[Ignorance is a Crime] တဲ့…။ ဒီစာကို ဖတ်ဖူးတာ ကြာပါပြီ။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကတည်းက၊ ဒီစာကို စိတ်ထဲမှာ စွဲနေတာ။ [Ignorance is a Crime] [Ignorance is a Crime]

အစက ဒါကို သိပ်နားမလည်ပါဘူး။ နောက်တော့ တဖြည်းဖြည်းနားလည်လာသလို ရှိတယ်။ ဒါပေမယ့် အခုတော့ ပိုပြီး လက်တွေ့ကျကျ နားလည်လာတယ်လို့ ပြောရပါလိမ့်မယ်။ လူတွေက မင်းကို အမြဲတမ်းလိုလို တစ်ခုခု သင်ပြနေပါတယ်။ ကောင်းတဲ့လူတွေက မင်းကို ပိုကောင်းအောင် သင်ပေးပြီးတော့၊ မကောင်းတဲ့လူတွေကတော့ မင်းကို သင်ခန်းစာယူနိုင်အောင် သင်ပေးနိုင်ပါတယ်။ [Ignorance is a Crime] ဆိုတဲ့ အနက်အဓိပ္ပာယ်ကို ပိုပြီး နားလည်လာတာ လူတွေကြောင့်လို့ ပြောနိုင်ပါတယ်။

[Ignorance is a Crime] [မသိတာဟာ ရာဇဝတ်မှု ကျူးလွန်တာပဲ] တဲ့…။

  • အမှန်ကို သိရမှာ တာဝန်တစ်ခုလို့ ဆိုရင် မသိတာဟာ တာဝန်မကျေလို့ ပြစ်မှုတစ်ခုကို လွန်ကြူးတာပဲ။ [Where knowledge is a duty, ignorance is a crime.] (လွတ်လပ်သောစိတ်၊ ဦးဇောတိက၊ ၂၀၀၆ ၊ စာ ၂၁၂)

မသိတာကို ရာဇဝတ်မှုလို့ ပြောရလောက်အောင်၊ ဘာလို့ ပြင်းပြင်းထန်ထန် ပြောရတာလဲ။ မတန်လိုက်တာ။ မသိလည်း ဘာဖြစ်လဲပေါ့….။ ကျနော့်စိတ်မှာ အဲသည့်လို အငေါ်တူးခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ကိုယ့်ကိုယ်ကို ဝန်ခံရပြီ။ မသိခြင်း (အဝိဇ္ဇာ) အမှောင်ဟာ ရာဇဝတ်မှုအားလုံးရဲ့ ရေခံမြေခံကြီးတစ်ခုပါပဲလား။

ငါတို့ နိုင်ငံကို ကြည့်ပေါ့။

ဒါ့ကြောင့် ဆရာကြီး ဦးအောင်သင်း တနုံ့နုံ့ ပြောခဲ့တဲ့ “ပညာ” “ပညာ” “ပညာ” ဆိုတာကို အခုတော့ ပိုလက်ခံသွားပါပြီ။ အရင်တုန်းကတော့ စာရေးဆရာတွေဟာ ဒီလိုပဲ ယေဘုယျတွေ ပြောတတ်တာပဲလားလို့ စိတ်မှာ ပြောမိသေးတယ်။ ဒါက ဘာဆန်းလို့လဲလို့ မေးခွန်းထုတ်မိပါတယ်။ အခုတော့ ဖြစ်ပျက်နေတာတွေ အားလုံးက “ပညာ” ဆိုတဲ့ အပေါ်မှာ၊ အဓိက ကျပါတယ်။

မသိခြင်းကြောင့်ပဲ၊ ငါတို့ဟာ အမှားတွေကို ထပ်ခါ ထပ်ခါ လုပ်မိကြကုန်ပြီ။ “သမိုင်းဆိုတာ လူသစ်တွေက အမှားဟောင်းတွေကို ပြန်လုပ်တာ” လို့ ဆစ်ဂမန်ဖရွှိုက်က ပြောခဲ့ဖူးတာပဲ။ တကယ်တော့ သမိုင်းကို ပြောင်းတယ်ဆိုတာ ပညာက ပြောင်းတာပါ။ သမိုင်းကို ပြောင်းနိုင်တာက ပညာကပဲ ပြောင်းနိုင်တာပါ။ မသိခြင်းတွေ၊ မသိနားမလည်မှုတွေက သမိုင်းဟောင်းထဲမှာပဲ တစ်ပတ်လည်စေခဲ့ပြီ။ ငါတို့ဟာ ပညာမရှိလို့၊ အမှားဟောင်းတွေကိုပဲ ပြန်လုပ်နေတဲ့ လူမိုက်တွေဖြစ်နေကြပါပြီ။

ဒါဟာ ကျနော်တို့ အားလုံးရဲ့ အဖြစ်ပါ။

ကျနော်တို့ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ဒါကို ကြုံနေကြရတာပါ။ မသိလို့ ဘာမှ မဖြစ်ဘူးလို့၊ ထင်ခဲ့မိတာ။ တကယ်တော့ မသိမှုကပဲ ရာဇဝတ်ဖြစ်လာတယ်ဆိုတာ တဖြည်းဖြည်း ထင်ရှားလာပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ ယှဉ်ပြီး၊ ကျနော်တို့ဟာ သင်ခန်းစာတွေ ရနေကြပါတယ်။

မသိခြင်းကပဲ ရာဇဝတ်မှုတွေကို ထပ်ဖန်တလဲလဲ ဖြစ်အောင် မောင်းနေကြပါ့လား။

ကြောက်စရာကောင်းလိုက်တာနော်။

မင်းသေ့

၇ ၊ စက်တင်ဘာ ၂၀၂၃။

Previous post ရယ်ဒီကယ် [radical]
Next post *** [Comparative Politics]