• မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကာယကံမြောက်ပါဝင်နိုင်ပါအုံးမလား။ 
  • ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ် ထပ် မမြင်ချင်တဲ့သူတွေ ရှိသလား။ 

ရှိနိုင်ပါတယ်။ ရှိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ထပ်ပြီး ပေါ်မလာစေချင် တဲ့သူတွေ ရှိနိုင်ပါတယ်။ ဒီလိုလူတွေဟာ အုပ်စုတစ်ခုတည်းကပဲ ရှိမယ်လို့ ယူဆနိုင်ပါသလား။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေတဲ့ အုပ်စုကြီးတစ်ခုတည်းမှာတင် ရှိနိုင် မယ်လို့ တရားသေ မှတ်ယူလို့ မရနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်တဲ့ အုပ်စုတွေမှာ လည်း ရှိနိုင်ပါတယ်။ ဒါဟာ သူတို့ရဲ့ common interest ဖြစ်နိုင်ပါတယ်။ 

အကယ်၍ – ဖြစ်နိုင်ခြေ ရှိ / မရှိ

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပုဂ္ဂိုလ်ရေးအားဖြင့် မှီခိုမှု လွန်ကဲတာမျိုး တွေ့ရပါတယ်။ ဒါဟာ အားသာချက်အနေနဲ့ ရှိနေသလို၊ အားနည်းချက်အနေနဲ့လည်း ကျေးဇူးပြုတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် ကာယကံမြောက်ပြန်ပြီး တက်မလာနိုင်ဘူးဆိုရင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း မြန်မာ့နိုင်ငံရေးဇာတ်ခုံအပေါ်မှာ အင်အားကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလို့ မရနိုင်တော့ဘူးဆိုတဲ့ ယူဆချက် အမြင်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီအမြင် အယူအဆကို လက်လွှတ်စပယ် ပယ်ရှားတာမျိုး မလုပ်ဘဲနဲ့၊ “အကယ်၍” ဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ စဉ်းစားကြည့်ပါ။ ဒါဆို ဘာဖြစ်နိုင်ပါသလဲ။ ဘယ်လိုဖြစ်နိုင်ပါသလဲ။ 

ပေါ်ပြူလစ်ဓလေ့ 

မြန်မာ့နိုင်ငံရေးဓလေ့မှာ ပေါ်ပြူလစ်ဇင် ဖွံ့ဖြိုးတာကို တွေ့ရပါတယ်။ ပေါ်ပြူလစ်ဇင်ဆိုတာကို လူပိန်းကြိုက် ဝါဒလို့ မှတ်ယူနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးဩဇာအပေါ်မှာ အမှီပြုပြီး ပေါ်ပြူလစ်ဇင်ဟာ ဖြစ်ထွန်းလေ့ရှိတတ် တယ်။ လူအများစုဟာ ပေါ်ပြူလစ်ဇင်ဘက်ကို ယိမ်းတယ်ဆိုရင်၊ တော်ရုံ ကြိုးစားအားထုတ်မှုမျိုးနဲ့ တိုးဝင်ဖို့ ခက်ခဲတတ်ပါတယ်။ မြန်မာ့နိုင်ငံရေးဇာတ်ခုံအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဩဇာကြီးမားကျယ် ပြန့်စွာ ရှိနေခြင်းဟာ၊ တခြားသောနိုင်ငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင်အင်အားစုတွေအကြား ဘယ်လို ကြိုးစားကြိုးစား တိုးဝင်ဖို့ တစ်နေရာစာ ရဖို့ အလွန်ခက်ခဲခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မဟုတ်သော တခြားသောနိုင်ငံရေးအင်အားစုတွေအကြားမှာ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး လေထုကို ရံဖန်ရံခါ ပေါ်ပေါ်ထင်ထင်သော်လည်းကောင်း၊ အငွေ့အသက်အနေနဲ့ သော်လည်း ကောင်း၊ အရိပ်အယောင်အနေနဲ့သော်လည်းကောင်း တွေ့မြင်နေရတတ်ပါတယ်။ ဒါ့အပြင် ပြီးစီးခဲ့တဲ့ ၂၀၁၅ – ၂၀၂၀ ခုနှစ် (၅) နှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီ/ချုပ် ကိုင်ဆွဲခဲ့တဲ့ တခြမ်းပဲ့ အမျိုးသားရင်ကြားစေ့ရေးမူရဲ့ အားနည်းချက် (တနည်း) ဘေးထွက်ဆိုးကျိုးတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

ပေါ်ပြူလစ်ဇင် သိပ်အားကြီးလွန်းပြီး၊ ပုဂ္ဂိုလ်ရေးဓလေ့ အားကောင်းတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဩဇာကို အံတုနိုင်တဲ့သူဟာ မရှိခဲ့ပါဘူး။ သို့သော်လည်း အမှည့်ခြွေ ခြွေဖို့ အတွက် လုံ့လထုတ် ကြိုးစားခဲ့ကြသူတွေ ရှိခဲ့ပါတယ်။ တိုက်ရိုက် အပုတ်ချ တိုက်ခိုက်တာ ရှိသလို၊ ပင်းတိုက် တာတွေလည်း ရှိခဲ့တာတွေ့ရပါတယ်။ ဗမာအများစုကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခြေတံလက်တံကို ကျုံ့ဝင်စေဖို့ လိုလားသူတွေ ရှိပါတယ်။ ဒါကလည်း သူတို့ရဲ့ အကျိုးစီးပွားကြောင့် ပါဝင်သလို၊ ဖိနှိပ်ခံရပြီး တန်းတူညီမျှမှု မရှိတဲ့ သမိုင်းနောက်ခံ ဖြစ်ရပ်တွေရဲ့ အပံ့အပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

ကျား နှစ်ကောင် ကိုက်တာ တောင်ထိပ်ကနေ ကြည့်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပေါ် မနှစ်မြို့တဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစု အဟောင်းတွေ အများကြီး ရှိနေပါတယ်။ သို့သော်လည်း တစ်ဖက်မှာလည်း ဒါဟာ ဗမာချင်းဖြစ်ကြတဲ့ အာဏာလုပွဲလို့ ထင်မှတ် နေတာတွေလည်း ရှိပါတယ်။ သက်ဆိုင်ရာ အမျိုးသားရေးအုပ်စုတွေဟာ ဗမာကြီးစိုးတဲ့ အုပ်စုအတွင်းမှာ ဘယ်သို့သော အခွင့်အလမ်းမျိုးပေါ်လာလိမ့်မလဲလို့ အကဲခတ် စောင့်ကြည့်နေတာတွေလည်း တွေ့ရပါတယ်။ နိုင်ငံရေးဆိုတာဟာ အကျိုးစီးပွားအပေါ်မှာ အစဉ်တစိုက် အခြေခံတာ ဖြစ်တာကြောင့်၊ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်လာတဲ့ အခွင့်အလမ်းသစ်တွေ ရနိုင်မယ်လို့ ယူဆနေကြတာလည်း ရှိပါတယ်။ 

ဘယ်လို လူတွေမှာ ဘယ်လို အကျိုးစီးပွား‌တွေ ရှိတယ်ဆိုတာကို မြေပုံချကြည့်သင့်တယ်။ ဘယ်အုပ်စုတွေမှာ ဘယ်လို အကျိုးစီးပွားတွေ ရှိတယ်ဆိုတာလည်း စာရင်းချကြည့်သင့်တယ်။ ဘယ်လက်နက်ကိုင်အဖွဲ့တွေမှာ ဘယ်လို အမျိုးသားရေးအာဂျင်ဒါတွေ ရှိနေတယ်ဆိုတာလည်း လေ့လာဆန်းစစ်သင့်ပါတယ်။ အကျိုးစီးပွား မြေပုံကို လေ့လာဆန်းစစ်ခြင်းအားဖြင့် မြန်မာ့နိုင်ငံရေးပဋိပက္ခရဲ့ ဇာစ်မြစ်ကို အတွင်းကျကျ သိနိုင်၊ မြင်နိုင်ပါ လိမ့်မယ်။ 

အတွင်းကြိတ် လိုလားချက် တချို့ 

ခေတ်အဆက်ဆက် လူမျိုးစုအခွင့်အရေးအတွက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ လက်နက်ကိုင်တော်လှန်ရေး အုပ်စုတွေထဲမှာ၊ စစ်အာဏာသိမ်းမှုကို မကြိုဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ဖျောက်ထားပေးတဲ့ လုပ်ရပ်ကိုတော့ အတွင်းကြိတ် လိုလားနေတာတွေ ရှိဟန်တူတယ်။ ဒါကို ပေါ်ပေါ်ထင်ထင် ပြလို့ မရပါ။ အထူးသဖြင့် ၎င်းအင်အားစုတွေအတွင်းက ထိပ်ပိုင်းခေါင်းဆောင်ပိုင်းဟာ ဒီအချက်ကို ထင်ရှားစွာ ပြသလို့ မရပါ။ မြန်မာစစ်အုပ်စုထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ၎င်းအင်အားစုတွေဟာ ကြိုတင်တိုင်ပင်ထားတာ မဟုတ်သော်လည်းပဲ၊ ဘုံလိုလားချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ်က ဖယ်ရှားရေးဟာ တူညီကောင်း တူညီနေတာ ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို ထည့်ပြောရင် ဒါဟာ ပုဂ္ဂိုလ်ရေး သိပ်ဆန်တာ ဖြစ်နိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ ထည့်သွင်း ပြောမှ ပိုပြည့်စုံမယ် ထင်ပါတယ်။ 

ဗမာပြည်မအပါအဝင် တခြားသောလူမျိုးစုဒေသတွေအတွင်းမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အုပ်စုအားက သိပ်ကြီးပါတယ်။ ဒါကို ဖယ်ရှားဖို့က အချိန်တိုအတွင်းမှာ အတော်ခက်ခဲပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကပြခွင့် ရုတ်သိမ်းလိုက်ခြင်းဟာ ၎င်းတို့အတွက် လှုပ်ရှားခွင့် ပိုသာတာ တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလို အခွင့်အရေးမျိုးကို ဘယ်သူတွေ အတွင်းကြိတ် လိုလားနေသလဲ။ 

ပြည်သူ့ မှတ်ဉာဏ်ထဲက ဆွဲထုတ်လို့ မရနိုင်တော့

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့မှတ်ဉာဏ် (public memory) ထဲမှာ စွဲမြဲဝင်ရောက်နေတဲ့ အိုက်ကွန်တစ်ခု၊ သင်္ကေတတစ်ခု ဖြစ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုရဲ့ မှတ်ဉာဏ်ထဲက ဆွဲထုတ်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးပုံရိပ်တွေဟာ ပြည်သူလူထုရဲ့ မှတ်ဉာဏ် ထဲမှာတင် မဟုတ်ဘူး၊ ပြည်သူလူထုရဲ့ နှလုံးသားထဲမှာလည်း တိုးဝင် နေရာယူပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ဆန်နိုင်ဖို့၊ ဆန့်ကျင်နိုင်ဖို့ ခဲယဉ်းတာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးအားကို မှီးပြီး ကျယ်ပြန့် ခိုင်မာလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံရေးအားဖြင့် ရင်ဘောင်တန်း ယှဉ်ပြိုင်အနိုင်ရဖို့ ခဲယဉ်းလှတာတွေ့ရတယ်။ ဒီအချက်တွေကပဲ ၊ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ်က ရုတ်တရက် ဆွဲချလိုက်ခြင်းကို အတွင်းကြိတ် လိုလားနှစ်သက်တာတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။ 

လက်တွေ့အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေရဲ့ မှတ်ဉာဏ်နဲ့ နှလုံးသားထဲက ဆွဲချလို့ မရတော့ပါ။ သို့သော်လည်း နိုင်ငံရေးဇာတ်ခုံပေါ်ကနေ အကြမ်းပတမ်းနည်းနဲ့ ဆွဲချလို့ ရပါတယ်။ အကျယ်ချုပ်အနေနဲ့ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောဆယ်အားဖြင့် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကာယကံမြောက် မပါဝင်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်အားဖြင့် (၈၀) တန်းကို ကပ်လာပြီ။ ဒေါ်အောင်ဆန်းစုကြည်အတွက် အချိန် သိပ်မကျန်တော့ပါ။ အုပ်စုအားကြီးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်၌ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်အကျွံ အမှီအခို လွန်ကဲတာ ဖြစ်ခြင်းကြောင့်၊ ဒေါ်စုကို ဖယ်လိုက်ရင် ဒီ/ချုပ်ကို ကန့်သတ်ပြီးသား ဖြစ်သွားမယ်လို့ ယူဆတာတွေလည်း ရှိပါတယ်။ ဒါတွေဟာ တချို့တွေအတွက် ဘုံလိုလားချက်တွေလည်း ဖြစ်နိုင်ပါတယ်။ 

ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ဆက်မပါစေချင်တဲ့ ဆန္ဒ တချို့

ဒီနေ့ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းထဲက လူတစ်ယောက်အဖြစ်သာ ရှိနေစေချင်သူတွေ ရှိပါ လိမ့်မယ်။ သမိုင်းထဲက ခေါင်းဆောင်တစ်ယောက်ဆိုတဲ့ လိုလားချက်ဟာ – လက်ရှိ ပစ္စုပ္ပန်မှာ ဆက်မပါစေချင် တဲ့ သဘောအနက်ကို ညွှန်းပါတယ်။ ထိုနည်းလည်းကောင်း အနာဂတ်မှာလည်း ဆက်လက် မလိုက်ပါစေချင် တော့တာမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် လောလောဆယ်အားဖြင့် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကာယကံမြောက် မပါဝင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ အကျဉ်းချ ထိန်းသိမ်းပေးထားတဲ့ မြန်မာစစ်ခေါင်း ဆောင်တွေအပေါ် ကြိတ်ပြီး ကျေးဇူးတင်နေကြသူတွေ ရှိနိုင်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။ 

မင်းသေ့ 

နံနက် ၃း၀၃ 

၂၅၊ ဇူလိုင်၊ ၂၀၂၂။

Previous post ဟာသဉာဏ်ရွှင်တဲ့ မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက်
Next post ကောသလမင်းအိပ်မက်