လတ်တလော ဒီ/ချုပ်  သို့မဟုတ် ဒီ/ချုပ် သရုပ်ခွဲ

  • ဆောင်းပါးအကျဉ်းချုပ်။။ ဤဆောင်းပါးသည် ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီး ၂ နှစ်ကျော် ၃ နှစ်အတွင်း ရောက်လာချိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တည်ဆဲ ဖြစ်တည်မှုကို ယေဘုယျရှုမြင်ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

ဒီဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [ NLD ] ကို ဒီ/ချုပ် လို့ အတိုကောက် သုံးစွဲပါ့မယ်။

ဒီ/ချုပ် သရုပ်ခွဲ

ယခင် ဒီ/ချုပ် နဲ့ ယခု ဒီ/ချုပ်ရယ်လို့ ပိုင်းပိုင်းခြားခြား ပြောရမယ့် အချိန် ရောက်ပြီလားလို့ မေးစရာရှိပါတယ်။ အခြေအနေတွေက အပြောင်းအလဲ သိပ်မြန်နေပါတယ်။ ဒါပေမယ့် လွန်ဆွဲအားပြိုင်မှုတွေက သိသိသာသာရော၊ မသိမသာရော ရှိနေဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကာယကံမြောက် မပါဝင်နိုင်တဲ့ ပါတီတွင်းအကျပ်အတည်းကို ဒီ/ချုပ် အနေနဲ့ ကြုံနေရတာ ရှိပါတယ်။ ဒီနေရာမှာ ဒီ/ချုပ်ထဲမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တချို့ကို သရုပ်ခွဲ စိစစ်ကြည့်ရမယ်လို့ ယူဆပါတယ်။

မြေပေါ် ဒီ/ချုပ် နှင့် မြေအောက် ဒီ/ချုပ်

၁။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ အဖမ်းဆီးမခံရတဲ့ ပါတီ ဦးစီးဦးဆောင်ပိုင်း ပုဂ္ဂိုလ်တွေထဲမှာ အကြမ်းဖျင်းအားဖြင့် အုပ်စု နှစ်စု ကွဲထွက်သွားပါတယ်။ အဲဒါကတော့ မြေပေါ် ဒီ/ချုပ် နဲ့ မြေအောက် ဒီ/ချုပ်ရယ်လို့ ပြောနိုင်ပါတယ်။ မြေပေါ် ဒီ/ချုပ်ဆိုတာမှာတော့ အစုအဖွဲ့ နှစ်မျိုး တွေ့ရပါတယ်။ (၁) တိတ်တိတ်လေး ငြိမ်နေလိုက်တဲ့ အုပ်စုနဲ့ (၂) ဒေါ်အောင်ဆန်းစုကြည် စွဲစွဲမြဲမြဲ လျှောက်ခဲ့တဲ့ အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်ကို ဆက်လက်ကိုင်စွဲမယ်ဆိုတဲ့ အုပ်စုဖြစ်ပါတယ်။ ဒါကတော့ မြေပေါ်အုပ်စုမှာ တွေ့ရတဲ့ နှစ်မျိုးနှစ်စားဖြစ်ပါတယ်။ အဲသည့်အထဲမှာ အဖမ်းဆီး အထိန်းသိမ်းခံ ဘဝကနေ လွတ်မြောက်လာပြီး ကိုယ့်အိမ်မှာကိုယ် တိတ်တိတ်လေး အနေအစား မပျက် နေထိုင်နေတဲ့ အုပ်စုလည်း ပါဝင်ပါတယ်။ မြေအောက် ဒီ/ချုပ်ဆိုတာကတော့ လက်နက်ကိုင်လမ်းစဉ်ကို သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ပါဝင်နေတဲ့ ဒီ/ချုပ် ပါတီဝင်တွေ၊ အမတ်တွေနဲ့ နယ်စပ် / ပြည်ပရောက် ဦးစီးဦးဆောင်သူတွေ ဖြစ်ပါတယ်။ ဒါဟာ လောလောဆယ် ဒီ/ချုပ် ဖြစ်နေတဲ့ ပုံစံ အကြမ်းပါ။

ခေါင်းမာဂိုဏ်းနဲ့ စေ့စပ်ညှိနှိုင်းရေးဂိုဏ်း

၂။ တကယ်တော့ Hardliner ဖြစ်နေတဲ့ အစုအဖွဲ့နဲ့ Moderate လမ်းကြောင်း လိုက်တဲ့ အစုအဖွဲ့ရယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ သိသိသာသာ နှစ်ပိုင်း ကွဲပြားသွားတာ တွေ့ရပါတယ်။ Hardliner ကို ခေါင်းမာဂိုဏ်းလို့ ဘာသာပြန်တာ သိပ် မကြိုက်ပါ။ ဒါပေမယ့် ဒါကို ထင်သာမြင်သာ ရှိအောင် သုံးလိုက်တာဖြစ်ပါတယ်။ Hardliner သမားတွေလို့ နားလည်နိုင်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်တဲ့ ဒီ/ချုပ် ခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်တွေက Hardliner သမား အဖြစ် ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ သူတို့မှာ သဘောထားတင်းမာမှုနဲ့ ရယ်ဒီကယ်ဖြစ်မှု၊ လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်သက်ဝင်မှု ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ လက်နက်ကိုင်လမ်းစဉ် လျှောက်တဲ့ ဒီ/ချုပ်ထဲမှာ ရယ်ဒီကယ် မဖြစ်သူ အနည်းစုကိုတော့ ရှားရှားပါးပါး တွေ့နေရပါသေးတယ်။ နောက်တစ်ခုကတော့ စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ကို ယုံကြည်ပြီး နိုင်ငံရေးဘောင်ထဲမှာ ဆက်ပြီး ကစားချင်တဲ့ Moderate အုပ်စုဖြစ်ပါတယ်။ ဒီ/ချုပ်ထဲက Moderate အုပ်စုကတော့ အကြမ်းမဖက်နည်းလမ်းကို ဆက်လက်ဆွဲကိုင်ပြီး စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းရေးအတွက် လိုလားတဲ့အုပ်စု ဖြစ်တယ်။ တကယ်တော့ ဒါက အုပ်စုလို့ နာမည်တပ်ဖို့ ခက်သလို၊ ဂိုဏ်းလို့ နာမည်တပ်ဖို့လည်း ခက်ပါတယ်။ ဒါပေမယ့် အစုအဖွဲ့သဘော၊ သဘောထားအဝန်းအဝိုင်း နှစ်မျိုး ရှိတယ်ဆိုတာကို ထင်ရှားစေချင်လို့ ဒီလို သုံးနှုန်းရတာဖြစ်ပါတယ်။ ဒီ/ချုပ်ထဲမှာ Hardliner သမားတွေနဲ့ Moderate သမားတွေအကြားမှာ ပုဂ္ဂိုလ်ရေးပဋိပက္ခနဲ့ နိုင်ငံရေးထိပ်တိုက်တိုးမှု ရှိတာကိုလည်း တွေ့ရပါတယ်။

ပြည်တွင်း ဒီ/ချုပ် နဲ့ ပြည်ပ ဒီ/ချုပ်

၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့်နဲ့ မြို့နယ် အဆင့်တွေမှာ ပြည်တွင်းထဲမှာ ရှိနေတဲ့ သူနဲ့ ပြည်ပရောက်သွားသူရယ်လို့ ပုံစံ နှစ်မျိုးတွေ့ရပါတယ်။ ဒါ့ကြောင့် ပြည်တွင်း ဒီ/ချုပ် နဲ့ ပြည်ပ ဒီ/ချုပ် ရယ်လို့ ပိုင်းပိုင်းခြားခြား ပြောလို့ ရတယ်လို့ ယူဆပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင်လမ်းစဉ်ကို အားပေးထောက်ခဲ့တဲ့ Hardliner သမားတွေထဲမှာတောင် ပြည်တွင်း (မြေပြင်မှာ) ရှိနေတဲ့သူနဲ့ နယ်စပ်ရောက် / ပြည်ပရောက်သွားတဲ့ ဒီ/ချုပ်ရယ်လို့ ပိုင်းပိုင်းခြားခြား ကြည့်နိုင်ပါသေးတယ်။ ဒီလို နေရာဒေသအားဖြင့် ကွာဟတဲ့ အခြေအနေမှာ လက်နက်ကိုင်လမ်းစဉ်အပေါ် ရှုမြင်ချက်သဘောထားလည်း ကွဲပြားတာတွေ့ရပါတယ်။ နယ်စပ်နဲ့ ပြည်ပရောက် ဒီ/ချုပ်မှာ တွေ့ရတဲ့ နိုင်ငံရေးအပြုအမူက ပုံစံတစ်မျိုး။ ပြည်တွင်းထဲမှာ အသက်နဲ့ဘဝကို မြှုပ်နှံပြီးတော့ မြေပြင်မှာ ရှိနေတဲ့ ဒီ/ချုပ်အဖွဲ့ဝင်တွေရဲ့ နိုင်ငံရေးအပြုအမူက ပုံစံတစ်မျိုး။ ဒီလို ပုံစံ မျိုးကွဲ တချို့ကို ခွဲခွဲခြားခြား မြင်နေရတာ ရှိပါတယ်။

ထောင်တွင်း ဒီ/ချုပ် နဲ့ လွတ်မြောက် ဒီ/ချုပ်

၄။ ဒီနေရာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ဖြစ်ချင်း ဖမ်းဆီးထိန်းသိမ်းခံလိုက်တဲ့ ဒီ/ချုပ် ခေါင်းဆောင်ပိုင်းနဲ့ ၎င်းနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒီ/ချုပ်ပါတီဝင်နဲ့ ဒေသအဆင့် ခေါင်းဆောင်ပိုင်းတွေဟာ ထောင်တွင်း ဒီ/ချုပ် အမျိုးအစားထဲမှာ ပါပါလိမ့်မယ်။ လွတ်မြောက် ဒီ/ချုပ် ဆိုတာကတော့ — မြေပေါ်မှာသော်လည်းကောင်း၊ မြေအောက်မှာသော်လည်းကောင်း၊ ပြည်တွင်းမှာသော်လည်းကောင်း၊ နယ်စပ်မှာသော်လည်းကောင်း၊ ပြည်ပမှာသော်လည်းကောင်း — စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံခြင်းကနေ လွတ်မြောက်နေတဲ့ ဒီ/ချုပ် အဖွဲ့ဝင်တွေကို ညွှန်းဆိုပါတယ်။ ထောင်တွင်း ဒီ/ချုပ်တွေမှာတောင် အာဏာသိမ်းမှုဖြစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ထောင်တွင်း ဒီ/ချုပ်တွေဟာ ထောင်ထဲမှာ သက်သာရာရပြီး၊ နွေဦးတော်လှန်ရေးလှုပ်ရှားမှုကာလအတွင်းမှာ (တနည်း) လက်နက်ကိုင်တော်လှန်ရေးစတင်ပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ထောင်တွင်း ဒီ/ချုပ်သမားတွေဟာ သက်သက်သာသာ မဖြစ်ဘဲ၊ တချို့ဆိုရင် ထောင်ထဲမှာ သတ်ဖြတ်ခံရတဲ့ အဆင့်အထိ ဖြစ်ပျက်ခဲ့တာတွေ့ရပါတယ်။ လွတ်မြောက် ဒီ/ချုပ် ထဲမှာတော့ တချို့ဟာ အသာအယာနဲ့ ဘော်ကြော့အခင်းအကျင်းကို ခံစားရပြီး တချို့ကတော့ ယခုထိ မိုးထဲရေထဲမှာ အသက်လုပြီး ခြစ်ခြစ်ကုတ်ကုတ်နေထိုင်ရတဲ့သူတွေ ရှိနေဆဲဖြစ်ပါတယ်။

ဒါကတော့ သုံးသပ်ချက်ဆောင်းပါး မဟုတ်၊ သရုပ်ခွဲနည်းကို သုံးပြီး ယေဘုယျရှုမြင်ချက်ဆောင်းပါး သက်သက်မျှသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား….

မင်းသေ့

နံနက် ၃း၁၈

၂၉ ၊ စက်တင်ဘာ ၂၀၂၃

Previous post လူ့အဖွဲ့အစည်း၏ အရှုံး 
Next post စာပေအနုပညာဖန်တီးရှင်နှင့်အတူ