နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ၊ မဖြစ်မနေ သင်ရတဲ့ ဘာသာရပ် တစ်ခုရှိတယ်။ အဲဒါကို [Comparative Politics] လို့ ခေါ်တယ်။ မြန်မာလို အနက်ပြန်ရရင်တော့ “နှိုင်းယှဉ်နိုင်ငံရေး” လို့ ခေါ်ပါတယ်။ နှိုင်းယှဉ်နိုင်ငံရေး [Comparative Politics] ဟာ နိုင်ငံရေးသိပ္ပံရဲ့ ထီးရိပ်အောက်က ဘာသာရပ်ခွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးအပြုအမူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံအလိုက် နှိုင်းယှဉ်လေ့လာသုံးသပ်တာမျိုးတွေကို လုပ်လေ့ရှိပါတယ်။ နိုင်ငံတွေ နဲ့ လူမျိုးတွေ မတူညီကြပေမယ့် ဘယ်လိုကိစ္စရပ်မျိုးတွေမှာ ဘယ်လောက် နီးနီးစပ်စပ် ရှိသလဲ၊ ဘယ်လိုဖြစ်စဉ်တွေကတော့ မတူကွဲပြားသလဲ ဆိုတာကို နှိုင်းယှဉ်လေ့လာတာဖြစ်ပါတယ်။ “တုတ်တစ်ချောင်း ကောက်သလား၊ ဖြောင့်သလားဆိုတာကို သိချင်ရင် သူ့ထက် ဖြောင့်တဲ့ တုတ်တစ်ချောင်းနဲ့ ယှဉ်ကြည့်လိုက်ရင် ပိုပြီး ထင်ရှားသိသာ သကဲ့သို့” ဖြစ်ပါလိမ့်မယ်။ တချို့အရာတွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်လူ့အဖွဲ့အစည်းတစ်ခုတည်းမှာ ကျောက်ချကြည့်နေလို့ မရဘူး။ မြင်သာ ထင်သာရှိဖို့၊ သိသာထင်ရှားအောင် မြင်နိုင်ဖို့ နှိုင်းယှဉ်ကြည့်ရတာတွေ ရှိတယ်။ ဒီတော့ နှိုင်းယှဉ်သုံးသပ်ချက်မျိုးတွေကို လုပ်ကြရတာဖြစ်ပါတယ်။

[Comparative Politics] လို့ခေါ်တဲ့ “နှိုင်းယှဉ်နိုင်ငံရေး” မှာ အဓိက ဝိသေသ တချို့ ရှိပါတယ်။ ဘယ်လို ဧရိယာတွေကို နှိုင်းယှဉ်လေ့လာကြသလဲဆိုတာလည်း မေးရပါလိမ့်မယ်။ ဒါကို ဒီမှာ နည်းနည်း ဖြေပါ့မယ်။

[Political System]

နိုင်ငံရေးစနစ်တွေကို နှိုင်းယှဉ်လေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေက မတူညီကြပါဘူး။ ဒီမိုကရေစီနိုင်ငံအချင်းချင်းတောင် မိုဒယ် [model] တွေ ကွဲပြားပါသေးတယ်။ အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း အသွင်အပြင် ဒီဇိုင်းတွေ ကွဲပြားတတ်ပါသေးတယ်။ ဒီလိုမျိုး ဆင်တူကြောင်းကွဲတွေ၊ ဆင်ကွဲကြောင်းတူတွေကို ကွဲကွဲပြားပြား သိအောင် / ဂဃနဏ သိအောင် / ရှင်းရှင်းလင်းလင်း သိအောင် [Comparative Politics] က လုပ်ပေးနိုင်ပါတယ်။ နိုင်ငံရေးစနစ်တွေမှာ မတူညီတဲ့ အမျိုးအစားတွေကိုလည်း နိုင်ငံတွေအလိုက် နှိုင်းယှဉ်လေ့လာနိုင်ပါသေးတယ်။ ဥပမာ – ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေအကြား ကွာခြားချက်ကို နှိုင်းယှဉ်လေ့လာလို့ ရတယ်။ ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေနဲ့ တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေအကြား နှိုင်းယှဉ်လေ့လာလို့ ရပါသေးတယ်။ ဒီလိုမျိုး နှိုင်းယှဉ် လေ့လာခြင်းအားဖြင့် နိုင်ငံရေးဒိုင်းနမစ်တွေကို ပိုမြင်လာမယ်၊ သဘော သဘာဝနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို ရှင်းရှင်းလင်းလင်း သိလာမယ်၊ ဘယ်လို လုပ်ဆောင်ချက်မျိုးတွေရှိတယ်ဆိုတာကို ပြတ်ပြတ်သားသား နားလည်လာမယ်။ ဒါဟာ [Comparative Politics] လို့ ခေါ်တဲ့ နှိုင်းယှဉ်နိုင်ငံရေး ဘာသာရပ်ကနေ ရတဲ့ အကျိုးကျေးဇူးပါပဲ။

[Government institutions]

[Comparative Politics] ကို လေ့လာတဲ့အခါ၊ အစိုးရ အင်စတီကျူးရှင်းတွေကို ခွဲခြမ်းစိတ်ဖြာကြည့်မြင်နိုင်စွမ်း မြင့်လာပါတယ်။ မတူတဲ့ နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွင်းမှာ အစိုးရအဖွဲ့အစည်းတွေက ဘယ်လို အလုပ်လုပ်ကြသလဲဆိုတာတွေ နားလည်လာမယ်။ အထူးသဖြင့် ဥပဒေပြုရေးကို ဘယ်နိုင်ငံက ဘယ်လို လုပ်သလဲ။ အုပ်ချုပ်ရေးကို ဘယ်နိုင်ငံက ဘယ်လို ဒီဇိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။ တရားစီရင်ရေးကို ဘယ်လို တည်ဆောက်ထားသလဲ။ ဗျူရိုကရေစီယန္တရားကို ဘယ်လို မိုဒယ် ဒီဇိုင်းမျိုးနဲ့ အထိုင်ချတည်ဆောက်ထားသလဲ ဆိုတာကို မတူတဲ့ နိုင်ငံအမျိုးမျိုးအကြား နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။ နိုင်ငံရေးစနစ်ချင်း တူစေအုံးတော့၊ အတွင်းပိုင်း ဖွဲ့စည်းပုံတွေ မတူနိုင်လို့ [Comparative Politics] လို့ ခေါ်တဲ့ နှိုင်းယှဉ်နိုင်ငံရေးဟာ အင်မတန် ကျယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုဖြစ်လာပါတယ်။

[Political Behavior]

[Comparative Politics] က နိုင်ငံရေးအပြုအမူတွေကိုလည်း နှိုင်းယှဉ်လေ့လာလို့ ရပါသေးတယ်။ နိုင်ငံရေး အပြုအမူ [political behavior] ဆိုတာ ခေါင်းဆောင်အလွှာမှာလည်း ကြည့်လို့ရသလို၊ ပြည်သူလူထုထဲမှာလည်း ရှိပါတယ်။ ဥပမာ – မဲပေးတဲ့ဓလေ့ကို ကြည့်နိုင်တယ်၊ နိုင်ငံရေးကို ဘယ်လို နည်းတွေနဲ့ ပါဝင်ဆင်နွှဲလေ့ရှိသလဲ ဆိုတာ လေ့လာလို့ ရတယ်၊ လူထုရဲ့ သဘောထား ထင်မြင်ချက် တိမ်းညွှတ်မှုတွေကို လေ့လာနိုင်တယ်။ နိုင်ငံရေး ပါတီတွေ ဘယ်လိုစုဖွဲ့လှုပ်ရှားသလဲ၊ သူတို့ရဲ့ အခန်းကဏ္ဍက နိုင်ငံအတွင်းမှာ ဘယ်လိုအနေအထားရှိသလဲဆိုတာ တွေကို နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။ လူထုရဲ့ နိုင်ငံရေးဓလေ့နဲ့ လူထုရဲ့ လူမှုဓလေ့တွေဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ လူမှုနိုင်ငံရေးအပြုအမူတွေကို ပုံဖော်နေတာ ရှိပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အမူအကျင့်တွေနဲ့ ခေါင်းဆောင်နဲ့ လူထုအကြား ဆက်ဆံရေးပုံစံတွေကိုလည်း နှိုင်းယှဉ်လေ့လာနိုင်ပါသေးတယ်။

[Policy Analysis]

နယ်ပယ် ကဏ္ဍအလိုက် သဘော သဘာဝတွေက မတူပါဘူး။ ပေါ်လစီလို့ ပြောရင်၊ မူဝါဒလို့ ပြောရင် နယ်ပယ် မတူလို့၊ ကဏ္ဍ မတူလို့ မူဝါဒတွေကို ဆုံးဖြတ်တာ / စဉ်းစားတာတွေလည်း မတူပါဘူး။ ဒီလို မတူတဲ့ နယ်ပယ် ကဏ္ဍတွေအကြားမှာ မူဝါဒတွေကို ဘယ်လို စဉ်းစားသလဲ၊ မူဝါဒတွေကို ဘယ်လို စဉ်းစားတွက်ထုတ်သလဲဆိုတာတွေကို နှိုင်းယှဉ်လေ့လာပြီး၊ မူဝါဒတွေရဲ့ သက်ရောက်မှု အကျိုးအပြစ်ကို နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။ မူဝါဒချပုံတွေ မတူကြဘူး၊ မူဝါဒတွေ ထွက်ပေါ်လာပုံ မတူကြပါဘူး။ ဒါ့ကြောင့် အစိုးရပေါ်လစီတွေဟာ လူ့အဖွဲ့အစည်းနဲ့ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို သက်ရောက်ပုံ ကွဲပြားပါတယ်။ ဒါတွေက ဘယ်လို ဘယ်ကဲ့သို့ ဖြစ်နေတယ်ဆိုတာကို [Comparative Politics] က ကောင်းစွာ ရှင်းလင်း တွက်ထုတ်ပေးနိုင်ပါတယ်။

[Political Culture and Ideology]

ဓလေ့၊ တန်ဖိုးနဲ့ အယူဝါဒတွေရဲ့ အခန်းကဏ္ဍက ဘယ်လို ဘယ်ကဲ့သို့ ရှိနေသလဲဆိုတာကို [Comparative Politics] က ရှင်းလင်းပြနိုင်ပါတယ်။ ဓလေ့၊ တန်ဖိုးနဲ့ အိုင်ဒီယော်လိုဂျီတွေဟာ နိုင်ငံရေးယုံကြည်မှုတွေကို ပုံဖော်နေသလို၊ နိုင်ငံရေးအပြုအမူတွေအပေါ်မှာလည်း လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးအမူအကျင့်တွေကို လူ့အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့ ဓလေ့တွေ၊ စံတန်ဖိုးတွေက ဘယ်လို လွှမ်းမိုးပြုပြင်နေသလဲဆိုတာကို နှိုင်းယှဉ်လေ့လာရင် ပိုမို ပေါ်လွင်တာတွေ့ရပါတယ်။

[Conflict and Cooperation]

[Comparative Politics] ဟာ ပြည်တွင်းရေးနဲ့ နိုင်ငံတကာရေးကို ချိတ်ဆက်စဉ်းစားပြီး နှိုင်းယှဉ်လေ့လာတာမျိုး တွေ လုပ်လေ့ရှိပါတယ်။ နိုင်ငံတွေနဲ့ နိုင်ငံမဟုတ်တဲ့ဇာတ်ကောင်တွေအကြားမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်တာမျိုးတွေ လုပ်ကြသလဲဆိုတာကို လေ့လာတယ်။ ဒါ့အပြင် ပြည်တွင်းရေးနဲ့ နိုင်ငံတကာရေး အကြား အစေးကပ်ကပ် ပူးနေကြသလား၊ ခပ်ခွာခွာ ခပ်တန်းတန်းဖြစ်နေကြသလားဆိုတာကို လေ့လာဆန်းစစ်ပါတယ်။ ဒီလို နှိုင်းယှဉ်လေ့လာပြီး ဘယ်လို ဘာ့ကြောင့်ဆိုတဲ့ အဖြေကို ထုတ်နိုင်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။

[Regime Change]

[Comparative Politics] ဟာ တိုင်းပြည်ရဲ့ အပြောင်းအလဲ ဖြစ်ပုံတွေကို နှိုင်းယှဉ်လေ့လာပါသေးတယ်။ နိုင်ငံတွေဟာ ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ဘယ်လို ကူးပြောင်းလာကြသလဲ။ ဒါမှမဟုတ် အာဏာရှင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ကို ဘယ်လို ကူးပြောင်းလာကြသလဲ။ အာဏာရှင်နိုင်ငံတွေက ဒီမိုကရေစီအပြောင်းအလဲကို ဘယ်လို လုပ်ကြသလဲ။ ဒါတွေကို နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။ အစိုးရ အပြောင်းအလဲ ဖြစ်ပုံတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်‌တွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။ အစိုးရ အပြောင်းအလဲကို ဘယ်လိုအရာတွေက တွန်းအားပေးနေသလဲဆိုတာကို [Comparative Politics] က ပိုပြီး နားလည်အောင် လုပ်ပေးပါတယ်။

[Regional Studies]

[Comparative Politics] က မတူညီတဲ့ ဒေသတွင်းနိုင်ငံတွေကိုလည်း နှိုင်းယှဉ်လေ့လာနိုင်ပါသေးတယ်။ အာရှနဲ့ အာဖရိကကို နှိုင်းယှဉ်လေ့လာနိုင်တယ်။ လက်တင်အမေရိကနဲ့ ဥရောပကို နှိုင်းယှဉ်လေ့လာနိုင်တယ်။ သက်ဆိုင်ရာ အထူးပြု ဧရိယာအလိုက် နှိုင်းယှဉ်တာတွေ လုပ်လို့ ရတာပဲ။ အရှေ့အာရှနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာပုံနဲ့၊ တောင်အာရှနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မတူပါဘူး။ ဒါတွေကို နှိုင်းယှဉ်လေ့လာလို့ ရပါတယ်။ ဥရောပနိုင်ငံတွေမှာ ရှိတဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနဲ့ အာရှနိုင်ငံတွေမှာ ရှိတဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ပုံစံတွေလည်း မတူပါဘူး။ နှိုင်းယှဉ်လေ့လာပြီး ဘယ်လို ဘယ်ကဲ့သို့ဆိုတာကို ပိုပြီး ထင်ထင်ရှားရှားသိအောင် လုပ်လို့ ရပါတယ်။ [Comparative Politics] ရဲ့ ကျေးဇူးပြုမှုကတော့ နိုင်ငံရေးကို ပိုပြီး တိကျ ရှင်းလင်း ပြတ်သားအောင် ခွဲခြမ်းစိတ်ဖြာကြည့်နိုင်ဖို့ ဖြစ်ပါတယ်။

ပညာရှင်တွေ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မူဝါဒချမှတ်သူတွေဟာ ပိုပြီး အမြင်ကျယ်လာမယ်။ သူတို့ရဲ့ ပေါ်လစီ မြင်ကွင်းကို ပိုပြီး ကျယ်အောင် ချဲ့နိုင်လာမယ်။ ဒါ့အပြင် နိုင်ငံရေးစနစ်တွေရဲ့ မတူကွဲပြားမှုတွေကို ပိုင်းပိုင်းခြားခြား သိနားလည်ပြီးတော့၊ နိုင်ငံရေးဖြစ်စဉ်တွေရဲ့ အရှိပကတိကို အနီးကပ်ဆုံး ချည်းကပ်လာနိုင်မယ်။ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်စွမ်း မြင့်လာမယ်။ မူဝါဒတွေကို စဉ်းစားတွက်ထုတ်တဲ့အခါမှာ၊ ပြဿနာနဲ့ အံဝင်ခွင်ကျအဖြစ်ဆုံး အဖြေတွေကို ထုတ်နိုင်လာမယ်။ နောက်ခံအခင်းအကျင်းတွေ မတူဘူး / နိုင်ငံရေးအမူအကျင့်တွေလည်း မတူဘူး၊ ဒါပေမယ့် [Comparative Politics] ကနေ သဘောတရားသစ်တွေ ၊ မူဘောင်သစ်တွေ၊ မှန်ပြောင်းသစ်တွေနဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို ရှင်းလင်းပြနိုင်မှာပါ။

မင်းသေ့

၇ ၊ စက်တင်ဘာ ၂၀၂၃

Previous post *** [Ignorance is a Crime]
Next post စာပေ – နိုင်ငံရေး – တော်လှန်ရေး