နိုင်ငံရေး – ဒဿနိက – သမိုင်း

၂၀၂၃ ဩဂုတ် ၂၉ ၊ ဗန်ကူးဘား ကနေဒါ။

နိုင်ငံရေးကို လေ့လာတဲ့နေရာမှာ၊ အခြေခံသီအိုရီ ကြေညက်ဖို့ လိုတယ်။ အခြေခံသီအိုရီကို လေ့လာတဲ့နေရာမှာ အဓိက ကျတာကတော့ နိုင်ငံရေးဒဿနိကဗေဒ (နိုင်ငံရေးအတွေးအခေါ်) ကို လေ့လာဖို့ လိုတယ်။ ဒါကို political philosophy လို့ ခေါ်တယ်။ political science ကို လေ့လာတဲ့နေရာမှာ political philosophy က မပါမဖြစ် လေ့လာရတာပဲ။ ဒီတော့ ဒဿနိကဗေဒဘာသာရပ်ကို လေ့လာရတာ သဘောကျတဲ့သူက နိုင်ငံရေးကို လှမ်းတဲ့အခါမှာ အခြေခံသီအိုရီ ကြေညက်ဖို့အတွက် အထောက်အကူဖြစ်တယ်။ ဒါ့အပြင် ထပ်ပြီး အရေးကြီးတာက သမိုင်း။ သမိုင်းကို စိတ်မဝင်စားရင် နိုင်ငံရေးက တခြမ်းပဲ့ဖြစ်နေမယ်။ သမိုင်းလို့ ပြောရင် မျိုးကွဲတွေ ရှိတယ်။ လူမျိုးစုသမိုင်း။ ယဉ်ကျေးမှုသမိုင်း။ စာပေသမိုင်း။ ဘာသာရေးသမိုင်း။ စသည်ဖြင့် အမြောက်အမြားရှိတယ်။ နိုင်ငံရေးကို လေ့လာရင် နိုင်ငံရေးသမိုင်းကို အဓိကထားလေ့လာရတာပဲ။ တခြားသောသမိုင်းတွေလည်း ဆက်စပ်ပြီး ဖြန့်ကျက်လေ့လာရင်တော့ သိပ်ကောင်းတယ်။ လူမှုသမိုင်းနဲ့ လူမျိုးသမိုင်းတွေက နိုင်ငံရေးသမိုင်းထဲမှာ ရောစွက်ပါဝင်နေပါတယ်။ အဲသည့်ထဲမှာ စစ်ပွဲတွေအကြောင်း၊ အင်ပါယာတွေအကြောင်း၊ မြို့ပြနိုင်ငံထူထောင်ပုံတွေအကြောင်းနဲ့ အဲသည့်ခေတ်က လူမှုစီးပွားဇာတ်ကြောင်းတွေကို လေ့လာနိုင်တယ်။ နိုင်ငံရေးကို‌ လေ့လာတဲ့အခါ၊ အတွေးအခေါ်ပိုင်း (ဒဿနပိုင်း) မပါမဖြစ် အရေးကြီးတယ်။ နောက်ထပ်အရေးကြီးတာက သမိုင်း။ ပိုတိတိကျကျပြောရင် နိုင်ငံရေးသမိုင်း။

မြန်မာလူငယ်တွေအဖို့၊ နိုင်ငံရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာတဲ့အခါ ဘယ်လိုနိုင်ငံရေးသမိုင်းမျိုးကို အဓိက အာရုံစိုက်ပြီး‌ လေ့လာရမလဲဆိုတဲ့ မေးခွန်းရှိတယ်။ ဒါကတော့ လွယ်ပါတယ်။ ပါတော်မူပြီးခေတ် (၁၈၈၅) အရှေ့ပိုင်းကို အကြမ်းဖျင်းလေ့လာ။ ပါတော်မူပြီးခေတ်နောက်ပိုင်း ကိုလိုနီခေတ်သမိုင်းကို အသေးစိတ်လေ့လာပါ။ ဘယ်အထိ ဆုံချက်ထားရမလဲဆိုတော့ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်အထိ ကိုလိုနီခေတ် နိုင်ငံရေးသမိုင်းကို အသေးစိတ် သိထားရမယ်။ အဲသည့်ထဲမှာ ဘာတွေပါမလဲဆိုတော့ — အမျိုးသားလွတ်မြောက်ရေးသမိုင်းဇာတ်ကြောင်းပါလိမ့်မယ်။ ဝိုင်အမ်ဘီအေ / ဂျီစီဘီအေက စလို့၊ ပထမကျောင်းသားသပိတ်၊ ဒုတိယကျောင်းသားသပိတ်၊ တို့ဗမာအစည်းအရုံး၊ ဆရာစံတော်လှန်ရေး၊ ရဲဘော်သုံးကျိပ်နဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံတွေနဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်းတွေကို အသေးစိတ်လေ့လာရမယ်။ ဒါဆိုရင် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေးသမိုင်းကို အတော်ကြီး ကြေညက်သွားမယ်။ ဒါပေမယ့် ဒါက မပြီးသေးဘူး။ လွတ်လပ်ပြီးခေတ် မြန်မာပြည်အကြောင်းကို လေ့လာရမယ်။ အဲဒီမှာ ခေတ်တွေ ရှိတယ်။ အသေးစိတ်ပိုင်းခြားပြီး လေ့လာရမှာတွေ ရှိတယ်။ ပါလီမန် ဒီမိုကရေစီခေတ် (၁၉၄၈ – ၁၉၆၁) အထိ ဆယ်နှစ်ကျော်အခင်းအကျင်းရှိမယ်။ အဲသည့်ထဲမှာ အိမ်စောင့်အစိုးရလက်ထက်က ဖြစ်ရပ်အခင်းအကျင်းကို ထည့်သွင်းလေ့လာဖို့ လိုတယ်။ ပြီးတော့ တော်လှန်ရေးကောင်စီ (၁၉၆၂) အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် နိဂုံးချုပ်တဲ့ကာလအထိ အသေးစိတ်လေ့လာဖို့ လိုတယ်။ ဒီနေရာမှာ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတွေနဲ့ လမ်းစဉ်ပါတီတွေ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မှာပါတဲ့ လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားဆိုတာတွေ ပါလာမယ်။ ဒါတွေက အသေးစိတ်လေ့လာရမယ့် နိုင်ငံရေးသမိုင်းတွေဖြစ်တယ်။ ဒါ့အပြင် ၁၉၈၈ လူထုအုံကြွမှုဟာ ဘယ်လိုအကြောင်းဆက်တွေကြောင့် ပေါ်ပေါက်လာရသလဲဆိုတာကို လေ့လာရမယ်။ ဒီအခင်းအကျင်းကတော့ ကမ္ဘာကြီးမှာလည်း စစ်အေးခေတ်ကာလ နိဂုံးချုပ်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်းလေ့လာရတဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကို စစ်အေးခေတ် မြန်မာ့နိုင်ငံရေးသမိုင်းလို့ ဝိဂြိုဟ်ပြုရင် ရနိုင်ပါတယ်။ ၁၉၈၈ နောက်ပိုင်း နဝတ / နအဖခေတ် တစ်လျှောက်လုံး နိုင်ငံရေးကိုလည်း အသေးစိတ်လေ့လာရမယ်။ ဒါကတော့ ဒီမိုကရေစီအရေးတော်ပုံနဲ့ဆက်စပ်တာပေါ့။ နောက်ပြီး သမိုင်းလို့ မပြောနိုင်သေးပေမယ့် သိပ်မဝေးတဲ့ အတိတ်ကတော့ ၂၀၁၀ နဲ့ ၂၀၂၀ အကြား အခင်းအကျင်းကို သေချာ ပိုက်စိပ်တိုက်လေ့လာဖို့ လိုတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေးသမိုင်းကို အလုပ်ဖြစ်အောင် သိနားလည်ဖို့အတွက် အပိုင်း (၄) ပိုင်းရှိတယ်။

  • (၁) ပါတော်မူပြီးခေတ် (၁၈၈၅) ရှေ့ပိုင်း ကိုလိုနီတစ်ပိုင်း ပဒေသရာဇ်ခေတ်ကို အကြမ်းဖျင်းလေ့လာ။
  • (၂) ပါတော်မူပြီးနောက်ပိုင်း လွတ်လပ်ရေးရတဲ့ ၁၉၄၈ အထိ ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေးသမိုင်းကို အသေးစိတ်လေ့လာ။
  • (၃) စစ်အေးခေတ် (၁၉၄၅ – ၁၉၉၀) မြန်မာ့နိုင်ငံရေးသမိုင်းကို အသေးစိတ် လေ့လာ။ ဒါကို အကြမ်းဖျင်းပြောရရင် လွတ်လပ်ပြီးခေတ် ၁၉၄၈ ကနေ စတင်လို့ ၁၉၈၈ လူထုအရေးအခင်းဖြစ်တဲ့ကာလအထိ မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာလို့ ပြောရင်လည်း ရတယ်။
  • (၄) ၁၉၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို လေ့လာ။ အဲသည့်ထဲမှာ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးဖြေလျော့မှု တစ်စုံတစ်ရာကြုံခဲ့တဲ့ (၂၀၁၀ – ၂၀၂၀) အခင်းအကျင်းကို အသေးစိတ်လေ့လာ။

ပြီးတော့ လက်ရှိ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ချိတ်ဆက်ပြီးရင် မြန်မာ့နိုင်ငံရေးသမိုင်းကို အကြမ်းဖျင်း အသုံးတည့်အောင် ကြေညက်ပြီလို့ ပြောနိုင်တယ်။ အဲသည့်ထဲမှာ အရေးကြီးတဲ့ နိုင်ငံရေးအတွေးအခေါ်တွေကိုလည်း သိနားလည်ဖို့ ကျန်သေးတယ်။ နိုင်ငံရေးလေ့လာတဲ့ မြန်မာလူငယ်တွေ ရောထွေးနေတာက — ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကို ကွဲကွဲပြားပြားနားမလည်တဲ့ အချက်ပဲ။ ဒါကို သေချာရှင်းအောင် လေ့လာနိုင်ပြီဆိုရင်ကိုက အတော်ကြီး ဟုတ်နေပြီလို့ ပြောနိုင်တယ်။ ခေတ်သစ်မြန်မာပြည်မှာ လူအများစုအပေါ် လွှမ်းမိုးတဲ့ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေ ရှိခဲ့တယ်။ အဲဒါတွေကတော့ (၁) အမျိုးသားရေးဝါဒ (၂) လက်ဝဲဝါဒထဲက နှစ်ခု ဖြစ်တဲ့ ကွန်မြူနစ်ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒ (၃) လစ်ဘရယ်ဒီမိုကရေစီနဲ့ (၄) ဖက်ဒရယ်ဝါဒတို့ ဖြစ်ပါတယ်။ ဒါတွေကို သေချာနားလည်အောင် လုပ်တယ်ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ချိတ်ပြီး ကြည့်နိုင်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေဟာ ဒီဝါဒခက်မကြီးတွေနဲ့ လွတ်တာ မရှိပါဘူး။ တနည်းနည်းနဲ့ ဆက်စပ်နေတာချည်းပါပဲ။ မြန်မာပြည်အရေးနဲ့ ချိန်စပ်ပြီး ကြည့်နိုင်ဖို့အတွက် သမိုင်းနဲ့ ဒဿနိကဟာ မဖြစ်မနေ အရေးကြီးကြောင်း ပြောချင်တယ်။ ဒါတွေကို အနီးကပ် ဆရာသမား မရှိပေမယ့် ကိုယ့်ဘာသာ ရတတ်သမျှစာအုပ်‌တွေ ရှာကြံဖတ်ပြီး လေ့လာရင် အတော်ကြီး သိနိုင်တဲ့ အဆင့်ကို ရောက်နိုင်တယ်။ အားနေရင် ဒါတွေ လုပ်ပါ။

မင်းသေ့

နေ့လယ် ၃း၄၂

၂၉ ၊ ဩဂုတ်၊ ၂၀၂၃။

ဗန်ကူးဘား၊ ကနေဒါ။

Previous post လှိုင်းနဲ့ လူငယ်
Next post စာပေ၊ အနုပညာ ဖန်တီးခြင်း