန်တန်းတက်တော့၊ တင်တဲ့ စာတမ်းက ဗမာ့အမျိုးသားရေးဝါဒ ခေါင်းထောင်ထလာပုံကို လေ့လာခဲ့တာပါ။ အဲသည့်ကနေ ကျနော်က ဗမာ့ခေတ်ဟောင်းသမိုင်းနဲ့ ဗမာ့ခေတ်သစ်သမိုင်းထဲက အမျိုးသားရေးဖြစ်အင်တွေကို သတိထားကြည့်မိခဲ့ပါတယ်။ အတိတ်နဲ့ လက်ရှိ ဘာတွေ ကွာလာသလဲဆိုတာကို လေ့လာခဲ့တယ်။ အတိတ်နောက်ကြောင်းက ကျေးဇူးပြုတဲ့ ပစ္စုပ္ပန်ကာလ အမျိုးသားရေးဖြစ်ထွန်းမှုပုံစံ တချို့ကို ကြည့်ဖြစ်တယ်။ နားလည်သလောက် အမျိုးသားရေးဝါဒနဲ့ပတ်သက်ပြီး ဆောင်းပါးတွေ ရေးခဲ့ပါတယ်။

အခုတော့ ရက္ခိုင်အမျိုးသားရေးဝါဒကိစ္စကို အနည်းငယ် တို့ချင် ထိချင်ပါတယ်။

〓 အမျိုးသားရေးဝါဒဆိုတာ နှစ်ဖက်ဓားသွားနဲ့ တူတယ်။ သုံးတတ်ရင် ဆေး ဖြစ်တယ်။ မသုံးတတ်ရင် ဘေး ဖြစ်တယ်။ လူ့အဖွဲ့အစည်းကို အမျိုးသားရေးဝါဒနဲ့ အကောင်းဖြစ်အောင် သိုင်းဝိုင်းပြီး တော်ရုံ လိုက်မမှီနိုင်အောင် မ,နိုင်တယ်၊ ချီ,နိုင်တယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကို ကြည့်…။ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ကြည့်…။ ကိုလိုနီသူ့ကျွန်လက်အောက်က ရုန်းတဲ့နေရာမှာ အမျိုးသားရေးဝါဒလောက် ကျယ်ပြန့် အားကောင်းခဲ့တာ မရှိဘူး။ ဒါပေမယ့် အလွန်အမင်း အစွန်းရောက်သွားရင်လည်း နာဇီဂျာမန်တို့လို၊ ဖက်ဆစ်ဂျပန်တို့လို ဖြစ်ပြီး စစ်ရာဇဝတ်ကောင်တွေ၊ လူမျိုးတုံးသတ်ဖြစ်မှု ကျူးလွန်သူတွေ ဖြစ်ကုန်ရော။ ဒီတော့ အမျိုးသားရေးဝါဒမှာ နှစ်ဖက်ဓားသွား ပါတယ်ဆိုတာကို သတိချပ်ရပါလိမ့်မယ်။

〓 ရက္ခိုင့်တပ်တော် ဦးဆောင်တဲ့ ရက္ခိုင်အမျိုးသားလွတ်မြောက်ရေးလှိုင်းလုံးဟာ – ရက္ခိုင်အမျိုးသားရေးဝါဒနဲ့ နောက်ကွယ်ကနေ မောင်းနှင်တာ ဖြစ်ပါတယ်။ ရက္ခိုင်အမျိုးသားတော်လှန်ရေးရဲ့ နောက်ကွယ်က ဒဿနဟာ အမျိုးသားရေးဝါဒဖြစ်ပါတယ်။ ရက္ခိုင်အမျိုးသားရေးဝါဒဖြစ်ပါတယ်။ ဒါကို ရက္ခိုင့်တပ်တော် (အေအေ) က ရက္ခိတလမ်းစဉ် ဆိုပြီး ပညတ်ပါတယ်။ ဒါကတော့ နိုင်ငံရေးအရ ထုပ်ပိုးထားတဲ့ ရက္ခိုင်အမျိုးသားရေးဒဿနဖြစ်ပါတယ်။

〓 အမျိုးသားရေးအမြုတေ

ယခုတင်ပြချင်တာက “ရက္ခိုင်အမျိုးသားရေး နယူကလိယက်စ်” ကိစ္စဖြစ်ပါတယ်။ ဒါကို ကျနော် ရက္ခိုင်အရေး ဆောင်းပါးတစ်ပုဒ်ထဲမှာ ထည့်ရေးခဲ့ဖူးပါသေးတယ်။ ရက္ခိုင်အမျိုးသားရေးအမြုတေလို့ သုံးနှုန်းပြီး ရေးခဲ့ဖူးတယ်။ အခု ပြောချင်တာက အဲသည့် အမြုတေကိစ္စ၊ အဲသည့် နယူကလိယက်စ် (nucleus) ကိစ္စဖြစ်ပါတယ်။

〓 နည်းနာနဲ့ ဥပမာတွေ

ကွန်မြူနစ်တွေကတော့ အမြုတေကိုတည်ဆောက်ပြီး ကေဒါမွေးပါတယ်။ အဲသည့်ကနေ ဆဲလ်တွေကို ပြန့်အောင် ဖြန့်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကျယ်ပြန့်သွားတာပါပဲ။ ကားမက်ခ်၊ အိန်ဂျယ်တို့ကနေ အစပြုလိုက်တဲ့ မက်စ်ဝါဒဟာ တဖြည်းဖြည်း လက်ဝဲဝါဒ သစ်ပင်ကြီးအဖြစ် ဖွံ့ဖြိုးလာပြီး ဆိုဗီယက်ရုရှားမှာ လီနင်နဲ့ စတာလင်တို့က ပျိုးထောင်ခဲ့ပြီး၊ တရုတ်မှာ မော်စီတုန်းက မျိုးစေ့ကြဲခဲ့တာပါပဲ။ ဒီလိုနဲ့ ကမ္ဘာကြီးမှာ အပြန့်အကျယ်ဆုံး ဖြစ်ခဲ့ဖူးတာပါပဲ။ ဒီနည်းကတော့ ဥပမာကောင်းဖြစ်ပါတယ်။ ကွန်မြူနစ်တွေ ဝါဒဖြန့်တဲ့ အခြေခံနည်း ရှိပါတယ်။ သိပ်များများစားစား မဟုတ်ပါဘူး။ ပုံစံဒီဇိုင်း သုံးလေးငါးခုလောက်ကို အချိန်ကာလကြာမြင့်စွာနဲ့ အကျယ်ပြန့်ဆုံး လုပ်တာပါ။ အဲဒါကတော့ ရေးသားတာ၊ ဟောပြောတာ၊ ပို့ချသင်ကြားတာ၊ လက်ကမ်းစာစောင်ငယ်တွေ ဖြန့်တာ၊ ပိုစတာတွေလုပ်တာ။ အတိုချုံ့ရင် (ရေးတယ်၊ ဟောတယ်၊ သင်တယ်၊ ဖြန့်တယ်၊ သင်္ကေတတွေ ထူထောင်တယ်)။ ဒါပါပဲ။ သိပ်များများ မရှိပါဘူး။

သင်္ကေတတွေထူထောင်တာကို (construction as Symbolism) ဂျာမနီမှာလည်း လုပ်ခဲ့တယ်၊ မော်စီတုန်းဆိုရင် အကြီးအကျယ် လုပ်ခဲ့တာပဲ။ ဒါပေမယ့် လက်ဝဲသမားတွေက ပုဂ္ဂိုလ်ရေးကိုးကွယ်မှု [personal cult] ဖြစ်အောင် လူဗဟိုပြုသင်္ကေတထူထောင်မှုတွေ လုပ်တယ်။ တကယ်တော့ အယူအဆကို ပြန့်နှံ့စေရမှာ။ လူကိုဗဟိုပြုပြီး သင်္ကေတထူထောင်တာတွေလုပ်ရင် ခေတ်ကာလ အခိုက်အတန့် တစ်ခုပဲ တည်တံ့မယ်၊ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်း အကုန်လုံးထိ မပြန့်ဘူး။ တရုတ်ကွန်မြူနစ်တွေကတော့ ခေါင်းဆောင်ကို ကိုးကွယ်ခိုင်းပြီးမှ ဝါဒကို ယုံကြည်ခိုင်းတယ်။ ဒီလိုပြောလို့ ကွန်မြူနစ်တွေ၊ လက်ဝဲသမားတွေပဲ လုပ်တာလားဆိုတော့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာလည်း အကြီးအကျယ် လုပ်တာပဲ။ သူတို့ကတော့ PR လို့ နာမည်တပ်ပြီး လုပ်တယ်။ တကယ်တော့ Public Relations ကို လုပ်တာ။ ဒါကတော့ နည်းနည်း သိမ်မွေ့တယ်။

〓 လူထုပလက်ဖောင်းတွေကို သုံးပြီး သိမ်သိမ်မွေ့မွေ့လေး ထည့်တာ။ ဒီဘက်ခေတ် စကားနဲ့ပြောရင် ခပ်ပါးပါး ထည့်တယ်လို့ ပြောနိုင်တာပေါ့။ ဒီလိုနဲ့ အယူဝါဒ စိမ့်ဝင်အောင် လုပ်တာပဲ။ ဒါပေမယ့် အမြုတေ ကိုယ်ခံအားကောင်းအောင်တော့ ဖြည့်မှ ရမယ်။ အမြုတေ အားမကောင်းရင် ဆဲလ်တွေ အလုပ်သိပ်မလုပ်ဘူး။ ဒီနည်းကို နိုင်ငံရေးမှာပဲ တွေ့ရတာလားဆိုတော့ မဟုတ်သေးပြန်ဘူး။ ဘာသာရေးမှာလည်း တွေ့ရတာပဲ။

ဗုဒ္ဓဂေါတမက ဓမ္မစက်ကို စဖြန့်တော့ ဒီလိုပဲ လုပ်တာပဲ။ “ရဟန်းတို့…ခရီးထွက်ကြ၊ တစ်ကြောင်းတည်းသော ခရီးကို နှစ်ပါး မသွားနဲ့” ဆိုတဲ့ မိန့်ကြားချက်ကို သတိရမယ် ထင်ပါတယ်။ နောက်တစ်ခုက ခရစ်ယာန်သာသနာမှာ တွေ့ရတဲ့ ဆဲလ်ဂရု (Cell group) တွေ ဒီဇိုင်းကာလာကို ကြည့်ပါ။ အဲသည့်ထဲမှာ ဆဲလ်အဖွဲ့ခေါင်းဆောင်ဆိုတာ ရှိတယ်လေ။ ဒါက ကေဒါသဘောမျိုးပေါ့။ နောက် ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားလုပ်ရင် ရှေ့ကနေ ဆုတောင်းတာ၊ ကျေးဇူးတော်ချီးမွှမ်းတာ – ဒါတွေကို ဆရာတော်တွေ အပြင် ဘယ်သူတွေ လုပ်သေးသလဲ။ ကြည့်….။ worship leader ဆိုတာ ရှိတယ်။ ခရစ်ယာန်ချက်စ်ကျောင်းမှာ worship leader တွေကို လူငယ်ဘဝကတည်းက ဘယ်လို မွေးမြူလဲ…ကြည့်။ ဒါက အင်စတီကျူးရှင်းတစ်ခု တည်ထောင်ပြီး နောက်ကွယ်က ဒဿနတွန်းအားနဲ့ အပံ့အပိုးလုပ်တဲ့အခါမှာ နှစ်ပေါင်းထောင်ချီ လူ့အသိုင်းအဝိုင်းကြီးကို တည်ဆောက်နိုင်တဲ့ နည်းစဉ်ပဲ။ နည်းဟောင်းပဲ။ ဒါပေမယ့် အမြဲတမ်း ခေတ်မှီနေတဲ့ နည်းဟောင်း။

〓 ဒီဥပမာတွေကို ရက္ခိုင်အမျိုးသားရေးခေါင်းဆောင်တွေ သိထားပြီးသား ဖြစ်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကျယ်ပြန့်ဖို့လိုတယ်။ အလွှာအဆင့်တွေ အများကြီး ပြန့်ထွက်သွားရမှာ။ ဒီတော့ အောက်ခြေ ရပ်ကျေးအဆင့်၊ မြို့နယ် / ခရိုင်အဆင့်နဲ့ ရက္ခိုင်အမျိုးသားရေးအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ လုပ်ရမှာ။ အင်စတီကျူးရှင်းနောက်ကွယ်မှာ ဒဿနတွန်းအား ခိုင်ခိုင်မာမာ မရှိရင်၊ ဒါဟာ ရေရှည် မခံဘူး။

〓 အမျိုးသားရေးဝါဒမှာ သဘာဝ တချို့ ရှိပါတယ်။

အဲဒါကတော့ အမျိုးသားရေးဝါဒဟာ အနှိမ်ခံရချိန် (သို့မဟုတ်) နိမ့်ပါးချိန်မှ ခေါင်းထောင်ထလာတာမျိုးပါ။ သာသာယာယာ ရှိနေချိန်မှာတော့ လူထုရဲ့စိတ်ထဲမှာ အမျိုးသားရေးစိတ် ရှိတယ်ဆိုပေမယ့် ကိန်းနေတယ်၊ အောင်းနေတယ်။ ပေါ်မလာဘူး။ မသိသာဘူး။

〓 တရုတ်အမျိုးသားရေးဖြန့်ကျက်မှုဥပမာ

ဒါပေမယ့် အခု တရုတ်နိုင်ငံကို လေ့လာကြည့်ရင် တရုတ်‌တွေ အရင်ကလို မငတ်တော့ဘူး။ မော်စီတုန်းခေတ်တုန်းက အတော်ကြီး ဆင်းရဲကျပ်တည်းခဲ့ကြတာကိုး။ အခု တရုတ်တွေ တိုးတက်နေတယ်၊ ခေတ်မီတယ်၊ စားနိုင်သောက်နိုင်တယ်၊ ကမ္ဘာပတ်နိုင်တယ်၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း လုပ်နိုင်ကြတယ်။ ဒါပေမယ့် တရုတ်တွေကို ကြည့်ရင် တရုတ်အမျိုးသားရေးစိတ် မပျောက်ဘူး။ အဲဒါ ဘာ့ကြောင့်လဲ။ ဘယ်လို လုပ်ထားသလဲ။ သိပ်စိတ်ဝင်စားစရာကောင်းတယ်နော်။ အခု တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်မှုက ကမ္ဘာအရပ်ရပ်ပြန့်နေတဲ့ တရုတ်လူမျိုးတွေကို အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားနိုင်တယ်။ ဘာ့ကြောင့်လဲ၊ ဘယ်လို လုပ်တာလဲ။ တရုတ်တွေ ခေတ်မီလာပေမယ့် မျိုးချစ်စိတ် မပျောက်ဘူး၊ အမျိုးသားရေးစိတ် မပျောက်ဘူး။ ဘာနဲ့ ထိန်းသလဲ။ ဘာနဲ့ ဆွဲကပ်ထားသလဲ။ သိပ်စိတ်ဝင်စားစရာကောင်းတယ်။

အာရှသွေးတွေက ဒီလိုပဲ။ သိပ်အများကြီး မကွာဘူး။ အဲဒါကို ဗမာတွေလည်း လုပ်လို့ ရတယ်။ ရက္ခိုင်တွေလည်း လုပ်လို့ ရတာပဲ။ တရုတ်တွေက လုပ်တာ ကြာပေါ့။ တရုတ် ရုပ်ရှင်တွေ၊ သီချင်းနဲ့ ဂီတ၊ အနုပညာ၊ စာပေ၊ ယဉ်ကျေးမှု၊ အစားအသောက်၊ လက်မှု၊ ပွဲတော်၊ ဘာသာရေး၊ ပညာရေး၊ ပျော်ပွဲရွှင်ပွဲ၊ ရိုးရာ ထုံးစံ၊ ဘာသာစကား၊ အတွေးအခေါ် ဒဿန – အကုန်လုံးကို ကြည့်။ ဒါဟာ ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်တဲ့ ကွင်းပြင်ကြီးတွေနော်။ သိပ်ကို ပြန့်လို့ ပွားလို့ ကောင်းတဲ့ လယ်ယာမြေတွေပေါ့။

〓 ဗမာတွေကတော့ မဘသ အဆင့်က မတက်နိုင်

အဆင့်အနိမ့်ဆုံး အမျိုးသားရေးဝါဒ ထူထောင်မှုကတော့ လူမျိုးရေး အမုန်းတရားနဲ့ ထူထောင်တာ။ အဆင့်အမြင့်ဆုံး အမျိုးသားရေးဝါဒ ထူထောင်မှုကတော့ အနုပညာ – ယဉ်ကျေးမှု – ရိုးရာ – အစဉ်အလာ – ပညာရေး … စတာတွေကို သုံး‌ပြီး ထူထောင်တဲ့ အမျိုးသားရေးဝါဒ။ ဒါဟာ အဆင့်အမြင့်ဆုံး ဒီဇိုင်းပဲ။ ဗမာအမျိုးသားရေးဝါဒကတော့ အခုထက်ထိ “မဘသ” အဆင့်ကနေ မတက်သေးဘူး။ ဒါဟာ အငုံ့စိတ်ကို မွေးမြူပြီး လူမျိုးရေးအမုန်းစိတ်နဲ့ ဆွဲစုထားတဲ့ အမျိုးသားရေးဝါဒ ဒီဇိုင်း။ အဆင့်အနိမ့်ဆုံး အမျိုးသားရေးဝါဒ ထူထောင်မှုပုံစံထဲမှာပါတယ်။ အဆင့်မြင့်တဲ့ဆီကို တက်လှမ်းဖို့ကတော့ ဒီအဆင့်ထက် ကျော်နိုင်ရမယ်။ ဒါဟာ ကျနော်တို့ ဝန်းကျင်၊ ကျနော်တို့ ဒေသ၊ ကျနော်တို့ အတိတ်၊ ကျနော်တို့ သမိုင်းနဲ့ ကျနော်တို့ ကမ္ဘာကြီးကို လူပိန်းနည်းနဲ့ ကြည့်ပြီး လေ့လာသင်ယူတာပဲ ဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားရေးအမြုတေကို ကိုယ်ခံအားကောင်းအောင် မြှင့်ပြီး၊ အပြန့်ပွားနိုင်ဆုံးသော လယ်ယာမြေ အမြောက်အမြားမှာ ရက္ခိုင်အမျိုးသားရေးဝါဒမျိုးစေ့တွေကို ပက်ကြဲနိုင်ကြပါစေ…..။ အမျိုးသားရေးဆဲလ်များ ရက္ခိုင်နိုင်ငံအနှံ့ ပြန့်နှံ့ ကြီးထွားပါစေ….။

မင်းသေ့
နံနက် ၂း၄၅
၃၀ ၊ စက်တင်ဘာ ၂၀၂၃။

Previous post လက်နက်ကိုင်ပဋိပက္ခတွင်းက စာပေပြဿနာ
Next post မြန်မာစစ်တပ်ထဲက ပညာသည်တပ်တွေရဲ့ အကျပ်အတည်း