မြန်မာစစ်တပ်ထဲက ပညာသည်တပ်တွေရဲ့ အကျပ်အတည်း

မြန်မာ့တပ်မတော်ထဲက “ပညာသည်တပ်” များ၏ အကျပ်အတည်းလို့ ပြောရမယ် ထင်တယ်။

၁။ ဒီနေရာမှာ “အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဆေးဗိုလ်ကြီး အောင်ဖြိုးသိန်း အိမ်ပြန်လာချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံရ” ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြောချင်တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံက အခုလို ဖြစ်ပါတယ်။

မုံရွာမြို့ရှိ နေအိမ်သို့ပြန်လာသော မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အမှတ် (၂)တပ်မတော်ဆေးရုံမှ ဗိုလ်ကြီးအောင်ဖြိုးသိန်းအား စက်တင်ဘာလ (၄) ရက်နေ့၊ မနက် (၇:၃၀)နာရီခန့်တွင် BlackFalcon Guerrilla Forcesတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေး၀န်ကြီးဌာနမှ ထုတ်ပြန်သည်။

၂။ မြန်မာစစ်တပ်ထဲက CDM လုပ်ထားတဲ့ ပညာသည်တပ် တချို့က မိတ်ဆွေတွေ ရှိပါတယ်။ သူတို့နဲ့ စစ်အာဏာသိမ်းမှုအစကတည်းက ပြောဖြစ်ဆိုဖြစ်တာ ရှိပါတယ်။ သူတို့ဘက်က ရင်ဖွင့်ချက်တချို့ကို တင်ပြချင်ပါတယ်။ အဲဒါကတော့ မြန်မာ့တပ်မတော်ထဲက ပညာသည်တပ်ထဲက အရာရှိတွေရဲ့ အကျပ်အတည်းပါ။ ဒါကို သိပ်များများစားစား ပြောတာ မတွေ့ရပါဘူး။

၃။ လူအတော်များများကတော့ ပြည်သူ့ဘက်တော်သားလုပ်ဖို့ CDM လုပ်ပါလို့ အတင်း တိုက်တွန်းတယ်။ တကယ်တော့ စစ်အာဏာသိမ်းတာကို မကြိုက်တဲ့ ပညာသည်တပ်က အရာရှိ စစ်သည်တွေ အတော်များများ ရှိပါတယ်။ ဒါပေမယ့် သူတို့မှာ အကျပ်အတည်းရှိတယ်။ အဲသည့်အကျပ်အတည်းက လုံခြုံရေးအကျပ်အတည်းနဲ့ ဆိုင်တယ်။ CDM လုပ်တဲ့သူ အများစုကို ကြည့်ရင် ရာထူးရာခံ သိပ်မကြီးရင့်သေးတဲ့ ဗိုလ်ကြီးအဆင့် လူပျိုလူလွတ်တွေများပါတယ်။ တပ်ထဲမှာ မိသားစုကျန်ခဲ့တဲ့သူတွေက CDM လုပ်ဖို့ အခက်အခဲရှိတယ်။ တစ်ဖက်မှာလည်း သူတို့ အနေနဲ့ တပ်ထဲက စကားနဲ့ ပြောရင် “ချွန်ထွက်လို့” မရဘူး။ အကယ်၍ အများထဲက တစ်ယောက်က ချွန်ထွက်တာ သေချာရင် ဖျောင်ခံရတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လထဲက ထင်ပါရဲ့။ တပ်ထဲမှာ တာဝန်ထမ်းဆောင်ပြီး တော်လှန်ရေးအတွက် ထောက်ပို့လုပ်တဲ့ တစ်ယောက်ကို တပ်ထဲမှာ ကြိုးမိန့်ပေးလိုက်တယ်ဆိုတဲ့ သတင်း။ အဲဒီ့သတင်းကို မီဒီယာ မဖတ်ရခင်ကတည်းက ကျနော် ကြိုရပါတယ်။ ဒါက အတည်ဆိုတာလည်း သိလိုက်ရတယ်။

၄။ ဆိုလိုချင်တာက – တိုက်ခိုက်ရေးတပ်၊ ခြေလျင်တပ်၊ ကြည်းတပ် အတော်များများကို မပြောလိုပါ။ မြန်မာစစ်တပ်ထဲက ပညာသည်တပ် အရာရှိ အတော်များများထဲမှာ စစ်အာဏာသိမ်းတာကို မကြိုက်တဲ့သူ အတော်များများရှိတယ်။ ဒါပေမယ့် အင်စတီကျူးရှင်းရဲ့ အထက်အောက် အမိန့်ထဲမှာ ရုန်းမထွက်နိုင်ဘူး။ ပိတ်မိနေတယ်။ ရာထူးရာခံ ရှိသူအဖို့၊ မိသားစု ရှိသူအဖို့၊ စစ်တပ်အသိုင်းအဝိုင်းထဲ မြှုပ်ဝင်နေသူအဖို့၊ တချို့လည်း မိသားစု စီးပွားရေးလုပ်ငန်း အခြေတည်ထားတာမျိုး ဒီဘက် တော်လှန်ရေးအသိုင်းအဝန်းက ပြောသလို CDM လုပ်ဖို့ မလွယ်ဘူး။ တပ်မလိုက် ပုန်ကန်ထကြွတာမျိုးကလည်း မြန်မာစစ်တပ်မှာ မျှော်လင့်နိုင်ဖို့ အခဲယဉ်းဆုံးပဲ။ ဒါက သမိုင်းမှာ ဖြစ်ခဲ့ဖူးလို့၊ မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်က ဒီအမှားကို ထပ်မကျူးလွန်အောင် ချုပ်ထားတဲ့ အရာတွေ အများကြီးပဲ။ မြင်နိုင်တဲ့ tangible factor တွေရော၊ မမြင်နိုင်တဲ့ intangible factor တွေရာ စုံလို့။ ဒါ့ကြောင့် ရာထူးကြီးရင်လည်း မရုန်းနိုင်ဘူး။ စိတ်ထဲက အရပ်သားအစိုးရဖြစ်ထွန်းမှုကို ထောက်ခံလည်း ကာယကံမြောက် မပြသနိုင်ဘူး။ ပညာသည်တပ်တွေအနေနဲ့ တစ်ဦးချင်း တစ်ယောက်ချင်း ရုန်းဖို့က သိပ်ခက်တယ်။ ဒါ့ကြောင့် တချို့က အခြေအနေကို ကြည့်ပြီး နေနေရတယ်။ အဲသည့်လို လူတွေ အတော်များများရှိတယ်။

၅။ (နမခ) အမှတ် (၂)တပ်မတော်ဆေးရုံမှ ဗိုလ်ကြီးအောင်ဖြိုးသိန်းကို တော်လှန်ရေးတပ်ဘက်က ဖမ်းဆီးတယ်ဆိုတဲ့ကိစ္စကို အကြောင်းပြုပြီးတော့ အခြေအနေကို ပြောပြတာဖြစ်ပါတယ်။ တကယ်တော့ တော်လှန်ရေးဘက်က ကြည့်ရင် စစ်ဘက်အရာရှိ တစ်ယောက်ကို ဖမ်းဆီးခြင်းဟာ ခုခံတော်လှန်စစ်စံဘက်က ကြည့်ရင် ဒါက ဖမ်းဆီးခွင့်ရှိတာပဲ။ ဒါပေမယ့် ဒီလိုလူကို စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ သတ်မှတ်ပြီး သတ်ဖြတ်တာမျိုးကျတော့လည်း တရားသောစစ်ဥပဒေအရ ဒါက လုပ်လို့ မရပြန်ဘူး။ ပညာသည်တပ်တွေဟာ အင်စတီကျူးရှင်းအစုအဖွဲ့ဝင်ဖြစ်ပေမယ့် ဒီလို မဟုတ်သေးဘူး။ ဒါဆိုရင် ဖမ်းဆီးထိန်းသိမ်း ထောင်ချလို့ ပြောရင်လည်း NUG လက်အောက်မှာ ဖွဲ့စည်းထားတဲ့ ထောင် မရှိဘူး။ အချုပ်လောက်တော့ ရှိမယ်။ ဒါပေမယ့် ဒီလို ဖမ်းဆီးရမိတဲ့ ပညာသည်တပ်က စစ်ဆေးဆရာဝန်ကို ဘယ်မှာ ဘယ်လို ကြာရှည် ချုပ်နှောင်ဖမ်းဆီးမလဲ။ စစ်ကောင်စီလက်အောက်ခံတပ်ဖက်က ဖမ်းဆီးခံ စစ်သားနဲ့ အရာရှိအတော်များများကို ဒီအတိုင်း ချုပ်ထားဖို့လည်း ခက်၊ လွှတ်ပေးလို့လည်း မရ…ဆိုတော့၊ သဘာဝအရ စဉ်းစားကြည့်လိုက်ရင် ဘာလုပ်မှာလဲ။ စစ်ရေးမှာ စစ်လိုပဲ ကျင့်ကြတာပေါ့။ ဒါက မပြောဘဲ သိတဲ့ ကိစ္စ။
အခုကိစ္စက အကြောင်းအကျိုး ဆက်စပ်လို့၊ မြန်မာ့တပ်မတော်ထဲက ပညာသည်တပ်စစ်သည် အရာရှိတွေမှာ အရပ်သားနိုင်ငံရေးအခင်းအကျင်းကို လက်သင့်ခံသော်ငြားလည်း တပ်ထဲမှာလည်း ချွန်ထွက်လို့ မရ၊ CDM လုပ်ဖို့လည်း မလွယ်။ တည်ဆဲအနေအထားမှာလည်း အဆင်မပြေ။ ထိခါမှ ထိရောဆိုပြီး ဒီအတိုင်း အရိပ်အကဲကြည့်နေရတဲ့သူတွေ အမြောက်အမြား ရှိနေကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား….။

မင်းသေ့
၂၉ ၊ စက်တင်ဘာ ၂၀၂၃

မှတ်ချက်။ ။ ယခု ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်ဘက် ဆေးအရာရှိမှာ ဘယ်လို သဘောထားရှိကြောင်းရေးသားတာ မဟုတ်။ အကြောင်းအကျိုးတိုက်ဆိုင်တာဖြစ်လို့ မြန်မာစစ်တပ်ထဲက ပညာသည်တပ်တွေမှာ ဒီလိုအကျပ်အတည်းရှိကြောင်း ဆွေးနွေးတင်ပြချက်ဆောင်းပါးသာ ဖြစ်ကြောင်း….။

Previous post ရက္ခိုင်အမျိုးသားရေး နယူကလိယက်စ် (သို့မဟုတ်) အမျိုးသားရေးဆဲလ်များ ပြန့်နှံ့ခိုင်မာစေခြင်း