ဟာသဉာဏ်ရွှင်တဲ့ မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက်

ခင်ဗျား နံဘေးနားမှာ၊ ဟာသဉာဏ်ရွှင်တဲ့လူတစ်ယောက်လောက် ရှိနေရင် သိပ်ကောင်းမယ်။ ဒါဟာ ဒီနေ့ ဒီခေတ် အခြေအနေမှာ ကံကောင်းတယ်လို့တောင် ပြောနိုင်တဲ့ အရာ။ ဟာ…. ဘာလို့လဲ၊ ဘာ့ကြောင့်လဲလို့ ခင်ဗျား မေးချင် မေးလိမ့်မယ်။ ဟုတ်တယ်။ မေးရပါလိမ့်မယ်။ 

အခြေအနေအရပ်ရပ်က အကျပ်အတည်းနဲ့ ကြုံတွေ့နေတယ်။ ခင်ဗျား နေ့စဉ် ကြားနေ၊ တွေ့နေ၊ မြင်နေရတဲ့ အရာ အားလုံးဟာ ခင်ဗျားစိတ်ကို အနည်းငယ် ကြည်မွှေ့စေတာ ဘယ်နှခု ရှိလို့လဲ။ အထူးသဖြင့် ခင်ဗျားရဲ့ စိတ် အာရုံကို ကြည်လင်အောင်၊ လန်းဆန်းအောင်ဆိုတာထက် ခင်ဗျား စိတ်အာရုံကို ညစ်ညူးစေတာ ဘယ်အရာက ပိုများသလဲ။ ဒါကို ရိုးရိုးလေး တွေးရင်တောင် သိပါတယ်။ ရိုးရိုးကလေး ဆင်ခြင်ကြည့်ပါ။ 

လူဟာ အမြဲတမ်း သွားနေလို့ မရဘူး။ တခါတရံ နားရတယ်။ တခါတရံ ရပ်ရတယ်။ ခရီးရှည်ကြီးမှာ ခရီးတစ်ထောက်လောက်တော့ နားရတယ် မဟုတ်လား။ ခရီးဟာ ရှည်ရင် ရှည်သလို အနားယူရတယ်။ အားယူရတယ်။ အညာရဲ့ နွေပူမှာ ခရီးကြမ်းတစ်ခု ခင်ဗျား နှင်ခဲ့ဖူးသလား။ ဘာသောက်လုပ်မှ မလုပ်ဖူးဘဲနဲ့ ခရီးကြမ်းကို မရပ်မနား အပြေးနှင်ဖို့ လောဆော်လီဆယ်နေတဲ့ကောင်တွေတော့ ရှိလိမ့်မယ်။ ဒီနေ့ခေတ်မှာ ပိုရှိတာပေါ့။ ဘာအလုပ်မှ မယ်မယ်ရာရာ ဖြစ်ဖြစ်မြောက်မြောက် ပေါက်ပေါက်မြောက်မြောက် ဖြစ်အောင် မလုပ်ဖူးတဲ့ ဆော်ဩရေးသမားကတော့၊ လူ့အဖွဲ့အစည်းရဲ့ ဖြစ်အင်ကို သိမြင် မထင်။ နားလည်မယ် မထင်။ 

အညာနွေဟာ သိပ်ပူပြင်းလွန်းလှပါတယ်။ ဘဝရဲ့ ခရီးကြမ်းကြီးကလည်း ထိုနည်းလည်းကောင်းပါပဲ။ အညာရဲ့ ရွာထိပ်ကလေးတွေမှာ၊ အရပ်ကောင်းကောင်း သစ်ပင်အောက်မှာ ကွပ်ပြစ်လေးတွေ ထားထားတတ်တယ် မဟုတ်လား။ သို့တည်းမဟုတ် လွင်တီးခေါင်ပြင် လှည်းလမ်းနံဘေးမှာ၊ အများသူငါ နားနေဖို့ ဇရပ်ကလေးတွေ တွေ့ဖူးကြတယ် မဟုတ်လား။ 

ကျနော်ကတော့ အညာသားမို့၊ အရိပ်ကောင်းကောင်း သစ်ရိပ်ကောင်းကောင်းနံဘေးမှာ ဇရပ်ကလေး တစ်ဆောင်၊ ရေချမ်းအိုးစင်ကလေးနဲ့ ကွပ်ပြစ်ကလေးလည်း ပါသေး။ ဒီလိုလေးတွေ တွေ့ရင် သိပ်အမောပြေ တာပဲ။ ကျနော် သွားခဲ့ဖူးတဲ့ အညာခရီးလမ်းတစ်လျှောက်လုံး ကျနော် ခဏ ခဏ ဝင်ဝင်နားတတ်တယ်။ ပြီးတော့ ကိုယ်လိုရာကို ခရီးဆက်ထွက်တယ်။ သိပ်ပူပြင်းတဲ့ ရာသီမှာလည်း အညာခရီးလမ်းကို ပေါက်အောင်‌ လျှောက်ခဲ့ ဖူးပါတယ်။ အညာက ရွာချင်းဆက် ခရီးလမ်းက မဖြူးပါဘူး၊ မဖြောင့်ပါဘူး။ သို့သော်လည်း လမ်းတွေ ရှိတယ်။ ကျနော်တို့ ဆက်လျှောက်ပါတယ်။ အညာရဲ့ လမ်းခရီးတွေမှာ သစ်ရိပ်ကောင်းကောင်းနဲ့ ဇရပ်ဆောင်ကလေးတွေ ဟာ အညာသားတွေအတွက်တော့ ခွန်အားဖြည့် ခရီးတစ်ထောက်နားစာလေးတွေပေါ့။ 

ဒါဆို အညာက နွေခရီးအတွက်၊ ဇရပ်ဆောင်ကလေး တစ်ဆောင်၊ သစ်ရိပ်ဝါးရိပ်ကလေးတစ်ခုက အခု ကျနော် ပြောနေတဲ့ ၊ “ခင်ဗျားနံဘေးမှာ ဟာသဉာဏ်ရွှင်တဲ့လူတစ်ယောက်” ဆိုတာနဲ့ ဘယ်လို သက်ဆိုင်နေသလဲ။ ဒါလေးဟာ ကျနော်တို့ နေ့စဉ်ဘဝထဲက မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်လို့ ဖြစ်ပါတယ်။ 

ကျနော်တို့ မိသားစုဝင်တွေထဲမှာပဲ ဖြစ်ဖြစ်၊ 

ကျနော်တို့ မိတ်ဆွေ သူငယ်ချင်းတွေထဲမှာပဲ ဖြစ်ဖြစ်၊ 

ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာပဲ ဖြစ်ဖြစ်၊ 

ကျနော်တို့ ချစ်သူရည်းစား ကြင်ဖော်ကြင်ဖက်တွေထဲမှာပဲ ဖြစ်ဖြစ်၊ 

ကျနော်တို့ ဆရာတွေ – တပည့်တွေထဲမှာပဲ ဖြစ်ဖြစ်၊ 

ကျနော်တို့ ဝန်းကျင်မှာ၊ ကျနော်တို့ နံဘေးမှာ ဟာသဉာဏ်ရွှင်တဲ့သူ တစ်ယောက်လောက်ရှိနေခြင်းဟာ၊ ပူပြင်းလွန်းတဲ့ နွေခရီးမှာ အရိပ်ကောင်းကောင်း ဇရပ်ဆောင်လေးတစ်ခုနဲ့ တူပါတယ်။ 

ကိုယ့်ပတ်ဝန်းကျင်က လူအတော်များများကို ကြည့်ရင်၊ ခင်ဗျားစိတ်ကို ကြည်မွှေ့စေသောသူထက် ခင်ဗျားကို စိတ်အာရုံတွေ နောက်ကြည့်အောင် လုပ်နေတာက ပိုများပါတယ်။ လူတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ ခင်ဗျား လက်ထဲက ဖုန်းစခရင်မှာလည်း ခင်ဗျားစိတ်ကို နောက်ကျူအောင် လုပ်နေတာတွေ အများကြီး တွေ့နေ မြင်နေရပါလိမ့်မယ်။ ကျနော်တို့ရဲ့ ဖုန်းထဲက လူမှုကွန်ယက်စာမျက်နှာထဲမှာ ခပ်ပျော်ပျော်နေတတ်သူ ရှိပါတယ်။ ဟာသဉာဏ်ရွှင်သူတွေ ရှိပါတယ်။ လောကကြီးရဲ့ ဖြစ်ရပ်ကို ဇောက်ထိုး တွေးတတ်မြင်တတ်သူတွေလည်း ရှိတတ်ပါတယ်။ တခါတရံ သရော်သလိုလိုနဲ့ စောင်းနေတဲ့ လောကကြီးကို အတည့်ကြည့်တတ်သူတွေလည်း ရှိနေတတ်ပါတယ်။ 

ကျနော်တို့ဟာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်

မိသားစုနဲ့ပဲ ဖြစ်ဖြစ်

လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ ဖြစ်ဖြစ် 

တစ်နေရာရာမှာ စုဖွဲ့ စားသောက် တွေ့ဆုံဝိုင်းဖွဲ့ကြရင်း လေးနက်တာတွေလည်း ပြောခဲ့ကြဖူးမယ်။ ကျယ်ပြန့်တာတွေလည်း ပြောခဲ့ကြဖူးမယ်။ ရှုပ်ထွေးတာတွေလည်း ပြောခဲ့ဖူးကြမယ်။ အဲသည့်အထဲမှာ စိတ်ဟာဒယရွှင်စရာ ဟာသဓာတ်ခံကောင်းတဲ့ မိတ်ဆွေတစ်ယောက်လောက်၊ ဟာသဓာတ်ခံကောင်းတဲ့ သူငယ်ချင်းတစ်ယောက်လောက်၊ ဟာသဓာတ်ခံကောင်းတဲ့ မိသားစုဝင် တစ်ယောက်လောက်၊ ဟာသဓာတ်ခံကောင်းတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လောက်ပါလာရင်တော့၊ အဲဒါဟာ တန်ဖိုးပါပဲ။ 

အထူးသဖြင့် ဒီနေ့ခေတ်လို အခြေအနေမျိုးမှာ၊ ကျနော်တို့ကိုယ်၌က ဟာသဓာတ်ခံအားနည်းနေရင်တောင်၊ ကျနော်တို့ ဝန်းကျင်နဲ့ အသိုင်းအဝိုင်းထဲမှာ ဟာသဓာတ်ခံ အားကောင်းတဲ့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်လောက် ရှိသင့်ပါတယ်။ ပါသင့်ပါတယ်။ 

လူတွေကို အမြဲတမ်း တင်းကျပ်ခိုင်းနေတာ၊ 

လူတွေကို အမြဲတမ်း ဖိစီးခိုင်းနေတာ၊ 

လူတွေကို အမြဲတမ်း ဖိအားတွေ ပေးနေတာ၊ 

ကိုယ့်ကို အမြဲတမ်း အာရုံလာစားနေတာ၊ 

ကိုယ့်ကို အမြဲတမ်း အကျပ်တွေ့ခိုင်းနေတာ၊ 

ကိုယ့်ကို အမြဲတမ်း တွန်းနေတာတွေဟာ 

အကန့်အသတ်အနေနဲ့သာ ရှိသင့်ပါတယ်။ ကိုယ့်တစ်ဦးချင်းရဲ့ ဘဝကို ကိုယ်ပိုင်ပါတယ်။ ဒါဟာ သိပ်ကို အစွန်းရောက်တဲ့ individual rights သမားပဲလို့ ထင်ချင်စရာ ရှိတယ်။ ကျနော်ကတော့ မျှခြေတစ်ခုကို ကြည့်ပါ တယ်။ တချို့သော ဖြစ်ရပ်တွေဟာ အဖြေရှာလို့ မရပါဘူး။ မျှခြေကိုသာ ရှာလို့ ရပါတယ်။ ဇွတ်အတင်း အဖြေ ထွက်ချင်လို့ မရပါဘူး။ မျှခြေတစ်ခုမှာ ထိန်းဖို့ လိုနေပါတယ်။ community rights ဆိုတာနဲ့ individual rights ဆိုတာဟာ မျှခြေသဘောမှာ ထားရမယ့် သဘောပါ။ 

တစ်ဦးချင်း အခွင့်အရေးနဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်ကို အလွန်အမင်း ဇောင်းပေးလွန်းအားကြီးရင်လည်း၊ ဗရမ်း ဗတာ ဖြစ်သွားတတ်ပါတယ်။ ကွန်မြူနတီရဲ့ လိုအင်နဲ့ အခွင့်အရေးကို သိပ် ဇောင်းပေးလွန်းအားကြီးရင်လည်း ကွန်မြူနစ်တွေ အစွန်းရောက်သလို ဖြစ်သွားတတ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကိုယ်၌က လက်ဝဲဩဇာ သိပ်အားကြီးတာကြောင့်၊ လူအများစု၊ လူအုပ်ကြီး၊ ကွန်မြူနတီဆိုတာကို ပိုပြီး အားပေးအားမြှောက်ပြုလွန်းတာ တွေလည်း တွေ့ရတယ်။ ဘာသာရေးလွှမ်းမိုးကြီးစိုးမှု အားကြီးလို့ ဒါကိုလည်း မရှောင်နိုင်ပါ။ 

ဒီနေ့ခေတ် ဒီနေ့အခါမှာ လူအုပ်ကြီးဟာ သူတို့ လုပ်သလို လိုက်လုပ်ကြဖို့ လူတစ်ဦးချင်းစီကို နေ့စဉ် ဖိအားပေး နေပါတယ်။ အဲသည့်လို ဖိအားတွေထဲမှာ – သိပ်ကို ကြောင်းကျိုးဆီလျှော်ပြီး ငြင်းဆန်ရခက်တဲ့ ဖိအားတွေကို လူတစ်ဦးချင်းစီတိုင်းဟာ နေ့စဉ်လိုလို အချိန်တိုင်းလိုလို ခံနေရတယ်။ အုပ်စုဝါဒအားကြီးတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးမှာ ပိုလို့ ကြုံနေရပါတယ်။ 

အဲသည့်အထဲမှာ – ကျနော်တို့တတွေဟာ ကျပ်တည်းနေကြတယ်။ မျောပါနေကြတယ်။ တချို့လည်း ကျုံးသွင်းခံ လိုက်ကြရသလို ဖြစ်နေတယ်။ 

နေ့စဉ် ကျနော်တို့ စိတ်ဟာ ဖိအားဓာတ်တွေကြားထဲမှာ အကျပ်အတည်းကျရောက်နေပါတယ်။ ဒါကို ဖောက်ထွက်နိုင်ဖို့ ဆိုတာ အသာထား။ ဖောက်ထွက်နိုင်ဖို့ နေနေသာသာ ၊ မိမိကိုယ်၌က ကိုယ့်နံဘေးကလူကို ဖိစီး အောင်၊ မသက်သာအောင်၊ အကျပ်ဆိုက်အောင် အလိုလို လုပ်မိနေတာတွေ ရှိနေတတ်ပါတယ်။ တစ်ဦးချင်းရဲ့ အပြုအမူဟာ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို ရိုက်ခတ် သက်ရောက်ပါတယ်။ 

အဲဒါကို ဘယ်သူမှလည်း မဖောက်ထွက်နိုင်ဘူး။ ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း အနည်းငယ် ဘရိတ် အုပ်ကြဖို့ မတိုက်တွန်းကြဘူး၊ လက်မတို့ကြဘူး၊ သတိမပေးကြဘူး။ ဖိအားတွေကြားထဲမှာ အားလုံး တိုးဝင်မိအောင် ကျုံးသွင်းနေသလို ဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ကျနော်တို့ ဝန်းကျင်က လူတွေကို ကြည့်ရင် အမြဲတမ်းလိုလို မသက်မသာ ဖြစ်နေတယ်၊ မအီမသာဖြစ်နေတယ်။ စိတ်က ယောက်ယက်ခတ်နေကြတယ်။ 

ဒီလို ဖြစ်စဉ်ကြီးထဲမှာ၊ ကျနော်တို့ရဲ့ စိတ်အာရုံတွေကို တဒင်္ဂအားဖြင့်သော်လည်းကောင်း ညစ်ညူးမှုတွေ၊ အပူတွေကို လျော့အောင် လုပ်ပေးနိုင်သူတွေကတော့ တခြားသူတွေ မဟုတ်ပါဘူး။ 

ကျနော်တို့ မိတ်ဆွေတွေ၊ 

ကျနော်တို့ သူငယ်ချင်းတွေ၊ 

ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေ၊ 

ကျနော်တို့ မိသားစုဝင်တွေကြားထဲမှာ ဟာသဓာတ်ခံ၊ ဟာသဉာဏ်ရွှင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ 

ဖြစ်နိုင်ရင် ကိုယ်လျှောက်ရမယ့် ခရီးလမ်းထဲမှာ၊ သူတို့တတွေကို အညာနွေပူခရီးကြီးရဲ့ ဇရပ်ဆောင်လေး တစ်ခု ကဲ့သို့၊ သစ်ရိပ်ဝါးရိပ်ကောင်းလေးတစ်ခုကဲ့သို့ သဘောထားပါ။ သိပ်ပင်ပန်းလွန်းရင် သစ်ရိပ်ဝါးရိပ်ကောင်းလေး အောက်က ကွပ်ပြစ်လေးမှာ ခဏ တစ်ရေးတစ်မောတော့ အိပ်လိုက်ပါ။ အနည်းငယ် သက်သာရာ ရသလို၊ အနည်းငယ် စိတ်ခွန်အား ဖြစ်ပါလိမ့်မယ်။ စိတ်၏ လန်းဆန်းခြင်းလည်း ဖြစ်ပါလိမ့်မယ်။ အဲသည့်အခါ အညာနွေပူခရီးကြမ်းကြီးကို ခွန်စိုက်အားစိုက် ထပ်လျှောက်နိုင်တာပေါ့။ သို့မဟုတ်ရင်တော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး တတိတိ ခွန်အားမဲ့ကုန်ကြပါလိမ့်မယ်။ 

ကျနော်တို့ကို နေ့စဉ်လိုလို အာရုံလာစားနေတာတွေ၊ သွယ်ဝိုက်ဖိအားပေးနေတာတွေကို အကန့်အသတ်နဲ့သာ ဆက်ဆံပြီး ဟာသဉာဏ်ရွှင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ့်နံဘေးမှာ ရှိနေစေခြင်းဟာ ဒီအချိန်မှာ သိပ်ကံကောင်းတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ 

မင်းသေ့ 

ညနေ ၅း၄၇ 

၂၄ ၊ ဇူလိုင်၊ ၂၀၂၂။

Previous post သူရဲကောင်းတွေကို ကြောက်တယ်
Next post အန်တီ – ဒေါ်စု