နိုင်ငံရေးမှာ၊ ရယ်ဒီကယ် [radical] ဆိုတဲ့ စကားလုံးကို ခဏ ခဏ တွေ့ဖူး ကြားဖူးမှာပါ။ ဘာကို ဆိုလိုတာလဲ။ ဒီစကားလုံးက အင်္ဂလိပ်ဝေါဟာရကို တိုက်ရိုက် မြန်မာအသံ ဖလှယ်ထားတာဖြစ်ပါတယ်။ မြန်မာလို အနက်ပြန်ရရင် [အလွန်အကျူး] [အလွန်အကျွံ] လို့ အနက်ထွက်တယ်။ ဒါကိုပဲ [အစွန်းရောက်] လို့ အနက်ပြန် ကြတာ ရှိတယ်။ တစ်ခုခုကို အလွန်အကျွံ လုပ်တယ်၊ အလွန်အကျူး စဉ်းစားတယ်၊ သင့်၏ မသင့်၏ ရယ်လို့ စည်းမထားဘူး၊ အစွန်းရောက်တယ်…ဆိုတဲ့ သဘော။ အကန့်အသတ်ကို မသိတဲ့သဘော၊ အကန့်အသတ်ကို နားမလည်တဲ့သဘော၊ အကန့်အသတ်ကို ချိုးဖောက်တဲ့သဘော။ ဒီတော့ တစ်ဖက်မှာလည်း [radical] လို့ ပြောလိုက်ရင်၊ [တော်လှန်ရေး] သဘောဆန်နေပါတယ်။ ဒါပေမယ့် ရယ်ဒီကယ် (အစွန်းရောက်မှ) တော်လှန်တယ်လို့တော့ တရားသေ မှတ်လို့ မရဘူး၊ မြန်မာတွေကတော့ တော်လှန်တယ်ဆိုရင် ပြင်းထန်ရမယ်၊ အစွန်းရောက်ရမယ်၊ အကန့်အသတ်မထားဘဲ အဆုံးထိ လို့ စွဲမှတ်ယူလိုက်ဟန်တူတယ်။ တကယ်တော့ အဲသည်လိုတော့ မဟုတ်ဘူး။ တချိန်က [radical] ဆိုတဲ့ စကားလုံးကို ပြုပြင်ပြောင်းလဲရေးသမားတွေကို နာမည်တပ်လေ့ရှိတယ်။ တကယ်တော့ ဒီဘက်ခေတ်မှာ အနက်သဘော ပြောင်းသွားပြီ။ တကယ်တော့ ရယ်ဒီကယ်ဆိုတာ အစွန်းရောက်တော်လှန်လိုသူကို ခေါ်ပြီး၊ ပြုပြင်ပြောင်းရေးသမားကိုတော့ [reformist] ဆိုတဲ့ စကားလုံးသာ သုံးတော့တယ်။ ရယ်ဒီကယ်သမားတွေက ပြုပြင်ပြောင်းလဲရေးကို လုပ်တယ်၊ လိုလားတယ်ဆိုပေမယ့် အကန့်အသတ်ကို ချိုးဖောက်ပြီး အလွန်အကျွံ လုပ်ကြလို့ သူတို့ကို [အစွန်းရောက်] လို့ အနက်ဖွင့်တာ ဖြစ်ပါတယ်။

နိုင်ငံရေးနယ်မှာ၊ [radical] ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး တွဲဖက်ထားတဲ့ အနက်တူတွေ ရှိတယ်။ သူတို့ကတော့ [extreme] [revolutionary change] [uncompromised] စတဲ့ စကားလုံးတွေ ဖြစ်တယ်။ [အစွန်းရောက်] [တော်လှန်သော အပြောင်းအလဲ] [စေ့စပ်ရေးအလိုမရှိ] စတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒါတွေနဲ့ ထပ်တူ [radicalization] ဆိုတဲ့စကားလုံးကိုလည်း ထည့်လို့ ရပါသေးတယ်။ တကယ်တော့ [radicalization] ဆိုတာဟာ တစ်ဦးတစ်ယောက် (သို့မဟုတ်) တစ်စုတစ်ဖွဲ့ ၊ အုပ်စုတစ်ခုခုက တည်ဆဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို တော်လှန်သောအပြောင်းအလဲနဲ့ ချက်ချင်းလက်ငင်း ချိုးကွေ့ ပြောင်းလဲပစ်ချင်ဇောအားကြီပြီး၊ ဘယ်နိုင်ငံရေး အယူအဆ၊ ဘယ်နိုင်ငံရေးယုံကြည်ချက်နဲ့မှ စေ့စပ်ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်ဘဲနဲ့ အလွန်အကျွံ [တဇွတ်ထိုး] [တဇောက်ကန်း] ဇာတ်သွင်းတဲ့ ဖြစ်စဉ်ကို ညွှန်းတာဖြစ်ပါတယ်။ ဒါကို ရယ်ဒီကယ်လိုက်ဇေးရှင်း [radicalization] လို့ ခေါ်တာပေါ့။ အဲဒါကို အတိုကောက် မှတ်ရလွယ်အောင် [တဇောက်ကန်းဇာတ်သွင်းတယ်] လို့ ပြောရင် ၊ ရိုင်းမလား။ ဒါကတော့ အနုတ်သဘောဆောင်တဲ့ အနက်ဖြစ်နိုင်ပါတယ်။ အပြုသဘောဆောင်ချင်ရင်တော့ [တော်လှန်လိုဇော အားကြီးတယ်] လို့ ပြောရင် နားခံသာမယ် ထင်တယ်။

[ ရရင်ရ ၊ မရရင် ချ ] ဆိုတဲ့ သဘော။ [အကုန်လုံးမှ မရရင် ၊ တစ်ခုမှ မယူဘူး] ဆိုတဲ့ “Non or All” အယူအဆ။ [လှေနံ ဓားထစ်] တရားသေယူဆတဲ့ [ဧကဝါဒ]။ ဒါတွေဟာ အစွန်းရောက်အယူအဆ၊ အစွန်းရောက် အတွေးအခေါ်တွေကို ဖော်ညွှန်းတဲ့ အနက်သဘောတွေပဲ ဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံမှာလည်း [political radicalization] ဆိုတဲ့ စကားရှိပါတယ်။ အဲဒါကတော့ အစွန်းမရောက် / အလယ်အလတ်သဘော ဘက်မျှမျှ စဉ်းစားတဲ့ နိုင်ငံရေးအထိုင်ကို၊ ရယ်ဒီကယ်အယူအဆနဲ့ အလွန်အကျွံ ချိုးကွေ့လှည့်ပြောင်းဖို့ ကြိုးစားတာကို [political radicalization] လို့ ခေါ်ပါတယ်။ ဒီလို နိုင်ငံရေးအမူအကျင့်မျိုးက အမုန်းတွေ၊ အငြိုးတွေ၊ အနာတွေ၊ ဒဏ်ရာတွေနဲ့ ထရော်မာတွေ သိပ်များတဲ့ လူ့အဖွဲ့အစည်းနဲ့တော့ သိပ်ကိုက်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းမျိုးမှာ၊ အစွန်းရောက်အမြင်တွေနဲ့ အစွန်းရောက်သဘောထားတွေက အလွယ်တကူ ကြီးစိုး မင်းမူတတ်ပါတယ်။ ဒီလိုလူ့အဖွဲ့အစည်းမျိုးမှာ၊ အဲသည့်လို ရယ်ဒီကယ် (အစွန်းရောက်) စရိုက်ရှိသူတွေ ခေါင်းဆောင်နေရာ ရလာတတ်ကြပါတယ်။ လူ့အဖွဲ့အစည်းကလည်း ဒီလို ပြင်းထန်မှ အထင်ကြီးတယ်၊ ဒီလို အစွန်းရောက်မှ လေးစားတတ်သလို ဖြစ်လာပါတယ်။ ထရော်မာတွေ များတဲ့ လူ့အဖွဲ့အစည်းထဲမှာ၊ အစွန်းရောက် / လွန်ကဲ / ပြင်းထန်ခြင်းဟာ တန်ဖိုးထားစရာ စံတစ်ခု ဖြစ်လာပါတယ်။

အဲသည့်လို လူ့အဖွဲ့အစည်းမျိုးဟာ အမှားပေါ်ကို အမှားဆင့်ပြီး အဆိုးကျော့သံသရာထဲ လည်နေတာမျိုး ကြုံရတတ်ပါတယ်။

  • အမုန်းတွေ၊ အငြိုးတွေ၊ ဒဏ်ရာတွေ၊ ထရော်မာတွေ ရှိလို့ အစွန်းရောက်အယူအဆကို လက်ခံကြိုဆို ပွေ့ဖက်ကြ။
  • ဒီလို အစွန်းရောက်သမားတွေကပဲ ခေါင်းထောင်ထပြီး ခေါင်းဆောင်တွေဖြစ်လာကြ။
  • အဲသည့် အစွန်းရောက်ခေါင်းဆောင်တွေကပဲ လူ့အဖွဲ့အစည်းကို အစွန်းရောက်အောက် ဆွဲခေါ်ကြ။
  • ဒီလိုနဲ့ အထိန်းအကွပ်မဲ့ပြီး မှားရင်လည်း အကြီးကြီး မှားကြ။
  • လွဲရင်လည်း အကြီးကြီး လွဲကြ။

ဒီလို လူ့အဖွဲ့အစည်းမျိုးဟာ လူပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ နစ်မြုပ်စတေးမခံရဘဲနဲ့ အဲသည့်အမှားကို မမြင်တတ်ဘူး။ အစွန်းရောက်ခေါင်းဆောင်တွေကြောင့် သန်းတဲ့ချီတဲ့ လူပေါင်းများစွာ သေကြေတဲ့ လူသတ်ပွဲတွေ၊ လူသေကြေမှုတွေ သမိုင်းမှာ ဒုနဲ့ ဒေးပဲ။ ခေတ်သစ် စစ်အေးသမိုင်းမှာကိုက ဒီလို လူတွေ သန်းနဲ့ချီသေတဲ့ ဖြစ်ရပ်က အာရှနိုင်ငံထဲမှာ အထင်အရှားပဲ။ တရုတ်က မော်စီတုန်း လုပ်ရပ်နဲ့ ကမ္ဘောဒီးယားက ပိုပေါ့တို့ရဲ့ လုပ်ရပ်ကို ကြည့်။

နိုင်ငံရေးမှာ တဇောက်ကန်း ဇာတ်သွင်းတာ ရှိပါတယ်။ [political radicalization] ရဲ့ သွင်ပြင် လက္ခဏာတချို့ကို လေ့လာနိုင်ပါတယ်။ အဲဒါတွေကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖတ်ပါ။

[Extreme ideology]

နိုင်ငံရေးမှာ အလယ်အလတ်သမားတွေ ရှိတယ်။ သူတို့ကို [moderate] တွေလို့ ခေါ်လေ့ရှိတယ်။ ဒီလိုလူတွေကို ရယ်ဒီကယ်သမားတွေက မကြိုက်ပါဘူး။ ကြားနေရေးသမားတွေဆိုပြီး အခွင့်အရေးသမားတွေလို့ စွပ်စွဲတတ်တယ်။ နိုင်ငံရေးအယူဝါဒတွေကို ဘက်မျှမျှ ချည်းကပ်တဲ့သူတွေကိုလည်း ရယ်ဒီကယ်သမားတွေက အလိုမရှိပါဘူး။ သူတို့ အမြင်မှာ၊ ဘက်မျှမျှတွေးတယ်လို့ မမြင်ဘူး။ ဒါဟာ အချောင်သမားဝါဒပဲလို့ သမုတ်ကြတယ်။ အဖြူ / အမည်း နှစ်ရောင်တည်းနဲ့ စည်းဖြတ်ပစ်လိုက်ချင်တဲ့သဘော၊ ဒါကို ရန် / ငါ စည်း ပြတ်အောင် ကြည့်တယ်လို့ သုံးနှုန်းတာပေါ့။ အဖြူ အမည်း နှစ်ရောင်တည်း မဟုတ်ဘဲ တခြားသော အရောင်မျိုးကွဲတွေကို မြင်ထားသူနဲ့ ရယ်ဒီကယ်သမားတွေက ရန်သူ မွေးလေ့ရှိတယ်။ လူ့အဖွဲ့အစည်းထဲမှာ၊ အဖြူရယ် အမည်းရယ် ဒီပေတံနဲ့ပဲ တရားသေတိုင်းချင်ကြတယ်။ ဒါ့ကြောင့် [ငါနဲ့ မတူ ငါ့ရန်သူ] ဆိုတဲ့ အကျင့်စရိုက်ကို ရယ်ဒီကယ် အစွန်းရောက်သမားတွေမှာ အထင်အရှားတွေ့နိုင်တယ်။ နိုင်ငံရေးမှာမှ မဟုတ်ပါဘူး၊ ဘာသာရေးနဲ့ လူမျိုးရေးတွေမှာလည်း အစွန်းရောက် [radical] သမားတွေကို အထင်အရှားတွေ့နိုင်ပါသေးတယ်။

[Rejection of Compromise]

နိုင်ငံရေးဆိုတာ [compromise and consensus] လို့ ပြောကြပါတယ်။ [politics is compromise and consensus] လို့ ပြောတယ်။ နိုင်ငံရေးအလုပ်ဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးပြီး လုပ်ကြရတဲ့ အလုပ်တွေပဲ။ နိုင်ငံရေးအနက်ကို အနက်ဖွင့်တဲ့အခါမှာ၊ ဒါက အနက်ဖွင့်တွေထဲက တစ်ခု။ ဒါကို ရယ်ဒီကယ်သမားတွေက လက်မခံပါဘူး။ [သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ] ဆိုတဲ့ ကြွေးကြော်သံကို မူဝါဒလို ကိုင်ပြီး နိုင်ငံရေးလုပ်လေ့ရှိပါတယ်။ စေ့စပ်မှု၊ ဆွေးနွေးမှု၊ ညှိနှိုင်းမှုဆိုတာတွေကို ငြင်းဖျက်ထားတဲ့ အယူအဆဖြစ်ပါတယ်။ အထူးသဖြင့် ရယ်ဒီကယ်သမားတွေဟာ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးကို ငြင်းပယ်ပြီးတော့၊ စစ်ရေးအမာနည်းနဲ့ ထိပ်တိုက်တွေ့ဖို့ အမြဲတမ်းလိုလို ကြိုးစားလေ့ရှိပါတယ်။ အပေးအယူလုပ်တယ်ဆိုတာ၊ စေ့စပ်ဆွေးနွေးတယ်ဆိုတာ [ဖောက်ပြန်ရေးသမား] တွေ လုပ်တဲ့ အလုပ်လို့ သမုတ်ပါတယ်။ သူတို့ကို သစ္စာဖောက်လို့လည်း စွပ်စွဲတတ်ကြပါသေးတယ်။ ဒါတွေကို ရယ်ဒီကယ်သမားတွေ လုပ်လေ့ရှိပါတယ်။

[Activism]

နိုင်ငံရေးမှာ အခြေခံအားဖြင့် နည်းသုံးသွယ်ရှိပါတယ်။ [educated politics] [deliberate politics] နဲ့ [agitate politics] ဆိုပြီး သုံးမျိုး ခွဲတတ်ပါတယ်။ ပညာနဲ့ လုပ်တဲ့ နိုင်ငံပြုသုခမိန် အလုပ်၊ အာဏာနဲ့ ကြောင်းကျိုး ချင့်တွက်ပြီး လုပ်တဲ့ နိုင်ငံရေးသမား အလုပ်နဲ့ လှုပ်အောင် ကြွအောင် ဆွပေးတဲ့ တက်ကြွလှုပ်ရှားသူ အလုပ် ဆိုပြီး သုံးမျိုး ခွဲကြည့်ပါတယ်။ ရယ်ဒီကယ်သမားတွေဟာ တက်ကြွလှုပ်ရှားသူ စရိုက်နဲ့ နိုင်ငံရေးလုပ်သူတွေလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ရယ်ဒီကယ်သမားတွေဟာ နှိုးရတာ၊ ဆွရတာကို သဘောကျတယ်။ လူထု သို့မဟုတ် လူအုပ်ကြီးက သူတို့ ဆွဲခေါ်ရာ နိုင်ငံရေးလမ်းစဉ်နောက် အုံလိုက်ကျင်းလိုက် အုံကြွလိုက်ပါတာကိုလည်း အလိုရှိပါတယ်။ ဒီလိုနဲ့ အများကြိုက် သည်းခြေကြိုက် စကားလုံးတွေနဲ့ နှိုးဖို့ ဆွဖို့ ကြိုးစားတာကို တွေ့ရပါတယ်။ လူအုပ်ကြီးကို သုံးပြီး နိုင်ငံရေးအကြမ်းဖက်မှုနဲ့ ဖိအားပေးရင်၊ သူတို့ လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ရောက်မယ်လို့ ထင်နေတတ်ကြပါတယ်။

[Normative Approach]

အထူးသဖြင့် လက်တွေ့ ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်း၊ လက်တွေ့ကျခြင်း မကျခြင်း ဆိုတဲ့ [pragmatic approach] နဲ့ မစဉ်းစားပါဘူး။ နှုန်းစံဒေါင့်ကနေ အသေရပ်ပြီးတော့ ဆုပ်ကိုင်လေ့ရှိပါတယ်။ အဘိဓမ္မာနဲ့ အတွေးအခေါ်တွေကို နှစ်ခြိုက်ပြီးတော့ နှုန်းစံ အခြေပြု [normative approach] နဲ့ စံပေတံတွေကို အသေဆုပ်ကိုင်ရတာကို သဘောကျလေ့ရှိပါတယ်။ သေသည်အထိ ဝါဒတစ်ခုကို မှားမှား / မှန်မှန် သေရာညောင်စောင်းမှ အုတ်ဂူထဲအထိ သယ်သွားနိုင်ရင် ၊ ယုံကြည်ချက်စွဲမြဲခိုင်မာသူလို့ ကိုယ့်ကိုယ်ကို လက်ခံယူဆထားလေ့ရှိပါတယ်။ အယူဝါဒတစ်ခုရဲ့ ကျေးကျွန်သဖွယ် နောက်လိုက်လုပ်ရတာကို သဘောကျနှစ်ခြိုက်ပြီး၊ လက်‌တွေ့နဲ့ ကင်းကွာတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေထိုင်ရတာကို သဘောကျတတ်ပါတယ်။

[Us vs. Them Mentality]

ဒါကို ရန် / ငါ စည်း ပြတ်အောင် ကြည့်တယ်…လို့ မြန်မာစကားမှာ သုံးနှုန်းပါတယ်။ ဖြူ / မည်း နိုင်ငံရေးလမ်းကြောင်းကို သိပ်သန်တဲ့သူတွေလို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးမှာ အုပ်စုတွေ ဘယ်လောက်ပဲ အများအပြားရှိနေပါစေ၊ ဘက်နှစ်ဖက်တည်း ရှိတယ်လို့ တရားသေ ယူဆထားတယ်။ အဲဒီ့ဘက်နှစ်ဖက်ကတော့ [ငါတို့ဘက်ကလား / သူတို့ဘက်ကလား] [ရန်သူ့ဘက်ကလား / မိတ်ဆွေလား] ဒီလို မျဉ်းဖြတ်ကြည့်ပါတယ်။ ဒီလို အမြင်မျိုးနဲ့ အရေးအရာအတိုင်းကို အကဲဖြတ်ပါတယ်။ ရယ်ဒီကယ်တွေဟာ အဖြူ / အမည်း မျက်မှန်တစ်လက်တည်းနဲ့ အရာအားလုံးကို ကြည့်ဖို့ ကြိုးစားကြပါတယ်။ သူတို့ဟာ ရန်သူ စစ်စစ်နဲ့ မိတ်ဆွေ စစ်စစ်တွေကို သဘောကျကြပါတယ်။ ရန်သူ မဟုတ် / မိတ်ဆွေ မဟုတ်တွေကိုလည်း၊ တစ်ဖက်ဖက်ကို ရပ်လိုက်ပါလို့ အမြဲတမ်း တွန်းအားပေးနေတတ်ကြတယ်။ ဒါကို [Us / Them] mentality လို့ ခေါ်နိုင်ပါတယ်။

[Propaganda]

ရယ်ဒီကယ်သမားတွေက၊ သူတို့ တရားသေဆုပ်ကိုင်ထားတဲ့ အယူအဆကို အများတကာလည်း လိုက်ပါလာအောင် နောက်လိုက်မွေးလေ့ရှိပါတယ်။ သူတို့နောက်လိုက်တွေကို သူတို့လိုပဲ အုပ်စုဝင်များများတိုးလာအောင် စည်းရုံးလှုပ်ဆော်စေချင်တယ်။ [မင်းက ငါတို့ဘက်က မဟုတ်ရင် ၊ ရန်သူ့ဘက်ကပဲ ဖြစ်ရမယ်] ဆိုတဲ့ စကားလုံးမျိုးတွေ သုံးပြီး၊ ရန်သူနဲ့ ပေးစားတာမျိုး လုပ်ပြီး ဝါဒဖြန့်လေ့ရှိပါတယ်။ ဒီလို ဝါဒဖြန့်မှုမျိုးကိုလည်း အစွန်းရောက်ဓလေ့ကဲတဲ့ လူ့အဖွဲ့အစည်းက ကြိုက်နှစ်သက်လေ့ရှိပါတယ်။

[Isolation]

ရယ်ဒီကယ်သမားတွေကို ကြည့်ရင် အတွင်းကျုံ့ စရိုက်မျိုးရှိတာတွေ့ရတယ်။ သူတို့ဟာ မတူတဲ့သူတွေနဲ့ အတူ သဟဇာတမျှအောင် နေဖို့ မကြိုးစားဘူး။ မတူရင် ဖယ်ထုတ်တယ်။ ဖယ်ထုတ်လို့ မရရင်၊ သူတို့က ထွက်သွားဖို့ ကြိုးစားလေ့ရှိတယ်။ များသောအားဖြင့်ကတော့ ဖယ်ထုတ်တဲ့ အမူအကျင့်မျိုးတွေ့ရတယ်။ ဒါ့ကြောင့် [political isolation] လို့ ပြောတာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ အလှကိုယ်စီ ရှိတယ်ဆိုတာကို မမြင်ဘူး။ မတည့်ရင် အတူမနေဘူး၊ အတူနေရင်လည်း မတူတာနည်းနည်းတွေ့ရုံနဲ့ မတည့်တော့တာ များတယ်။ ရယ်ဒီကယ်သမားတွေမှာ၊ အဲသည့်လို မတူကွဲပြားမှုကို လက်ခံတတ်တဲ့ဉာဉ် ခေါင်းပါးတာကြောင့် သူတို့ဟာ အတွင်းကျုံ့အမြင်နဲ့ပဲ ကျောက်ချလိုက်ကြတာများတယ်။

မင်းသေ့

ည ၁၁း၂၅

၇ ၊ စက်တင်ဘာ ၂၀၂၃။

British Columbia တက္ကသိုလ်၊ ကနေဒါ။

Previous post ⦿ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။။
Next post *** [Ignorance is a Crime]