အတိတ်လွမ်းဝေဒနာ နှင့် အနာဂတ်အကြောင်း စနစ်တကျ ပြောကြစို့

ကျနော်တို့ ကိုယ်၌က ကိုယ့်ကိုယ်ကို ပြန်ပြန်ကြည့်တဲ့ အကျင့်ကလေးတွေ မွေးထားမှ ကောင်းမယ်လို့၊ ယူဆတယ်။ မိမိကိုယ်ကိုပြန်ကြည့်တဲ့အခါမှာ၊ အတွင်းပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ အပြင်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ရုပ်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ နာမ်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ထိတွေ့ကိုင်တွယ်လို့ ရတဲ့ အပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ တိုင်းတာဖို့ လွယ်ကူတာမျိုးကို ကြည့်တာ ရှိလိမ့်မယ်။ တိုင်းတာဖို့ ခက်ခဲတာမျိုးကို ကြည့်တာ ရှိလိမ့်မယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့အခါမှာ ကြည့်ပုံကြည့်နည်းတွေကို သရုပ်ခွဲရင် ဒီလို အကြမ်းဖျင်းတွေ့ရတဲ့သဘော ရှိတယ်။ 

အတိတ် နှင့် အနာဂတ် 

ဒီနေရာမှာ တစ်ဦးချင်းအပိုင်းနဲ့ လူ့အဖွဲ့အစည်းအပိုင်းကို ထပ်မံ သရုပ်ခွဲနိုင်တယ်။ ကျနော်တို့ဟာ တစ်ဦးချင်း အနေနဲ့ပဲ ကြည့်ကြည့်၊ လူ့အဖွဲ့အစည်းသဘောနဲ့ပဲ ကြည့်ကြည့်။ အတိတ်နဲ့ အနာဂတ်ကို ကြည့်တဲ့နေရာမှာ၊ အတိတ်ဘက်ကို ပိုယိမ်းတယ်။ အတိတ်ဘက်ကို ပိုသာတယ်။ ဒါကလည်း သဘာဝကျတာကိုး။ အတိတ်က ကိုယ် ကြုံတွေ့ခဲ့ဖူးပြီးသားလေ။ အနာဂတ်က မကြုံရသေးဘူး။ လူ့ရဲ့ သဘောကလည်း ကြုံခဲ့ဖူးတာနဲ့ မကြုံတွေ့ရသေး တာကို မှန်းဆနိုင်မှုမှာ၊ ကြုံဖူးတဲ့အပိုင်းကိုပဲ မြင်ကွင်းထဲမှာ ပိုမို ပုံဖော်နိုင်တယ် မဟုတ်လား။ မထိတွေ့ဖူးသေး တဲ့အရာ၊ မကြုံဖူးသေးတဲ့အရာ၊ မဖြတ်သန်းရသေးတဲ့အရာအပေါ်မှာ မှန်းဆနိုင်တယ်ဆိုတာ ဉာဏ်အားဖြင့် ပို လိုအပ်တယ်။ အတွေးအခေါ်အားဖြင့် ပိုလိုအပ်တယ်။ တော်ရုံနဲ့ မရဘူး။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ကြိုတင်မှန်းဆနိုင်ခြင်းကို အမြော်အမြင်လို့ ပြောတယ် မဟုတ်လား။ မျှော်ပြီး မြင်ထားနိုင်ဖို့အတွက် ဉာဏ်နဲ့ ပညာ အတိုင်းအဆ တစ်ခုတော့ လိုတယ်။ တော်ရုံနဲ့ မရဘူး။ 

လူအများစုရဲ့သဘောကတော့ ကြုံဖူး၊ တွေ့ဖူး၊ ပြောဖူး၊ လုပ်ဖူးတာအပေါ်မှာပဲ လက်လှမ်းမီတာကြောင့်၊ လက်ရှိ ပစ္စုပ္ပန်ကိစ္စကို လုပ်တဲ့နေရာမှာ ယခင် ကြုံခဲ့ဖူးတာ၊ ယခင် ပြောခဲ့ဖူးတာ၊ ယခင်တွေ့ခဲ့ဖူးတာ၊ ယခင် လုပ်ခဲ့ဖူးတာတွေအပေါ်မှာပဲ အခြေပြု ချည်းကပ်တာကို တွေ့ရတယ်။ ဒါတောင်မှ အလေ့အလာ အထုံအားကြီးမှ သာလျှင် ခပ်ဝေးဝေးမှာ ကျန်ခဲ့တဲ့ ကြုံဖူး၊ တွေ့ဖူး၊ ပြောဖူး၊ လုပ်ဖူး၊ မှားဖူး၊ မှန်ဖူးတာအပေါ်မှာ မှန်းဆနိုင်တာ၊ အလှမ်းမှီနိုင်တာ ဖြစ်ပါတယ်။ တော်ရုံလူဟာ ခပ်ဝေးဝေးမှာ ကျန်ခဲ့တဲ့အတိတ်အကြောင်းခြင်းရာကို သိမြင်နိုင်တာ၊ သတိရနိုင်တာမျိုး မရှိပါဘူး။ 

ဂတိတွေ ပါဝင်လာ – ဘက်အစွဲတွေ ရောစွက်လာ

လူတစ်ဦးချင်းသဘောအရ၊ ကိုယ့်ဘဝ အသက်တာမှ ကြုံခဲ့ဖူးတဲ့ အနာတရတွေကို အပျော်တွေထက် ပိုသတိရ တတ်ကြတာ ထုံးစံပါပဲ။ လူ့အဖွဲ့အစည်းရဲ့ သဘောအရ၊ အတိတ်သမိုင်းမှာ ကြုံခဲ့ဖူးတဲ့ အမှားတွေကို အမှန်တွေ ထက် ပိုသတိရတာမျိုးရော ဖြစ်ရဲ့လား။ ဒီနေရာမှာ ဂတိဆိုတာ ပါဝင်လာပါတယ်။ ဘက်ဆိုတာ ပါဝင်လာပါ တယ်။ ချစ်ရင်ဖော့တယ်၊ မုန်းရင် ဖိတယ် ဆိုတဲ့ ဂတိအစွဲဟာ အတိတ်သမိုင်းကို ချည်းကပ်တဲ့နေရာမှာ အထင် ကရနေရာကနေ ပါဝင်နေပါတယ်။ ငါ့ဘက်ဆိုရင် တစ်မျိုး၊ သူ့ဘက်ဆိုရင် တစ်မျိုး၊ ရန်သူ့ဘက်ဆိုရင် တစ်ဖုံ၊ မိတ်ဆွေဘက်ဆိုရင် တစ်ဘာသာ။ ဒီလို ကွဲပြားနေတတ်ပြန်ပါတယ်။ 

မြန်မာ့အထုံဓလေ့

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စရိုက်ဓလေ့မှာ၊ အနာဂတ်ကို မျှော်တာနဲ့ အတိတ်ကို လွမ်းတဲ့နေရာမှာ ကျန်နေခဲ့တဲ့ အတိတ်ကို လွမ်းတာက ပိုတယ်လို့ ယူဆတယ်။ အနာဂတ်ကို မြန်မာတွေဟာ သိပ် ကြည့်လေ့ မရှိဘူး။ အနာဂတ် ကို ရှေ့ရှုပြီး လုပ်ဆောင်တာမျိုး အားနည်းလှတယ်။ အနာဂတ်ကို မျှော်ရည် လုပ်ဆောင်တာထက် အတိတ်ကို လွမ်းပြီး လုပ်တာ၊ ပြောတာ၊ ပြုမူတာ၊ တွေးခေါ်တာမျိုးမှာ မြန်မာတွေရဲ့ အထုံဓလေ့က အားကြီးလှတယ်။ 

မြန်မာစာပေတွေကို လေ့လာတဲ့အခါမှာ၊ သမိုင်းစာအုပ်တွေ ဒင်းကြမ်း ပြည့်နှက်များပြားနေတာကို တွေ့ရပါ တယ်။ အတိတ်မှာ ကြုံခဲ့ဖူးတာတွေ၊ ဖြတ်သန်းခဲ့ဖူးတာတွေ များပြားတာကြောင့် သမိုင်းစာအုပ်တွေ ဒင်းကြမ်း များပြားနေတာဟာ မဆန်းပါဘူး။ တခြားသောနိုင်ငံတွေမှာလည်း အတိတ်သမိုင်းအကြောင်းကို ပြန်ပြောပြ၊ ပြန်ရေးပြထားတာတွေ များတာပါပဲ။ မြန်မာပြည်မှာလည်း ထိုနည်းလည်းကောင်းဖြစ်လို့ ဒါဟာ မထူးဆန်းပါဘူး။ သို့သော်လည်း ထူးဆန်းတာ ရှိပါတယ်။ မြန်မာတွေဟာ အနာဂတ် အကြောင်း သိပ်ပြောလေ့ မရှိဘူး။ စိတ်ကူးယဉ်တာတွေတော့ ရှိတယ်။ မျှော်လင့်ချက်တွေတော့ ရှိတယ်။ ဒါပေမယ့် စိတ်ကူးယဉ်တာဟာ အနာဂတ် အကြောင်း ပြောတာလို့ ထင်သလား။ စိတ်ကူးယဉ်တာဟာ ဖြစ်ချင်တဲ့ စိတ်ဆန္ဒအကြောင်းကို ပြောတာသာ ဖြစ်ပါတယ်။ ဘယ်လိုဆိုတာမျိုး မပါဝင်ပါဘူး။ အနာဂတ်အကြောင်း ပြောမယ်ဆိုရင်တော့ ဆန္ဒအကြောင်း တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းနာပိုင်း ပါဝင်လာပါပြီ။ မြန်မာစာပေမှာ၊ အနာဂတ်အကြောင်းကို စနစ်တကျ ပြောတဲ့ စာအုပ် ရှားပါးလွန်းတယ်။ မရှိသလောက် ရှားတယ်လို့ ပြောရင် လွန်မလား။ ကျနော့် အဖို့တော့ လွန်အံ့ မထင်ပါ။ 

စိတ်ကူးယဉ်သော်ငြားလည်း 

တကယ်တော့ မြန်မာတွေဟာ သိပ်ကို စိတ်ကူးယဉ်တတ်လွန်းတဲ့အကျင့် ရှိပါတယ်။ မြန်မာအများစုဟာ လက်တွေ့ကျတာ မကျတာ အပထား၊ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပျော်နေတတ်၊ ကျေနပ်နေတတ်ကြပါတယ်။ စိတ်ကူးယဉ်သလောက် လက်တွေ့ အကောင်အထည်ဖော်တဲ့သူဟာ ရာခိုင်နှုန်းအားဖြင့် နည်းမယ်လို့ ထင်ပါတယ်။ ရှိသင့်သလောက်ထက် နည်းတယ်လို့ ပြောတာဖြစ်ပါတယ်။ မြန်မာရသဝတ္ထုတွေကို ကြည့်ရင်လည်း သမိုင်းနောက်ခံရသဝတ္ထုတွေနဲ့ စိတ်ကူးယဉ်ရသဝတ္ထုတွေ အများစုဖြစ်တာတွေ့ရပါတယ်။ ထားတော့။ 

ဒီနေရာမှာ၊ မြန်မာတွေရဲ့ အတိတ်စွဲလမ်းမှုရောဂါဟာ တော်ရုံထက် ပိုလွန်တယ်လို့ ပြောချင်တာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ အနာဂတ်အကြောင်း စနစ်တကျ မပြောပေမယ့်၊ စိတ်ကူးယဉ်တာမျိုးကို ခုံမင်တယ်လို့ တင်ပြလိုပါတယ်။ စိတ်ကူးကို ကာယကံမြောက် လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားရင် အနာဂတ် အကြောင်းစနစ်တကျ ပြောတတ်လာလိမ့်မယ်လို့ ယူဆပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ရင်၊ စိတ်ကူးယဉ်တဲ့အကျင့် ခပ်များများတွေ့ရသော်လည်း၊ အနာဂတ်အကြောင်း ပြောတာ နည်းတယ်လို့ ထင်ပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲလို့ ပြောရင်၊ စိတ်ကူးနောက်မှာ လက်တွေ့ ကာယကံမြောက် အားထုတ်မှု လုံ့လ စိုက်မှု အလွန် အားနည်းတဲ့ အကျင့်ကြောင့်ဖြစ်ပါတယ်။ မြန်မာတွေဟာ သူတို့ကို ပျော်အောင် ထားတဲ့သူ တွေနဲ့ပဲ နေချင်တယ်။ 

အားထုတ်ရတာ ပင်ပန်းတယ်၊ လုံ့လစိုက်ရတာ ပင်ပန်းတယ်၊ ကာယကံမြောက်လုပ်ရင် အခက်အခဲတွေ တွေ့နိုင်တယ်၊ လက်တွေ့လုပ်ရင် သိပ်မသာယာတော့ဘူး။ ဒါ့ကြောင့် စိတ်ကူးနောက်မှာ အားထုတ်တာမျိုးကို မြန်မာတွေ လုပ်နိုင်ခဲတယ်။ စိတ်ကူးနောက်မှာ လုံ့လစိုက်ပြီး တစိုက်မတ်မတ် ကျားကုတ်ကျားခဲ မလုပ်ကြဘူး။ စိတ်ကူးကို ကာယကံမြောက် အကောင်အထည်ဖော်ရင် အခက်အခဲ‌တွေ တွေ့တာကြောင့်၊ မပျော်ရတော့ဘူး။ မသာယာတော့ဘူး။ ဒါကို မြန်မာတွေက မကြိုက်ဘူး။ ဒီတော့ သူတို့စိတ်အာသာချင်ခြင်းကို တစိမ့်စိမ့်တွေးပြီး ပျော်နေတာ၊ ကျေနပ်နေတာမျိုးပဲ ဖြစ်ချင်ကြတယ်။ ဒါ့ကြောင့် စိတ်ကူးယဉ်အလေ့နဲ့ အကျွမ်းဝင်ပေမယ့်၊ အနာဂတ်အကြောင်း စနစ်တကျ ပြောဆိုတွေးခေါ်ခြင်းဓလေ့မှာ အားနည်းတာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား…..။ 

မင်းသေ့ 

နံနက် ၂း၁၄ 

၂၃ ၊ ဇူလိုင်၊ ၂၀၂၂။

Previous post လက်နက်ကိုင်လမ်းစဉ်အပေါ်  ဒီ/ချုပ်ရဲ့ မူဝါဒက ဘာလဲ
Next post သူရဲကောင်းတွေကို ကြောက်တယ်