ကျနော့်ကို မနုဿဗေဒ ကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်တဲ့သူ ရှိပါတယ်။ အဲဒါကတော့ ကမ္ဘာမှာ နာမည်ကြီး သမိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ ယူဗောနော်ဟာရာရီ (Yuval Noah Harari) ဖြစ်ပါတယ်။ သူက အစ္စရေးနိုင်ငံသား။ ဂျူးလူမျိုး။ ဂျေရုစလင် ဟီးဗရူးတက္ကသိုလ်၊ သမိုင်းဌာနက ပါမောက္ခ။ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ မှာ မွေးတယ်။ အင်္ဂလန်မှာ ရှိတဲ့ အောက်စဖို့တက္ကသိုလ်ကနေ ပါရဂူဘွဲ့ကို ရခဲ့တယ်။ သူ့ရဲ့ နာမည်ကြီး စာအုပ် တွေ ရှိတယ်။ စေပီယံ၊ ဟိုမိုဒပ်စ်နဲ့ ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု ဆိုတဲ့ စာအုပ်တွေ။ အဲသည့်အထဲမှာ စေပီယံ ဆိုတဲ့ စာအုပ်က လူသိပိုများတယ်။ မြန်မာပြည်မှာတော့ ဘာသာပြန်စာအုပ် ရှိတယ်။

လူသားသမိုင်းအကျဉ်း

စေပီယံစာအုပ်က လူသားသမိုင်းအကျဉ်းကို ရှုမြင်ချက်အသစ်၊ ရှုထောင့်အသစ်၊ တင်ပြမှုအသစ်၊ ချည်းကပ်မှုအသစ် နဲ့ ရေးသားထားတဲ့စာအုပ်။ အစဉ်အလာသမားရိုးကျတွေ့လေ့​တွေ့ထရှိတဲ့ သမိုင်းစာအုပ်မျိုး မဟုတ်ဘူး။ လူသားသမိုင်းကို ရေးသား တင်ပြတဲ့နေရာမှာ၊ စာအုပ်အတော်များများဟာ သင်ရိုးဆန်တာတွေ့ရတယ်။ စေပီယံစာအုပ်ဟာ အဲသည်လိုမျိုး မဟုတ်ဘူး။ သမိုင်း၊ မနုဿဗေဒနဲ့ အပြုအမူသိပ္ပံဗေဒတွေ ပါဝင်ပေမယ့် လူထုနဲ့ အလှမ်းမဝေးဘူး။ ဒါ့ကြောင့် နားလည်လွယ်တယ်။ ခေတ်သဘောနဲ့ ကိုက်တယ်။ ဒီနေ့ခေတ်မှာ အိုင်တီနည်းပညာနဲ့ အင်တာနက်နဲ့ ဒစ်ဂျစ်တယ် လှိုင်းရဲ့ လွှမ်းမိုးသက်ရောက်မှုကို အပေါ်စီးက မိုးပြီး ကြည့်ထားတဲ့ အမြင်နဲ့ ပြနိုင်တယ်။ ဒီနေရာမှာ အေအိုင် (AI) လို့ခေါ်တဲ့ ဉာဏ်ရည်အတုနည်းပညာနဲ့ စိတ်ပညာ၊ ဇီဝဗေဒ စတာတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ၂၁ ရာစု ကမ္ဘာကြီးကို မြင်ကွင်းကျယ်ကျယ်နဲ့ ပိုသိရတယ်။

လူ့အဖွဲ့အစည်းမှာ လူသားတွေဟာ Constructed World ကြီးတစ်ခုကို ဘယ်လိုတည်ဆောက်ထားသလဲဆိုတာ ကို နားလည်ရတယ်။ အဲသည့်အထဲမှာ၊ သူပြောတဲ့ လူသားတွေရဲ့ “စတိုရီတွေကို ဖန်တီးမှု” နဲ့ပတ်သက်တဲ့အရာက အတော် စိတ်ဝင်စားစရာကောင်းတယ်။ အင်တာနက်မှာ ယူဗောနော်ဟာရာရီရဲ့ ပို့ချချက်နဲ့ ဆွေးနွေးချက်ကို ရှာဖွေ ပြီး နားထောင်တော့၊ သူ့ ဟောပြောချက်မှာ တစ်ခု သွားတွေ့တယ်။ ငွေကြေးဟာ လူသားတွေ ဖန်တီးထားတဲ့ စတိုရီ တွေထဲမှာ အအောင်မြင်ဆုံး စတိုရီပဲတဲ့။ လူသားတွေဟာ ငွေကြေးတစ်ခုကို ဘယ်လို ဖန်တီးတည်ဆောက်ပြီး လူသားကမ္ဘာအတွက် တည်ဆောက်ထားသလဲဆိုတာကို သူက အကျဉ်းမျှ ပြောပြတယ်။ လူအတော်များများဟာ ငွေကြေးကို ဒုတိယဘုရားသခင်လို့တောင် တင်စားပြောကြတယ် မဟုတ်လား။ လူတွေရဲ့ စတိုရီဖန်တီးနိုင်ချက်တွေ တော့ လွန်ရော။ ထားတော့။

မြန်မာပြည်၌ ရေပန်းမစားသော ဘာသာရပ်များ

ဒီနေရာမှာ သတိရတာက ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ပတ်သက်ပြီး ဖြစ်ပျက်နေတဲ့ကိစ္စကို ပြောချင်ပါ တယ်။ တကယ်တော့ သမိုင်းတို့၊ မနုဿဗေဒတို့ဆိုတာဟာ လူ့အဖွဲ့အစည်းအတွက် အတော်ကို အရေးပါပြီး အရေးကြီးတဲ့ ဘာသာရပ်ပါ။ သမိုင်းဆိုတာထက် မနုဿဗေဒ ဘာသာရပ်ကို ပြောချင်တယ်။ မြန်မာပြည်မှာ မနုဿဗေဒနဲ့ ရှေးဟောင်းသုတေသနဆိုတဲ့ ဘာသာရပ်တွေဟာ အတော့်ကို ရေပန်းမစားတဲ့ ဘာသာရပ်တွေ ဖြစ်ပါတယ်။ ယူဗောရဲ့ စေပီယံစာအုပ်ဟာ သမိုင်းရော၊ မနုဿဗေဒရော၊ ရှေးဟောင်းသုတေသနရော ပေါင်းစပ်ပါ ဝင်နေလို့ ဒီဘာသာရပ်တွေကို ပူးတွဲ သုံးနှုန်းရတာ ဖြစ်ပါတယ်။

အထူးသဖြင့် မနုဿဗေဒ ဘာသာရပ်ဟာ၊ မြန်မာပြည်က တက္ကသိုလ်တွေထဲမှာ အောက်တန်းနောက်တန်းထဲ ရောက်နေတဲ့ ဘာသာရပ်တစ်ခုလို ဖြစ်နေပါတယ်။ တကယ်တော့ ဒီဘာသာရပ်ဟာ ကမ္ဘာမှာ အတော့်ကို အရေးပါ တဲ့ ဘာသာရပ်တစ်ခုပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ၊ အမေရိကန်တွေဟာ ဂျပန်ကို စစ်အနိုင်တိုက်နိုင်ဖို့အတွက် ဂျပန်တွေနဲ့ပတ်သက်ပြီး မနုဿဗေဒလေ့လာချက်သုတေသနတွေ လုပ်ပြီး အဖြေရှာဖို့ ကြိုးစားခဲ့တယ်လို့တောင်၊ ကြားဖူးပါတယ်။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို လေ့လာတုန်းက၊ အတန်းထဲမှာ ဒီလိုဆွေးနွေးချက်တစ်ခု နားထောင်ဖူးတယ်။ စေပီယံစာအုပ်ကို ဖတ်ပြီး၊ ယူဗောနော်ဟာရာရီရဲ့ ဆွေးနွေးချက်တွေကို ခပ်များများ နားထောင်ပြီးတဲ့နောက်ပိုင်းမှာ၊ မနုဿဗေဒ (တနည်း) လူသားကိုလေ့လာခြင်း ပညာရပ်ဟာ သိပ်အဖိုးတန်ပါ့လား ဆိုတာကို သိလာတယ်။ မနုဿဗေဒမှာ လူသားတွေရဲ့ အပြုအမူဗီဇတွေကို အထူးပြုလေ့လာချက်တွေ ပါဝင်တာ တွေ့ရတယ်။

ဘာ့ကြောင့် အဘယ့်ကြောင့်

မနုဿဗေဒနဲ့ပတ်သက်ဆက်နွှယ်တဲ့ စာတိုပေစတွေကို လိုက်လံရှာဖွေပြီး ကျနော် ဖတ်ပါတယ်။ သိထားတဲ့ အသိနဲ့ ချဲ့ထွင်စဉ်းစားမိတာတွေ ရှိတယ်။ ငါတို့ နိုင်ငံမှာ တကယ့်ကို လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ သမိုင်း၊ ပထဝီ၊ မနုဿဗေဒနဲ့ ရှေးဟောင်းသုတေသနဆိုတဲ့ ဘာသာရပ်တွေ ဘာလို့ မထွန်းကားရသလဲ။ တက္ကသိုလ်မှာလည်း ဘာလို့ ရေပန်းစားတဲ့ ထိပ်တန်း ဘာသာရပ်တွေ မဖြစ်နေရသလဲ။ ဒါကို အားမလိုအားမရ ဖြစ်လာတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှု မဖြစ်ခင်က၊ မန္တလေးတက္ကသိုလ်ထဲက ရှေးဟောင်းသုတေသနက တက္ကသိုလ်ဆရာ တစ်ယောက် နဲ့ တွေ့ဖြစ်တယ်။ “ဆရာတို့ဌာနက ကျောင်းသားအရေအတွက် ဘယ်လောက်ရှိသလဲ၊ တစ်နှစ် တစ်နှစ် ဘွဲ့ရ ဘယ်နှယောက်ထွက်သလဲ၊ မဟာဝိဇ္ဇာကျောင်းသား ဘယ်လောက် ရှိသလဲ” စသည်ဖြင့် မေးမိတယ်။ အဲသည့် တက္ကသိုလ်ဆရာက သက်ပြင်းချပြီး အဖြစ်အပျက်ကို ပြောပြတယ်။ ရန်ကုန် နဲ့ မန္တလေးကဲ့သို့သော တက္ကသိုလ် အဆင့်တွေမှာတောင် မနုဿဗေဒ၊ သမိုင်း၊ ပထဝီနဲ့ ရှေးဟောင်းသုတေသန ဘာသာရပ်တွေဟာ မဖွံ့ဖြိုးတာ။ ကျန်တဲ့ တက္ကသိုလ်တွေဆိုရင် ပြောမနေပါနဲ့တော့။ အားလုံးဟာ ဒီဘာသာရပ်တွေကို ဘွဲ့တစ်ခု ရဖို့လောက်သာ တက်ပြီး၊ လူ့အဖွဲ့အစည်းထဲမှာ အဆင်ပြေရာ ဝင်တိုးပြီး အလုပ်ပေါင်းစုံလုပ်နေကြရတာ။ မြန်မာပြည်မှာ ဒီလို ဘာသာရပ်တွေကလည်း မဖွံ့ဖြိုးဘူး၊ မတိုးတက်ဘူး၊ အရေးပါ အရာရောက်တဲ့ အနေအထားမှာ လည်း လူရာသွင်း မခံရဘူး။ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံကိုယ်၌က ဒါတွေဟာ တကယ့် တိုင်းပြည်တည်ဆောက်ရေး ဘာသာရပ်တွေ ပါ့လား လို့ နားလည်ဘူး။

  • ဒါဟာ စနစ်က လုပ်တာလား။
  • လူက လုပ်တာလား။
  • လူ့အဖွဲ့အစည်းကိုယ်၌က ဖြစ်နေတာလား။
  • သို့တည်းမဟုတ်….
  • ကျနော်တို့ တစ်ဦးချင်းစီရဲ့ အာရုံကျမှုတွေက နှုံဖျင်းနေလို့လား။

မင်းသေ့

ည ၁၀း၅၃

၁၂၊ ဧပြီ၊ ၂၀၂၂။

ဆောင်းပါးမှတ်စု

မြန်မာဝီကီပီးဒီးယား (ကိုးကား – မြန်မာစွယ်စုံကျမ်း) မှ

မနုဿဗေဒ ဘာသာရပ်အပေါ် ဖွင့်ဆို ရှင်းလင်းပုံကို မှတ်စု အဖြစ် ပြန်လည် ဖော်ပြပါတယ်။

၁။ မနုဿဗေဒဟူသည် လူသားမျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ၊သမိုင်းကြောင်းနှင့် လူသားများနှင့်ပက်သက်ဆက်နွယ်သော လူမှုကိစ္စ (Humanity) ကို လေ့လာခြင်းဖြစ်သည်။ မနုဿဗေဒသည် သဘာဝသိပ္ပံ Natural Sciences, လူမှုရေးရာဘာသာရပ် (Humanities) နှင့် လူမှုသိပ္ပံ (Social Sciences) တွင် မြစ်ဖျားခံသည်။

၂။ အကြောင်းစုံကို ရုပ်သဏ္ဌာန်ဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အထွေထွေမှ သိပ္ပံနည်းကျကျ လေ့လာသော အတတ်လည်း ဖြစ်၍၊ ရုပ်သဏ္ဌာန် မနုဿဗေဒ၊ ယဉ်ကျေးမှု မနုဿဗေဒ၊ သမိုင်းမပေါ်မီခေတ်၊ လူမျိုးဗေဒ နှင့် ဘာသာစကား တည်းဟူသော တစ်ခုပေါ်တစ်ခု အမှီပြုနေသည့် ကဏ္ဍကြီး ၅ သွယ် ပါဝင်သည်။

၃။ မနုဿဗေဒ ဘာသာရပ်သည် အတိတ်ကာလမှ လူနှင့် ပစ္စုပ္ပန်ရှိ လူတို့ကို လေ့လာသော အတတ်ပညာဖြစ်သည်။ တစ်နည်းဆိုသော် ကမ္ဘာမြေကြီးပေါ်တွင် လူဟူ၍ ပေါ်ပေါက်လာသည့် အချိန်မှစ၍ လူတို့ကြောင်း ကို ရုပ်သဏ္ဌာန်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတို့တွင် ဖြစ်ထွန်းပေါ်ပေါက်တိုးတက် ပြောင်းလဲလာပုံ အစုံစုံကို သိပ္ပံနည်းကျကျ လေ့လာသော အတတ်လည်း ဖြစ်သည်။ ယင်းဘာသာရပ်တွင် ထင်ရှား၍ တစ်ခုအပေါ်တစ်ခု အမှီသဟဲ ပြုနေသော ကဏ္ဍကြီး ၅ သွယ်ရှိ၏။ ယင်ကဏ္ဍကြီး ၅ သွယ်တို့မှာ ရုပ် သဏ္ဌာန် မနုဿဗေဒ၊ ယဉ်ကျေးမှု မနုဿဗေဒ၊ သမိုင်းမပေါ်မီခေတ်၊ လူမျိုးဗေဒနှင့် ဘာသာစကား ဗေဒတို့ဖြစ်သည်။

Previous post ကိုငြိမ်းချမ်းရေးတဲ့ စာ
Next post အနာဂတ်စီမံကိန်း