(ရေးသူကမှ ဂဃနဏ မသိဘဲ ရေးရင် ဖတ်သူက ရှင်းရှင်းလင်းလင်း ဘယ်သိနိုင်မလဲ) 

ပြောဟန်နဲ့ ရေးတဲ့အခါ အားသားချက်တွေ အများကြီး ရှိတယ်။ ဒါကို ဒီအတိုင်းပြောရင် သိပ်မသိဘူး။ ရေးကြည့်မှ သိတယ်။ စာရေးဖူးမှ သိတယ်။ စာကို အရေးဟန်နဲ့လည်း ရေးဖူးမှ၊ စာကို အပြောဟန်နဲ့လည်း ရေးဖူးမှ။ ဒီနှစ်မျိုးစလုံး ရေးဖူးမှ – အဲသည့် ဟန်နှစ်မျိုးရဲ့ အားသာချက်နဲ့ အားနည်းချက်ကို သိတယ်။ အဲသည့် ဟန်နှစ်မျိုးရဲ့ သဘောနဲ့ သဘာဝကို ကောင်းကောင်း သိတယ်။ 

ဝတ္ထုရေးဟန်မှာလည်း အပြောဟန်နဲ့ အရေးဟန် နှစ်မျိုးလုံး ပူးတွဲ သုံးကြတာပဲ။ တချို့က ရောပြီး သုံးတယ်။ တချို့က ဒိုင်ယာလော့ခ်ကို‌ ပြောဟန်နဲ့ သက်သပ်ခွဲပြီး သုံးတယ်။ ဒဂုန်တာရာနဲ့ ကြည်အေးတို့ရဲ့ ဝတ္ထုတွေမှာ၊ ပြောဟန်နဲ့ ရေးဟန်ကို ရောသုံးတာကို တွေ့ရတာပဲ။ ဂျူး ဝတ္ထုတွေမှာတော့ ၊ ဒိုင်ယာလော့ခ်ကို ပြောဟန်နဲ့ ရေးပြီးတော့၊ “ပြတဲ့အပိုင်း” ကို ရေးဟန်နဲ့ ပြောတာပါပဲ။ 

ရေးဟန်နဲ့ ပြောဟန်ကို ခွဲတဲ့သူတွေလည်း ရှိတယ်။ မခွဲတဲ့သူတွေလည်း ရှိတယ်။ သို့သော် အများစုကတော့ ခွဲပြီး တော့ ကြည့်တယ်၊ ထို့နောက် ခွဲပြီးတော့ ပြောတယ်။ အကြည့်မှာ ခွဲရင်၊ အပြောမှာလည်း ခွဲတော့တာပါပဲ။ ဒါဟာ တင်ပြပုံချည်းကပ်ချက်တွေနဲ့ သက်ဆိုင်တယ်။ 

စာဆိုတာ ဆက်သွယ်ရေးပဲ။ ဆက်သွယ်ရေးအတွက် ကြားခံ မီဒီယံပဲ။ ဒီမီဒီယံကို ဘယ်လို နည်းနာနဲ့ ဆက်သွယ် မလဲဆိုတာ အဓိက စဉ်းစားရတာပဲ။ ဆက်သွယ်ရေးနည်းနာက —

  • မြန်ဆန်ရင် မြန်ဆန်သလောက်၊ 
  • သိမ်မွေ့ရင် သိမ်မွေ့သလောက်၊ 
  • ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက်၊ 
  • နက်နဲရင် နက်နဲသလောက်၊ 
  • တိကျရင် တိကျသလောက်၊ 
  • ရှင်းလင်းရင် ရှင်းလင်းသလောက်

ကြားခံမီဒီယံက ထိရောက်တာပါပဲ။ ကိုယ်တင်ပြမယ့် အကြောင်းအရာက ဘာလဲ၊ ကိုယ်ပေးချင်တဲ့ ခံစားမှုက ဘာလဲ၊ ကိုယ်နားလည်စေချင်တဲ့ မြင်ကွင်းက ဘာလဲ၊ ကိုယ်ဆက်သွယ်ချင်တဲ့ လူက ဘယ်သူလဲ။ ဒီအပေါ်မှာ မူတည်ပြီးတော့ အရေးအသားကို တီထွန်ဖန်တီးဆန်းသစ်ရတာပဲ။ ဘယ်လို ဟန်က ပိုကောင်းတယ်လို့ မရှိဘူး။ အခြေအနေ၊ အချိန်အခါနဲ့ ခေတ်၊ စနစ် နဲ့ အကြောင်းအရာကို မူတည်ပြီးတော့ ကိုယ့်ရဲ့ ဆက်သွယ်မှုက ထိရောက်ဖို့ လိုတာပဲ။ ဘယ်လို ဆက်သွယ်ရေးမီဒီယံက ပိုပြီး ထိရောက်တယ်ဆိုတာ ပုံသေ မရှိဘူး။ ဒါကို လှေနံ ဓားထစ် ယူဆထားလို့ မရဘူး။ 

ကိုယ်ပြချင်တဲ့အရာကို ကိုယ်ပဲသိတယ်။ ကိုယ်ပြောချင်တဲ့အရာကို ကိုယ်ပဲ သိတယ်။ ကိုယ်ခံစားစေချင်တဲ့အရာ ကို ကိုယ်ပဲ သိတယ်။ ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို ကိုယ်ပဲ သိတယ်။ ကိုယ်ရစေချင်တဲ့ အတွေးအခေါ်ကို ကိုယ်ပဲ သိတယ်။ ကိုယ်က လွဲပြီး ဘယ်သူကမှ ပိုမသိဘူး။ 

  • ကိုယ်ပြချင်တာကို ကိုယ်မသိဘူးဆိုတာ ကိုယ့်ကိုယ်ကို သေချာ မမြင်လို့။ 
  • ကိုယ်ပြောချင်တာကို ကိုယ်မသိဘူး ဆိုတာ ကိုယ့်ကိုယ်ကို သေချာ မမေးလို့။ 
  • ကိုယ်ခံစားစေချင်တဲ့အရာကို ကိုယ်မသိဘူးဆိုတာ ကိုယ့်နှလုံးသားကို သေချာ မမြင်လို့။ 
  • ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို ကိုယ်မသိဘူးဆိုတာ ကိုယ့်ကိုယ်ကို သေချာ မကြည့်လို့။ 
  • ကိုယ်ရစေချင်တဲ့အတွေးအခေါ်ကို ကိုယ်မသိဘူးဆိုတာ ကိုယ့်အိုင်ဒီယာက ဝေဝါးထွေပြားနေလို့။ 

ရေးမယ့်သူက ကိုယ်ဘာရေးမယ်ဆိုတာ ကိုယ့်ဘာသာကိုယ်တောင် ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရေရေရာရာ တိတိကျကျ မသိရင် ဘယ်သူက ကိုယ်ရေးတဲ့အရာအပေါ်မှာ အပြည့်အဝ ရပါ တော့မလဲ၊ အပြည့်အဝ ယူနိုင်ပါတော့မလဲ၊ အပြည့်အဝ ခံစားနိုင်ပါတော့မလဲ၊ အပြည့်အဝ သိနားလည်နိုင်ပါ တော့မလဲ။ ရေးမယ့်သူဟာ ကိုယ့်ကိုယ်ကို သိဖို့ အလိုအပ်ဆုံးပဲ။ 

ဘယ်လို သိရမှာလဲ။ အချိန်တိုင်း သိနေရမယ်၊ အခါတိုင်း သိနေရမယ်၊ ကြည့်လိုက်တိုင်း သိနေရမယ်၊ သတိရ လိုက်တိုင်း သိနေရမယ်။ ပြန်တွေးခေါ်တိုင်း သိနေရမယ်၊ ရေးနေရင်လည်း သိနေရမယ်။ ဒီလို သိမှုချို့တဲ့ရင်၊ စာပေအနုပညာ ဖန်တီးမှုမှာ ချို့တဲ့မှာပဲ။ 

မင်းသေ့ 

နံနက် ၃း၃၉ 

၁၉ ၊ ဩဂုတ်၊ ၂၀၂၂။ 

အပြောဟန် နဲ့ အရေးဟန် 

စာပေအနုပညာနဲ့ လူထုကို တမင်တကာဝေးအောင် မလုပ်နဲ့ 

ရေးတယ်ဆိုတာ တမင်တကာ စာကြီးဖြစ်အောင် လုပ်ရေးနေတာ။ ဒီလို တမင်တကာကြီး လုပ်ရေးနေတယ်ဆိုလို့ တန်ဖိုး မဲ့သလားဆိုတော့ — မမဲ့ဘူး။ သူ့တန်ဖိုးနဲ့ သူလို့ ပြောနိုင်တယ်။ ဒါပေမယ့် ရေးတဲ့သူက တန်ဖိုးကို ရွေး ချယ်ရတာ၊ ရေးတဲ့သူက တန်ဖိုးကို ဆုံးဖြတ်ရတာ။ ငါ ဘယ်လို ရေးမလဲ။ ဒါဟာ သိပ်အရေးကြီးတယ်။ 

ဒဂုန်တာရာက “စံပယ်ဦးနိဒါန်း” မှာ အခုလို တင်ပြတယ်။ 

  • ရေးစကားဆိုသည်မှာ တမင်တကာ စာစကားဖြစ်လာအောင် လုပ်ယူခြင်းပင် ဖြစ်သည်။ ရင်ထဲ၌ ခံစား လာသည်၊ အတွေးများ ဝင်လာသည်ကား စာစကားအနေအထားဖြင့် မဟုတ်ဘဲ ပြောစကားဖြင့် ဖြစ်လေ သည်။ ပြောစကားသည် ခံစားမှု၏ တိုက်ရိုက်ဘာသာပြန်ချက်ဖြစ်သည်။ တစ်နည်းဆိုရသော် ပြောစကားသည် တိုက်ရိုက်ဘာသာစကားဖြစ်သည်။ (ဒဂုန်တာရာ၊ ငွေတာရီမဂ္ဂဇင်း ၊ ၁၉၆၂ ဧပြီ) 

အရေးဟန်ဟာ တမင်တကာ လုပ်ယူပြီး ပြောတာဖြစ်လို့ ခံစားချက်နဲ့ တိုက်ရိုက်သဘော မဟုတ်ဘူး။ တစ်ခုခု ခံနေတယ်။ တစ်ခုခု ခံထားတယ်။ တစ်ခုခုကို စစ်ထုတ်ပြီးမှ လုပ်ယူပြီး ဖန်တီးတဲ့သဘော။ ခံစားချက်က တိုက်ရိုက်မဟုတ်ဘူး၊ တစ်ဆင့်ခံ။ 

ပြောဟန်ကတော့ တမင်တကာလုပ်ယူစရာ မလိုဘူး။ စိတ်ထဲ ရှိတာ ပြော။ စိတ်ထဲ ခံစားမိတာ ပြော။ ပြောတဲ့ နေရာမှာ တိုက်ရိုက်ပြော။ ရင်ထဲက လာတာကို တိုက်ရိုက်ကြီး ဘွင်းဘွင်းရှင်းရှင်း ဆက်သွယ်နိုင်တာပဲ။ ဘာ အခု အခံမှ ရှိမထားဘူး။ စာလိုကြီး တမင်တကာ လုပ်ရေးနေတာ မဟုတ်လို့ သဘာဝအတိုင်း အဖုံးအဖိ မရှိ တွေ့နိုင်၊ မြင်နိုင်၊ ကြည့်နိုင်တာပဲ။ ရင်ခေါင်းထဲက ခံစားချက်တွေ ပြင်းထန်လာရင် ခံစားချက်တွေကို တိုက်ရိုက် အရှင်းသား ဖတ်သူက တွေ့နိုင်တာပဲ။ တစ်ဆင့်ခံ မဟုတ်ဘူး။ ကြားခံ မရှိဘူး။ 

ဒဂုန်တာရာက “စံပယ်ဦးနိဒါန်း” မှာ အခုလို တင်ပြတာ ထပ်တွေ့ရတယ်။ 

  • ရင်တွင်းခံစားမှုနှင့် စိတ်ထဲ၌ ပေါ်လာသော အတွေးတို့ကို ဖော်ပြရာတွင် တိုက်ရိုက်စကားလုံးများ သုံးလျှင် ခံစားမှုအတိုင်း၊ အတွေးအတိုင်း ပေါ်မည်ဖြစ်ပေသည်။ တိုက်ရိုက်စကားလုံးမှာ “ရေးစကား” မဟုတ်ပေ။ (ဒဂုန်တာရာ၊ ၁၉၆၂) 

စာရေးဆရာဟာ – ဖတ်သူကို ထောက်နေအောင်၊ တောင့်နေအောင် တမင်တကာ မလုပ်ရဘူး။ ဒီနေရာမှာ တမင် တကာဆိုတဲ့ စကားကို သုံးတာ သတိချပ်ပါ။ တမင်တကာ လုပ်တယ်ဆိုတာ ရည်ရွယ်ချက်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တာ။ စာရေးဆရာဟာ ဖတ်သူကို ဖြည်ပေးရမှာ။ ထောက်နေတာကို ဖြည်ပေးရမှာ။ တောင့်နေတာကို ဖြည်ပေးရမှာ။ 

ဖြစ်နိုင်ရင် တိုက်ရိုက်စကားလုံးတွေကို သုံးနိုင်သမျှ နိုင်နိုင်သုံး။ ဒီနေရာမှာ အနုပညာကို ထည့်ချင်ရင် ကွန့်ကြတာ ရှိတယ်။ ထွင်ကြတာ ရှိတယ်။ ဖန်တီးကြတာ ရှိတယ်။ သဘာဝရေစီးထဲမှာသာ ကွန့်ပါ၊ သဘာဝရေစီးထဲမှာသာ ထွင်ပါ။ သဘာဝရေစီးထဲမှာသာ ဖန်တီးကြပါ။ အတွေးအတိုင်း ခံစားမှုအတိုင်း ပေါ်ဖို့ အားထုတ်ကြပါ။ 

ရေးဟန်မှာ — သဘာဝမကျဘဲ ကွန့်တာတွေ တွေ့ရတယ်၊ 

ရေးဟန်မှာ — သဘာဝမကျဘဲ ထွင်တာတွေ တွေ့ရတယ်၊ 

ရေးဟန်မှာ — သဘာဝမကျဘဲ ဖန်တီးတာတွေ တွေ့ရတယ်။ 

ဒီတော့ — အနုပညာနဲ့ လူထုဟာ ဝေးရော။ စာဖတ်သူနဲ့ စာပေဟာ ဝေးရော။ စာရေးဆရာနဲ့ လူထုဟာ ဝေးရော။ ဝေးတာမှ ပြန်ကို မဆုံနိုင်လောက်အောင် ဝေးရော။ နီးကပ်စေဖို့တင် မဟုတ်ဘူး၊ တစ်သားတည်း ပျော်ဝင် ပေါင်းစပ်နေအောင် လုပ်နေကြရမှာ။ အခုတော့ ဝေးပြီးရင်း ဝေး။ 

မင်းသေ့ 

နံနက် ၄း၀၀

၁၉ ၊ ဩဂုတ်၊ ၂၀၂၂။ 

Previous post ကောသလမင်းအိပ်မက်
Next post တို့ကနန်းဆိတ်ကနန်း လုပ်နေတာတွေ ရပ်ဖို့