လက်နက်ကိုင်ပဋိပက္ခတွင်းက စာပေပြဿနာ

အခုတွေ့ရတဲ့ စာပေပြဿနာ။

အခုလူတွေကြားထဲမှာ ပြောပြောဆိုဆို ရှိနေတဲ့ ပြဿနာ တစ်ရပ်ရှိပါတယ်။ စာရေးဆရာတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်အပေါ်မှာ မူတည်ပြီး၊ ဝေဖန် စောကြောကြတဲ့ကိစ္စပါ။ ဒီဆွေးနွေးချက်ဟာ စဉ်းစားဖွယ်ရာ ဖြစ်အောင် တင်ပြတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ကို အခြေမပြုပါ။ အကြောင်းအကျိုးသင့်လို့ စာပေနဲ့ တော်လှန်ရေးအကြား ထိပ်တိုက်တိုးမှု အကြောင်း ပြောချင်တာဖြစ်ပါတယ်။ ဒီနေရာမှာ စာပေနဲ့ တော်လှန်ရေးအကြား ထိပ်တိုက်တိုးမှုလို့ သုံးတယ်၊ ပဋိပက္ခလို့ မသုံးပါဘူး။ စာရေးဆရာနဲ့ တော်လှန်ရေးလှုပ်ရှားတက်ကြွသူတို့အကြား ဖြစ်တဲ့ သဘောကွဲလွဲမှုလို့ ပြောသော်လည်းပဲ၊ စာပေနဲ့ စာပေဖန်တီးသူတွေကို လူ့အဖွဲ့အစည်းက မြင်ပုံရှုပုံ မလွဲမှားစေချင်လို့ ဤဆွေးနွေးချက် ဆောင်းပါးကို တင်ပြရတာ ဖြစ်ပါကြောင်း….။

စဉ်းစားချက်အထိုင်။

၁။ ကျနော်တို့ ပထမဆုံး စဉ်းစားဖို့ လိုတာက ကိုယ်က ဘယ်လို စဉ်းစားမလဲဆိုတဲ့ အထိုင်ကိစ္စ ဖြစ်ပါတယ်။ လူကို တည်ပြီး ပြောကြဆိုကြမှာလား။ ဖြစ်စဉ်ကို ကြည့်ပြီး ပြောကြဆိုကြမှာလား။ ဒါကို သေချာ ကွဲကွဲပြားပြား နားလည်ဖို့ လိုတယ် ထင်ပါတယ်။ ကျနော်ကတော့ လူကို မကြည့်၊ ဖြစ်စဉ်ကို ကြည့်ရမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက “သူ့ဘက်က ကြည့်ရင် လက်ဖမိုး၊ ကိုယ့်ဘက်က ကြည့်ရင် လက်ဖဝါး” ဒါကို သေချာ နားလည်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ မျက်နှာစာနှစ်ဖက်ရဲ့ သဘာဝကို သေချာနားလည်သဘောပေါက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ နောက်ထပ် တင်ပြချင်တဲ့ အထိုင်ကတော့ “တော်လှန်ရေးဟာ နိုင်ငံရေးလား” “နိုင်ငံရေးဟာ တော်လှန်ရေးလား” “တော်လှန်ရေးနဲ့ နိုင်ငံရေး တူ / မတူ” ။ ဒီမေးခွန်းကို သေချာ မကွဲပြားရင် အယူအဆရေးရာအရ ရောထွေးနေအုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြောဆို ငြင်းခုံကြလို့ ပြီးမယ် မထင်ပါ။

  • လူကို ကြည့်မလား /  ဖြစ်စဉ်ကို ကြည့်မလား။
  • သူ့ဘက်က ကြည့်ရင် လက်ဖမိုး ၊ ကိုယ့်ဘက်က ကြည့်ရင် လက်ဖဝါး။
  • တော်လှန်ရေးဟာ နိုင်ငံရေးလား
  • နိုင်ငံရေးဟာ တော်လှန်ရေးလား
  • တော်လှန်ရေးနဲ့ နိုင်ငံရေး တူ / မတူ

တော်လှန်ရေးနဲ့ နိုင်ငံရေး တူ / မတူ

၂။ တော်လှန်ရေးနဲ့ နိုင်ငံရေး တူ / မတူ ဆိုတာကို အရင် ရှင်းခန်းထုတ်ရမယ် ထင်ပါတယ်။ လတ်တလောကိစ္စကိုပဲ ကြည့်ပြီး ပြောလို့ မရပါဘူး။ ဒီတစ်နှစ် နှစ်နှစ်အတွင်း ဖြစ်သွားတဲ့ကိစ္စကိုပဲ ကြည့်ပြီး ပြောလို့ မရပါဘူး။ သမိုင်းစဉ်ကို ကြည့်ပြီး ပြောဖို့ လိုပါတယ်။ တော်လှန်ရေးဖြစ်ရပ်တွေနဲ့ နိုင်ငံရေးလုပ်ကွက်တွေအကြားက ကွာဟချက်ကို နားလည်ဖို့ လိုတယ်လို့ ထင်ပါတယ်။ လူထုလူတန်းစားပေါင်းစုံ အုံကြွတဲ့တော်လှန်ရေးနဲ့ အစုအဖွဲ့တွေအ‌ကြား အာဏာလွန်ဆွဲအားပြိုင်ပွဲအကြားက အဟတချို့ကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ လတ်တလော ဖြစ်ရပ်တွေကိုပဲ ကြည့်ပြီး ဇာချဲ့ အပြစ်ဆို၊ တရားခံ ရှာလို့ မရပါ။

၃။ စစ်အာဏာသိမ်းမှုဖြစ်ရပ် ပေါ်လာမှ နိုင်ငံရေးအဝန်းအဝိုင်းထဲ ပါဝင်လှုပ်ရှားကြသူတို့ကို အပြစ်မဆိုပါ။ အပြစ်လည်း မဟုတ်ပါ။ ကျနော် အခု ဆွေးနွေးတဲ့အထိုင်က နိုင်ငံရေးအဝန်းအဝိုင်းထဲ ၁၀ နှစ်နီးပါး ကျင်လည်ဖြတ်သန်းပြီး နားလည်သဘောပေါက်လာတဲ့ အခံကနေ လာကြောင်း ဝန်ခံလိုပါတယ်။

၄။ တော်လှန်ရေးနဲ့ နိုင်ငံရေးသည် တူ / မတူ။ နိုင်ငံရေးကနေ အစပြုလိုက်လို့ တော်လှန်ရေးဖြစ်လာတာကို မြန်မာနိုင်ငံမှာ တွေ့ရပါတယ်။ တော်လှန်ရေးထဲမှာ နိုင်ငံရေးပါလာတာကို မြန်မာနိုင်ငံမှာ အမြောက်အမြား တွေ့ရပါတယ်။ တော်လှန်ရေးတွေဟာ ကဏ္ဍ၊ နယ်ပယ်အသီးသီးမှာ ရှိတတ်တာကို သတိချပ်စေချင်ပါတယ်။ နိုင်ငံရေးနဲ့ဆက်စပ်နေတဲ့ တော်လှန်ရေးတိုင်းဟာ political revolution သာ ဖြစ်ပြီး၊ တစ်ခုလုံး တစ်စုံလုံး လူ့အဖွဲ့အစည်း တစ်ခုလုံးကို လွှမ်းခြုံနိုင်မှု မရှိပါဘူး။ အကန့်အသတ်နဲ့သာ ဖြစ်ထွန်းပါတယ်။ ဒါပေမယ့် ပေါ်ပြူလစ်ဇင်နိုင်ငံရေးဖြစ်ထွန်းတဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေးခေါင်းစဉ်အောက်က လုပ်တဲ့ လုပ်ရပ်တိုင်းသည် နိုင်ငံရေးဟု သတ်မှတ်ထားကြပြီး ၊ နိုင်ငံရေးလို့ သတ်မှတ်တဲ့ကိစ္စတိုင်းကလည်း နိုင်ငံ့အရေးဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ တကယ်တော့ အဲဒါက ပူးတုံခွာတုံ ရှိပါတယ်။ အမြဲတမ်း အစဉ်တစိုက် ပူးတွဲနေတာမျိုး မဟုတ်ဘူးဆိုတာ နားလည်ပါ။

၅။ တော်လှန်ရေးတိုင်းက နိုင်ငံရေး မဟုတ်သလို၊ နိုင်ငံရေးတိုင်းကလည်း တော်လှန်ရေး မဟုတ်ပါဘူး။ တော်လှန်ရေးနဲ့ နိုင်ငံရေးဟာ တူတဲ့အပိုင်း တူတယ်၊ မတူတဲ့အပိုင်းမှာ ကွဲပြားပါတယ်။ ထပ်တူပြုလို့ မရဘူးဆိုတာ နားလည်ပါ။ ဒါ့အပြင် နိုင်ငံရေးတိုင်းက နိုင်ငံ့အရေး မဟုတ်ဘူး။ နိုင်ငံ့အရေးတိုင်းကလည်း နိုင်ငံ့ရေးမှာ ရှိတာ မဟုတ်ပါဘူး။ ဒါကို ရှုပ်ထွေးသွားရင် ဒုတိယတစ်ခေါက် ထပ်ဖတ်ပါ။

၆။ တော်လှန်ရေးတိုင်းက နိုင်ငံ့အရေးနဲ့သက်ဆိုင်တာ ဟုတ်ပေမယ့်၊ တော်လှန်ရေးတိုင်းက လူ့အဖွဲ့အစည်းကို ပုံသေ ကျေးဇူးပြုတယ်လို့ တရားသေ မမှတ်သင့်ပါဘူး။ တော်လှန်ရေးတိုင်းက လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးကို ဖြစ်စေတယ်လို့ တစ်ထစ်ချ တွက်လို့ မရပါဘူး။ တော်လှန်ရေးတွေမှာ လူ့အဖွဲ့အစည်းကို တစ်ဆင့်မြင့်အောင် လုပ်နိုင်ခဲ့တာတွေ ရှိသလို၊ တော်လှန်ရေးလုပ်ပုံလုပ်နည်း မှားယွင်းလို့ လူ့အဖွဲ့အစည်းကို ပိုနက်တဲ့ချောက်ထဲ ခေါ်သွားတာရှိနိုင်ပါတယ်။ တော်လှန်ရေးလုပ်ရပ်တိုင်းဟာ လူ့အဖွဲ့အစည်းကို အမြဲတမ်း ကောင်းကျိုးဖြစ်ထွန်းစေတယ်လို့ မမှတ်သင့်ပါဘူး။ လုပ်နည်း လုပ်ဟန် အရေးကြီးပါတယ်။ လုပ်ပုံကိုင်ပုံ အရေးကြီးပါတယ်။ လမ်းစဉ် အရေးကြီးပါတယ်။ အဲဒါတွေ လွဲချော်တိမ်းပါးရင် တော်လှန်ရေးဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုး မဖြစ်ဘဲ ဘေးထွက်ဆိုးကျိုး ပိုဖြစ်တာတွေ့ရပါတယ်။

စာပေဖန်တီးမှု ကိစ္စ

၇။ စာပေဖန်တီးသူ အားလုံးဟာ လူအများ (သို့မဟုတ်) လူထု၊ (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဦးတည်ချက်ထားပြီး ကျေးဇူးပြုတာချည်းပါပဲ။ စာအုပ်တစ်ခုကို ဖန်တီးပြီး ပုံစံတစ်မျိုးမျိုးနဲ့ (ဥပမာ သတင်းက ဖြစ်စေ၊ ဂျာနယ်က ဖြစ်စေ၊ စာအုပ်တစ်အုပ်နဲ့ ဖြစ်စေ၊ အွန်လိုင်းပလက်ဖောင်းပေါ်က ဖြစ်စေ) ကြားခံ မီဒီယံ တစ်ခုခုကို သုံးပြီး လူအများထံ / လူထုထံ / လူ့အဖွဲ့အစည်းထံ ဖြန့်ချိလိုက်တယ်ဆိုကတည်းက စာပေဖန်တီးသူ အားလုံးဟာ အများအတွက်၊ လူထုအတွက် လူ့အဖွဲ့အစည်းအတွက် ကျေးဇူးပြုဖို့ ရည်ရွယ်တာချည်းပါပဲ။ ဒါပေမယ့် စာပေဖန်တီးသူမှာ ခံစားချက်ရှိတယ်၊ ရည်ရွယ်ချက်ရှိတယ်၊ သဘောထားရှိတယ်၊ မူရှိပါတယ်။ ဒါကို စားသုံးတဲ့လူထုက မသိကြတာများပါတယ်။ သိစရာလည်း မလိုပါဘူး။ စာပေဖန်တီးသူရဲ့ အနုပညာစာပေလက်ရာကို စာပေဖတ်ရှုသူ လူထုက တိုက်ရိုက်၊ ခံစား သိမြင် နားလည် ဖတ်ရှုနိုင်ရင် ရပါပြီ။ ရေးပြမထားတဲ့ ခံစားချက်တွေ သဘောထားတွေ မူတွေနဲ့ ရည်ရွယ်ချက်တွေကို စာဖတ်သူလူထုက သိစရာမလိုပါဘူး။ သိအောင်လည်း စာပေဖန်တီးသူတွေက လုပ်နေမှာ မဟုတ်ပါဘူး။

၈။ ဒါပေမယ့် စာပေဖန်တီးသူ စာရေးဆရာတွေရဲ့ အနုလက်ရာကို လူ့အဖွဲ့အစည်းက အများပိုင်သဘော ယူသုံးတာတွေ ရှိတတ်ပါတယ်။ ဒါကိုလည်း စာရေးဆရာက တားဆီးနိုင်ခွင့် များများစားစား မရှိလှပါဘူး။ သို့သော်လည်း စာပေဖန်တီးသူအဖို့ မိမိရဲ့ စာပေဖန်တီးမှုအပေါ်မှာ ပုံမှားရိုက် ကျေးဇူးပြုတာတွေကိုတော့ စာရေးဆရာက လက်မခံပါဘူး။ စာရေးဆရာက စာပေကို ဖန်တီးပြီး လူထုကို ဖြန့်ချိလိုက်ပြီဆိုကတည်းက လူ့အဖွဲ့အစည်းအကျိုးအတွက် ရည်မျှော်ပြီးသားဖြစ်ပါတယ်။ လူထုအကျိုးအတွက် ရည်မျှော်ပြီးသားဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်က ရှင်းပါတယ်။ တော်လှန်ရေး၊ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျေးဇူးပြုမှ လူထုကို ကျေးဇူးပြုခြင်း မည်တယ်ဆိုတာကတော့ လှေနံဓားထစ် အယူအဆပါ။ အထက်မှာ ပြောခဲ့ ရှင်းခဲ့သလို တော်လှန်ရေးကိစ္စရပ်တိုင်း နဲ့ နိုင်ငံရေးကိစ္စရပ်တိုင်းဟာ လူထုကို အစဉ်အမြဲ ကျေးဇူးပြုတယ်လို့ ကံသေကံမ မပြောနိုင်ပါဘူး။ လုပ်နည်းကိုင်နည်းနဲ့ လမ်းစဉ်တွေ လွဲချော်တဲ့အခါ လူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်စေပါတယ်။ ကိုယ်သုံးတဲ့နည်းကို လိုက်မသုံးလို့ တရားခံရှာ အပြစ်ဆိုရင် ဒါက တရားသေ အစွန်းရောက်သမားတွေရဲ့ အမူအကျင့်သာ ဖြစ်ပါလိမ့်မယ်။ စာရေးဆရာဟာ သူ ယုံကြည်နားလည်ထားတဲ့ ကျေးဇူးပြုခြင်းနည်းလမ်းနဲ့ လူထုနဲ့ လူ့အဖွဲ့အစည်းကို ကျေးဇူးပြုခဲ့ပြီးပါပြီ။ ဒါကို လေးစားသမှု ရှိရပါလိမ့်မယ်။ လူထုကို ကျေးဇူးပြုတာချင်းအတူတူ ကျေးဇူးပြုပုံနည်းလမ်းတော့ ကွာခြားပါလိမ့်မယ်။ မုန့်ခွံ့ကျွေးတာချင်း အတူတူ၊ လက်နဲ့ ခွံ့ကျွေးတာ၊ ဇွန်းနဲ့ခွံ့ကျွေးတာ၊ ခရင်းနဲ့ ခွံ့ကျွေးတာ၊ တူနဲ့ ခွံ့ကျွေးတာ ဒါတွေတော့ ကွာခြားပါလိမ့်မယ်။

၉။ စာရေးသူရဲ့ စေတနာကို စာဖတ်သူ လူထုက ဆုံးဖြတ်ကြပါစေ။

အနှစ်ချုပ်

  • တော်လှန်ရေးလုပ်ရပ်တိုင်းသည် နိုင်ငံရေး မဟုတ်။
  • နိုင်ငံရေးလုပ်ရပ်တိုင်းသည်လည်း တော်လှန်ရေး မဟုတ်။
  • တော်လှန်ရေးနဲ့ နိုင်ငံရေး တူတဲ့နေရာမှာ တူတယ်။ မတူတဲ့နေရာမှာ မတူဘူး။
  • တော်လှန်ရေးတိုင်းက လူထုကြားထဲက ထွက်ပေါ်လာတယ်ဆိုပေမယ့် တော်လှန်ရေးတိုင်းဟာ လူထုနဲ့ လူ့အဖွဲ့အစည်းကို ကောင်းကျိုးဖြစ်ထွန်းခဲ့တာချည်းတော့ မဟုတ်ဘူး။ လုပ်နည်းကိုင်နည်း နဲ့ လမ်းစဉ် တွေ ချွတ်ချော်တိမ်းပါးရင် တော်လှန်ရေးတွေဟာ လူထုနဲ့ လူ့အဖွဲ့အစည်းကို ပို၍ နက်တဲ့ချောက်ထဲကို ဆွဲခေါ်နိုင်တယ်။ ဒါကြောင့် တော်လှန်ရေးလုပ်ရပ်တိုင်းက လူထုကို ကောင်းကျိုးဖြစ်တယ်လို့ တရားသေ မမှတ်ယူသင့်။
  • စာပေဖန်တီးသူတိုင်းက လူထုနဲ့ လူ့အဖွဲ့အစည်းကို ကျေးဇူးပြုပြီး ဖြစ်တယ်။
  • စာပေဖန်တီးမှုနဲ့ တော်လှန်ရေးက ထပ်တူ မဟုတ်ဘူး၊ သဘာဝ မတူဘူး။
  • ဒါပေမယ့် လူထုကို ကျေးဇူးပြုချင်ဇော မှာတော့ တူတယ်။
  • နည်းလမ်းအားဖြင့် ကွဲပြားစွာ ကျေးဇူးပြုတာဖြစ်တယ်။
  • စာပေဖန်တီးမှုကို မိမိတို့ တော်လှန်ရေးနည်းလမ်း (သို့မဟုတ်) မိမိတို့ နိုင်ငံရေးလမ်းစဉ် အောက်က ဖြတ်လျှောက်ရမယ်၊ သို့မဟုတ် အဲသည့်လို အသုံးချခြင်းကို တသွေမတိမ်း လက်ခံရမယ်…၊ ဒါဟာ လူထုအကျိုးဖြစ်တယ်…. ဒါကို ငြင်းပယ်ရင် လူထုကို သစ္စာဖောက်တာဖြစ်တယ်…ဆိုတဲ့ လောဂျစ်ဟာ အင်မတန် သိမ်ဖျင်းတဲ့ အယူအဆဖြစ်တယ်။
  • အပြန်အလှန် လေးစားသမှု ရှိသင့်တယ်။
  • မိမိတို့ နည်းလမ်းအောက်ကနေ စာပေဖန်တီးမှုအပေါ် အုပ်မိုးတာကို စာရေးဆရာက ငြင်းဆန်ခွင့်ရှိတယ်။ ဒါဟာ လူထုအကျုးကို ငြင်းဆန်တာမဟုတ်။ လူ့အဖွဲ့အစည်း ကောင်းကျိုးကို ငြင်းဆန်တာ မဟုတ်။ နည်းနာကို ငြင်းဆန်တာသာ ဖြစ်ကောင်းဖြစ်တယ်။
  • ဒါကို ပုံမှားရိုက်ပြီး လူထုအကျိုးကို မလိုလားသယောင် ဝါဒဖြန့်၊ လူအုပ်နဲ့ဖိ၊ စော်ကားမော်ကားနဲ့ စာရေးဆရာရဲ့ အသေရေဖျက်တာကိုတော့ — ပညာရှိသူတော်ကောင်းတွေ မလုပ်ကြပါဘူး။

မင်းသေ့

၂၇ ၊ စက်တင်ဘာ ၂၀၂၃ ။

Previous post စာပေအနုပညာဖန်တီးရှင်နှင့်အတူ
Next post ရက္ခိုင်အမျိုးသားရေး နယူကလိယက်စ် (သို့မဟုတ်) အမျိုးသားရေးဆဲလ်များ ပြန့်နှံ့ခိုင်မာစေခြင်း