အထူးသဖြင့် စာပေနဲ့ အနုပညာနယ်။ အောင်မြင်တယ် / မအောင်မြင်ဘူးဆိုတဲ့ ကြားမှာ စည်းလေး ခပ်ပါးပါးပဲ ခြားတယ်လို့ ထင်တယ်။ ဒါက ကျနော့် ရှုမြင်ချက်ပါ။ အဲသည့်ဟာက ဘာလဲဆိုတော့၊ တစ်ခုကောင်း နှစ်ခုကောင်း ဖန်တီးပြီး ရပ်သွားတာပဲ။ စာပေမှာပဲ ဖြစ်ဖြစ်၊ အနုပညာမှာပဲ ဖြစ်ဖြစ် တကယ့် ပရိသတ်ရှေ့ကို ဒေါင်းဒေါင်းပြေး ရောက်လာပြီး နှစ်ပေါင်းများစွာကတည်းက လက်ခံမှုလည်း ရတယ်။ အခုလည်း ရနေဆဲဖြစ်တယ်ဆိုတဲ့ လူတွေကို ကြည့်လိုက်ရင်၊ တစ်ခုကောင်း နှစ်ခုကောင်း ဖန်တီးပြီး ရပ်သွားတဲ့လူတွေ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ ကျနော်က စာရေးတဲ့သူဆိုတော့၊ စာရေးတဲ့ ကိစ္စကိုပဲ ဥပမာထားပြီး ပြောချင်ပါတယ်။ ဒီဘက်ခေတ်မှာ လူငယ်အတော်များများက စာရေးဖို့ ကြိုးစားလာကြပါတယ်။ တချို့လည်း တစ်ပုဒ်ကောင်း နှစ်ပုဒ်ကောင်း ရေးနိုင်တာတွေ့ရတယ်။ တချို့လည်း ရေးပေမယ့် မကောင်းသေးဘူးပေါ့။ ဒီလိုပြောလို့၊ ကောင်းတယ် / မကောင်းဘူး ကိစ္စကို ဘယ်စံနဲ့ အကဲဖြတ်မလဲဆိုတာလည်း ရှိသေးတယ်။ ထားတော့။ လူအာရုံစိုက် မခံရပေမယ့်၊ လူအများအသိအမှတ်ပြုမခံရသေးပေမယ့် တစ်ပုဒ် နှစ်ပုဒ်၊ တစ်အုပ် နှစ်အုပ်လောက်နဲ့ ရပ်သွားတာမျိုး မဟုတ်ဘဲနဲ့ ဆက်ပြီး လုပ်နေဖို့ လိုတယ်။ ဆက်ပြီး ဖန်တီးနေဖို့ လိုတယ်။ ဆက်ပြီး ရေးနေဖို့ လိုတယ်။ တစ်အုပ်ကနေ ၊ နှစ်အုပ်၊ နှစ်အုပ်ကနေ သုံးလေးငါးအုပ်။ သုံးလေးငါးအုပ် ထုတ်နိုင်ပေမယ့်လည်း ရပ်မသွားဖို့ လိုတယ်။ ဒီလို စဉ်ဆက်မပြတ် လျှောက်နေခြင်းသည်ပင်လျှင် ဇွဲနပဲလို့ ထင်ပါတယ်။ ဒါနဲ့ ရှေ့ဆက်ဖို့ လိုတယ်။

ကျနော့် အမြင်ကတော့ အောင်မြင်မှုဆိုတာ product ဆိုတာထက် process  ပါ။ ဖြစ်စဉ်လို့ ထင်တယ်။ ဒီဖြစ်စဉ်ထဲမှာ ကျနော်တို့က တိုးဝင်လျှောက်လှမ်းနေဖို့ လိုတယ်။ ရေးသားဖန်တီးနေဖို့ လိုတယ်။ ကိုယ့်ဖန်တီးချက်တိုင်းက လူထုပရိသတ် လက်ခံချင်မှ လက်ခံမယ်၊ ဖန်တီးမှုတိုင်းကို လူထုက သိချင်မှ သိမယ်။ အသိအမှတ်ပြုချင်မှ ပြုမယ်။ ကိစ္စ မရှိဘူး။ အဓိကကတော့ ဖန်တီးနေဖို့ပဲ။ တစ်ပုဒ် နှစ်ပုဒ်ရေးပြီး ရပ်မသွားဖို့ပဲ။ တစ်အုပ် နှစ်အုပ် ထုတ်ပြီး ရပ်မသွားဖို့ပဲ။

တစ်ယောက်နဲ့ တစ်ယောက် စာပေကို ဝါသနာပါပေမယ့်၊ အနုပညာကို ဝါသနာပါပေမယ့် အောင်မြင်ခြင်း / မအောင်မြင်ခြင်းဆိုတာတွေ ဖြစ်လာတာ၊ ဒီအချက်က ကွာသွားတယ်လို့ ထင်တယ်။ ဥပမာအားဖြင့် ကျနော် စာရေးတဲ့ကိစ္စကို ပြောချင်တယ်။ ကျနော် လွန်ခဲ့တဲ့ (၁၆) နှစ်လောက်ကတည်းက စာတွေ စရေးခဲ့တယ်။ လူမသိတုန်းကလည်း ရေးတယ်။ လူသိပြီးတော့လည်း ရေးတယ်။ လူအသိအမှတ်မပြုခင်ကလည်း ရေးနေတယ်။ လူအသိအမှတ်ပြုခံရပြီးနောက်ပိုင်းလည်း ရေးနေတာပဲ။ နေ့စဉ်နေ့တိုင်း ရေးတဲ့အထဲမှာ လူကြိုက်များတာပါတယ်၊ လူကြိုက်မများတာပါတယ်။ လူ့သည်းခြေနဲ့ ကိုက်သွားရင် လူကြိုက်တာပဲ။ လူ့သည်းခြေနဲ့ မငြိရင် လူကြိုက်မများဘူး။ ဒါပဲကွာတယ်။ ကျနော်ကတော့ ဆက်ပြီး ဖန်တီးနေတာပဲ။ ဖန်တီးတဲ့ စာတစ်ပုဒ်တိုင်းမှာလည်း ရည်ရွယ်ချက်ရှိတယ်။ တချို့က လူတွေရဲ့ ဦးနှောက်ကို ပစ်တာ။ တချို့ကတော့ လူတွေရဲ့ နှလုံးသားကို ပစ်တာ။ တခါတရံလည်း ဦးနှောက်ရော နှလုံးသားရော ပေါင်းပြီး ပစ်တာပဲ။ ထိချင်တာ ထိပေါ့။ တခါတရံတော့ သည်းခြေကို ပစ်တာရှိတယ်။ တခါတရံလည်း အစာအိမ်ကို ပစ်တာရှိတယ်။ တခါတရံလည်း အတ္တကို ချိန်ပြီး ပစ်တယ်။ တခါတရံလည်း အမိုက်အမှောင်ကို ချိန်ပြီး ပစ်တယ်။ ဒီလို ပစ်မှတ်တွေ ရှိတာပဲ။ ပစ်တိုင်းလည်း ထိချင်မှ ထိတာပေါ့။ ဒါပေမယ့် ကျနော် အမြဲတမ်း ရည်ရွယ်ချက် ဦးတည်ချက် တစ်ခုခုကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ချပြီး အမြဲတမ်း ပစ်တယ်။ ဒီဖြစ်စဉ်ကို ကြိမ်ဖန်များစွာ လုပ်တဲ့အခါ၊ ဒါဟာ ဖြစ်စဉ်တစ်ခုလို ဖြစ်လာတယ်။ အောင်မြင်မှုဆိုတာ ဒီလို စဉ်ဆက်မပြတ် ဖန်တီး ကျေးဇူးပြုနေတဲ့ ဖြစ်စဉ်ထဲကို ဖြတ်သန်းစီးဝင်ရတာလို့ ကျနော် ထင်တယ်။ လူတွေ အသိအမှတ်မပြုလို့၊ လူတွေ သိပ် ဂရုမစိုက်လို့ ၊ ကိုယ့်ဖန်တီးမှုကို ရပ်လိုက်တာဟာ တကယ့်စာပေကို လုပ်နေတာမဟုတ်ဘူး၊ တကယ့်အနုပညာကို လုပ်နေတာ မဟုတ်ဘူး။ ထင်ပေါ်ကျော်ကြားချင်စိတ်သာ ကဲနေတာ။ တကယ် ဖန်တီးချင်တဲ့စိတ်နဲ့ စာပေအနုပညာကို လုပ်နေတာ မဟုတ်ဘူး။ ဒီလိုစိတ်နဲ့ လုပ်ရင် တစ်ပွဲထိုး နှစ်ပွဲထိုးလောက်နဲ့ ပွပေါက်တိုးပြီး ရပ်သွားမယ်။ ဒီလိုလူကို အောင်မြင်တယ်လို့ မခေါ်နိုင်ဘူး။ စာပေဆိုတာ ဖန်တီးရတာ၊ အနုပညာဆိုတာ ဖန်တီးရတာလို့ ထင်တယ်။

ဖန်တီးမှုမှာ အသေးစိတ် အလုပ်တွေ ပါတယ်။ detail work တွေလို့ ခေါ်တယ်။ လူအတော်များများက ဒီလို detail work တွေကို မလုပ်နိုင်ဘူး။ အထူးသဖြင့် အာရုံမစိုက်နိုင်တာ။ ဒီဘက်ခေတ် ပိုဆိုးတာပေါ့။ အာရုံတွေက ပျံ့နေကြတာ များတယ်။ အာရုံတွေက တစ်ခုတည်းကို စူးစူးစိုက်စိုက် မရှိကြဘူး၊ အာရုံတွေက ထွေပြားနေတယ်။ ဒီတော့ ဘယ်တစ်ခုကိုမှ ကောင်းကောင်းကန်းကန်း အာရုံမစိုက်နိုင်ဘူး။ detail work တွေ လုပ်ဖို့ကျတော့၊ အာရုံစူးစိုက်နိုင်စွမ်း သိပ်လိုအပ်တယ်။ အာရုံများတဲ့ခေတ်မှာ၊ တစ်ပွဲတိုး အောင်မြင်မှုတွေဆိုတာတွေနဲ့ တစ်ခု ဖန်တီးပြီး ရပ်သွားတာတွေက ခပ်စိပ်စိပ်တွေ့နေရတာပဲ။ အောင်မြင်ဖို့ဆိုရင် အာရုံများလို့ မရဘူး။ အာရုံပျံ့နေလို့ မရဘူး။ ကိုယ်လုပ်ရမယ့် ဒီတစ်ခုအပေါ်မှာ စူးစူးစိုက်စိုက် ရှိမှ ဖြစ်မယ်။ ဒါကို တစ်ချောင်းတည်းသောစိတ်လို့လည်း ခေါ်နိုင်တယ်။ ရူးသွပ်မှုရှိရင် ဒါကို သိပ် ဂရုထားစရာမလိုဘဲ၊ အလိုအလျောက် စူးစိုက်နိုင်တယ်။ ဒါ့ကြောင့်လည်း ရူးသွပ်တဲ့ကောင်တွေက အောင်မြင်ကြတာများတယ်။ ရူးနေတော့ အာရုံစူးစိုက်မှုကို တကူးတက သိပ်လုပ်စရာ မလိုဘူး။ အချိန်တိုင်းက ဒီကိုပဲ အာရုံကျနေတာ။ ဒီလိုလုပ်ရင် အောင်မြင်တာပဲ။ ဒီလိုကောင်တွေက အောင်မြင်လေ့ရှိတာပဲ။

မင်းသေ့

၁ ၊ စက်တင်ဘာ ၊ ၂၀၂၃။

Previous post နိုင်ငံရေး – ဒဿနိက – သမိုင်း
Next post SLOWING DOWN THE MYANMA CIVIL WAR