မြင့်မာန်  နဲ့  မင်းသေ့ဆွေးနွေးချက် (အပိုင်း – ၁) 

ကိုမင်းသေ့ — ကိုမြင့်မာန်ရေ…. ။ ဒီနေ့တော့ တိုင်းရေးပြည်သစ် အကြောင်း နည်းနည်း ပြောချင်တယ်ဗျာ။ အထူးသဖြင့် တိုင်းသစ်ပြည်သစ် တည်ဆောက်ရေးကိစ္စပေါ့။ တိုင်းပြည်တစ်ခုရယ်လို့ ဖြစ်လာဖို့ အခြေခံအချက်တွေက ဘာတွေ လိုတယ်လို့ ထင်သလဲ၊ ကျနော် အဲဒါ မြန်မာပြည်ရဲ့ အခြေအနေနဲ့ အပ်စပ်ပြီး ဆွေးနွေးချင်တယ်ဗျာ။ ကဲ… ခင်ဗျား အမြင် ပြောစမ်းပါအုံး။ 

ကိုမြင့်မာန် — နိုင်ငံရေးသီဝရီတွေကိစ္စကတော့ တစ်ကဏ္ဍပေါ့။ တိုင်းသစ်ပြည်သစ်တစ်ခုမှာ ဘာလိုလဲဆို ကိုယ့်တိုင်းပြည်မှာ မရှိတဲ့ဟာတွေပဲ ပြေးပြေးမြင်တာပဲ။ 

ကိုမင်းသေ့ — ကျနော်တို့ တိုင်းပြည်က ဘာတွေ မရှိဘူးလို့ ထင်လို့လဲဗျ။ တကယ်တော့ မရှိတာတွေက အများကြီးနော်။ ရှိထားတာတွေတောင်မှ ပီပီပြင်ပြင် မဖြစ်တာတွေလည်း တစ်ပုံကြီး။ ဒါတွေကို အခြေခံအားဖြင့် ခင်ဗျား ထပ်ရှင်းစမ်းပါအုံး။ 

ကိုမြင့်မာန် — အသုံးကျတဲ့လူ နည်းတာ။ ကိုယ့်တိုင်းပြည်မို့ သာသာထောင်းတာ။ တကယ်က တိုင်းပြည်အတွက် လိုအပ်တဲ့ လူသားအရင်းအမြစ်က ရှိကို မရှိတာ။ တိုင်းပြည်တစ်ခု ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ လူသားအရင်းအမြစ် မရှိဘူး။ ဟန်ကျအောင်လုပ်နိုင်သူ သိပ်နည်းတယ်။ ဟန်ကျအောင်လုပ်နိုင်သူနည်းတော့ တိုင်းပြည်ကလည်း ဟန်ကျပန်ကျ မဖြစ်ခဲ့ဘူး။ အတားအဆီးတွေကြောင့်ဆိုတာတော့ ရှိတာပေါ့လေ။ နိုင်ငံရေးအဆင်မပြေတာတွေကြောင့်လိုတော့ ပြောလို့ရတာပေါ့။ အာဏာရှင်ကြောင့်လို့လည်း ပြောလို့ရတာပေါ့။ ဒါပေမယ့် မရှိတာက မရှိတာပဲ။ မရှိရင်တော့ တိုင်းပြည်က လူရိုသေ ရှင်ရိုသေ ဖြစ်မှာ မဟုတ်ဘူး။ အဲ့တော့ လူတွေချည်းသီးသန့်မဟုတ်ပဲ၊ အရည်အသွေးပါ ပါတဲ့ လူတွေလိုအပ်တယ်။ ဆိုင်ရာ ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ဖြည့်ဆည်းနိုင်မယ့်လူတွေ လိုအပ်တယ်။ အဲ့ဒီအတွက် ရင်းနှီးမြုပ်နှံဖို့ အရေးကြီးတယ်လို့ မြင်တယ်။ 

ကိုမင်းသေ့ — ခင်ဗျားက အသုံးကျတဲ့လူ လို့ ပြောတော့၊ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ ဟောတဲ့ တရားထဲက ဟောကြားချက်ကို သတိရမိသေးတယ်။ “တန်ဖိုးသိမှ တန်ဖိုးရှိတာ…တဲ့” နောက် ရှိသေးတယ်။ အသုံးချမှ အသုံးကျတာ၊ အသုံးကျမှ တန်ဖိုး ရှိတာ…တဲ့။ ကျနော်တို့ တိုင်းပြည်တွင်းမှာ တန်ဖိုးတွေရှိလာဖို့ တန်ဖိုးသိရေးဟာ အခြေခံ မဟုတ်လားဗျ။ ဘယ်သူတွေမှာ ဘယ်တန်ဖိုးတွေ ရှိတယ်ဆိုတာကို သိအောင် ပညာရေးကနေ စလုပ်မှ ရမယ်လို့ ကျနော် ထင်တယ်။ ခင်ဗျား ပြောတဲ့ လူ့အရင်းအမြစ်တွေဆိုတာလည်း ပညာရေးနယ်ကနေ စတည်ဆောက်ရမှာ မဟုတ်လား။ လက်ရှိ ကျနော်တို့ ပညာရေးက နိုင်ငံရေးဇာတ်အသွင်းခံထားရတော့ တကယ့် လူ့စွမ်းအားရင်းမြစ်တွေကို ဖြစ်ဖြစ်မြောက်မြောက် မွေးထုတ်နိုင်ပါ့မလားဗျ။ အဲဒါ ပြောစမ်းပါအုံး။ 

ကိုမြင့်မာန် — အသုံးကျတဲ့သူတွေ၊ အရေးအသွေးမြင့်တဲ့လူတွေ လိုအပ်တယ်ဆိုတာကတော့ သေချာတယ်။ တိုင်းပြည်တစ်ခုမှာရှိတဲ့လူတွေဆိုတာက အဖွဲ့အစည်းတစ်ခုအတွင်းက ဝန်ထမ်းတွေ၊ ကုမ္ပဏီတစ်ခုမှာရှိတဲ့ ဝန်ထမ်းတွေလိုပဲ။ အဲ့လူတွေ အရည်အသွေးမြင့်မှ တိုးတက်တာ။ အဲ့လို တိုင်းပြည်တစ်ခုမှာရှိတဲ့ အရည်အသွေးရှိတဲ့လူတွေကို အသုံးချရကောင်းမှန်းမသိတဲ့ အုပ်စိုးသူ၊ ဒါမှမဟုတ် တမင်ရည်ရွယ်ချက်ရှိရှိအသုံးမချတဲ့အုပ်စိုးသူတွေ ခေတ်အဆက်ဆက်ရှိခဲ့တယ်။ ဒါက တစ်ကြောင်း။ ဟုတ်ပါတယ်။ ပညာရေးက အရေးကြီးတယ်။ အဖွဲ့အစည်း၊ ကုမ္ပဏီတို့နဲ့ ဥပမာနှိုင်းရရင် ပညာရေးဆိုတာ HR ဌာနလိုပဲ။ လူသားအရင်းအမြစ်တွေကို မွေးထုတ်ပေးတာ။ တိုင်းပြည်အတွက် အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ ပညာရှင်တွေ၊ နောက်တော့ အနုပညာရှင်တွေပါ ပါနိုင်တယ်။ အဲ့လို မွေးထုတ်ပေးတဲ့နေရာ၊ လေ့ကျင့်သင်ကြားပေးတဲ့နေရာကို စနစ်တကျ ဖျက်ဆီးခဲ့တာကလည်း လူသားအရင်းအမြစ်ကို အရည်အသွေးညံ့ဖျင်းစေခဲ့တာပဲ။ ဒါကလည်း မလုပ်တတ် မကိုင်တတ်တာရော၊ ပြီးတော့ လုပ်တတ် ကိုင်တတ်သူတွေ နေရာမပေးတာရောကြောင့်ပါတယ်။ ပြီးတော့ လုပ်တတ်ကိုင်တတ်သူတွေ များများစားစားလည်း အစိုးရအဆက်ဆက်က လိုချင်ခဲ့ဟန်မတူဘူး။ အဲ့တော့ မှန်တယ်။ ပညာရေးစနစ်ကောင်းမှ လူသားအရင်းအမြစ်က ဖွံ့ဖြိုးမယ်။ တခြားနည်းနဲ့ ဖွံ့ဖြိုးအောင်လုပ်လို့ရတာတွေရှိပေမယ့် ကောင်းမွန်တဲ့ ပညာရေးစနစ်ကပဲ ရေရှည်တည်တဲ့တဲ့ အရင်းအမြစ်ကို မွေးထုတ်ပေးနိုင်မယ်။ တကယ်တော့ လူသားအရင်းအမြစ်ဆိုရာမှာ လုပ်နိုင်စွမ်း ကိုင်နိုင်စွမ်းချည်း မဟုတ်ပါဘူး။ ပညာရေးစနစ်က လူပီသတဲ့လူ၊ လူ့အဖွဲ့အစည်းကို ကောင်းမွန်နေပျော်အောင် ဖန်တီးစေတဲ့သူ၊ လူ့အဖွဲ့အစည်းဝင်ကောင်းတွေကိုပါ မွေးထုတ်ပေးတာ။ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့လူတွေကို ကျင့်ဝတ်ပါ ထည့်ပေးလိုက်တာ။ အဲ့လို ပညာရေးစနစ်က လိုကို လိုအပ်တယ်။ တခြား ပင်လယ်ကြီးကြည့်ပြီးပဲ မာနထောင်ထောင်၊ ကျောက်စိမ်းတွင်းကြီးလက်ညိုးထိုးပြီးပဲ ကြွားကြွား တခြားဘာတွေပဲရှိရှိ လူသားအရင်းအမြစ် မဖွံ့ဖြိုးရင်တောာ့ ဘာမှဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာစရာမရှိဘူး။ ပိုတာင် ဆိုးလာစရာ ရှိကောင်း ရှိနိုင်တယ်။ လူသားရင်းမြစ်ဖွံ့ဖြိုးဖို့ဆိုတာလည်း ပညာရေးစနစ်ကောင်းမွန်မှပေါ့။

ကိုမင်းသေ့ — လက်ဝဲဩဇာ သိပ်ကြီးတဲ့ ကျနော်တို့နိုင်ငံမှာ နီရမယ် ချွန်ရမယ်….၊ နောက်တော့ ဘယ်လို ပြောင်းလာသလဲဆိုတော့ … ချွန်စရာ မလိုဘူး၊ နီရင် ရပြီ …ဆိုတဲ့ အယူအဆတွေက လွှမ်းမိုးခဲ့ဖူးတယ်။ ဒါဟာ ထူးချွန်ထက်မြက်ရေးကို နိုင်ငံရေးဇာတ်သွင်းခဲ့တာပဲ။ ဒါက လက်ဝဲအုပ်စုဘက်က လုပ်ခဲ့တဲ့ကိစ္စ။ စစ်အစိုးရစနစ်တွေဖြစ်လာတော့လည်း ပညာရေးကို အမိန့်နာခံမှုဆိုတာနဲ့ ပုံသွင်းတယ်။ ဒါဟာ စစ်ဝါဒမှိုင်းကို အခြေပြုတည်ဆောက်တာပဲ။ ထိုနည်းလည်းကောင်း ပါလီမန်ဒီမိုကရေစီခေတ်မှာလည်း ဘာသာရေးသိပ်အားသန်တဲ့ ဝန်ကြီးချုပ်ဦးနုက ပညာရေးကို ဘာသာရေးဇာတ်သွင်းဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါက အကန့်အသတ်တချို့ကြောင့် လက်တွေ့ မအောင်မြင်လိုက်လို့။ ကျနော်တို့ တိုင်းပြည်မှာ လူ့စွမ်းအားအရင်းအမြစ်ဆိုတာကို  ဘယ်လောက်ထိ စစ်စစ်မှန်မှန် ပုံဖော်ခဲ့ဖူးလို့လဲ။ ပြီးတော့ ကျနော်တို့ နိုင်ငံမှာ လူသားရင်းမြစ်ဆိုတာ နိုင်ငံရေးပယောဂနဲ့ စစ်စရိုက်အသွင်းခံထားရတာ မဟုတ်လား။ ဒါကို ဘယ်လို ရုန်းထွက်နိုင်မှာလဲဗျာ။ 

ကိုမြင့်မာန် — အာဏာရှင်ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ ဆပ်ပြာခဲ၊ ဓာတ်ခဲကစ နိုင်ငံရေးက ဝင်ကန့်သတ်ခဲ့တာပဲ။ အညာဒေသမှာ ထန်းလျက်တောင် မှောင်ခိုကူးရတဲ့အကြောင်း ဆရာနိုင်ဝင်းဆွေရဲ့ “မသိန်းရှင်ဆီ ပို့ပေးပါ” ထဲမှာ ဖတ်ဖူးတယ်။ နိုင်ငံရေးဆိုတာ ဘာနဲ့မဆိုဆိုင်တယ်လို့ ယူဆကြတဲ့ အစဥ်အလာကလည်း တော်တော်စွဲနေတယ်။ အရာရာကို နိုင်ငံရေးထဲဆွဲသွင်းတဲ့ အာဏာရှင်ကို တော်လှန်ရာမှာလည်း အာဏာရှင်ဝင်ရှုပ်ရာကိစ္စရပ်တိုင်းကို နိုင်ငံရေးအမြင်နဲ့ ကြည့်တတ်တယ်။ အဲ့တော့ မီးဖိုချောင်ထဲက ကိစ္စကနေ စာသင်ကျောင်း၊ စာသင်ကျောင်းကနေ စီးပွားရေး….အားလုံးကို တော်လှန်ရေးအမြင်နဲ့ ကြည့်ချင်ကြတယ်။ တနည်းအားဖြင့် နိုင်ငံရေးဇာတ်သွင်းချင်ကြတယ်။ ဒါကလည်း သိပ်ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ အရာရာကို နိုင်ငံရေးဇာတ်သွင်းတဲ့ အာဏာရှင်ကို နိုင်ငံရေးဇာတ်မသွင်းပဲ ဘယ်လိုဖီဆန်မလဲဆိုတာက လက်တွေ့မှာ ဘယ်လိုလုပ်ရမလဲ ကျူပ်တော့ မပြောတတ်ဘူး။ ပညာရေးဟာ ဘာအတွက်လည်းဆိုတာလည်း မေးရမယ်ထင်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့  လူ့အစွမ်းအား အရင်းအမြစ်အတွက် မှန်တော့ မှန်တယ်။ သို့သော် ပညာရေးဆိုတာ ဒီထက်တော့ ပိုသင့်ပါတယ်။ 

ကိုမင်းသေ့ — ဒါ့ကြောင့်လည်း ကျနော်တို့ ရှေ့က ဆရာဆရာကြီးတွေက မြန်မာ့လူ့အဖွဲ့အစည်းဟာ အဆိုးကျော့သံသရာစက်ဝိုင်းထဲကနေ မထွက်နိုင်တာလို့ ပြောတာပေါ့။ ခင်ဗျား အခု ပြောတဲ့ ကိစ္စတွေက သက်သေပါပဲ။ နိုင်ငံရေးဇာတ်သွင်းတဲ့ အာဏာရှင်ကို နိုင်ငံရေးဇာတ် မသွင်းဘဲ ဘယ်လို ဖီဆန်မလဲ….တဲ့။ ဒီမေးခွန်းက အတော်စဉ်းစားစရာ ကိစ္စပဲ။ အခုလည်း ကြည့်။ မြန်မာပြည်မှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်တယ်။ CDM လှုပ်ရှားမှုဆိုပြီး ပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာ အများဆုံး movement ကြီးဖြစ်လာတယ်။ မြန်မာနိုင်ငံရေးသမားတွေဟာ တကယ့် ပြည်သူ့အာဏာဖီဆန်ရေးဆိုတဲ့ အနှစ်သာရဆိုတာကို တကယ်ရော နားလည်တယ်လို့ ထင်သလား။ CDM ဆိုတာ တကယ်တော့ နိုင်ငံရေးဇာတ်သွင်းတာပဲ။ တော်လှန်ရေးအလွန် ကာလမှာ နိုင်ငံရေးဇာတ်အသွင်းမခံရတဲ့ ပညာရေးစနစ်မျိုးကို တော်လှန်ရေးနယ်ထဲက ဖြတ်သန်းလာတဲ့ မျိုးဆက်က ဘယ်လိုလုပ် တည်ဆောက်နိုင်မလဲ။ ခင်ဗျား အခုပြောတဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုတာ နိုင်ငံရေးဇာတ်သွင်းခံရလည်း တကယ် တည်ဆောက်နိုင်တာ ဟုတ်ရဲ့လား…..။ ကျနော်တော့ မထင်ဘူး။ ဒီလိုနဲ့ မြန်မာပြည်ဟာ အဆိုးကျော့စက်ဝိုင်းထဲက မထွက်နိုင်ဘဲ မုန့်လုံးစက္ကူကပ် ဖြစ်နေအုံးမှာပဲဗျို့….။ 

ကိုမြင့်မာန် — ပညာရေးဟာ နိုင်ငံရေးထက် ပိုသင့်ပါတယ်။ လူဟာ လူဖြစ်တာနဲ့ပဲ သင်ယူလေ့လာခွင့်ရှိရမယ်။ ပညာရေးဟာ Universal ကိစ္စ။ နိုင်ငံရေးဟာ နိုင်ငံတွင်းကိစ္စနဲ့ နိုင်ငံတွေအချင်းချင်းကြားက ကိစ္စ။ အဲ့တော့ ပညာရေးဟာ နိုင်ငံရေးအကျိုးငှာလို့ ဖြစ်တာ မသင့်တော်ဘူး။ တချိန်တည်းမှာပဲ နိုင်ငံရေးဟာ ပညာရေးကိုလည်း လာပတ်သက်အုံးမယ်။ ဒါမျိုးကြတော့ တော်တော်ကို ခက်တဲ့ကိစ္စလို့ပြောရမယ်။ ပါဝင်သူခေါင်းဆောင်ကြီးအသီးသီး ဒီလိုမမြင်ဘူးဆိုရင် ပညာရေးကို နိုင်ငံရေးအကျိုးအတွက် အသုံးပြုကြမယ်။ တစ်ဖက်ကသုံးရင် တစ်ဖက်ကလည်း ငြိမ်မနေကြပြန်ဘူး။ မုန့်လုံးစက္ကူကပ်တာက တော်တော်ခွာရခက်တဲ့ကိစ္စပဲ။ ဘယ်လိုလုပ်မလဲ။ ဆရာ/ဆရာမဆိုတာလည်း လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တနည်းအားဖြင့် နိုင်ငံသားပဲဆိုတော့ မကြိုက်တဲ့စနစ်၊ မကြိုက်တဲ့ ခေါင်းဆောင်ကို ဝေဖန်မယ်။ ဖိဆန်မယ်။ ဒါကလည်း ခွင့်တော့ ခွင့်ပြုစရာလိုနေပြန်တယ်။ 

ကိုမင်းသေ့ — ဆိုရှယ်လစ်ခေတ်တုန်းကလည်း ဆိုရှယ်လစ်ပညာရေးစနစ်…တဲ့။ စစ်အစိုးရလက်ထက်တွေတုန်းကလည်း စစ်ကျွန်ပညာရေးစနစ်ပဲ ဖြစ်ခဲ့တာပဲ။ ဒီမိုကရေစီခေတ်ကျတော့လည်း ဒီမိုကရေစီပညာရေးတဲ့….။ ကဲ.. အခုလည်း ဖက်ဒရယ်အသံ ကျယ်လောင်နေပြန်ပြီ။ ဖက်ဒရယ်ပညာရေးဆိုတာလည်း ပြောနေကြတယ်။ ဒါတွေ အားလုံးဟာ နိုင်ငံရေးဇာတ်အသွင်းခံရတဲ့ ပညာရေးစနစ်တွေ ချည်းပဲ မဟုတ်လားဗျ။ အနောက်နိုင်ငံတွေကတော့ လစ်ဘရယ်ပညာရေးလို့ ထပ်ပြီး သုံးနှုန်းတာလည်း ရှိတာပဲ။ လူ့အဖွဲ့အစည်းအတွက်၊ လူသားကမ္ဘာအတွက် နိုင်ငံရေးဇာတ်အသွင်းမခံရတဲ့ ပညာရေးစနစ်ရယ်လို့ရော …. ကမ္ဘာပေါ်မှာ ရှိရဲ့လားဗျ။ ခင်ဗျားတော့ မသိဘူး။ ကျနော်တော့ လူတွေရဲ့ စတိုရီဖန်တီးချက်တွေနဲ့ လူတွေရဲ့ ပယောဂနဲ့ ဖန်တီးထားတဲ့ narrative (ဇာတ်ညွှန်း) တွေကို လူတွေ ယုံမှတ်အောင် ရိုက်သွင်းတဲ့ ပညာရေးစနစ်ကို အတော်ကြီး လန့်နေပြီဗျို့….။ 

ကိုမြင့်မာန် — ဟား……….လန့်လည်း လန့်ပေါ့။ ရှောင်လွှဲလို့က မရပြန်ဘူး။ လူဆိုတာ နိုင်ငံရေးသတ္တဝါဆိုတဲ့အဆိုကို အခြေပြုပြီး ပညာရေးဆိုတာလည်း နိုင်ငံရေးပဲလို သတ်မှတ်လည်း လုံးလုံးလျားလျားမှားတာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ ပညာရေးကို ဘယ်လိုအစီအမံတွေနဲ့ ဆောင်ရွက်ကြမလဲဆိုတာက အရေးကြီးတာပဲ။ အပြန်အလှန်သဘောတရားတော့ ရှိမှာပေါ့။ ဘယ်လိုအပြန်အလှန်သဘောမျိုးဖန်တီးမလဲဆိုတာက အရေးကြီးတာ။ အခြေခံအားဖြင့်တော့ လူမှန်ရင် ပညာသင်ယူခွင့်ရှိရမယ်။ သမိုင်း၊ ဘာသာစကား၊ ယဥ်ကျေးမှုတွေ သင်ကြားတာကတော့ နိုင်ငံရေးဇာတ်ကြောင်းတွေ ပါကောင်း ပါနိုင်တယ်။ ဘာပဲပြောပြော သင်ယူလေ့လာခွင့်ကတော့ မာမာထန်ထန်ကာကွယ်ပေးရမှာပဲ။ 

ကိုမင်းသေ့ — နိုင်ငံရေးသိပ္ပံသမားတွေနဲ့ နိုင်ငံရေးဒဿနသမားတွေက ပြောတော့– လူဟာ နိုင်ငံရေးသတ္တဝါတဲ့။ ဘောဂဗေဒသမားတွေကျတော့လည်း – လူဟာ စီးပွားရေးသတ္တဝါ…တဲ့။ လူမှုသိပ္ပံသမားတွေ ပြောတော့လည်း လူဟာ လူမှုရေးသတ္တဝါတဲ့….။ ဒီဘက်ခေတ် ဘိဇနက်နယ်မှာ အရောင်းမန်နေဂျာတွေကလည်း ပြောတယ်လေ။ လူအားလုံးဟာ အရောင်းသမားတွေ…တဲ့။ ကဲ… တံဆိပ်ခတ်တာတွေလည်း ကြည့်ဗျာ။ အားလုံးက ကိုယ့်ရှုထောင့်နဲ့ ကိုယ် ပြောနေကြတာပဲ မဟုတ်လား။ တကယ့် ပရမတ္တတရားက ဘာလဲ။ ပညာရေးနယ်မှာ တကယ့်ပရမတ္တပညာရေးဆိုတာ ရှိရဲ့လား။ လူအားလုံးဟာ ကိုယ့်လူ့အဖွဲ့အစည်းက တည်ဆောက်ထားတဲ့ စတိုရီ (တနည်းအားဖြင့်) အာရုံတရားတွေကိုပဲ ယုံမှတ်နေကြတာမလား။ လူတွေကို ဘာမြင်ခိုင်းမလဲ၊ ဘာတွေးခိုင်းမလဲဆိုတာကို အာရုံတရားတွေနဲ့ ဖန်တီးပြီး ဝန်းကျင်ကို လိုသလို တည်ဆောက်နိုင်တယ် မဟုတ်လား။ ဒီနေ့ခေတ် ပြောကြတာ ရှိတယ်လေ။ virtual world ကြီးတဲ့။ အားလုံးက ကိုယ်မြင်တာ၊ ကိုယ်ကြည့်တာအပေါ်မှာ အမှန်ထင်ပြီး ကောင်းနိုးထင်ရာ လုပ်နေကြတာပဲ မဟုတ်လား။ မြန်မာပြည်မှာလည်း အစိုးရအဆက်ဆက်၊ နိုင်ငံရေးသမားအဆက်ဆက်က ကိုယ်မြင်ရာ စွတ်ပြော၊ စွတ်လုပ်ခဲ့ကြတာပဲလေ။ တကယ့် အစစ်အမှန်ဆိုတာရော… ပညာရေးနယ်မှာ ဖြစ်လာပါ့မလား။ ကျနော်ကတော့ သိပ် မထင်ဘူး။ 

ကိုမြင့်မာန် — ဒါနဲ့ လူဆိုတာ စာရေးဆရာတွေချည်းလို့ ပြောလဲ မရပေဘူးလား။ တချို့က အင်တာနက်ပေါ်ရေးတယ်။ တချို့က စာအုပ်ထဲရေးတယ်။ တချို့က ချမရေးပဲ ပါးစပ်နဲ့ ရေးတယ်။ နိုင်ငံရေးသိပ္ပံနယ်ပယ်၊ လူမှုရေးသိပ္ပံနယ်ပယ်ကကို အတွေးအခေါ် အယူအဆတွေနဲ့ ဆင့်ကဲ ဆင့်ကဲ တည်ဆောက်လာတာ။ ဖြစ်တည်လာတာ။ အဲ့တော့ အယူအဆတွေက အယူအဆတွေပေါ့ဗျာ။ နိုင်ငံရေးက စာသင်ခန်းထဲမှာ ဝင်ရှုပ်တဲ့အခါ အဲ့ဒီ “အယူအဆတွေ” က “တွေ” ပြုတ်ပြီး “အယူအဆ” ဖြစ်သွားတာပဲ။ “ဗဟု” ဖြစ်ခွင့် မပြုဘူး။ တစ်ခုတည်း ယုံခိုင်းတာ။ ဘာနိုင်ငံရေးဝါဒကြီးပဲ ကျင့်သုံးနေနေ ဒီအယူအဆတွေက ကျောင်းစာသင်ခန်းတွေထဲမှာ (အခုလိုမျိုး) ရှင်သန်နေရမှာ။ လေ့လာငြင်းခုံနေရမှာ။ နိုင်ငံရေးက လာကန့်သတ်တာမျိုးတော့ သိပ်သဘောမတွေ့လှဘူး။ နိုင်ငံရေးက ပညာရေးကို လာထိန်းမယ်ဆိုရင် ထိန်းသင့်တဲ့နည်းက တစ်နည်းပဲရှိတယ်။ အဲ့ဒါက လွတ်လွတ်လပ်လပ် သင်ယူနိုင်ဖို့၊ အနှောက်အယှက်မရှိသင်ယူနိုင်ဖို့ အဝန်းအဝိုင်း (Space) ရှိနေအောင် ဖန်တီးထားခြင်းပဲ။ အဲ့ဒီ နိုင်ငံရေးက ဖန်တီးထားတဲ့ အဝန်းအဝိုင်းထဲကို နိုင်ငံရေးပါ ဝင်ရောက်ခွင့်မရှိတဲ့ အဝန်းအဝိုင်းဖြစ်ဖို့လိုတယ်။ 

ကိုမင်းသေ့ — ဟား… ဟား…. ဟား … ခင်ဗျားကတော့ လုပ်ပြီ။ ကျနော်က စာရေးဆရာ လုပ်နေပေမယ့် လူတိုင်းကို စာရေးဆရာလို့တော့ မပြောဝံ့ပါဘူးဗျာ။ ဟဲ ဟဲ ဟဲ ….။ စာရေးတာကလည်း စကားပြောတာပဲလေ။ စာရေးဆရာဟာ စကားကို အက္ခရာသင်္ကေတတွေနဲ့ ပြောဖို့ ကြိုးစားတာပဲ။ တကယ်တော့ စာရေးတယ်ဆိုတာ စကားပြောတာပဲ။ လက်နဲ့ ပြောတာပေါ့ဗျာ။ ဒီတော့ ခင်ဗျား ပြောသလို ညွှန်းမယ်ဆိုရင်လည်း ဒီလို အနက်ကောက်လို့ ရတာပေါ့။ သို့ပေမယ့် မကောက်ဝံ့ပါဘူးဗျာ။ ဟဲ ဟဲ ဟဲ …။ ခင်ဗျားက ကျနော့်ထက် အရင် ကောက်ချက်ဆွဲလို့ ရတာတွေ ပြောတာကိုး။ မပြောဝံ့ပါဘူး…. ဟဲ ဟဲ ….

ကိုမြင့်မာန် — ပြောပြီးသွားပြီ မဟုတ်လား။ ခင်ဗျားတို့လို စကားလုံးတွေနဲ့ ကစားတတ်သူတွေ သိပ်ကြောက်ဖို့ ကောင်းတယ်။ 

ကိုမင်းသေ့ — ဟား ဟား ဟား .. ကိုမြင့်မာန်အောင် ကြောက်ဖို့ကောင်းတယ် ပြောမှတော့ ဒီနေ့ စကားဝိုင်းကို ဒီမှာတင် ရပ်မှပဲဗျို့…။ ကဲကဲ… နောက်နေ့ ဆက်ကြစို့။ သွားပြီဗျာ။ ဒီနေ့ ဆွေးနွေးချက်တွေအတွက် ခင်ဗျားကို ကျေးဇူးတင်တယ် ကိုမြင့်မာန်ရေ…..။ 

ကိုမြင့်မာန် — ဖြေးဖြေး၊ တော်ကြာ နိုင်ငံရေးဇာတ်သွင်းထားတဲ့ ဆေးရုံထဲမှာ တိုင်ပတ်နေအုံးမယ်။ 

ကိုမင်းသေ့ — ဟုတ်ပြီဗျို့…။ 

ဤဆွေးနွေးချက်ဆောင်းပါးကို မြင့်မာန် နှင့် မင်းသေ့တို့ ပူးတွဲရေးသားထားပါသည်။ 

မြင့်မာန်သည် ဘာသာပြန်ခြင်း၊ စာရေးခြင်း နှင့် သုတေသနအလုပ်တို့ကို လုပ်ကိုင်နေသူဖြစ်ပြီး လူမှုကွန်မြူနတီလုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါသည်။

Previous post တို့ကနန်းဆိတ်ကနန်း လုပ်နေတာတွေ ရပ်ဖို့
Next post လူပိန်းတွေကို လွန်ဆန်နိုင်သူ ရှိသလား