• ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိပ်မက် (၁၆) ချက် ထဲမှာဆိုရင် …. ဒီလိုကွ။ 

မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားတွေ ရောက်တတ်ရာရာ ဆွေးနွေး ပြောဆိုနေရင်၊ တခါတခါ ကျနော်က ထပြီး အရွှန်းဖောက်လေ့ရှိတတ်တယ်။ ပြောလက်စ စကားနဲ့ မစပ်မဆိုင်ပါဘဲ —  “ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိပ်မက် (၁၆) ချက်မှာတော့ ဒီလို ရှိတယ်ကွ…” ဆိုတော့။ နားထောင်တဲ့သူက မျက်လုံးပြူးသွားတယ်။ ပြီးတော့ ဒီကောင် ဘာလဲပေါ့။ ကောသလမင်းအိပ်မက် (၁၆) ချက် လုပ်စမ်းပါကွာ…. လို့ ပြန်ပြောတော့၊ ကျနော်က ရယ်ကျဲကျဲ။ 

ကျနော်က အတည်ပေါက်နဲ့ ဆက် နောက် တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိပ်မက် (၁၆) ချက်ထဲမှာ၊ “ကျီးကို ရွှေဟင်္သာတွေက ဝန်းရံနေတယ်” လို့ မြင်မက်သတဲ့။ 

ဒါကို အနက်ကောက်တော့ အခုလို ဖြစ်သတဲ့….။ 

  • အဆင်းမည်းနက် ကျီးငှက်ထံမှာ၊
  • ရွှေဟင်္သာများ ခစားနေပါ၊
  • ပညာသီလ ပြည့်ဝသူဟာ၊
  • သူယုတ်အား ဝပ်တွားနေရမှာ…. လို့ စာချိုးက ဆိုတယ်။ 

ဗမာဗုဒ္ဓဘာသာဗားရှင်းကတော့ – အခုလို အနက်သဘော ကောက်တယ်။ 

  • တရားပျက်ချိန်၌ အကျင့်တရားနှင့် ပြည့်စုံသော သူတော်ကောင်းတို့သည် သူယုတ်မာတို့ထံ မှီခိုခယ၍ နေကြရလိမ့်မည်…. လို့ အနက်ဖွင့်တာတွေ့ရတယ်။  

၎င်းအနက်သဘောကို ဗမာဗုဒ္ဓဘာသာဗားရှင်းက ပြောသလို ယူချင်လည်း ယူနိုင်တယ်။ မယူချင်လည်း မယူလို့ ရတယ်။ အကြောင်းကတော့ ခေတ်ဆိုး ခေတ်ပျက် ခေတ်ကျပ် ချိန်မှာ၊ သဘာဝဓမ္မဟာ ဖောက်ပြန်သွားပြီ၊ လောကဟာ ဖောက်ပြန်သွားပြီ၊ လူ့အဖွဲ့အစည်းထဲမှာ ဖောက်လွဲဖောက်ပြန် ဖြစ်စဉ်တွေကို တွေ့မြင်လာရပြီလို့ မှတ်ယူနိုင်ပါလိမ့်မယ်။ 

ဘဝ ရပ်တည်မှု အရ ကိုယ့်လောက်တောင် ကိုယ်ကျင့်သီလ မဖြောင့်မတ်၊ မဖြူစင်သူထံမှာ ကပ်ပါးရပ်ပါးလုပ်ပြီး မှီခို ရှင်သန်ရပ်တည်ရတယ်။ ဘဝပေးအခြေအနေအရ ကိုယ့်လောက်တောင် ပညာမတတ်သူ ဆင်ခြင်တုံတရား မမြင့်မားသူ ထံမှာ ခယဝပ်တွားရတယ်။ ခေတ် စနစ် ပျက် ယွင်း တာ မို့ ၊ ပညာရှိသူတော်ကောင်းဆိုသူတွေဟာ ပညာမဲ့သူယုတ်ကို ဝိုင်းဝန်းချီးမြှောက်နေရတဲ့ အဖြစ်ကို တွေ့နေရတယ်။ 

မင်းသေ့ 

နေ့လယ် ၁း၅၀ 

၁၁ ဩဂုတ် ၂၀၂၂။

Previous post အန်တီ – ဒေါ်စု
Next post အပြောဟန် နဲ့ အရေးဟန်