• “ဟ… ဘယ်လိုကြီးလဲကွ၊ သူရဲကောင်းတွေကို ကြောက်သတဲ့လား၊ သူရဲကောင်းတွေဆိုတာ ကြောက်စရာ မဟုတ်ဘူးကွ၊ ဦးညွှတ်စရာ ဦးညွှတ်စရာ…”

တကယ်တော့ သူရဲကောင်းတွေကို ဦးညွှတ်ချင်ပါတယ်။ ဒါပေမယ့် သူရဲကောင်းတွေ ကိုယ်၌က “ငါ မရှိရင် မဖြစ်ဘူး” လို့ ပြောလာရင်တော့ ကြောက်ပါတယ်။ သိပ်ကြောက်ပါတယ်။ ဘာလို့လဲဆိုတော့ ငါနဲ့ ငါသာ နှိုင်းစရာ ၊ တခြားသော ပုဂ္ဂိုလ်မရှိလို့ ထင်မြင်လာလို့ဖြစ်ပါတယ်။ ဘယ်အချိန်မှာ သူရဲကောင်းတွေ လိုအပ်ပါ သလဲ။ ဒုက္ခ သုက္ခရောက်နေချိန်မှာ သူရဲကောင်းတွေ ပေါ်လာတတ်ပါတယ်။ ဒုက္ခရောက်ချိန်မှာ သူရဲကောင်းတွေ ပေါ်လာလို့ သိပ်ကံကောင်းပါတယ်။ ပျော်ပါတယ်။ ကျေနပ်ပါတယ်။ ကိုယ်ကိုယ်တိုင်က သူရဲကောင်းတွေ လောက် မစွန့်စားနိုင်ပါ၊ မစွန့်လွှတ်နိုင်ပါ၊ မပေးဆပ်နိုင်ပါ၊ မရဲရင့်နိုင်ပါ။ ဒါ့ကြောင့် ဒုက္ခ ရောက်ချိန်မှာ သူရဲကောင်းတွေ ပေါ်လာရင် ပျော်ပါတယ်၊ ကျေနပ်ပါတယ်။ ဒါပေမယ့် သူရဲကောင်းတွေကို မကြောက်ချင်ပါဘူး။ ချစ်ချင်ပါတယ်၊ မြတ်နိုးချင်ပါတယ်၊ လေးစားချင်ပါတယ်။ သို့ပေမယ့် ကျနော် မြင်ဖူး ကြားဖူး တွေ့ဖူးတဲ့ သူရဲကောင်းတွေကတော့ ကြောက်စရာကောင်းလှတယ်။ အို…. သူရဲကောင်းတွေဟာ ကြောက်စရာ ကောင်းသတဲ့လား။ ဘယ်လို သူရဲကောင်းပါလိမ့်….။ 

ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ မြင်လာရင် သူရဲကောင်းဟာ ကြောက်စရာ ကောင်းလာပါတယ်။ ကိုယ့်ကိုယ်ကို လူအများရဲ့ ကျေးဇူးရှင်လို့ မြင်လာရင် သူရဲကောင်းဟာ ကြောက်စရာကောင်းလာပါတယ်။ ကိုယ့်ကိုယ်ကို မရှိ မဖြစ်လို့ မြင်လာရင် သူရဲကောင်းဟာ ကြောက်စရာကောင်းလာပါတယ်။ 

လူတိုင်း ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်အကြောင်း ပြန်ပြောချင်တယ်။ 

ဒီပုံပြင်က သိပ်မထူးဆန်းပါဘူး။ ဂဏန်းနဲ့ ဗျိုင်းတစ်ကောင် ပုံပြင်လေးပါ။ 

  • တစ်နေ့သ၌၊ တစ်ခုသော အညာကျေးလက်ရွာကလေး အနောက်ဘက်မှာ ရေအိုင်တစ်အိုင် ရှိသတဲ့။ အဲသည့် ရေအိုင်မှာ ငါးတွေ အများအပြားလည်း ရှိသလို၊ ဂဏန်းတစ်ကောင်လည်း နေထိုင်သတဲ့။ ဥတုရာသီ သုံးပါး ရှိရာမှာ၊ နွေရာသီ အလှည့်ကျချိန် ပေါ့။ အညာနွေကို ခင်ဗျား သိတယ် မဟုတ်လား။ သိပ်ပူတယ်လေ။ ဒီတော့ ရွာအနောက်ဘက်က ရေအိုင်လေးလည်း တဖြည်းဖြည်း ရေခမ်းလာတာပေါ့။ တဖြည်းဖြည်း ရေခမ်းလာတော့၊ ငါးတွေမှာ မလူးသာ မလွန့်သာ။ အနေကျပ်လာသတဲ့။ ဒီလိုနဲ့ နွေပူရဲ့ နေပူကလည်း ပူပြင်းလာလိုက်တာ လွန်ပါလေရော။ ဒီလိုနဲ့ ရေဟာ တဖြည်းဖြည်း ခမ်းလာလိုက်တာ၊ ငါးတွေ နေမရတော့လောက်အောင် ဖြစ်လာသတဲ့။ ငါးတွေဟာ မိုးကို မျှော်ပေမယ့် မိုးက မလာ။ လာသူက တစ်ကောင်တည်း။ အဲဒါ ကိုရွှေဗျိုင်း ဖြစ်သတဲ့။ 
  • ကိုရွှေဗျိုင်းက ငါးတွေကို ပြောတယ်။ ဟိုးဘက်ရွာရှေ့ပိုင်းမှာ အင်မတန် ကျယ်ပြောတဲ့ ရေအိုင်ကြီး တစ်အိုင် ရှိသတဲ့။ မင်းတို့ကို ငါ ပို့ပေးချင်တယ်။ ဒါပေမယ့် မင်းတို့ကို ငါက သယ်သွားပေးမှ ဖြစ်မယ်။ လိုက်ကြမလားလို့ မေးလိုက်တယ်။ ငါးတွေကလည်း ရေခမ်းလာတဲ့ ရေအိုင်မှာ မနေသာတော့ဘူးလေ။ ဒီတော့ လိုက်ချင်တယ်လို့ ပြောတယ်။ အဲသည့်မှာ အစာရေစာတွေလည်း ပေါများစုံလင်တယ်လို့ ကိုရွှေဗျိုင်းက ဆွယ်တယ်။ ငါးတွေကလည်း ဒါကို ယုံတယ်။ ဒီတော့ တစ်နေ့ တစ်ကောင်ကျ၊ နှစ်ကောင် ကျ ကိုရွှေဗျိုင်းက ငါးတွေကို ရေအိုင်ကျယ်ကြီးဆီ ခေါ်သွားမယ်ဆိုပြီး၊ ငါးတွေကို တစ်ကောင်ခြင်း နှုတ်သီးနဲ့ ချီချီပြီး ခေါ်သွားတယ်။ ဒါပေမယ့် ရေအိုင်ကြီးနားလည်း ရောက်ရော ရေထဲ မချပေးဘဲနဲ့  ဗျိုင်းက ငါးတွေကို စားစားပစ်တယ်။ ဒီလိုနဲ့ ငါးတွေ ကုန်သွားပါလေရော။ နောက်ဆုံး ကျန်တာကတော့ ကိုငွေဂဏန်းပေါ့။ 
  • ကိုဂဏန်းကတော့ ဉာဏ်နည်းနည်း ရှိတယ်။ ဗျိုင်းကို ပြောတယ်။ ကျနော် လိုက်ချင်ပါတယ်။ ဒါပေမယ့် ကျနော့် ကိုယ်က လုံးလုံးကြီးနဲ့မို့၊ ခင်ဗျား ပျံတက်တဲ့အခါ လွတ်ကျနိုင်တယ်။ ဒီတော့ ခင်ဗျား လည်ပင်းကို ကျနော် ဖက်လိုက်ပါရစေလို့ ပြောသတဲ့။ နည်းနည်းလည်တဲ့ ဗျိုင်းကလည်း ဘာရမလဲ၊ ရှေ့ပွဲတွေမှာ အောင်မြင်ထားတာ၊ ဒီတစ်ခါလည်း ရပါ့ဗျားလို့ ပြောလိုက်တယ်။ ဒီတော့ ခေါ်သွားတယ်ပေါ့ဗျာ။ ဗျိုင်းက စားနေကျ ရေအိုင်ကြီးနံဘေးလည်းရောက်ရော၊ မြေပြင်ကို ဆင်း တယ်။ ငါးရိုးတွေကို ဂဏန်းက တွေ့တယ်။ ငါတော့ သွားပြီပေါ့။ ဗျိုင်းက သူ့ကိုယ်သူ လည်တဲ့ ထင်တာ။ ကိုငွေဂဏန်းက ပန်ကာ့ထိပ်က ဝက်အူဖြစ်နေတယ်။ 
  • ဒီတော့ နောက်ဆုံးဇာတ်သိမ်းက ဘယ်လိုဖြစ်ပြီလဲ။ ကိုငွေဂဏန်းက ကိုရွှေဗျိုင်းရဲ့ လည်ပင်းကို သူ့ လက်မကြီးနဲ့ ညှပ်ထည့်လိုက်တာ၊ ဗျိုင်းခမြာ ကံတော် ကုန်ရှာပါလေရော။ 

ဒီပုံပြင်လေးကို သမားရိုးကျ အမြင်နဲ့ပဲ ကျနော်တို့ ချည်းကပ်တာများတယ်။ ငါးတွေဟာ အဖိနှိပ်ခံ၊ ကျောမွဲ၊ နင်းပြား၊ ဆင်းရဲသားတွေ ပေါ့ဗျာ။ ဗျိုင်းကတော့ ဗီလိန်ပေါ့။ ဂဏန်းကတော့ တကယ့်ဟီးရိုးပေါ့။ 

လူအတော်များများကို မေးရင် အဖိနှိပ်ခံ၊ မြေစာပင် ဖြစ်ချင်လားဆိုတော့ မဖြစ်ချင်ဘူး။ ဗျိုင်းရဲ့ ဇာတ်ကောင် စရိုက်ကိုလည်း မနှစ်မြို့ဘူး။ ဒါဟာ ကလိမ်ကကျစ်လေ။ ယုတ်မာသူ၊ ရိုင်းစိုင်းသူလေ။ အတော်များများက ဂဏန်းကို သဘောကျလိမ့်မယ်။ ဖြစ်နိုင်ရင် ဂဏန်းလို ဉာဏ်ရှိပြီး အကင်းပါးတဲ့ သူရဲကောင်းဖြစ်ချင်သပေါ့။ အစားခံရတဲ့ ငါးတွေ တစ်ကောင်မှ အသက်မရှင်နိုင်တော့ပေမယ့်၊ ငါးအားလုံးကို သတ်စားတဲ့ ဗျိုင်းကို လက်စား ချေပေးလို့ ငါးတွေက ကျေးဇူးတင်ကြလိမ့်မယ်လို့ တွေးလို့ ရနိုင်တယ်။ 

ဒီနေရာမှာ စဉ်းစားစရာ တစ်ခု ရှိတယ်။ 

ဒီပုံပြင်လေးထဲမှာ၊ ခမ်းလာတဲ့ ရေအိုင်လေးထဲမှာ ရေဖြည့်ပေးသူသာ ရှိမယ်ဆိုရင်…..။ သို့တည်းမဟုတ် နွေပူမှာ ရေခမ်းလေ့ရှိတဲ့ ဒီရေအိုင်ကလေးကို ရေအမြဲရှိနေအောင် ဖန်တီးပေးနိုင်မယ်ဆိုရင်…..။ ရွာနောက်ဖေးက ရေအိုင်ကလေးမှာသာ ရေအမြဲပြည့်နေအောင် လုပ်ထားနိုင်မယ် ဆိုရင်…..။ 

ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ စဉ်းစားချက်က ဒီကနေ အဖြေတချို့ ရနိုင်မယ် ထင်ပါတယ်။ 

  • သူရဲကောင်း လုပ်ချင်တဲ့သူတွေ များတဲ့တိုင်းပြည်က ကံဆိုးတတ်တယ်…. လို့ ကြားဖူးတယ်။ 
  • ဒုက္ခသုက္ခတွေ ဒင်းကြမ်းပြည့်နေချိန်မှာ သူရဲကောင်းတွေ မရှိရင်လည်း ပိုလို့ ဒုက္ခရောက်ကြရအုံးမယ်။ 
  • တချို့လည်း သူရဲကောင်းဖြစ်ချင်လွန်းလို့ ချောက်ကမ်းပါးထဲ ကျမယ့်သူ မရှိမှာကို စိုးရိမ်ဟန်တူပါရဲ့။ 

ဒီရေအိုင်လေးထဲမှာ ရေအမြဲ ရှိနေအောင် လုပ်လို့ မရဘူးလား။ ဒါဆိုရင် အဖိနှိပ်ခံတွေလည်း မရှိတော့ဘူး။ မြေစာပင်တွေလည်း မရှိတော့ဘူး။ ဗီလိန်လည်း လုပ်ခွင့်မရတော့ဘူး။ သူရဲကောင်းဆိုတာလည်း ပေါ်မလာတော့ ဘူး။ သူရဲကောင်းတွေ မရှိရင် ကျေးဇူးရှင်လည်း မရှိတော့ဘူး။ ကျေးဇူးရှင်တွေ မရှိရင် ကျေးဇူးဆပ်စရာလည်း မလိုတော့ဘူး။ ကျေးဇူးဆပ်စရာ မလိုတော့ရင် ကျေးဇူးကန်းတယ်ဆိုတာလည်း မရှိနိုင်တော့ဘူး။ ကျေးဇူးကန်း တယ်ဆိုတာ မရှိရင် စိတ်နာစရာတွေလည်း မကြုံရတော့ဘူး။ 

ချောက်ဆိုတာ မရှိရင် ချောက်ထဲကျစရာလည်း မရှိတော့ဘူး။ ချောက်ထဲ ကျစရာ မရှိရင် ချောက်ထဲကျရန် လက်နှစ်လုံးအလိုမှာ ကယ်တင်တယ်ဆိုတာလည်း မရှိတော့ဘူး။ ကယ်တင်တယ်ဆိုတာ မရှိတော့ရင်၊ ကျေးဇူးရှင် ဆိုတာလည်း မရှိတော့ဘူး။ ကျေးဇူးရှင်ဆိုတာ မရှိရင် ကျေးဇူးဆပ်စရာလည်း မလိုတော့ဘူး။ ကျေးဇူးဆပ်စရာ မရှိရင် ကျေးဇူးကန်းတယ်ဆိုတာလည်း ဖြစ်လာစရာ မရှိတော့ဘူး။ 

မြန်မာပြည်မှာတော့၊ ကျေးဇူးတင်စရာ မဟုတ်တာတွေကို ကျေးဇူးတင်ရအောင် လုပ်နေတာကိုက သိပ်ကို ဆန်းကြယ်လွန်းလှတယ်။ သူရဲကောင်း လုပ်ချင်တဲ့သူတွေ သိပ်များတာဟာ တိုင်းပြည် ချောက်ထဲ ကျတာပါပဲ။ သူရဲကောင်းတွေကို ကြောက်တယ်။ ပိုကြောက်တာက အသက်ရှင်နေသေးတဲ့ သူရဲကောင်းတွေက လူထုကို အကြွေးတောင်းသလို ကျေးဇူးဆပ်ခိုင်းမှာ သိပ်ကြောက်တယ်။ 

ကျနော့် မိတ်ဆွေ တစ်ယောက်ပြောတာ သတိရတယ်။ 

  • မင်းတို့ဟာကလည်းကွာ မိဘကျေးဇူးကျနေတာပဲ။ 
  • ဟ… ဘာလို့တုန်းကွ။ 
  • ဘယ်လောက်ဆပ်ဆပ် မကျေနိုင်လို့။ 

ချောက် မရှိတဲ့ နိုင်ငံ၊ ရေအမြဲ ပြည့်နေတဲ့ လူ့အဖွဲ့အစည်း ဖြစ်နိုင်ကြပါစေ။ 

မင်းသေ့

နံနက် ၃း၂၇ 

၂၃ ၊ ဇူလိုင်၊ ၂၀၂၂။

Previous post အတိတ်လွမ်းဝေဒနာ နှင့် အနာဂတ်အကြောင်း စနစ်တကျ ပြောကြစို့
Next post ဟာသဉာဏ်ရွှင်တဲ့ မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက်