⦿ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။။

ဆယ်ကျော်သက်အရွယ်တုန်းက ဘရုစလီ (Bruce Lee) ရဲ့ ဘဝရုပ်ရှင်ကို ကြည့်ဖူးတယ်။ အဲသည့်တုန်းက ကျနော်က စာဂျပိုး ပေါက်စ။ စာရေးဆရာ ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့စိတ်နဲ့ ရတတ်သမျှ စာအုပ်၊ စာစောင်တွေကို အငမ်းမရ သိမ်းကြုံးဝါးစားနေတဲ့ ကာလ။ ဘရုစလီရဲ့ ဘဝဇာတ်ကြောင်းကို သိပ်စိတ်ဝင်စားတယ်။ ဒီလိုနဲ့ သူ့ဘဝကို ရုပ်ရှင်ထဲက လေ့လာရင်း စာရေးဆရာ ဖြစ်ဖို့ တွန်းအား (၃) ခု ရလိုက်တယ်။

အဲဒါကတော့ (၁) စိတ်အားထက်သန်ပြင်းပြမှု၊ (၂) လေ့ကျင့်မှု နဲ့ (၃) ပေါင်းစပ်နိုင်မှု။ ဒီသုံးချက်ကို သေချာ ရလိုက်တယ်။ ဘရုစလီရဲ့ စိတ်ဇောဟာ အတော်ကြီး ပြင်းထန်ခဲ့တယ်။ ဒါ့ကြောင့်လည်း လေ့ကျင့်မှုနောက်မှာ ကောင်းစွာ အပံ့အပိုးဖြစ်စေခဲ့တယ်။ လေ့ကျင့်ပါ လေ့ကျင့်ပါလို့ ပြောနေပေမယ့် နောက်ကွယ်က စိတ်အားထက်သန်ပြင်းပြမှု စိတ်ဇော မပြင်းထန်ရင် ရေရှည်လေ့ကျင့်လို့ မရဘူး။ ဘရုစလီကတော့ အားတိုင်း လေ့ကျင့်နေတော့တာပဲ။ ဘရုစလီ ပြောခဲ့တဲ့ ဒဿနတွေထဲမှာလည်း လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တစ်ခု သွား တွေ့တယ်။

⦿ ကန်ချက် အမျိုးပေါင်း တစ်သောင်းကို တစ်ကြိမ်စီ လေ့ကျင့်ထားသူကို ငါ မကြောက်ဘူး။ ဒါပေမယ့် ကန်ချက် တစ်မျိုးတည်းကို အကြိမ်တစ်သောင်း လေ့ကျင့်ထားသူကိုတော့ ငါ ကြောက်တယ်။

တစ်ခုခုကို ကြိမ်ဖန်များစွာ လေ့ကျင့်တည်ဆောက်ထားခြင်းဟာ — တချိန်ချိန်မှာ ပါရမီရှင်ဖြစ်လာခြင်းရဲ့ တကယ့် အကြောင်းတရားပဲဆိုတာ ကျနော် ကောင်းကောင်းကြီး နားလည်လိုက်တယ်။ စာရေးဆရာဖြစ်ဖို့အတွက် အရေးအသားကို နာနာကြီး လေ့ကျင့်ရမယ်ဆိုတာ နားလည်ခဲ့ပါတယ်။ ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်း၊ မရေမတွက်နိုင်လောက်အောင် လေ့ကျင့်ခြင်း၊ နာရီပေါင်း တစ်သောင်းကျော်အောင် လေ့ကျင့်ခြင်း …. စတဲ့ စကားလုံးတွေက ကျနော့်ကို လွှမ်းမိုးခဲ့ပါတယ်။

ငါတို့ဟာ နေရာတော်တော်များများမှာ မပေါက်မြောက်နိုင်ပါဘူး။ လူ့စွမ်းရည်က အကန့်အသတ်ရှိတယ်လေ။ ဒါပေမယ့် ငါတို့ စွဲမြဲတဲ့ တစ်နေရာရာမှာတော့ ထူးချွန် ပေါက်မြောက်နိုင်ပါတယ်။ အဲသည့်အတွက် ကြိမ်ဖန်များစွာ လေ့ကျင့်မှု အထူး လိုအပ်တယ်။ လေ့ကျင့်မှုရဲ့ နောက်ကွယ်က တွန်းအားကတော့ ဆန္ဒဓိပတိပေါ့။ စိတ်ဆန္ဒဇော ပြင်းပြထက်သန်မှု…..။

ဒါကလည်း ရူးသွပ်မှုနဲ့ ဆိုင်နေပြန်ရော။ မရူးသွပ်ရင် စိတ်ဇောက ဘယ်လို လုပ်ယူ လုပ်ယူ မရဘူး။ ဒီတော့ ရူးသွပ်တဲ့ အရာကို လုပ်မှဖြစ်မယ်။ ရူးသွပ်တဲ့ အရာကို လုပ်ဖို့အတွက် ဝါသနာကို ရှာရပြန်ရော။ ဝါသနာကို မတွေ့ရင် ယောင်လည်လည် ဖြစ်နေတဲ့ ဘဝနဲ့ အတော်ကြီး ဗျာများနေမယ်။ အချိန်ကုန်နေမယ်။ ဝါသနာကို တွေ့ဖို့ကျတော့လည်း ကိုယ့်ကိုယ်ကို တွေ့အောင် ရှာရတာပဲ။ ကိုယ့်ကိုယ်ကို တွေ့တယ်ဆိုတာ ကိုယ့်ဝိညာဉ်ကို တွေ့တာ။ ကိုယ့်ဝိညာဉ်ကို မတွေ့ရင် ငါ ဘာလဲဆိုတာလည်း မတွေ့ဘူး၊ ငါ ဘာဖြစ်ချင်တာလဲ၊ ငါ ဘာလုပ်ချင်တာလဲ၊ ငါ ဘာကို ရူးသွပ်တာလဲဆိုတာကိုလည်း မသိဘူး။

ဒီတော့ ကိုယ့်ဝိညာဉ်ကို ကိုယ်ရှာဖို့အတွက် ကိုယ့်ကိုယ်ကို မေးခွန်း နာနာ မေးရတာပဲ။

မေးခွန်း နာနာမေးရုံနဲ့ မရဘူး၊ မေးခွန်းတွေကို မညှာတမ်း ဖြေရတယ်။ လူဟာ ကိုယ့်ကိုယ်ကို ညှာချင်တယ်လေ။ ဒီတော့ ကိုယ့်ကိုယ်ကို ညှာရင် ကိုယ့်ဝိညာဉ်ကို မတွေ့ဘူး။ ကိုယ့်ကိုယ်ကို လိမ်ရင် ကိုယ့်ဝိညာဉ်ကို မတွေ့ဘူး။ ဒီလိုနဲ့ ငါဟာ စာရေးဆရာ ဖြစ်လာတော့တာပါပဲ။

အနှစ်ချုပ်ကတော့….

(၁) ကိုယ့်ကိုယ်ကို မလိမ်နဲ့။
(၂) ကိုယ့်ကိုယ်ကို မညှာနဲ့။
(၃) ပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်း နာနာမေး။
(၄) မေးခွန်း နာနာမေးပြီး ကိုယ့်ဝိညာဉ်ကို တွေ့အောင်ရှာ။
(၅) ကိုယ့်ဝိညာဉ်ကို တွေ့ရင် ကိုယ့်ဝါသနာကို တွေ့မယ်။
(၆) ကိုယ့်ဝါသနာကို တွေ့ရင် ကိုယ့်ရူးသွပ်မှုကို တွေ့မယ်။
(၇) ကိုယ်ရူးသွပ်တာကို ရွေးရင် စိတ်ဆန္ဒဇော အားကြီးမယ်။
(၈) စိတ်ဇောအားကြီးစွာနဲ့ လေ့ကျင့်တဲ့ အလုပ်ဟာ ပီပြင်တာပဲ၊ ပေါက်မြောက်တာပဲ။
(၉) ဒီတော့ လေ့ကျင့်ရင်လည်း ကြိမ်ဖန်များစွာ လေ့ကျင့်မယ်။

ဒါဆို ပြီးပြီ။

မင်းသေ့
ည ၁၁း၅၄
၁၃၊ ဇူလိုင် ၊ ၂၀၂၃။

Previous post ⦿ ကျော်ဝင်းညွှန်းသော မြန်မာစာအုပ်များနှင့် နိုင်ငံတကာစာအုပ်များ
Next post ရယ်ဒီကယ် [radical]