လူပိန်းတွေကို လွန်ဆန်နိုင်သူ ရှိသလား

  • လူပိန်းကြိုက်ဝါဒထဲက ရဲရဲဝံ့ဝံ့ ဖောက်ထွက်နိုင်မယ့် နိုင်ငံရေးသမားစစ်စစ်များ အလိုရှိသည်

ပေါ်ပြူလစ်ဇင်လို့ ပြောလို့၊ ပေါ်ပြူလစ်ဇင်ဆိုတာ ဘာလဲ။ ပေါ်ပြူလစ်ဇင်ဆိုတာ လူပိန်းကြိုက်ဝါဒပဲ။ တချို့ကတော့ နည်းနည်း ခပ်လျော့လျော့ ပြောတယ်။ ပေါ်ပြူလစ်ဇင်ဆိုတာ အများကြိုက်ဝါဒ။ ပေါ်ပြူလာဖြစ်တယ်ဆိုတာ အများကြိုက်တာကို ခေါ်တယ် မို့လား။ လူအုပ်စုတစ်စု၊ သို့မဟုတ် လူအုပ်ကြီး တစ်အုပ်၊ လူအတော်များများအကြားမှာ အလွန်အမင်း ရေပန်းစားလွန်းရင် ပေါ်ပြူလာဖြစ်တယ်လို့ သုံးနှုန်းတယ်။ အများကြိုက်ဝါဒ နဲ့ လူပိန်းကြိုက်ဝါဒ ထပ်တူချလိုက်လို့ ဒီဘာသာပြန်ချက်ကို တချို့က ခံတွင်းတွေ့ချင်မှ တွေ့မယ်။ ဒါပေမယ့် ကိစ္စ မရှိပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်အပြည့် ရှိပါတယ်။ 

အများသဘော အမှားပေါ 

အများသဘော အမှားပေါ၏… လို့ ၊ ဦးသန့် လက်ရွေးစင်စာများ စာအုပ်ထဲမှာ ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးတယ်။ အများသဘော အမှားပေါ… ဆိုတာဟာ အရစ္စတိုခရက်တွေရဲ့  ဖွင့်ဆိုချက်လား၊ သို့တည်းမဟုတ် တက်ခနိုခရက်တွေရဲ့ ဖွင့်ဆိုချက်လားလို့ တိတိပပ မပြောနိုင်ပါ။ နိုင်ငံရေးဒဿနတွေးခေါ်ရှင် အရစ္စတိုတယ်ကတော့ သူရဲ့ အစိုးရ ပုံစံ (၆) မျိုး သရုပ်ခွဲချက်ထဲမှာ၊ လူအများသဘော လူအများစုသဘောနဲ့ လုပ်တဲ့ ဒီမိုကရေစီကို ပုံပျက်တဲ့ အစိုးရပုံစံ အုပ်စုထဲမှာ ထည့်ထားတာတွေ့ရတယ်။ ဒီမိုကရေစီရဲ့ အားနည်းချက်ကိုယ်၌က ၊ အများညီ ရင် ဤကို ကျွဲလို့ ဖတ်— တဲ့ သဘောရှိတယ် မဟုတ်လား။ ဒါကို ဒီမိုကရေစီအနိုင်ကျင့်မှုလို့ သုံးနှုန်းတယ်။ အင်္ဂလိပ်လို အသုံးအနှုန်းကတော့ tyranny of majority လို့ ခေါ်တယ်။ 

ပေါ်ပြူလစ်ဇင် တစ်ခေတ်ဆန်းချိန် 

မြန်မာနိုင်ငံမှာ ပေါ်ပြူလစ်ဇင်က ငုပ်လျှိုးခဲ့ချိန် ရှိခဲ့ဖူးပါတယ်။ အထူးသဖြင့် အများရဲ့ သဘောထား၊ လူထုရဲ့ သဘောထားကို ကန့်သတ်ပိတ်ပင်တားဆီးထားတဲ့ အာဏာရှင်စစ်အစိုးရတွေလက်ထက်တုန်းက ပေါ်ပြူလစ်ဇင်ဆိုတာ တည်ရှိခွင့် မရှိပါဘူး။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးအပွင့် ဖြစ်တဲ့ ၂၀၁၁ – ၂၀၁၂ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပေါ်ပြူလစ်ဇင်က ခေါင်းထောင်ထလာတယ်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ကာလနဲ့ အရပ်သားအစိုးရတက်ပြီး နောက်ပိုင်းမှာ ပေါ်ပြူလစ်ဇင်ဟာ အလွန်အမင်း ခေါင်းထောင်ထလာတယ်။ လူထုအသည်းကျော် ဒီမိုကရက်တစ်နိုင်ငံရေးခေါင်းဆောင်ဟာ အာဏာရော ဩဇာပါ ပူးတွဲရရှိတဲ့ အခိုက်အတန့်သော ယာယီကာလလို့ ပြောနိုင်တယ်။ ဒီကာလမျိုးမှာ ပေါ်ပြူလစ်ဇင် တစ်ခေတ်ထခဲ့တယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတော့လည်း ပေါ်ပြူလစ်ဇင် တစ်ခတ်ပြန်ထလာပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ — စစ်အာဏာရှင်ကို ရွံ့ရှာမုန်းတီးစိတ်နဲ့ နာကြည်းစိတ်တွေက ပေါ်ပြူလစ်ဇင်ကို သက်ဆိုးရှည်အောင် လုပ်ပေးတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ပေါ်ပြူလစ်ဇင် တစ်ခေတ်ဆန်းလာတာဟာ context သာ ပြောင်းသွားတယ်၊ trend ကတော့ အတူတူပဲလို့ ပြောနိုင်တယ်။ 

လူပိန်းကြိုက် / အများကြိုက် 

ယခင်ကတော့ ဒီမိုကရက်တစ်ပေါ်ပြူလစ်ဇင်ဟာ မဟာခေါင်းဆောင်ကြီးဝါဒနဲ့အတူ ပုဂ္ဂိုလ်ကိုးကွယ်မှုဓလေ့နဲ့ ပူးတွဲပြီး ရှင်သန်ခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ — ပေါ်ပြူလစ်ဇင်ဟာ မြန်မာစစ်တပ်ကို အမုန်းကြီးမုန်းတဲ့စိတ်နဲ့ အထွေထွေ မကျေနပ်မှု၊ အထွေထွေ ဖိနှိပ်ညှင်းပန်းခံရမှုတွေကနေ ပြန်လည်သက်ဆိုးရှည်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာ၊ လူပိန်းကြိုက်ဝါဒဟာ – အများကြိုက်ဝါဒအသွင်မျိုး ပုံပြောင်းလာပါတယ်။ ဒါပေမယ့် ဒါဟာ မြန်မာဝေါဟာအနက်သဘောမှာသာ ကွဲပြားပေမယ့် ပေါ်ပြူလစ်ဇင်ရေစီးထဲမှာပဲ ရှိနေတဲ့သဘောဖြစ်ပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအားလုံးထဲမှာ စီးမျောသူအားလုံးကို ပေါ်ပြူလစ်ဇင်ရေစီးထဲ မျောပါနေသူလို့ ပြောနိုင်သလား။ အဲသည်လိုတော့ မဟုတ်ပါဘူး။ ခြွင်းချက်တွေ ရှိနေပါတယ်။ အထူးသဖြင့် …. နိုင်ငံရေးအရ ထောက်ခံ မဲဆွယ်မှု လုပ်သလိုလိုနဲ့ ကျုံးသွင်းပြီး မျှားခေါ်တဲ့ နိုင်ငံရေးကြွေးကြော်သံတွေနဲ့ နိုင်ငံရေးဇာတ်သွင်းမှုတွေ အတော်များများဟာ ပေါ်ပြူလစ်ဇင်နဲ့ နှီးနွယ်ပတ်သက်နေပါတယ်။

နိုင်ငံရေးကျုံးသွင်းမှု

လူထုကြားထဲ ပေါ်ပြူလာဖြစ်ဖို့ နိုင်ငံရေးအရ ကျုံးသွင်းဖို့ ကြိုးစားတဲ့အခါ၊ ငြင်းဆန်ရခက်တဲ့ ယေဘုယျစကားလုံးတွေကို သုံးစွဲတတ်ပါတယ်။ လူအများသည်းခြေကြိုက်အရေးအရာတွေကို တကယ့်နိုင်ငံရေးပြဿနာကြီးသဖွယ်၊ သို့မဟုတ် တကယ့်ပြဿနာရင်းမြစ်သဖွယ် ပြောတတ်ဟောတတ် ကြွေးကြော်တတ်ကြပါတယ်။ တခါတရံလည်း “မှတပါး အခြား မရှိ” ဆိုတာမျိုးတွေလိုမျိုး တရားသေ ကောက်ချက်စွဲပြီး စည်းရုံးတတ်ကြပါတယ်။  

လူအုပ်ကြီးထောက်ခံအောင် အများရဲ့ အလွန်အမင်း ဆတ်ဆတ်ထိမခံတဲ့ကိစ္စရပ်တွေကို ရွေးထုတ်ကောက်နုတ်ပြီး နိုင်ငံရေးအရ ထောက်ခံမှု ရှာကြံတတ်တာတွေ ရှိပါတယ်။ ဒီလို လုပ်ရပ်မျိုးတွေနဲ့ နိုင်ငံရေးသမားတွေဟာ လူအုပ်ကြီးနောက်လိုက်ပြီး ရေသာခို အချောင်လိုက်တတ်ပါတယ်။ ဒါ့အပြင် လူထုဆန္ဒ ၊ လူထုသဘောထားဆိုပြီး လူအုပ်ကြီးရဲ့ နောက်မြီးဆွဲလည်း ဖြစ်တတ်ပါသေးတယ်။ သူ့အလိုနဲ့ ကိုက်ညီရင် လူအုပ်ကြီးကို မြှောက်ပေးတတ်ပြီး၊ သူ့အရည်အချင်း ညံ့ဖျင်းမှုပေါ်လာရင် လူထုကိုသော်လည်းကောင်း၊ လူထုမုန်းတီးရွံ့ရှာတဲ့အရာတစ်ခုခုကိုသော်လည်းကောင်း ထိုးချ အပြစ်တင်ဖို့လည်း ဝန်မလေးပါဘူး။ ဒီလိုနဲ့ အများကြိုက်ကိစ္စရပ်တွေဟာ တဖြည်းဖြည်းနဲ့ လူပိန်းကြိုက်ကိစ္စရပ်တွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ ဒီနှစ်ခုဟာ အမြဲတမ်း ရောထွေးနေတတ်ပါတယ်။ တခါတရံမှာတော့ ခပ်ခွာခွာ ရှိတတ်ပြန်တယ်။ ဒါပေမယ့် ဒါဟာ ပေါ်ပြူလစ်ဇင်ရေစီးထဲက ထွက်မသွားပါဘူး။ 

မမှား ၊ သို့သော် မမှန် 

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလို့ အမည်တပ်ပေမယ့် တဖက်မှာလည်း လူပိန်းကြိုက်ဝါဒရေစီးထဲမှာ မျောပါနေဆဲဖြစ်တယ်ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ ပေါ်ပြူလစ်ဇင် (တနည်း) လူပိန်းကြိုက်ဝါဒနဲ့ ပူးတုံခွာတုံ ရှိနေတယ်ဆိုတာ  တွေ့ရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးထဲမှာ ပါဝင်လို့ လူပိန်းကြိုက်ဝါဒထဲ ပိတ်မိနေသားလို့ တရားသေ ကောက်ချက်ဆွဲလို့လည်း မရပါဘူး။ ဒီနှစ်မျိုးအတွဲအဆက်ဟာ — မမှား ၊ သို့သော် မမှန်လို့ ပြောရမယ့်ကိစ္စတွေ ခပ်များများ ရှိနေပါတယ်။ နိုင်ငံရေးမှာ ပူးတုံခွာတုံ ကောက်ချက်ဆွဲမှုတွေရဲ့ သဘောသဘာဝကို ကောင်းကောင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။ 

လူအများ လိုလားချက်တိုင်းဟာ အမှန် မဟုတ်သလို၊ အမြဲတမ်း အမှားလည်း မဟုတ်ပြန်ပါဘူး။ ဘယ်လို အရာဟာ အကြောင်းအကျိုး ညီညွတ်တယ်၊ ဘယ်လိုအရာဟာ ယထာဘူတကျတယ်၊ ဘယ်လိုအရာဟာ တော်တည့်မှန်ကန်တယ်၊ ဘယ်လိုအရာဟာ သင့်မြတ်ကောင်းမွန်တယ်ဆိုတာကို ရေးရာအလိုက် စဉ်းစားဆုံးဖြတ်ရတာဖြစ်ပါတယ်။ 

ပူးတုံ ခွာတုံ လော့ဂျစ် 

မြန်မာ့နွေဦးတော်လှန်ရေးဟာ ပေါ်ပြူလစ်ဇစ် (တနည်း) လူပိန်းကြိုက်ဝါဒနဲ့ ပူးတုံခွာတုံ ဖြစ်နေတယ်ဆိုတာကို သတိချပ်ဖို့ လိုတယ်။ လူပိန်းကြိုက်ဝါဒ (တနည်း) ပေါ်ပြူလစ်ဇင်ဆိုတာ အများသဘောကျရင် အားလုံး အမှန်လို့ တရားသေ တစ်ထစ်ချ ကောက်ယူပြီး အများသဘောနဲ့ အမှား အမှန်ကို ဆုံးဖြတ်ခြင်း အမြင်အယူအဆတွေကနေ လာတယ်ဆိုတာ သိသင့်ပါတယ်။ တကယ်တော့ အများသဘောပေမယ့် တော်တည့်မှန်ကန်မှု မရှိရင် ငြင်းဆိုရဲရပါလိမ့်မယ်၊ ငြင်းဆန်ရဲရပါလိမ့်မယ်၊ ကန့်ကွက်ရဲရပါလိမ့်မယ်။ အဲသည့်အတွက် သတ္တိလိုပါတယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲမှာ လူပိန်းကြိုက်ဝါဒထဲက ရဲရဲဝံ့ဝံ့ ဖောက်ထွက်နိုင်တဲ့ နိုင်ငံရေးသမား စစ်စစ်တွေ လိုနေပါတယ်။ 

မင်းသေ့ 

နံနက် ၂း၃၃ 

၈ ၊ အောက်တိုဘာ၊ ၂၀၂၂။

Previous post တိုင်းရေးပြည်သစ် – ၁
Next post မြန်မာ့လူဦးရေရွေ့မှုကြီး