ဒီဆောင်းပါးဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တရိပ်ရိပ်ကြီးထွားလာတဲ့ ဆင်းရဲ – ချမ်းသာကွာဟမှု အကြောင်းအရင်းတွေကို နိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းအချက်တချို့နဲ့ ဆက်စပ်ပြီး ရေးသားဖော်ပြထားတဲ့ဆောင်းပါး တစ်ပုဒ်ဖြစ်ပါတယ်။

၁။ မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ ဆင်းရဲ – ချမ်းသာကွာဟမှု တဖြည်းဖြည်းနဲ့ ကြီးမားလာတာကို ခံစားလာရပါတယ်။ ယေဘုယျအားဖြင့် ကြည့်ရင် ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်တုန်းကလည်း မြန်မာ့နိုင်ငံမှာ လူတန်းစားကွာဟမှု (တနည်း) ဆင်းရဲ – ချမ်းသာ ကွာဟမှု ရှိနေတာပါပဲ။ သို့သော်လည်း စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်လာပြီး‌နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းက လူထုမှာ ဆင်းရဲ – ချမ်းသာ ကွာဟချက် အလွန်အမင်း များပြားလာတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဝဲဂယက်ထဲ ထပ်မံ သက်ဆင်းသွားခဲ့ပြန်ပါပြီ။ မြန်မာနိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ ဝန်ထုပ်ကြီးကြီးကို ထမ်းနေရပါပြီ။ လက်နက်ကိုင်အင်အားစု အစုအဖွဲ့တွေ မှိုလိုပေါက်အောင် များပြားလာပြီး၊ ပုံသဏ္ဍာန်မမှန်တဲ့ စစ်အသုံးစရိတ်တွေနဲ့ စစ်စရိတ်ထောင်းတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာနေပါပြီ။ စစ်နဲ့ လက်နက်ကိုင်ပဋိပက္ခဟာ မြန်မာ့လူ့အဖွဲ့အစည်းကို တိုက်ရိုက် ဒုက္ခပေးသလို၊ သွယ်ဝိုက်၍လည်း ဒုက္ခပေးနေပါတယ်။ စစ်နဲ့ လက်နက်ကိုင်ပဋိပက္ခဟာ လူထုကို ကာယကံမြောက် ဒုက္ခပေးလို့ ကိုယ်၏ ဒုက္ခရောက်သလို၊ စိတ်၏ သောကကို မီးထိုးပေးပြီး စိတ်ဒုက္ခကိုလည်း ပေးနေပါတယ်။ စစ်မီးနဲ့ လက်နက်ကိုင်ပဋိပက္ခမီးကို မွှေးပေးနေတဲ့ အကြောင်းတရားပေါင်းစုံကလည်း မြန်မာနိုင်ငံအတွင်းမှာ ပြည့်နှက်နေပါတယ်။ ၎င်းအကြောင်းတရားတွေရဲ့ ဝိုင်းဝန်းကျေးဇူးပြုမှုဒဏ်ကို မြန်မာလူထုဟာ ခံစားနေရပါတယ်။

၂။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ဝေတဲ့ ISP-Myanmar ရဲ့ Insight EMAIL ၊ အမှတ် (၂၄) မှာ မြန်မာလူထု နေ့စဉ် ရင်ဆိုင်နေရတဲ့ လူမှုဘဝပြဿနာများ စစ်တမ်းပါ၊ အချက်အလက်တချို့ကို ကိုးကားချင်ပါတယ်။ ၎င်းစစ်တမ်းပါ တွေ့ရှိချက် တစ်ခုမှာ – ကုန်စျေးနှုန်းကြီးမြင့်ခြင်းဒုက္ခကို ၉၆ % ခံစားနေရတယ်လို့ ဆိုပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှု၊ စိတ်မလုံခြုံမှု၊ အလုပ်အကိုင်ရှားပါးမှု၊ အင်တာနက်ပြတ်တောက်မှု … စတာတွေဟာ ရာခိုင်နှုန်းမြင့်မားစွာ ခံစားနေကြရတဲ့ နေ့စဉ်လူမှုဘဝဒုက္ခတွေဖြစ်ပါတယ်။

၃။ ဆင်းရဲ – ချမ်းသာကွာဟမှုက ဘာ့ကြောင့်ဖြစ်လာရပါသလဲ။ ဆင်းရဲ – ချမ်းသာကွာဟမှု ဖြစ်လာရခြင်း အကြောင်းရင်းမြစ်‌တွေ အမြောက်အမြား ရှိပါတယ်။ အဲသည့်ထဲမှာ အရေးကြီးတဲ့ အချက် တချို့ကို တင်ပြချင်ပါတယ်။

ပထမအချက် ၊ [ လူ့အခြေခံလိုအပ်ချက်တွေကို လက်လှမ်းတမှီရှိမှု တဖြည်းဖြည်းကွာခြားလာခြင်း] ဖြစ်ပါတယ်။ ဒါဟာ ဆင်းရဲ – ချမ်းသာ ကွာဟလာခြင်းရဲ့ အဓိက မူရင်း အကြောင်းအရင်းလို့ ယူဆပါတယ်။ အခြေခံလိုအပ်ချက်လို့ ပြောတဲ့နေရာမှာ (စား – ဝတ် – နေရေး) ခက်ခဲကြပ်တည်းလာမှုနဲ့ ပညာရေး၊ ကျန်းမာရေး လက်လှမ်းတမှီရှိမှု အကွာအဟ ကြီးမားလာတာကို ပြောတာဖြစ်ပါတယ်။ ဝင်ငွေ၊ အလုပ်အကိုင်၊ ကုန်စျေးနှုန်း၊ စိတ်မလုံခြုံမှု … ဒါတွေဟာ ဆက်စပ်နေပါတယ်။ သူ့ချည်းသီးသန့် ဖြစ်တည်နေတာ မဟုတ်ပါဘူး။ လျှပ်စစ်မီး လက်လှမ်းတမှီရှိမှုနဲ့ အင်တာနက် သုံးစွဲနိုင်မှု အတိုင်းအတာ တွေဟာ မြန်မာလူထုရဲ့ နေ့စဉ် အခြေခံလိုအပ်ချက်ထဲမှာ ပါဝင်လာတာ ကြာပါပြီ။ ဒါပေမယ့် အခု ဒါတွေကို လက်လှမ်းမှီမှုမှာ အကန့်အသတ် ကြီးထွားလာပါတယ်။

ဒုတိယအချက်၊ [ စီးပွားရေး မတည်ငြိမ်မှု] ဖြစ်ပါတယ်။ ဒါဟာ ဆင်းရဲ – ချမ်းသာ ကွာဟလာခြင်းရဲ့ ဒုတိယမူရင်း အကြောင်းအရင်းဖြစ်မယ်လို့ ယူဆပါတယ်။ စီးပွားရေးမတည်ငြိမ်မှုလို့ ပြောတဲ့နေရာမှာ ပထမဆုံးက ငွေကြေးဖောင်းပွမှုကိစ္စကို အရင်ဆုံးပြောရမယ် ထင်ပါတယ်။ ၎င်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ မြန်မာလူထုရဲ့ နေ့စဉ်ဘဝဒုက္ခတွေကို တမြေ့မြေ့ ဒုက္ခပေးပါတော့တယ်။ လက်ရှိ ၂၀၂၃ စက်တင်ဘာ အထိ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၂၀ % နီးပါး ရှိလာပါတယ်။ မြန်မာနိုင်ငံအဖို့ ငွေကြေးဖောင်းပွမှုဟာ နိုင်ငံရေးမတည်ငြိမ်မှုကနေ တိုက်ရိုက် ဆင်းသက်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်သရွေ့ ငွေကြေးတည်ငြိမ်မှုကို ထိန်းနိုင်မှာ မဟုတ်ပါ။ ငွေကြေးမတည်ငြိမ်သရွေ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒုက္ခကလည်း တရိပ်ရိပ်တက်နေမှာပဲ ဖြစ်ပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်လာတာနဲ့အမျှ၊ မြန်မာလူထုရဲ့ လူမှုဘဝဒုက္ခတွင်းက နက်သထက် နက်နေမှာ ဖြစ်ပါတယ်။ လူမှုဘဝဒုက္ခတွေက ကာလကြာရှည် စွဲမြဲနေလေလေ၊ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဆင်းရဲ – ချမ်းသာ ကွာဟမှုက ကြီးသထက် ကြီးလာနေမှာပဲ ဖြစ်ပါတယ်။

တတိယအချက် ၊ [ လူမှုရေး အထွေထွေအကျပ်အတည်း ] ဖြစ်ပါတယ်။ ဆင်းရဲ – ချမ်းသာမှု ကြီးထွားလာအောင် နံဘေးကနေ မီးထိုးပေးနေတဲ့ အဓိက နောက်ကြောင်း အချက်လို့ ယူဆပါတယ်။ အထွေထွေ လူမှုအကျပ်အတည်းတွေဟာ အကြောင်းတစ်ချက်တည်းက မလာပါဘူး။ အကြောင်းအချက် ပေါင်းစုံ စုပေါင်းပြီးတော့ လာပါတယ်။ မြန်မာနိုင်ငံအဖို့ ( ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေ၊ ရွှေ့ပြောင်းရမှု၊ စိတ်ဒဏ်ရာ) ဒီအချက် (၅) ချက်ကနေ တွန်းအားပေး မီးထိုးရင်း အထွေထွေလူမှုအကျပ်အတည်းက မြင့်သထက် မြင့်လာတယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်တယ်။ ၎င်းအကျိုးဆက် နှစ်ခုကြောင့် ပညာရေး ရပ်နားလိုက်ရတယ်၊ ကျန်းမာရေး အထောက်အပံ့ လက်လှမ်းမှီမှု မရှိတော့ဘူး၊ ဝင်ငွေ နည်းသွားတယ် (တချို့က ဝင်ငွေ မရှိတော့ဘူး) (တချို့က ဝင်ငွေ မလျော့ပေမယ့်၊ ငွေကြေးဖောင်းပွလို့ လက်လှမ်းမမှီတော့တာတွေ ရှိလာတယ်)၊ စစ်ဘေးရှောင်ရတယ်၊ တပ်ဘေးရှောင်ကြတယ်၊ နယ်စပ် ပြေးရတယ်၊ ပြည်ပရောက်တယ်၊ ပြည်တွင်းမှာပဲ နေရာရွှေ့ပြောင်းနေထိုင်ကြရတယ်၊ ထို့နောက် စိတ်ဒဏ်ရာ အကြီးအကျယ်ရတယ်၊ စိတ်ကျတယ်၊ အထီးကျန်တယ်၊ ဒေါသထွက်တယ်၊ အလိုမပြည့်ဘူး၊ စိတ်ထွက်ပေါက် မရှိဘူး၊ အမုန်းနဲ့ အငြိုး အားကြီးလာတယ်။ ဒီတော့ လူတွေရဲ့ အထွေထွေ လုပ်မှုကိုင်မှုပြောမှုဆိုမှုမှာ အားလုံး ချွတ်ခြုံကျလာပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ဖြစ်ပျက်နေတဲ့ အရာတွေပါ။

၄။ ၎င်းအခြင်းအရာတွေကို ကြည့်ရင် မြန်မာ့လူ့အဖွဲ့အစည်းဟာ စစ်ပွဲအတွင်းမှာ ချမ်းသာလာတဲ့သူတွေဟာ ပိုချမ်းသာလာပြီး ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲလာတယ်ဆိုတာ သိသာထင်ရှားလာပါတယ်။ လူထုလူတန်းစာအားလုံးထဲမှာလည်း ဆင်းရဲ – ချမ်းသာကွာဟမှု ကြီးမားလာနေပါတယ်။ ပြည်တွင်းစစ်ကို ရပ်စဲအောင် မလုပ်နိုင်ရင် ဒီဒုက္ခတွေက တအိအိ ကျယ်ပြန့်လာမှာပါပဲ။ စစ်နဲ့ လက်နက်ကိုင်ပဋိပက္ခကို မရပ်တန့်နိုင်ရင် နိုင်ငံရေးတည်ငြိမ်မှုလည်း ရှိမှာ မဟုတ်ပါဘူး။ ယာယီစစ်ရပ်စဲခြင်းတွေကလည်း နိုင်ငံရေးတည်ငြိမ်မှုကို အာမခံချက် မပေးနိုင်ပါဘူး။ မြန်မာ့နိုင်ငံမှာ အာမခံချက်ရှိတဲ့ နိုင်ငံရေးတည်ငြိမ်မှု ဖြစ်ထွန်းဖို့ အကြီးအကျယ် လိုအပ်နေပါတယ်။ အမုန်းတရားနဲ့ အငြိုးတရားတွေက ကုစားနိုင်မှာ မဟုတ်ပါဘူး။

မြန်မာ့လူ့အဖွဲ့အစည်းဟာ သံကို သံဖျက်၊ သံချေးတက်တဲ့ အဖြစ်ကို ရောက်နေပါပြီ။ ကိုယ့်ကိုယ်ကိုဖျက် သံချေးတက်။

မင်းသေ့

နေ့လယ် ၁၂း၁၄

၂၉ ၊ စက်တင်ဘာ ၂၀၂၃  

Previous post Arakan’s Dream: Is it possible to change the map of Myanmar?
Next post လူ့အဖွဲ့အစည်း၏ အရှုံး