စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံလား။

စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံ မဟုတ်ဘူး။ နိုင်ငံရေးကလည်း စာပေရဲ့ လက်အောက်ခံ မဟုတ်ဘူး။ စာပေနဲ့ နိုင်ငံရေးဟာ ဘယ်သူ့ ဘယ်သူမှ လက်အောက်ခံ လုပ်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေက ကိုယ်ရပ်ခံတဲ့ဘက်မှာ ဩဇာကြီးအောင် လုပ်ချင်ကြတယ်။ ဒီတော့ နိုင်ငံရေးက စာပေကို လက်အောက်ခံသဘော မြင်လာတာတွေ ရှိတယ်။ အတိတ်သမိုင်းဖြတ်သန်းမှုကို ကြည့်ရင်၊ နိုင်ငံရေးသမားတွေဟာ စာပေကို လက်နက်ကိရိယာလုပ်ပြီး ဝါဒဖြန့်ချိရေး လုပ်ခဲ့တာ ရှိတာပဲ။

ဘယ်လိုနည်းနဲ့ လုပ်သလဲ၊ သာဓက တချို့ ပြောပါ။

လက်ဝဲအယူအဆဂိုဏ်းမှာ၊ စာပေသည် ပြည်သူ့အတွက် ဆိုတာကို ခေါင်းစဉ်တပ်ပြီး၊ ဝါဒဖြန့်ချိရေးကို လုပ်တာပဲ။ လက်ဝဲစာပေတွေမှာ ပြောတဲ့ ပြည်သူဆိုတဲ့စကားလုံး၊ လူထုဆိုတဲ့ စကားလုံးကို သေချာအနက်ဖော်ကြည့်ရင် ပြည်သူဆိုတာ သူတို့ interpretation လုပ်တဲ့ ပြည်သူ ရှိတယ်။ တိုင်းပြည် နယ်နိမိတ်ထဲမှာရှိတဲ့ လူတိုင်းက ပြည်သူ မဟုတ်ဘူး။ အထူးသဖြင့် လက်ဝဲဝါဒမှာ အလုပ်သမား၊ လယ်သမားနဲ့ ဆင်းရဲသား ကျောမွဲ နင်းပြားကို ကိုယ်စားပြုပြီး အာဏာဖွဲ့တည်ထားတော့၊ သူတို့ ပြောတဲ့ သူတို့ ရေးတဲ့ လူထုဆိုတာဟာ အဲသည့် လူတန်းစားကိုပဲ ကိုယ်စားပြုတယ်။ လူတန်းစားအလွှာတိုင်းကို ကိုယ်စားပြု ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကဗျာထဲမှာ၊ စာထဲမှာ၊ ဝတ္ထုထဲမှာ၊ ဇာတ်လမ်းထဲမှာ၊ ပိုစတာထဲမှာ၊ မိန့်ခွန်းထဲမှာ — “လူထု” ဆိုတဲ့ အသုံး “ပြည်သူ” ဆိုတဲ့ အသုံးကိုတော့ အားလုံးကို ညွှန်းသလိုလိုနဲ့ ၊ ဝါးလုံးသိမ်းရောချ သုံးတာကို တွေ့ရတယ်။ တကယ်တော့ လူထုလို့ ပြောတိုင်း၊ တိုင်းပြည် နယ်နိမိတ်ထဲမှာ ရှိတဲ့ လူမျိုးမရွေး၊ လူတန်းစားမရွေး၊ ဘာသာမရွေး၊ ဒေသမရွေး၊ နေရာဌာန မရွေး ရှင်သန်တည်ရှိနေတဲ့ လူတိုင်းကို ညွှန်းတာ မဟုတ်ဘူး။ သူတို့ နိုင်ငံရေးအင်အားဖွဲ့တည်ထားတဲ့ လူတန်းစားအလွှာတစ်ခုခုကိုသာ ညွှန်းတာဖြစ်တယ်။ ဒါကို သေချာ နားလည်သင့်တယ်။ လူထုလို့ ပြောတိုင်း လူအားလုံးကို ညွှန်းတယ် မထင်ပါနဲ့။ လူထုအကျိုးစီးပွားလို့ ပြောတိုင်း၊ လူတိုင်းရဲ့ အကျိုးစီးပွားကို ညွှန်းတယ်လို့ မထင်ပါနဲ့။

လူထုဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီး မောင်စူးစမ်း ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ အခုလို အနက်ဖော်ခဲ့ဖူးတယ်။ လူထုဆိုတဲ့ သဘော၊ ပြည်သူဆိုတဲ့သဘောကို အကျဉ်းမျှ သရုပ်ခွဲပြတာ။ ဒါကို ကြည့်။

  • ပြည်သူလူထု The People ဆိုပြီး ပေါင်းရုံးကြိတ်နှုန်းပြု၍၊ ပြောနေကြခြင်း ဖြစ်သည်။ Aggregation ဟု ခေါ်သည်။ နိုင်ငံရေးသမားတို့က လူထုဟု သုံးနှုန်းလျှင် တစ်လုံးတစ်စည်းရှိသော လူ့အသိုင်းအဝိုင်း Community အဖြစ် မြင်သည်။ ကိုယ့်ဘက်သားလို့ မြင်သည်။ ပို့စ်မော်ဒန်သုံးသပ်ချက်အရ လူထုသည် ဤလက္ခဏာတို့အစား အောက်ပါလက္ခဏာတို့ဖြင့် ထင်ရှားနေသည်။
  • ၁။ လူထုသည် အစိုးရမီဒီယာနှင့် စျေးကွက် ဩဇာအာဏာတို့အောက်၌ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည်။ Fragmented ဟု ခေါ်သည်။
  • ၂။ လူထုသည် ပုံစံအမျိုးမျိုးဖြင့် ကြိုးကိုင် ခြယ်လှယ်ခံရသည်။ Manipulated ဟု ခေါ်သည်။
  • ၃။ လူထု၌ အလွှာပေါင်းစုံရှိသဖြင့် တုံ့ပြန်မှု ပေါင်းစုံရှိသည်။ Multilayered Responses ဟုခေါ်သည်။
  • ၄။ ပို့စ်မော်ဒန်၌ လူထုသည် စိတ်ထွေပြားသည်။ Moody ဟုခေါ်သည်။

ဆိုလိုချင်တာက လူထုလို့ တွင်တွင်ကျယ်ကျယ် သုံးတိုင်း၊ ပြောတိုင်း ကိုယ့်ကို ပြောတယ်လို့ မမှတ်နဲ့။ လူထုဆိုတဲ့ စကားလုံးက သူတို့ အကျိုးစီးပွားနဲ့ သူတို့ အာဏာတည်မြဲရေးကို ထောက်ခံတဲ့သူတွေကိုပဲ ညွှန်းတာ။ သူတို့ အမြင် သူတို့ အယူအဆနဲ့ သူတို့ အာဏာကို မထောက်ခံတဲ့သူတွေဟာ နိုင်ငံရေးသမားတွေရဲ့ အမြင်မှာ၊ လူထုစာရင်း မဝင်ဘူး။ အခုလို ရန် / ငါ စည်း ပြတ်အောင် ကြည့်လွန်းတဲ့ အစွန်းရောက်နိုင်ငံရေးဖြစ်ထွန်းချိန်မှာ၊ အုပ်စုအားနဲ့ ဖင်ခေါင်းကျယ်နေတဲ့ နိုင်ငံရေးသမားတွေ သူတို့ကို မထောက်ခံရင် ပြည်သူလူထုထဲက ဘယ်သူ့ကိုမဆို ရန်သူစာရင်း သွင်းလိုက်မှာပဲ။ ပိုဆိုးတာက မြန်မာနိုင်ငံမှာ၊ အခု ပေါ်ပြူလစ်ဇင် (Populism) ဖြစ်ထွန်းတယ်။ ပေါ်ပြူလစ်ဝါဒဖြစ်ထွန်းနေတယ်။ လူပိန်းကြိုက်ဝါဒနဲ့ တော်လှန်ရေးကို မောင်းနေတာများတယ်။ အဲသည့်ထဲမှာ ကြောင်းကျိုးဆင်ခြင်ဉာဏ်တော့ တစ်ဝက်ပါနိုင်ပါရဲ့။ ဒါပေမယ့် လူပိန်းကြိုက်ဝါဒရယ်၊ လူအုပ်ဝါဒရယ် ပေါင်းပြီးတော့ လူထုကို မောင်းနေတာ။ လူထုထဲမှာ ကျုံးသွင်းခံရတဲ့လူ အတော်များများလည်း ရှိလာတယ်။ ဒါကို တကယ်ခံစားရတဲ့လူတွေ သိပါတယ်။ ဒါပေမယ့် သူတို့က လူအများရှေ့မှာ ထွက် မအော်ဘူး။ တိတ်တိတ်လေး ကြိတ်ခံနေကြရတယ်။ ဒီဘက်ခေတ်မှာ “လူထု” ဆိုတဲ့ အသုံး၊ “ပြည်သူ” ဆိုတဲ့ အသုံးဟာ အလွဲသုံးစား လုပ်ခံလိုက်ရပြီ။

လူထုဆိုတာကို နောက်ထပ် ဘယ်လို မြင်လို့ ရနိုင်သေးသလဲ။

ဒီနေ့ခေတ် အခြေအနေနဲ့ အပ်စပ်အောင် ပြောမယ်ဆိုရင်‌တော့ လူထုဟာ လှိုင်း။ လှိုင်းနဲ့ တူတယ်။ ရေမှာပဲ လှိုင်းရှိတာ မလား။ လူထုဟာ လှိုင်းနဲ့ တူတယ်။ လူထုဟာ ရေနဲ့ တူတယ်။ လှိုင်းဆိုတဲ့အတိုင်း မြင့်ပြီးရင် နိမ့်တာပဲ။ တက်လိုက်ကျလိုက်ပဲ။ အမြဲတမ်း မြင့်နေတယ်ဆိုတာ မရှိဘူး။ ဒီလှိုင်း အနိမ့်အမြင့် အတက်အကျကို ကြည့်ပြီး အမြော်အမြင်ရှိတဲ့ လူထုခေါင်းဆောင်တွေဟာ တိုင်းပြည်ကို ဆွဲတင်ဖို့ ကြိုးစားကြရတာ။ ရေမှာ ဂယက်ဆိုတာ ရှိတတ်တယ်။ ရေထဲမှာ ဂယက်ထအောင် လုပ်လို့ ရတာပဲ။ ဒါကို agenda set လုပ်တယ်လို့ ခေါ်တယ်။ လူထုမှာတော့ အာဂျင်ဒါ ရှိတယ်လို့ မရှိပါဘူး။ နိုင်ငံရေးသမားမှာတော့ အာဂျင်ဒါ ရှိတယ်။ လှိုင်းကို ကြည့်ပြီးတော့ နိုင်ငံရေးသမားဟာ လူထုထဲကို ကိုယ်လိုချင်တဲ့ အာဂျင်ဒါ ရောက်အောင် / ပေါက်အောင် ထည့်ရတာပဲ။ ဒီနည်းနဲ့ လူထုနိုင်ငံရေးကို လုပ်ကြတာပဲ။ တချို့ နိုင်ငံရေးသမားတွေက လူပိန်းကြိုက်လိုက်ပြီး လူထုကို ကျုံးသွင်းတယ်။ ဒီလိုနည်းနဲ့လည်း လူထုကို ဆွဲခေါ်လို့ရတာပဲ။ တချို့နိုင်ငံရေးသမားတွေကျတော့ ကြောင်းကျိုးပြ စည်းရုံးဆွဲခေါ်တာတွေ လုပ်တယ်။ ဒါကတော့ ဆူလွယ်နပ်လွယ် မဟုတ်ဘူး။ အချိန်ပေးရတယ်၊ အားစိုက်ရတယ်၊ ဒီတော့ နိုင်ငံရေးသမားအတော်များများက အလွယ်လမ်းပဲ လိုက်တယ်၊ ဖြတ်လမ်းပဲလိုက်တယ်။ လူထုကို ခွန်စိုက်အားစိုက်နဲ့ ကြောင်းကျိုးဆင်ခြင်ဉာဏ်ကို မြှင့်ပြီးမှ ဆွဲခေါ်တာကို မလုပ်ကြဘူး။ လူထုကလည်း သိပ်ကို ခံစားချက်ပြင်းထန်လွန်းနေရင်၊ ဒီလို နိုင်ငံရေးသမားမျိုးကို မကြိုက်ဘူး။ ပျော့တယ်လို့ ထင်တယ်။ မြန်မာ့ဓလေ့အရ ရဲရဲတောက်မှ ထောက်ခံချင်တယ်၊ ရဲရဲတောက်မှ သတ္တိရှိတယ်လို့ ထင်တယ်။ ကြောင်းကျိုးတွေ သိပ်ပြောရင် တွေဝေတယ်လို့ ထင်တယ်။ ဒါကလည်း လက်ဝဲဩဇာကြီးခဲ့တဲ့ လူ့အဖွဲ့အစည်းမှာ သိပ်တော့ မဆန်းပါဘူး။ လက်ဝဲဝါဒီတွေက “ပညာတတ်ရင် တွေဝေတယ်” လို့တောင် ပြောကြတယ် မဟုတ်လား။ လူထုက တွေဝေရင် တွေဝေကြပါစေ။ မတွေဝေအောင် လူထုကို ပညာမတတ်အောင် ထားလိုက်…ဆိုတဲ့မျိုးကတော့၊ လူထုကို စော်ကားရာကျတယ်။ ဒါကိုလည်း အမုန်းအားကြီးပြီး ခံစားချက်တွေ ပြင်းထန်လွန်းရင် လူထုက မမြင်တတ်ဘူး။ လူထုက ရေလိုပါပဲ။ လူထုကို ပုံသွင်းလို့ရတယ်။ လူထုကို ပုံဖော်လို့ ရတယ်။ လူထုကို အရောင်ဆိုးလို့ ရတယ်။ လူထုက ရေလိုပဲ၊ ရေကို အရောင်ထည့်ရင် ရပါတယ်။ ရေကိုပုံမသွင်းလည်း သူ့အတိုင်း သူ့ဘာသာ အဆင်ပြေသလို နေထိုင်နေတာပါပဲ ။

တော်လှန်ရေးဆိုတာကရော၊ ဘယ်လိုလဲ။

တော်လှန်ရေးကို သရုပ်ခွဲနိုင်တယ်။ တော်လှန်ရေးရှေ့မှာ ပုဒ်တွေကို ပြောင်းပြီး ထည့်လို့ ရတယ်။ လူထု၊ လူမှု၊ စက်မှု၊ လက်နက်ကိုင်။ ဒီစကားလုံးတွေ ထည့်ကြည့်မယ်။ လူထုထည့်လိုက်ရင် လူထုတော်လှန်ရေး။ လူမှုထည့်လိုက်ရင် လူမှုတော်လှန်ရေး။ စက်မှုထည့်လိုက်ရင် စက်မှုတော်လှန်ရေး။ လက်နက်ကိုင်ထည့်လိုက်ရင် လက်နက်ကိုင်တော်လှန်ရေး။ ထပ်ထည့်လိုက်အုံး….။ အလုပ်သမားတော်လှန်ရေး၊ လယ်သမားတော်လှန်ရေး၊ ကျောင်းသားတော်လှန်ရေး၊ ဒီမိုကရေစီတော်လှန်ရေး၊ ဆိုရှယ်လစ်တော်လှန်ရေး၊ ခေတ်ပြောင်းတော်လှန်ရေး၊ ပညာတော်လှန်ရေး။ စတာတွေ အများကြီး ထည့်လို့ရတယ်။ တော်လှန်ရေးဆိုတဲ့ရှေ့က ပုဒ်ကို ကြည့်ပြီးတော့ တော်လှန်ရေး အမျိုးအစားတွေနဲ့ တော်လှန်ရေးရဲ့ သရုပ်သကန်တွေ ကွဲထွက်သွားတာပဲ။ အဲသည့်လို ကွဲထွက်သွားတာနဲ့ သဘာဝလည်း မတူတော့ဘူး၊ အနက်အဓိပ္ပာယ်လည်း မတူတော့ဘူး၊ ရလဒ်လည်း မတူတော့ဘူး။

အဲသည့်တော့ တော်လှန်ရေးဆိုတာ ဘာလို ဖြစ်လာတာလဲ၊ ဘာအတွက်ဖြစ်လာတာလဲ။

အလွယ်နားလည်အောင် ပြောရင် တော်လှန်ရေးတိုင်းက အပြောင်းအလဲကို သယ်လာတာပဲ။ အပြောင်းအလဲ လုပ်ချင်လို့၊ အပြောင်းအလဲဖြစ်ချင်လို့ တော်လှန်ရေး ဖြစ်လာတယ်လို့ ပြောနိုင်တယ်။ ဒါ့ကြောင့် တော်လှန်ရေးမှန်ရင် အပြောင်းအလဲကိုတော့ ဦးတည်ရမယ်။ တော်လှန်ရေးတိုင်းကတော့ အပြောင်းအလဲကို ဦးတည်ကြတာမှန်ပေမယ့်၊ ကောင်းတဲ့ အပြောင်းအလဲ ဖြစ်တာတွေလည်း ရှိတယ်၊ မကောင်းတဲ့ အပြောင်းအလဲဖြစ်တာတွေလည်း ရှိတယ်။ တော်လှန်ရေးတွေဟာ အကောင်းနဲ့ အဆိုးဒွန်တွဲပြီး ဖြစ်ကြတာပဲ။ ဒါပေမယ့် ဒါကို ၇၀/၃၀ (အချိုး) နဲ့ပဲ အကဲဖြတ်ရမယ် ထင်တယ်။ ကောင်းတာက (၇၀) % လောက်ရှိတယ်ဆိုရင် အကောင်းကိုညွှန်းတဲ့တော်လှန်ရေးပေါ့။ ဆိုးတာတွေက (၇၀) လောက်ပါတယ်၊ ကောင်းတာက (၃၀) %လောက်ပဲ ရှိတယ်ဆိုရင်တော့ အနုတ်လက္ခဏာပြတဲ့တော်လှန်ရေးပဲ။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို အကျိုးယုတ်စေတယ်။ ဒီလိုပဲ အကဲဖြတ်ရမယ်။ တော်လှန်ရေးတိုင်းရဲ့ နောက်ကွယ်မှာ မဖြစ်မနေ ရှိတဲ့ တွန်းအား တစ်ခု ရှိတယ်။ အဲဒါကတော့ မကျေနပ်မှုပဲ။ ကျေနပ်နေရင် လူက အပြောင်းအလဲကို မလိုချင်ဘူး။ မကျေနပ်မှု ရှိမှ အပြောင်းအလဲကို လိုချင်တယ်။ ဒီတော့ အပြောင်းအလဲအတွက် မကျေနပ်မှုက အထူးလိုအပ်တယ်။ ဒါကို dissatisfaction လို့ ခေါ်တယ်။ မကျေနပ်မှုပေါ့။ ဒီတော့ တော်လှန်ရေးမဖြစ်ဖြစ်အောင် ၊ မကျေနပ်တာတွေ ခပ်များများပေါ်လာအောင် နှိုးပေး၊ ဆွပေး၊ ဖွပေးဆိုတာကလည်း နည်းတစ်ခုဗျ။ တော်လှန်ရေးရေချိန်ကို မြှင့်ဖို့ မကျေနပ်မှုကို မြှင့်မှ ရမယ် မဟုတ်လား။ ဒီတော့ လူတွေကို အဆင်မပြေစေချင်ဘူး၊ လူတွေ အဆင်ပြေနေရင် တော်လှန်ရေးရေချိန်ကျလို့၊ လူအများကို အဆင်မပြေအောင် ကဖျက်ယဖျက်လုပ်လေလေ၊ တော်လှန်ချင်စိတ်က ပြင်းလေလေပဲ။ ဒါပေမယ့် ဒီလို လူထုလူအများ အဆင်မပြေဖြစ်ရတာ ကိုယ့်ကြောင့်လို့တော့ လူမသိစေနဲ့။ ဒါဆိုရင် ကိုယ့်ကို လာတော်လှန်လိမ့်မယ်။ ကိုယ့်ရန်သူကို လူထုက မတော်လှန်တော့ဘူး။ ဒီတော့ လူတွေ မသိအောင်၊ မကျေနပ်မှုကို ဆွပေးနှိုးပေးဖို့ လိုတယ်။ ဒါကတော့ စကားမစပ်ဘဲ၊ ကလိမ်ကကျစ်နည်းကို ထည့်ပြောတာပါ။

၂ နှစ်ကျော် ၃ နှစ်ထဲကို ရောက်လာပြီ ဖြစ်တဲ့ နွေဦးစစ်တမ်း တစ်ခု ပြောဖို့ ရှိလား။

နွေဦးတော်လှန်ရေးဟာ မြန်မာစစ်တပ်ကို နိုင်ငံရေးအရ နိုင်တယ်၊ လူထုတိုက်ပွဲအရ နိုင်တယ်။ ဒါပေမယ့် စစ်ရေးအရ မနိုင်ဘူး။ ဒီနေရာမှာ စစ်ရေးအရ ရှုံးတယ်ဆိုတဲ့ စကားကို မသုံးချင်ဘူး။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်တော်လှန်ပုန်ကန်သူတွေဟာ အခုလည်း ရှိမယ်။ နောင်လည်း အနည်းနဲ့ အများရှိနေမယ့် အလားအလာရှိလို့ပဲဖြစ်တယ်။ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ သူတို့ကို လက်နက်ကိုင်တော်လှန်တဲ့ ဗမာသူပုန်ကို အမြစ်ပြတ် ချေမမှုန်းနိုင်ဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း လက်နက်ကိုင်ပုန်ကန်သူတွေဟာ မြန်မာစစ်တပ်ကို အမြစ်ပြတ် သုတ်သင်နိုင်မှာလည်း မဟုတ်ဘူး။ မြန်မာစစ်တပ်ဟာ ဗမာပြည်မထဲက မြို့ကြီးနဲ့ ဧရိယာအတော်များများကို သူ့ထိန်းချုပ်မှုအောက်ထဲ ထည့်ထားနိုင်လိမ့်မယ်။ ဗမာသူပုန်တွေကလည်း ရတဲ့နည်းနဲ့ လက်နက်ကိုင်တွန်းလှန်ပြောက်ကျားစစ်ကို လုပ်နေမှာပဲ။ ဒီတော့ ရလဒ်က တိုင်းပြည်က လွယ်လွယ်နဲ့ မတည်ငြိမ်ဘူး။ ဒီနေရာမှာ မငြိမ်းချမ်းဘူးဆိုတဲ့ စကားကို မပြောပါဘူး။ ငြိမ်းချမ်းရေးကို အသာထား၊ တစ်ခွင်တစ်ပြင်လုံး တည်ငြိမ်ရေးကိုတော့ မမျှော်လင့်နိုင်ပါဘူး။ ကွက်ကြားမိုးကဲ့သို့၊ ကွက်ကြားတည်ငြိမ်မှုဧရိယာတွေတော့ ရှိနိုင်လိမ့်မယ်။ ဒါပေမယ့် ကွက်ကြားတည်ငြိမ်မှုလို့ပဲ ပြောတာ၊ အာမခံချက်ရှိတဲ့ စိတ်လုံခြုံမှုကိုတော့ ပေးမှာ မဟုတ်ဘူး။ အခု မြို့ကြီးတွေပေါ်မှာ နေတဲ့လူတွေက ဒီသဘောပဲလေ။ ဒါပေမယ့် မြန်မာတွေဟာ ပဋိပက္ခနဲ့ အသားကျနေတာ ကြာပါပြီ။ အခုလည်း တဖြည်းဖြည်းနဲ့ စစ်နဲ့ အသားကျစ ပြုနေပြီ။ တိုင်းရင်းသားနယ်တွေကတော့ စစ်နဲ့ အသားကျပြီးသားမို့၊ ထူးထွေပြီး ပြောဖို့ မလိုပါဘူး။ ဒါပေမယ့် ဒီနွေဦးတော်လှန်ရေးမှာ ဗမာပြည်မ အနေနဲ့ နိုင်ငံရေးအရ နိုင်၊ စစ်ရေးအရ မနိုင်ဆိုတဲ့ ရလဒ် ထွက်ပေမယ့်၊ တိုင်းရင်းသားဧရိယာတွေအတွက်တော့ စစ်ရေးအရ အမြတ်ထွက်တာတွေ အများကြီးပဲ။ ဒီလိုဖြစ်တာကို ဗမာတွေ မုဒိတာ ပွားတတ်ဖို့ပဲ လိုပါတယ်။

မင်းသေ့

၂ ၊ စက်တင်ဘာ၊ ၂၀၂၃

Previous post *** [Comparative Politics]
Next post *** [Public intellectual]