ဒီနေ့ အတွေးပေါက်လို့၊ မှတ်စုထဲ ရေးခြစ်မိတဲ့ သရုပ်ခွဲချက် တစ်ခု။ ဒါက သုတေသနတွေ့ရှိချက် မဟုတ်။ သာမန်လူပိန်းအတွေးနဲ့ ကိုယ့်ဘာသာ ယေဘုယျချကြည့်မိတဲ့ မျိုးခွဲ။ 

ဗမာအုပ်စုထဲမှာ လောလောဆယ်အားဖြင့် မျိုးကွဲ (၄) ခုတွေ့ရတယ်လို့ ထင်တယ်။ 

  • (၁) ဗမာနီ 
  • (၂) ဗမာစိမ်း 
  • (၃) ဗမာဖြူ 
  • (၄) ဗမာညို 

ဗမာနီ (နီပေါ /အနီကြောင်) 

ဗမာနီဆိုတဲ့ အသုံးကို ပဲခူးရိုးမမှ သံလွင်မြစ်အရှေ့ဘက် ဒေသကို ဌာနချုပ်အဖြစ် ပြောင်းလဲအခြေစိုက်တဲ့ ဗမာလက်နက်ကိုင်နိုင်ငံရေးသမားတွေကို ဌာနေတိုင်းရင်းသားတွေက စတင်သုံးစွဲခေါ်ဝေါ်ခြင်းက စတယ်လို့ ထင်တယ်။ တရုတ်ကွန်မြူနစ်တွေကို တရုတ်နီ၊ ကူမင်တန်တရုတ်‌တွေကို တရုတ်ဖြူ။ ဒီလို သုံးသလို ဗမာနီလို့ ဗမာစိမ်းလို့ သုံးနှုန်းလိုက်တယ်။ ဗမာနီမှာ မျိုးကွဲ (၂) ခုတွေ့ရတယ်လို့ ထင်တယ်။ နံပါတ် (၁) နီပေါ။ နံပါတ် (၂) အနီကြောင်။ ဘာ့ကြောင့် နီပေါလို့ ခေါ်ဝေါ်ကြသလဲ၊ ဘာလို့ အနီကြောင်လို့ သုံးနှုန်းသလဲဆိုတာကို ပြထားတဲ့ ပုံမှာ ကြည့်။ 

ဗမာစိမ်း 

ဗမာစိမ်းဆိုတာကတော့ ဟိုဘက်ရပ်ကွက်က အစိမ်းအုပ်စု၊ အစိမ်းထောက်ခံသူတွေကို ညွှန်းတာ အားလုံး သိပြီးသား။ တပ်ထောက်ခံသူတွေ၊ ဗမာမျိုးချစ်တွေနဲ့ ဗမာမဘသ (တနည်း) အမျိုးဘာသာ သာသနာကို ငါတို့ကလွဲလို့ တခြား ကာကွယ်စောင့်ရှောက်မယ့်သူ မရှိဆိုတဲ့ အယူအဆကို လက်ကိုင်ထားသူတွေ။ ရှေးရိုးစွဲဗုဒ္ဓဘာသာကို လက်ခံထားလေ့ရှိပြီး၊ ဗမာဗားရှင်းဗုဒ္ဓဘာသာဓလေ့ထုံးစံဟောင်းတွေကို ဖက်တွယ်ထားသူတွေကို ညွှန်းတာ။ လက်နက်ကို အားကိုးလေ့ ရှိတယ်။ ဗမာစစ်တပ်သာလျှင် တိုင်းပြည်ရဲ့ အခရာဖြစ်တယ်၊ တိုင်းပြည်မှာ ထိပ်ဆုံးက ဦးဆောင်ရမယ်ဆိုတဲ့ အယူအဆနဲ့ ဝေစားမျှစား ကပ်ဖားရပ်ဖားအလေ့အထမှာ ခုံမင် အသားကျနေသူတွေကို ညွှန်းတာ။ 

ဗမာဖြူ 

ဗမာဖြူလို့ ပြောလိုက်လို့ သိပ်ကို ရိုးသားဖြူစင်တယ်လို့ မထင်စေလို။ ရပ်တည်ရှင်သန်ရေးအတွက် အရောင်ပြောင်းဆိုးဖို့ လွယ်ကူကြသလို၊ ဘယ်သို့သော နိုင်ငံရေးဘက်ကို ယိမ်းတယ်ဆိုတာ သိပ်ပြီး မထင်ရှားသူ (တနည်း ) ထင်ထင်ရှားရှား မပြသူ။ ယိမ်းတတ်နွဲ့တတ်တယ်၊ အလိုက်သင့်အလျားသင့်နေတတ်ထိုင်တတ်တယ်၊ လိုအပ်ရင် ပေါင်းတတ်သင်းတတ်တယ်၊ လိုက်လျောညီထွေနေတတ်တယ်၊ ရှင်သန်ဖို့အတွက် တည့်အောင် ပေါင်းရမယ် ဆိုတဲ့ အယူအဆမျိုးကို လက်ကိုင်ထားတယ်။ ကြားနေလိုလို လုပ်တတ်ပြီး ပါးရည်နပ်ရည်ရှိရှိ နေထိုင်ရှင်သန် လုပ်ကိုင်စားသောက်တတ်သူ။ လိုအပ်ရင် ရောယိမ်းလိုက် ဘသားယိမ်းလိုက်နဲ့ ယိမ်းအကမှာ ကျွမ်းကျင်ပေါက်မြောက်သူ။ ဒီလို ဗမာတွေကို ဗမာဖြူလို့ ခေါ်မယ်။ 

ဗမာညို 

ဗမာညိုလို့ ခေါ်ရတဲ့ အကြောင်း ရှိတယ်။ သူတို့ဟာ အသားရောင်အားဖြင့် ညိုကောင်း ညိုလိမ့်မယ်။ သို့မဟုတ် အညာဒေသမှာ နေထိုင်သူ ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် အညာသားတစ်ယောက်ဖြစ်ချင်ဖြစ်နိုင်တယ်၊ မိမိဘာသာ အေးအေးလူလူ စားသောက်နေထိုင်လိုတယ်။ ဓမ္မ အဓမ္မဆိုတာ ဘာလဲလို့ ရိုးရိုးရှင်းရှင်း ပိုင်းဖြတ်တတ်တယ်၊ မဟုတ်မခံ စိတ်ဓာတ်ရှိတယ်။ အဓမ္မရယ်လို့ တွေ့လာရင် တော်လှန်တတ်တဲ့ဗီဇဓာတ်ခံရှိတယ်။ ဒါဟာ နိုင်ငံရေးပယောဂပူးဝင်လို့လည်း ဟုတ်ချင်မှ ဟုတ်မယ်။ မတရားရင် လက်မခံတတ်တဲ့ ၊ ငုံ့မခံတတ်တဲ့အကျင့်ဗီဇ ရှိတယ်။ ရိုးတဲ့ဖြောင့်တဲ့ စရိုက်သကန်ကို တွေ့ရတယ်။ ဒီလိုအသွင်မျိုးရှိရင် သူ့ကို ဗမာညိုထဲမှာ စာရင်းသွင်းမယ်။ 

အကယ်၍ ခင်ဗျားဟာ ဗမာတစ်ယောက်လို့ ခံယူတယ်ဆိုရင် ဘယ်လို ဗမာထဲမှာ ခင်ဗျား ပါမယ်လို့ ထင်သလဲ။ သို့မဟုတ် ခင်ဗျား နံဘေးက ဗမာဟာ ဘယ်လို ဗမာမျိုး ဖြစ်မလဲ။ 

မင်းသေ့ 

နေ့လယ် ၂း၀၃ 

၆ ၊ အောက်တိုဘာ၊ ၂၀၂၂။

ဒီစာကို ရေးလို့ ဖေ့ဘုတ်ခ်လူမှုကွန်ယက်စာမျက်နှာက community standard နဲ့ ငြိတယ်ဆိုပြီး ကျနော့် ဖေ့ဘုတ်ခ်ကို တစ်လ ပိတ်ထားခံလိုက်ရပါတယ်။
Previous post မြန်မာ့လူဦးရေရွေ့မှုကြီး
Next post နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ကွ