တို့ကနန်းဆိတ်ကနန်း လုပ်နေတာတွေ ရပ်ဖို့

လူတော်တော်များများကို ကြည့်ရင်၊ သိနားလည်မှုကို လုပ်တဲ့နေရာမှာ စပ်စုရုံအဆင့်ထက် မပိုတာကို တွေ့ရတယ်။ ထို့နောက် တစ်ခုခုကို ဆုံးဖြတ်ပြီး လုပ်ကြကိုင်ကြတဲ့အခါမှာလည်း မည်ကာမတ္တအဆင့်လောက်နဲ့ ရပ်သွားကြတာများတယ်။ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီး လုပ်ကြတဲ့အခါမှာ ဘာလို့ အမည်ခံရုံအဆင့်လောက်နဲ့ ပြီးသွားကြသလဲ။ ဘာလို့ မည်ကာမတ္တအဆင့်မျှလောက်နဲ့ ရပ်သွားကြသလဲ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို ဆုံးခန်းတိုင်အောင် မလုပ်တဲ့အကျင့်ကနေ လာပါတယ်။ ကိစ္စတစ်ခုကိုလုပ်ရင် တို့ကနန်းဆိတ်ကနန်းပဲ။ တို့ရုံထိရုံလောက်ပဲ။ ထိထိမိမိ ဖြစ်အောင် မလုပ်ဘူး။ ခြေခြေမြစ်မြစ် သိအောင် မကြိုးစားဘူး။ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင် မကြိုးစားဘူး။ သာမန်လောက်နဲ့ မဖြစ်စလောက်နဲ့ ကျေနပ်ရုံ အဆင့်လောက်နဲ့သာ တင်းတိမ်နေကြတာများတယ်။ 

ကျနော်တို့ မြန်မာတွေရဲ့ အကျင့်ဗီဇထဲမှာ၊ ဒီလို တို့ကနန်းဆိတ်ကနန်းပဲ လုပ်တတ်တဲ့အကျင့်က စွဲနေကြတာများတယ်။ တချို့ကျတော့လည်း အလွန်အကျွံ အစွန်းရောက်ပြီး တဇောက်ကန်း လုပ်ကြတာတွေ့ပြန်ရော။ ဒါကျတော့လည်း အကန့်အသတ်ကို မသိတာ၊ အတိုင်းအရှည်ကို နားမလည်တာ ဖြစ်ပြန်ရော။ 

တကယ်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် အပေါ်ယံကြောလောက်နဲ့ မပြီးသင့်ပါဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ချက် မချခင်မှာလည်း ကြေကြေလည်လည် စဉ်းစားလေ့လာသင့်တာတွေ လုပ်ရပါလိမ့်မယ်။ ကျနော်တို့တတွေဟာ — ဆုံးဖြတ်ချက်ချဖို့ စဉ်းစားလေ့လာတဲ့အခါမှာလည်း ချို့တဲ့တယ်။ ဆုံးဖြတ်ချက်ချပြီး တကယ်လက်တွေ့လုပ်ကြတဲ့အခါမှာလည်း တို့ကနန်းဆိတ်ကနန်းလောက်ပဲ လုပ်တာတွေ့ရတယ်။ အားကုန်ထုတ် စွမ်းအားကုန်သုံးတာမျိုး တွေ့ရခဲတယ်။ မဖြစ်မနေ အခြေအနေမျိုးကို မရောက်ရင် ကိုယ့်လုံ့လကို ထွက်တယ်ဆိုရုံမျှပဲ ညှစ်ထုတ်တယ်။ အုံလိုက်ကျင်းလိုက်၊ ထုလိုက်ထည်လိုက်၊ များများစားစား မြောက်မြောက်မြားမြား မတွေ့ရဘူး။ 

ကိုယ့်မှာ တို့ကနန်းဆိတ်ကနန်း လုပ်တတ်တဲ့အကျင့်တွေ ရှိရင်၊ ကိုယ့်မျိုးဆက်ကို လက်ဆင့်မကမ်းပါနဲ့။ ကိုယ်တိုင်လည်း သိသိပြီး ပြင်ဆင်နိုင်ဖို့ လိုတယ်။ တစ်ဦးချင်းရဲ့ စိတ်ဓာတ်နဲ့ အရည်အသွေးဟာ လူ့အဖွဲ့အစည်း ကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကို လာပြီး ရိုက်ခတ်တယ်။ လူတစ်ဦးချင်းစီဟာ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ အခြေခံယူနစ်ပါပဲ။ တစ်ဦးချင်းစီရဲ့ အမူအကျင့်နဲ့ စိတ်နေစရိုက်တွေ တစ်နေ့ထက် တစ်နေ့ ပိုမိုကောင်းမွန်ရေးဟာ quality of society ဖြစ်ဖို့အတွက် အထူးအရေးပါပါတယ်။ ဒါလေးကို သတိချပ်ကြဖို့ပါ။ 

မင်းသေ့ 

နံနက် ၃း၃၈

၂၅၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post အပြောဟန် နဲ့ အရေးဟန် 
Next post တိုင်းရေးပြည်သစ် – ၁