၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးနောက်ပိုင်းမှာ၊ မြန်မာနိုင်ငံအတွင်း လူဦးရေရွေ့မှုဟာ ကြီးကြီးမားမား ကျယ်ပြန့်လာတာတွေ့ရတယ်။ မြန်မာလူထုဟာ မလုံခြုံမှုဒဏ်ကို တဖြည်းဖြည်း စတင်ခံစားလာရတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီး သုံးလလောက်အကြာမှာ လူဦးရေအရွှေ့အပြောင်းဟာ တဖြည်းဖြည်း ဒီဂရီအမြင့်ဘက်ကို ရောက်လာတယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမြင့်မားဆုံးသော အခြေအနေအထိ လူဦးရေအရွေ့ကြီးထွားလာတယ်။ ယခု ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံမှာ လူကြီးရေ အရွှေ့အပြောင်းကိစ္စဟာ ဆက်လက်မြင့်တက်ကြီးထွားနေဆဲဖြစ်တယ်။ 

နိုင်ငံရေး / စီးပွားရေး 

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ရုတ်တရက် မြင့်မားကျယ်ပြန့်လာတဲ့ လူဦးရေအရွှေ့အပြောင်းဟာ အကြောင်းအချက်အမျိုးမျိုးကြောင့်ဖြစ်ပေါ်နေပါတယ်။ အဲသည့်ထဲမှာ အဓိက အကြောင်းအချက်ကတော့ – နိုင်ငံရေးနဲ့ စီးပွားရေးကြောင့် ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအရ မလုံခြုံမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဒါ့အပြင် လက်နက်ကိုင်တိုက်ပွဲ‌တွေ အမြောက်အမြားဖြစ်တာကြောင့်၊ လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်သူတွေ ကိုယ်၌ကလည်း ရွှေ့ပြောင်းနေထိုင်ကြရတာတွေ ရှိတယ်။ မြန်မာစစ်တပ်က သူတို့ရဲ့ အကျိုးစီးပွားအတွက် သံသယထားပြီး လိုက်လံ သတ်ဖြတ် ဖမ်းဆီးတာကြောင့်လည်း မြန်မာပြည်မှာ လူဦးရေအရွှေ့အပြောင်းတွေ လုပ်ကြရတယ်။ တချို့လည်း လက်နက်ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ပါဝင်တာ၊ ထောက်ပံ့ကူညီတာ၊ ဆက်စပ်ပတ်သက်နေတာတွေကြောင့် မူရင်းဌာနေကနေ ရွှေ့ပြောင်းကြရတာတွေ ရှိတယ်။ တစ်စတစ်စနဲ့ စစ်ပွဲတွေ အပျံ့ကျယ်လာတာကြောင့် စစ်ဘေးစစ်ဒဏ်သင့်တဲ့ ဒေသတွေမှာလည်း လူဦးရေရွှေ့ပြောင်းမှုတွေ ပိုမိုများပြားလာတယ်။ 

တွန်းအားပေးခံရ / ဆွဲဆောင်ခံရ 

စစ်အာဏာသိမ်းမှုမတိုင်ခင်က ကျေးလက်နေ လူငယ်အများစုက အလုပ်အကိုင်အခွင့်အလမ်းကြောင့် ပြည်ပထွက်ခွာမှုတွေ ရှိခဲ့တယ်။ သို့သော်လည်း ဒီလို ပြည်ပကို အခြေစိုက်ရွှေ့ပြောင်းမှုဟာ အဆွဲခံရတဲ့ (pull factor) ကြောင့်သာ များပြားတယ်။ ပြည်တွင်းကနေ တွန်းလွှတ်ခံရတဲ့ (push factor) ကြောင့်ဟာ အလွန် နည်းပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ပတိရူပဒေသ အဖြစ် တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးလာတယ်။ သပ္ပါယမျှတဲ့ဒေသအဖြစ်ကနေ ရုတ်တရက် ဆန့်ကျင်ဘက်ကို ပြောင်းလဲသွားတယ်။ ဒီအခြေအနေဖြစ်ခြင်းကြောင့် မြန်မာပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ဆုတ်ယုတ်နိမ့်ပါးတာတွေ၊ ငွေကြေးဖောင်းပွမှုအလွန်အကျွံ ဖြစ်ပွားလာတာတွေနဲ့ သွားလာလုပ်ကိုင်စားသောက်မှုတွေမှာ မလုံခြုံမှုတွေ မြင့်မားလာခဲ့ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအပြင် ပညာရေးအခွင့်အလမ်းတွေပါ ဆုတ်ယုတ်ပျက်စီးခြင်းကို ချက်ချင်းလက်ငင်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ မနေထိုင်ဖို့ ၊ ပြည်ပကို အလျင်အမြန် ထွက်ခွာဖို့ တွန်းအားပေးခံနေတဲ့ အနေအထားကို ရောက်လာပါတယ်။ 

ပြည်တွင်း / ပြည်ပ 

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်အနေနဲ့ ပြည်တွင်းမှာလည်း လူဦးရေအရွှေ့အပြောင်းဟာ ကြီးထွားလာသလို၊ ပြည်ပကို ထွက်ခွာတဲ့ လူဦးရေကလည်း အလွန်အမင်း များပြားလာတယ်။ ဒီအရွှေ့အပြောင်းတွေဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေး နဲ့ စီးပွားရေး အခြေအနေတွေ နိမ့်ကျပျက်စီးလာခြင်းကြောင့် ဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ဗမာပြည်မဒေသက ကျေးရွာပေါင်း ရာနဲ့ချီ မီးရှို့ဖျက်စီးတဲ့အထိ မိုက်ရိုင်းကြမ်းတမ်းယုတ်မာလာခဲ့ပါတယ်။ ၎င်းဒေသတွေအပါအဝင် တိုင်းရင်းသားဒေသပြည်နယ်တွေမှာလည်း လေကြောင်းစစ်ဆင်ရေးနဲ့ ထိုးနှက်တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူလူထုဦးရေဟာ သိန်းနဲ့ချီ ရှိလာခဲ့ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ ၁၉၈၈ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ၈၈၈၈ လူထုဒီမိုကရေစီတော်လှန်ရေးကာလတုန်းကထက် ပိုလွန်တဲ့ လူဦးရေအလုံးအရင်းနဲ့ ရွှေ့ပြောင်းတဲ့ဖြစ်စဉ်ကြီး ဖြစ်ပေါ်နေပါတယ်။ ဒါဟာ  ပြည်တွင်းမှာရော ပြည်ပသို့ပါ ဦးတည်တဲ့ ရွှေ့ပြောင်းမှုဖြစ်စဉ်ကြီး အဖြစ် တွေ့ရပါတယ်။ 

တရားဝင် / တရားမဝင် 

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပျက်နေတဲ့ လူဦးရေ ရွှေ့ပြောင်းမှုကြီးကို လေ့လာကြည့်ရင် တရားဝင် ရွှေ့ပြောင်းမှုတွေလည်း ရှိသလို၊ တရားမဝင် ရွှေ့ပြောင်းမှုတွေလည်း အမြောက်အမြားတွေ့ရှိရပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းမှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူတွေဟာ တရားဝင်ရွှေ့ပြောင်းဖို့ အခက်အခဲ ရှိကြပါတယ်။ ဒါ့ကြောင့် နယ်စပ်ဒေသတွေကို သွားရောက်ကြတယ်။ နယ်စပ်ဒေသက ပြည်ပနိုင်ငံတွေကို ခိုလှုံနေကြရတယ်။ 

မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာ လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်တာ၊ ကူညီတာ၊ ထောက်ပံ့တာ၊ လှုံ့ဆော်တာ၊ သပိတ်တိုက်ပွဲတွေမှာ ပါဝင်တာ၊ အားပေးကူညီတာ၊ မြို့ပြပြောက်ကျားဆန့်ကျင်မှုတွေမှာ ပါဝင်တာ၊ အားပေးကူညီတာ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေ၊ ထောက်ပံ့ကူညီသူတွေ၊ ဒီမိုကရက်တစ်တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ အနုပညာရှင်တွေ၊ ကျောင်းသားတွေနဲ့ သတင်းစာဆရာ / ဂျာနယ်လစ်တွေဟာ ပြည်ပနိုင်ငံအသီးသီးနဲ့ မြန်မာပြည်နဲ့ နီးစပ်တဲ့ အိန္ဒိယနယ်စပ်ဒေသနဲ့ ထိုင်းနယ်စပ်ဒေသတွေမှာ ခိုလှုံပြောင်းရွှေ့ကြရတယ်။ အဲသည့်ထဲက တချို့တစ်ဝက်ဟာ လွတ်မြောက်ဒေသနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေရဲ့ ထိန်းချုပ်မှုလက်အောက်က ဒေသတွေမှာ ပြောင်းရွှေ့နေထိုင်ကြရတယ်။ ပဋိပက္ခကြောင့်၊ စစ်ဘေးကြောင့်၊ နိုင်ငံရေးကြောင့်၊ စီးပွားရေးကြောင့် — မြန်မာနိုင်ငံမှာ အကြီးအကျယ် လူဦးရေ အရွှေ့အပြောင်းကြီး ဖြစ်ထွန်းနေတာတွေ့ရပါတယ်။ 

ယာယီ / အမြဲတမ်း 

၂၀၂၁ – ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားနေတဲ့ မြန်မာ့လူဦးရေ အရွှေ့အပြောင်းကိစ္စတွေထဲမှာ – ယာယီပြောင်းရွှေ့မှုတွေ အလွန်အမင်း များပြားသလို၊ အမြဲတမ်းနေထိုင်ဖို့ ပြောင်းရွှေ့ကြတာတွေလည်း အမြောက်အမြား ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ အနည်းဆုံး (၅) နှစ်လောက်အထိ ပိုကောင်းလာနိုင်တဲ့အခြေအနေ မရှိဘူးဆိုတာ ပြည်သူလူထုအတော်များများက သိနားလည်နေပါတယ်။ ဒါ့အပြင် မြန်မာပြည်ဟာ ပွင့်လင်းလွတ်လပ်သော နိုင်ငံအဖြစ် မျှော်လင့်ချက် ရောင်ခြည်သမ်းနိုင်ဖို့ အနည်းဆုံး (၁၀) နှစ်လောက်အတွင်း လုံးဝ မဖြစ်နိုင်ဘူးဆိုတဲ့ တွက်ဆမှုတွေလည်း ရှိနေပါတယ်။ အပြင်းထန်ဆုံးသော လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အကျယ်ပြန့်ဆုံးသော အမုန်းတရားတွေဟာ မြန်မာပြည်ကို ပတိရူပဒေသ မဖြစ်အောင် ကျေးဇူးပြုနေပါတယ်။

မြို့ပြ / ကျေးလက် 

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲမှာ လူအစုလိုက်အပြုံလိုက် အတွင်း အဓမ္မရွှေ့ပြောင်းအောင် တွန်းအားပေးခံရတာတွေ ရှိပါတယ်။ လက်နက်ကို အသုံးပြုပြီး မိမိနေထိုင်ရာ ဒေသမှာ မနေနိုင်အောင် ခြိမ်းခြောက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို မြန်မာစစ်တပ်ဟာ သူ့အကျိုးစီးပွားကို ရှေ့ရှုပြီး လုပ်ပါတယ်။ ဒါကို ကျေးလက် အပါအဝင် မြို့ပြမှာလည်း ကြုံရပါတယ်။ မြန်မာနိုင်ငံတွင်းက ငယ်ရွယ်နုပျိုတဲ့ လူငယ် ယောက်ျား / လူငယ် မိန်းမတွေ အပါအဝင် လူလတ်ပိုင်း အရွယ်တွေလည်း မိမိနေရပ်ကို စွန့်ခွာပြီး ပုံစံအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် စီးပွားပျက်ကပ်အဆင့်ထိ ရောက်ကလာတဲ့ မြန်မာနိုင်ငံမှာ အခြေခံအလုပ်သမားတွေရဲ့ စားဝတ်နေရေးကလည်း အလွန်အမင်း ကျပ်တည်းလာခဲ့ပါတယ်။ ရတဲ့ လုပ်ခလစာနဲ့ မကာမိတဲ့ ငွေကြေးဖောင်းပွမှု အလွန်အကျွံ မြင့်မားလာတာကြောင့် ပြည်ပနိုင်ငံကို ထွက်ခွာမှုဟာ သိန်းနဲ့ချီ မြင့်တက်လာပါတယ်။ ပြည်ပကို ရွှေ့ပြောင်းထွက်ခွာတဲ့ မြန်မာတွေဟာ ဥပဒေအရ အကာအကွယ်ပေးခံရခြင်း မရှိပါဘူး။ မြန်မာပြည်မှာ ပြည်တွင်းစစ်နေတဲ့အပြင် စစ်အုပ်ချုပ်မှုဖြစ်ထွန်းနေတာကြောင့် ပြည်တွင်း အပါအဝင် ပြည်ပသို့ ရွှေ့ပြောင်းတဲ့ မြန်မာတွေဟာ ဥပဒေရဲ့ ကာကွယ်ပေးခြင်း မခံရဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွှေ့ပြောင်းနေကြရပါတယ်။ 

ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ရွေ့နေ

လက်ရှိ မြန်မာနိုင်ငံတွင်းက လူမှုနိုင်ငံရေးအခင်းအကျင်းနဲ့ လူမှုစီးပွားရေးအဆင့်အတန်းတွေ နိမ့်ကျပျက်စီးနေတာကြောင့် လူထုရဲ့ နေ့စဉ် စားဝတ်နေရေးနဲ့ အခြေခံ လုံခြုံရေးတွေလည်း ပျက်စီးနေပါတယ်။ မြို့ပြမှာလည်း နေ့စဉ်လိုလို ခိုးဆိုးလုနှိုက်တဲ့ ဒုစရိုက်မှုတွေ ရုတ်တရက် မြင့်တက်လာတာကြောင့်၊ မြန်မာနိုင်ငံမှာ ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ လူဦးရေရွေ့မှုကြီးက ဆက်လက်ကြီးထွားနေပါလိမ့်မယ်။ ပတိရူပဒေသ မဖြစ်တဲ့ တိုင်းပြည်မှာ မနေပျော်လို့၊ မလုံခြုံလို့၊ နှစ်မြို့စရာမကောင်းလို့၊ အခွင့်အလမ်းနိမ့်ပါးလို့၊ မသတီလို့၊ နေထိုင်လို့ မဖြစ်တော့လို့ ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေဟာ ဆက်လက်မြင့်မားနေပါလိမ့်မယ်။ 

မင်းသေ့ 

နေ့လယ် ၁၂း၁၁ 

၇ ၊ အောက်တိုဘာ၊ ၂၀၂၂။

Previous post လူပိန်းတွေကို လွန်ဆန်နိုင်သူ ရှိသလား
Next post ဘယ်လို ဗမာပါလိမ့်….