ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးစာပေတွေ လေ့လာဖတ်ရှုဆည်းပူးနေတဲ့ လူငယ်ချာတိတ်တွေကို ပြောချင်တယ်။ ခင်ဗျားတို့တတွေ နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ပါ။ နိုင်ငံရေးအဘိဓာန်လို့ ပြောတဲ့နေရာမှာလည်း တစ်အုပ်ကောင်းကိုင်ထားစရာ ရှားတယ်။ ဆိုင်ရာဆိုင်ရာ နယ်ပယ်အလိုက် အဘိဓာန်ကောင်းတွေ၊ ဝေါဟာရရှင်းလင်းချက်စာအုပ်တွေ ရှိတယ်။ ဒါတွေကို သေချာစုစည်းပြီး ဂရုတစိုက်လေ့လာပါလို့ ပြောချင်တယ်။ သီအိုရီအားလုံးရဲ့ အခြေခံက စကားလုံးတွေပဲ။ ဒီနေရာမှာ အဓိကစကားလုံးတွေ (Key Words) တွေလို့ ပြောချင်တယ်။ 

နိုင်ငံရေးမှာ အဓိက စကားလုံးတွေ ရှိတယ်။ အခြေခံစကားလုံးတွေပေါ့။ 

ဥပမာ — နိုင်ငံတော်ဆိုတာ ဘာလဲ၊ စျေးကွက်စီးပွားရေးဆိုတာ ဘာလဲ၊ အစိုးရဆိုတာ ဘာလဲ၊ တော်လှန်ရေးဆိုတာ ဘာလဲ၊ ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာလဲ၊ ဗျူရိုကရေစီဆိုတာ ဘာလဲ၊ စစ်တပ်ဆိုတာ ဘာလဲ၊ နိုင်ငံရေးပါတီဆိုတာ ဘာလဲ၊ ပါတီစနစ် ဆိုတာ ဘာလဲ၊ ရွေးကောက်ပွဲစနစ်ဆိုတာ ဘာလဲ၊ မဲပေးတယ်ဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ၊ လစ်ဘရယ်ဆိုတာ ဘာလဲ၊ အမျိုးသားရေးဝါဒဆိုတာ ဘာလဲ၊ နိုင်ငံခြားရေးမူဝါဒဆိုတာ ဘာလဲ၊ နိုင်ငံတကာဆက်ဆံရေးဆိုတာ ဘာလဲ၊ သံခင်းတမန်ခင်းဆိုတာ ဘာလဲ၊ ကွန်မြူနစ်ဆိုတာ ဘာလဲ၊ ဆိုရှယ်လစ်ဆိုတာ ဘာလဲ၊ ဖက်ဆစ်ဆိုတာ ဘာလဲ၊ စစ်အေးခေတ်ဆိုတာ ဘာလဲ၊ ဆိုရှယ်ဒီမိုကရက်ဆိုတာ ဘာလဲ၊ စေ့စပ်ညှိနှိုင်းရေးဆိုတာ ဘာလဲ၊ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေးဆိုတာ ဘာလဲ၊ ဒီမိုကရက်တိုက်ဇေးရှင်းဆိုတာ ဘာလဲ၊ ဘုရင်စနစ်ဆိုတာ ဘာလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ၊ ဖက်ဒရယ်ဆိုတာ ဘာလဲ၊ ပထဝီနိုင်ငံရေးဆိုတာ ဘာလဲ၊ ခွဲထွက်ရေးဆိုတာ ဘာလဲ၊ တစ်ပါတီစနစ်ဆိုတာ ဘာလဲ၊ အရင်းရှင်စနစ်ဆိုတာ ဘာလဲ၊ စည်းမျဉ်းခံဘုရင်စနစ်ဆိုတာ ဘာလဲ၊ သမ္မတနိုင်ငံတော်ဆိုတာ ဘာလဲ — စတာတွေကို သေချာ ဂဃနဏ ကွဲကွဲပြားပြား သိနားလည်အောင် လုပ်ဖို့ လိုတယ်။ 

ဒါ့အပြင် သမိုင်းအဘိဓာန်တွေကိုလည်း ရတတ်သမျှ စုဆောင်းပြီး သေချာ ကျကျနန ဖတ်ရမယ်။ သမိုင်းအဘိဓာန်တွေမှာ – ကမ္ဘာ့သမိုင်းကို အကြမ်းဖျင်း သိရမယ်။ ခေတ်အလိုက် ကာလအလိုက် သိရမယ်။ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ အဖြစ်အပျက်ကိုတွေကို သိရမယ်။ ပြီးတော့ ထင်ရှားခဲ့တဲ့ လူပုဂ္ဂိုလ်တွေကို သိရမယ်။ ကာလကို period လို့ ပြောမယ်။ အဖြစ်အပျက်ကို event လို့ ပြောမယ်။ လူပုဂ္ဂိုလ်ကို person လို့ ပြောမယ်။ ကာလ – အဖြစ်အပျက် နဲ့ လူ ဆိုတဲ့ ဆက်ထုံးကို မိရင် သမိုင်းလေ့လာမှုမှာ အတော် ဟုတ်နေပြီ။ 

ဒီနေရာမှာ ချန်လှပ်လို့ မရတဲ့ကိစ္စကတော့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ ဖြစ်တယ်။ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေလို့ ပြောတဲ့နေရာမှာ တော်လှန်ရေးအုပ်စုတွေ ပါဝင်လိမ့်မယ် ၊ အစိုးရအဖွဲ့တွေ ပါဝင်လိမ့်မယ်၊ စစ်တပ်တွေ ပါဝင်လိမ့်မယ်။ ပညာရပ်ဆိုင်ရာဂိုဏ်းတွေအကြောင်း ပါဝင်လိမ့်မယ်။ သမိုင်းအဘိဓာန်တွေနဲ့ နိုင်ငံရေးအဘိဓာန်တွေ၊ ဝေါဟာရရှင်းလင်းချက်စာအုပ်တွေကို နိုင်အောင် ကိုင်ဖို့ လိုတယ်။ 

သမိုင်းကို အတောင့်လိုက် မကိုင်နိုင်သေးရင်၊ လူပုဂ္ဂိုလ်တွေအကြောင်း ရေးထားတဲ့ အတ္ထုပ္ပတ္တိတွေကို ကိုင်။ အတ္ထုပ္ပတ္တိတွေကနေ တစ်ဆင့် သမိုင်းကို သွား။ လူကို သိအောင် လုပ်ပြီးရင် ခေတ်ကို သိလိမ့်မယ်။ ခေတ်ကို သိပြီးရင် သမိုင်းကို တွေ့လိမ့်မယ်။ သမိုင်းကို တွေ့ရင် နိုင်ငံရေးကို လိုက်နိုင်ပြီ။ နိုင်ငံရေးကို ကြေလည်ဖို့အတွက် အတွေးအခေါ် ဒဿနနဲ့ သီအိုရီတွေကို အခြေခံသဘော ကြေလည်အောင် လုပ်ပြီး သမိုင်းဖြစ်ရပ်နဲ့ ယှဉ်တွဲချိတ်ဆက်နိုင်ရင် ဒါ အတော် ဟုတ်နေပြီ။ theory and case study လို့ ပြောကြတယ် မဟုတ်လား။ သီအိုရီဆိုတာ အဓိကအခြေခံစကားလုံးဝေါဟာရတွေကို ကြေလည်အောင် သိနားလည်ခြင်းက အစပြုတယ်။ case study ကတော့ သမိုင်းကို ဘယ်လောက် အုပ်အုပ်မိုးမိုး ဆုပ်ဆုပ်ကိုင်ကိုင် လေ့လာထားနိုင်သလဲဆိုတာနဲ့ ဆိုင်တယ်။ ဒီနှစ်ခုကို link ချိတ်နိုင်ရင် အတော်ကြီး ဟုတ်နေပါပြီ။ 

ဝေါဟာရနဲ့ အဓိက စကားလုံးတွေကို မကြေညက်ရင် သီအိုရီတွေကို နားမလည်နိုင်ဘူး။ Basic Concept တွေကို ကြေလည်အောင် လေ့လာကြပါလို့ ပြောချင်တယ်။ အတော်များများကို ကြည့်ရင် နိုင်ငံရေးအကြောင်းတွေသာ ပြောနေ၊ ရေးနေတာ တကယ့် Basic Concept ကို မကြေလည်ဘူးဆိုတာ ပေါ်လွင်နေတယ်။ အဲသည်လို မဖြစ်ပါစေနဲ့။ အခြေခံသဘောတရားက ကြေညက်မှ ကောင်းမယ်။ နိုင်ငံရေးလေ့လာမှုမှာ အခြေခံသဘောတရားတွေ ကြေညက်ဖို့က အဓိက အရေးအကြီးဆုံးပဲ။ အဖြစ်အပျက်တွေက သမိုင်းမှာ ပါတယ်။ ဒီနှစ်ခု တွဲဖက်ရမယ်။ အဘိဓမ္မာနဲ့ သုတ္တန်ကို ကွပ်ညှပ်တယ်ဆိုတာ ရှိတယ် မဟုတ်လား။ 

အဘိဓမ္မာဟာ သူ့ချည်းသက်သက်ဆို အင်မတန် လေးပင်နက်နဲတယ်။ သို့သော် နားရည်လွယ်ဖို့အတွက် အဖြစ်အပျက်နဲ့ ဇာတ်လမ်းတွေကို တွဲမှ ပိုနားလည်မယ်။ သီအိုရီကို သမိုင်းဖြစ်ရပ်နဲ့ တွဲပြီး လေ့လာမှ၊ နိုင်ငံရေးမြင်ကွင်းက ပိုကျယ်လာမယ်။ လေ့လာသုံးသပ်နိုင်သူအဆင့်မျိုးကို ရောက်လာဖို့အတွက် ဒီ အင်္ဂါရပ် နှစ်ခု စုံမှ ရမယ်။ တခြမ်းစောင်းကြီး ဖြစ်နေဖို့ မကောင်းဘူး။ ရေးနေ ပြောနေကြသူအတော်များများမှာ တခြမ်းပဲ့သိနားလည်မှုနဲ့ ပြောနေရေးနေတာတွေကို ကြည့်ပြီး၊ မင်းတို့ သင်ခန်းစာ ယူကြဖို့ ကောင်းတယ်။ ကျကျနန သိနားလည်ဖို့အတွက် ဒီလောက်တော့ လုပ်ကြပါ။ 

မင်းသေ့ 

နေ့လယ် ၁း၅၆ 

၄၊ အောက်တိုဘာ၊ ၂၀၂၂။

Previous post ဘယ်လို ဗမာပါလိမ့်….
Next post နိုင်ငံရေးကျောင်းဆရာ