၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။

အပျိုး။

တချိန်တုန်းက စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြထားခဲ့တဲ့ ကျော်ဝင်းရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖြစ်ခဲ့တယ်။ ဒီဆောင်းပါးကို ပြန်ဖတ်မိချိန်မှာ နှစ်ပေါင်း (၂၀) ရှိခဲ့ပြီဆိုတာကို သတိချပ်စေချင်ပါတယ်။ (စတိုင်သစ်၊ ဧပြီ ၂၀၀၃) ဖြစ်ပါတယ်။ စိန်ခေါ်ကြသူများ စာအုပ်မှာ ပြန်လည်ဖော်ပြတာတွေ့ရတယ်။ လူငယ် အကြောင်းရေးထားတဲ့အပိုင်း။ ခေါင်းစဉ်က “ကိုယ့်စာကိုယ်ရေး၊ ကိုယ့်တေးကိုယ်ဆို” တဲ့။ မျိုးဆက်သစ်ရဲ့ တိမ်းညွှတ်ချက်ကို ရှုမြင်တဲ့အခါမှာ အဓိက ချည်းကပ်မှု (၃) ရပ်နဲ့ ချည်းကပ်တာတွေ့ရတယ်။ အဆိုကတော့ မိုဒယ်၊ မစ်ရှစ်နဲ့ အတ္တ ဆိုတာကို အနက်ဖွင့်တာပါပဲ။ ဒီဆောင်းပါးကို ဖတ်ရပြီး၊ နှစ်ပေါင်း နှစ်ဆယ် (၂၀) ကျော် ရှိလာတဲ့အချိန်မှာ၊ ကျနော်တို့ဟာ မြန်မာနိုင်ငံက မျိုးဆက်ကို ပြန်ပြီး အနက်ဖွင့်ကြဖို့ လိုပါတယ်။ လူငယ်တွေဟာ ဘယ်ကို တိမ်းညွှတ်ပြီးတော့၊ ဘယ်ကို ဦးတည်နေသလဲဆိုတာကို ပြန်ကြည့်ဖို့ လိုတယ်။

ကိုယ့်ဘာသာ မေးခွန်းထုတ်ရမယ်

မြန်မာနိုင်ငံအတွင်းက လူငယ် သိန်းဂဏန်းလောက်ကတော့ ပေါ်ထွက်လာတဲ့ ရေစီးကြောင်းကြီးနဲ့ မျောပါနေကြပါတယ်။ အဲသည့်ထဲမှာ၊ ကူးခတ်နေတဲ့သူတွေလည်း ပါသင့်သလောက်ပါပါတယ်။ လူငယ်တွေ ကိုယ်တိုင်က ငါတို့ဟာ မျောနေသူတွေလား၊ တစ်နေရာရာကို ရောက်အောင် ကူးခတ်နေသူတွေလားဆိုတာကို မညှာမတာ မေးခွန်းထုတ်မှသာ၊ ကိုယ့်ရဲ့ အရှိပကတိကို မြင်နိုင်ပါလိမ့်မယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း၊ ဖြစ်ပေါ်လာတဲ့ လူထုနိုင်ငံရေးလှိုင်းလုံးကြီးက အင်မတန် ကြီးမားပါတယ်။ ဒီလှိုင်းကို စီးပြီးတော့ အဆင့်တစ်ဆင့်ကို တိုးတက်သွားကြတာတွေ ရှိသလို၊ လှိုင်းအောက်မှာ စုန်းစုန်းမြှုပ်သွားသူတွေလည်း ရှိပါတယ်။ တချို့ကတော့ လှိုင်းကို လွတ်အောင် ရှောင်ချင်ပေမယ့် ၊ လွတ်အောင် ရှောင်နိုင်ဖို့ ခက်ပါတယ်။ တချို့လည်း လှိုင်းနဲ့ ခပ်ဝေးဝေး လွတ်ရာကို ပြေးကြလို့၊ လှိုင်းပုတ်တဲ့ဒဏ်လောက်ကိုသာ ခံကြရပါတယ်။ အဲသည့်ထဲမှာ အမြော်အမြင်ရှိပြီး စိတ်အားပြင်းပြတဲ့ လူငယ် တချို့ တွေ့ရပါတယ်။ သူတို့ကတော့ လှိုင်းလုံးကြီးကို အပြုသဘောမြင်ပြီး လှိုင်းကို ဦးဆောင်ဖို့၊ လှိုင်းကို ပဲ့ပြင်ဖို့၊ လှိုင်းကို လူ့အဖွဲ့အစည်းအကျိုးဖြစ်စေဖို့ ရည်ရွယ်မြှုပ်နှံတာတွေ့ရပါတယ်။ ဒါဟာ အမြော်အမြင်ရှိသော လုပ်ရပ်နဲ့ အမြင်ဖြစ်လို့ ချီးကျူးစရာကောင်းလှပါတယ်။ လူငယ်တွေဟာ ၂၀၂၁ မှာ ပေါ်ထွက်လာတဲ့ လူထုနိုင်ငံရေးလှိုင်းလုံးနဲ့ ကင်းကွာခဲ့တာမျိုး မရှိပါဘူး။ တနည်းနည်းနဲ့ပတ်သက်နေခဲ့ကြပါတယ်။ ဒါပေမယ့် ယခု (၃) နှစ်ကာလထဲ ရောက်လာချိန်မှာတော့၊ လှိုင်းနဲ့ လူငယ်တွေအကြားမှာ ဘယ်လို ဆက်ဆံရေးမျိုး ရှိသလဲဆိုတာ ပိုပြီး သိသာလာပါတယ်။ လူငယ်တွေက ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ရမယ်။ လှိုင်းနဲ့ ငါ့ အကြားမှာ ဘယ်လို ဆက်စပ်နေသလဲ၊ ဘယ်လိုပတ်သက်နေသလဲ၊ ငါဟာ လှိုင်းကို စီးနိုင်သူလား၊ လှိုင်းထဲမှာ မြုပ်ပါ မျောနေသူလား၊ လှိုင်းနဲ့ ခပ်ဝေးဝေးမှာ တိမ်းရှောင်ခဲ့သူလား။

အိုင်ဒေါနဲ့ အိုက်ဒီး

Idol နဲ့ Ideal ဆိုတဲ့ စကားလုံးဝေါဟာကို ကွဲကွဲပြားပြား နားလည်ဖို့ လိုတယ်။ အိုင်ဒေါ (Idol) ဆိုတာကတော့ ဆယ်လစ်ဘရစ်တီ မြတ်နိုးစိတ်ကနေ လာတယ်လို့ ပြောပါတယ်။ celebrity admiration ဖြစ်ပါတယ်။ လူငယ်တိုင်း လူငယ်တိုင်းဟာ ခေတ်တိုင်း ခေတ်တိုင်းမှာ သူတို့ရဲ့ အိုင်ဒေါဆိုတာ ရှိစမြဲပါ။ အိုင်ဒေါကတော့ စိတ်ခံစားမှုနဲ့ပိုဆိုင်တယ်၊ စိတ်လှုပ်ရှားမှုနဲ့ ပိုဆိုပါတယ်။ ခေတ်စကားနဲ့ ပြောရင် heart ထိတယ် ၊ ဟတ်ထိတယ်ဆိုတဲ့ စကားနဲ့ တူပါတယ်။ ကိုယ့်နှလုံးသားကို ခိုက်စေတဲ့သူ တစ်ယောက်ယောက်။ သူတို့ကတော့ အဆိုတော်တွေဖြစ်နိုင်တယ်၊ ရုပ်ရှင်မင်းသား မင်းသမီးတွေလည်း ဖြစ်နိုင်တယ်၊ အားကစားသမားတွေလည်း ဖြစ်နိုင်တယ်။ အိုက်ဒီး (Ideal) ဆိုတာကတော့ ဆယ်လစ်ဘရစ်တီကို မြတ်နိုးစိတ်နဲ့ မတူဘူး။ သူက အတွင်းထဲက လာတယ်။ ပိုပြီး လေးနက်တယ်။ အားကျတဲ့သဘော၊ အတုယူတဲ့သဘော၊ စံနမူနာသဘော ပိုဆောင်တယ်။ အိုက်ဒီးဆိုတာက ကိုယ့်စိတ်ထဲမှာ အားကျပြီး ခိုက်နေရတဲ့ ဟီးရိုးသဘောလည်းဖြစ်တယ်။ ငါ တစ်နေ့ အဲသည့်လို ဖြစ်ရမယ်ဆိုတဲ့စိတ်အပေါ်မှာ အခြေခံတယ်။ ပြင်းပြပြီး ကိုယ်တိုင် ဖြစ်မြောက်အောင် လုပ်ချင်တဲ့စိတ်ဖြစ်ပါတယ်။

လူထုနိုင်ငံရေးလှိုင်းလုံးကြီးပေါ်လာတော့ လူငယ်တွေဟာ ကိုယ်နေတဲ့ နေအိမ်ကနေ အလျှိုလျှို ထွက်ခွာခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် လားရာတွေ မတူဘူး၊ ဦးတည်ချက်တွေ မတူဘူး၊ ရည်ရွယ်ချက်တွေ မတူဘူး။ ဒီနေရာမှာ မှားခြင်း / မှန်ခြင်းတွေကို ဆုံးဖြတ်လို့ မရဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် လုပ်ကြခြင်းဖြစ်တယ်။ လူထုနိုင်ငံရေးလှိုင်းလုံးကြီးထဲမှာ လူငယ်တွေရဲ့ အိုင်ဒေါနဲ့ အိုက်ဒီးတွေက ပြောင်းလဲကုန်ပါတယ်။ နိုင်ငံရေးသမား၊ လူထုခေါင်းဆောင်၊ စစ်ဘုရင်၊ တော်လှန်ရေးသမား၊ သူရဲကောင်း၊ အာဇာနည် …. စသည်ဖြင့် အပြန့်ကျယ်သွားတယ်။ ကိုယ့်ရဲ့ အိုက်ဒီးဟာ ကိုယ့်ရဲ့ ဘဝကို ပြန်ပြီး ပုံဖော်ပေးနေတယ်။ လုပ်ရပ်‌တွေက မတူဘူး။ လားရာတွေလည်း တူမှာ မဟုတ်ဘူး။ လှိုင်းနဲ့ လူ့အဖွဲ့အစည်းအကြား အဆက်အစပ်မှာ၊ လူငယ်တွေဟာ အမြင်ကနေ ပုံဖော်ထုဆစ်ဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။

အိုင်ဒီယော်လိုဂျီ / အိုင်ဒီယာနဲ့ အခွင့်အလမ်း

ဒီခေတ်က အိုင်ဒီယော်လိုဂျီခေတ် မဟုတ်တော့ဘူး။ ဝါဒချင်း အားပြိုင်လွန်ဆွဲမှုက ခေတ်ကုန်သွားပြီ။ ဝါဒတွေလည်း ပြိုင်ရလွန်းလို့ ခြေကုန်လက်ပန်းကျကုန်ပြီ။ ဒီခေတ်က အိုင်ဒီယာခေတ်ပါ။ လူထုနိုင်ငံရေးလှိုင်းလုံးကြီးနဲ့ ကြုံတော့ လူငယ်တွေရဲ့ အိုင်ဒီယာကို မျက်ဝါးထင်ထင် မြင်ကြရတယ်။ လူငယ်တွေဟာ အိုင်ဒီယော်လိုဂျီမှာ မချို့တဲ့သလို၊ အိုင်ဒီယာမှာလည်း မညံ့ဘူးဆိုတာ ထင်ရှားတယ်။ ဒါပေမယ့် လူငယ်တွေမှာ လိုနေတာ အခွင့်အလမ်းပါ။ အခွင့်အလမ်း ကွင်းပြင် ကျယ်ကျယ်ပြန့်ပြန့် လိုနေတာပါ။ ဘယ်ကို ဦးတည်ပြီး လျှောက်တဲ့ လမ်းဖြစ်ဖြစ် ကိစ္စ မရှိပါဘူး။ လိုနေတာက အခွင့်အလမ်းပါ။ အခုဟာက တောထဲမှာ ရောက်နေတဲ့လူငယ်တွေလည်း အခွင့်အလမ်း ပျောက်နေသလို၊ မြို့ပေါ်မှာ ရှိနေတဲ့ လူငယ်တွေကလည်း အခွင့်အလမ်း ပျောက်နေပါတယ်။ မြေအောက်ရောက်နေတဲ့လူငယ်တွေမှာ အခွင့်အလမ်း ပျောက်နေသလို၊ မြေပေါ်မှာ ရှိနေတဲ့လူငယ်တွေကလည်း အခွင့်အလမ်း ပျောက်နေတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေကလည်း အခွင့်အလမ်းတွေ ပျောက်နေသလို၊ ပြည်ပကို ရောက်နေတဲ့လူငယ်တွေမှာလည်း အခွင့်အလမ်းတွေမဲ့နေပါတယ်။

ဒီနေ့ခေတ်မှာ လိုနေတာ၊ အိုင်ဒီယော်လိုဂျီလည်း မဟုတ်ဘူး၊ အိုင်ဒီယာလည်း အလွန်အမင်း မလိုတော့ဘူး။ လိုနေတာက ရှိနေတဲ့ အိုင်ဒီယာကို လက်တွေ့ အကောင်အထည်ဖော်လို့ရမယ့် ကွင်းပါ။ ဒီကွင်းကို ဘယ်သူ ချဲ့ပေးမလဲ။ လူငယ်တွေက ကိုယ့်ဘာသာကိုယ်ပဲ ချဲ့လို့ရတော့မယ်၊ လူကြီးတွေကို အားမကိုးနဲ့။ လူကြီးတွေက အားမကိုးထိုက်တော့ဘူး။

အဝေးကြည့် / အနုကြည့်

အဝေးကြည့်မြင်ဖို့အတွက် တယ်လီစကုပ်ကို သုံးတယ်။ အနုစိတ်ကြည့်ဖို့တော့ မိုက်ခရိုစကုပ်ကို ကြည့်တယ်။ လူငယ်တွေအတော်များများက အိုင်တီနဲ့ နီးစပ်လို့ ကမ္ဘာကြီးကို လက်ဖဝါးပေါ် တင်ကြည့်နိုင်ခဲ့ကြပါပြီ။ လူထုနိုင်ငံရေးလှိုင်းလုံးနဲ့ ကြုံတော့ လူငယ်တွေက ကမ္ဘာကြည့်ကြည့်ပြီး လှိုင်းပေါ်ရောက်အောင် တိုးတက်ခဲ့ကြတယ်။ ဒါပေမယ့် အခု လိုနေတာက ကမ္ဘာကြီးကိုမြင်အောင် အဝေးကြည့်ဖို့ထက်၊ ကိုယ့်အတွင်းပိုင်းမှာ ဘာဖြစ်နေသလဲဆိုတာကို အနုစိတ်ကြည့်ဖို့ ဖြစ်ပါတယ်။ အိုင်တီနဲ့ အင်တာနက်ကြောင့် လူငယ်တွေမှာ အဝေးမြင်ဖို့ တယ်လီစကုပ် မလိုတော့ပါ။ ကိုယ့်အတွင်းပိုင်းကို ပြန်မြင်ဖို့အတွက် မိုက်ခရိုစကုပ်သာ လိုပါတော့တယ်။ ပြေးသာ ပြေးနေတယ်၊ ပတ်ဝန်းကျင်ကို မမြင်ရဘူးဆိုတဲ့ မြင်းမျက်မှန်တပ်ထားသူတွေ မဖြစ်ဖို့တော့ ကိုယ့်ကိုယ်ကို သတိထားရပါလိမ့်မယ်။

မင်းသေ့

နံနက် ၅း၂၀

၂၈ ဩဂုတ် ၂၀၂၃

ဗြိတိသျှကိုလန်ဘီယာတက္ကသိုလ်။

ဗန်ကူးဘား၊ ကနေဒါ။

Previous post ပြည်သူ့ရေးရာမူဝါဒကျောင်းသား
Next post နိုင်ငံရေး – ဒဿနိက – သမိုင်း