ကျနော်ဟာ အစိုးရကျောင်းတွေ၊ တက္ကသိုလ်တွေမှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာ မဟုတ်ပေမယ့်၊ အစိုးရမဟုတ်တဲ့ ကျောင်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျနော့် အသက် (၂၂) မှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ နိုင်ငံရေးဘာသာရပ်တွေကို သင်တဲ့ နိုင်ငံရေးကျောင်းဆရာတစ်ယောက်ပေါ့။ 

တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ကျနော့်ရဲ့ စရိုက်သကန်ကို ကြည့်ပြီး ကျနော့် သူငယ်ချင်းရဲ့ ဒေါ်လေးတစ်ယောက်က ကျနော့်ကို မှတ်ချက်ပေးဖူးတယ်။ “အောင်ကိုတိုး…. နင်ကတော့ ကျောင်းဆရာဖြစ်မယ့်သူပဲ” တဲ့။ အဲသည့်တုန်းက ကျနော် ခါးခါးသီးသီး တုံ့ပြန်ခဲ့ဖူးတယ်။ ကျနော် ကျောင်းဆရာ ဘယ်တော့မှ မလုပ်ဘူးလို့။ ဘာလို့လဲဆိုတော့ ကျနော်တွေ့ဖူးတဲ့ ကျောင်းဆရာဆိုသူအတော်များများဟာ ဓားသွေးကျောက်တွေ ဖြစ်နေတာတွေ့ရလို့ပဲ။ သူများတကာတွေကိုပဲ ထက်အောင် လုပ်ပေးနေရတယ်။ တဖြည်းဖြည်း ကိုယ်ကိုယ်တိုင် ပါးပါးလိုက်လာတယ်။ ကျနော် အဲသည်လို မဖြစ်ချင်ဘူးလေ။ 

ကျောင်းဆရာ မဖြစ်ချင်တဲ့ကောင်၊ အခုအချိန်အထိ ကျောင်းဆရာကဲ့သို့ သင်ကြားရေးအလုပ်ကို လုပ်နေတာ (၁၀) နှစ်ပြည့်တော့မယ်။ ဒါပေမယ့် သင်ကြားရေးအလုပ်ကို ပျော်ပါတယ်။ သင်ကြားတဲ့အလုပ်ကို လုပ်ရင်း သင်ယူတဲ့အလုပ်ကိုလည်း တွဲဖက်လုပ်နေရတာ ကြိုက်တယ်။ အသစ်အသစ်သော အမြင်အယူအဆ၊ ရှုထောင့်တွေကို ပြောဆို ဆွေးနွေးပို့ချရတာ သဘောကျတယ်။ ကိုယ်သိနားလည်ထားတာကို ပြန်လည် မျှဝေရတာ သဘောကျသလို၊ ကိုယ်မသိသေးတာတွေကို ထပ်မံလေ့လာရတာကိုလည်း ကြိုက်တယ်။ စာဖတ်တာဟာ စားသုံးတာလို့ ကျနော် ယူဆတယ်။ စာသင်တာကတော့ စားပြီးသားကို ကြိတ်ချေတာလို့ ကျနော် မြင်တယ်။ ကျနော် စားသမျှ အစာတွေ digest ဖြစ်တယ်လို့ ခံစားရလို့ သင်ကြားရေးအလုပ်ကို ကျနော် ကြိုက်နှစ်သက်လာခဲ့တယ်။ 

အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ နိုင်ငံရေးသင်တဲ့ကျောင်းဆရာအဖြစ်ကို တဖြည်းဖြည်း ပိုမိုဖြတ်သန်းလာမိလေလေ၊ ကွန်ဖြူးရှပ်ဆီက ရတဲ့ ဒဿနတချို့က ကျနော့်ကို ပိုမိုလွှမ်းမိုးလေလေ။ 

ကွန်ဖြူးရှပ်ဟာ ဆရာတစ်ယောက်ရဲ့ အကျင့်အကြံဟာ ဘယ်လို ဘယ်ကဲ့သို့ ဖြစ်ရင် ၊ ဒီလူဟာ တခြားသူတွေအတွက် ဆရာဖြစ်ဖို့ ထိုက်တန်တယ်လို့ ပညတ်ခဲ့ဖူးတာ ရှိတယ်။ ကွန်ဖြူးရှပ်အဆိုအမိန့်က အခုလို။ 

  • လူတစ်ယောက်ဟာ ယခင်က မိမိ ဘယ်ပညာရပ်ကို ဆည်းပူးခဲ့တယ်ဆိုတာနဲ့ ဆက်လက်ပြီး ဘယ်လို ဗဟုသုတ ဆည်းပူးနေတယ်ဆိုတာကို အစဉ်တစိုက် သုံးသပ်ရင် သူဟာ တခြားလူတွေအတွက် ဆရာတစ်ယောက်ဖြစ်ဖို့ ကိုက်ညီတယ်….တဲ့။

ကွန်ဖြူးရှပ်ရဲ့ ပညတ်ချက်ဟာ ကျနော့်အပေါ် လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ နိုင်ငံရေးဘာသာရပ်တွေ သင်ကြားမှုအလုပ်ကို ပိုပြီး လုပ်လာရလေလေ၊ ငါ ဘာကို လေ့လာနေတာလဲ၊ ငါ ဘာကို ဆက်ပြီး လေ့လာမှာလဲ၊ ငါ ဘာကို ထပ်မံ လေ့လာဖို့ လိုသလဲ၊ ငါ ဘာကို ထပ်လေ့လာချင်နေတာလဲ ဆိုတာကို သတိထား မေးခွန်းထုတ်ပါတယ်။ 

ငါ လေ့လာခဲ့တာတွေရဲ့ အတိတ်အနက်ကို ပြန်ဆန်းစစ်မယ်၊ ငါလေ့လာခဲ့တဲ့အကြောင်းအရာတွေကို ထပ်မံ စိစစ်မယ်၊ ငါ လေ့လာအုံးမယ် ဘာသာရပ်တွေရဲ့ သဘာဝကို ထပ်မံ ချည်းကပ်မယ်။ 

အတိတ် – ပစ္စုပ္ပန် နဲ့ အနာဂတ် လေ့လာရေးမြေပုံတွေကို ကျနော့် မှတ်စုစာအုပ်ထဲမှာ စာရင်းတွေ အထပ်ထပ် မှတ်ခဲ့ပါတယ်။ နိုင်ငံရေးဘာသာရပ်၊ သမိုင်းဘာသာရပ်နဲ့ လူမှုသိပ္ပံဘာသာရပ်ခွဲတွေဟာ အလွန်အမင်း များပြားလို့ တချို့ ဘာသာရပ်တွေကို ထိထိမိမိ လေ့လာဖို့ တချို့ဘာသာရပ်တွေကို ဆုပ်မိကိုင်မိ ရှိထားဖို့၊ တချို့ ဘာသာရပ်တွေကိုတော့ ကြိုတင် တို့ထိထားကြည့်ဖို့ ကိုယ့်ကိုယ်ကို နှိုးဆော်ရပါတယ်။ 

ပညာသင်ကြားပို့ချရေးမှာလည်း စ – လယ် – ဆုံး သုံးပါးစလုံး ညီညွတ်သော သင်ကြားမှုအစဉ်ဇယားဖြစ်ဖို့ အာရုံစိုက်ရပါတယ်။ တို့ကနန်းဆိတ်ကနန်း လေ့လာမှုနဲ့ ပြန်လည် မပို့ချမိဖို့လည်း အထူး သတိထားရပါတယ်။ ကိုယ်မသိတာကို မသိဘူးလို့ ပြောဖို့ စာသင်ခန်းထဲမှာ မတွန့်ဆုတ်ဖို့ ကျနော့်ကိုယ် ကျနော် သတိပေးခဲ့ပါတယ်။ ကိုယ်နားမလည်တာကို ရမ်းတုတ်မှန်းတုတ် အကန်းတုတ်နဲ့ ရောမချဖို့၊ ဖြီးမချဖို့ ကျနော့် ဘာသာ သတိပေးနေမိခဲ့တယ်။ 

အထူးသဖြင့် ပညာပို့ချနေပါတယ်၊ ဖြန့်ဝေနေပါတယ်၊ သင်ကြားပေးနေပါတယ်ဆိုတဲ့ လူကိုယ်၌က စဉ်ဆက်မပြတ် လေ့လာသင်ယူရေးကို မပျက်ကွက်မိစေဖို့ ကျနော် အထူး သတိရှိခဲ့တယ်။ 

သင်ကြားရေးအလုပ်ကို လုပ်နေသူတွေဟာ သင်ယူတဲ့အလုပ်ကို အစဉ်တစိုက်လုပ်နေသူတွေ ဖြစ်ရမယ်လို့ ကျနော် ခံယူပါတယ်။ 

ဒီစိတ်နဲ့ ဒီနေ့ ဒီအချိန်အထိ ကျနော် သင်ကြားရေးအလုပ်ကို လုပ်နေပါတယ်။ ကျနော် များများစားစား မြောက်မြောက်မြားမြား မသင်နိုင်၊ မပို့ချနိုင်ပါ။ သို့သော် ကိုယ်သင်ကြားတဲ့ ဘာသာရပ်အပေါ်မှာတော့ ဆုပ်မိကိုင်မိ မရှိဘဲနဲ့ ရမ်းရွှီးတာမျိုး၊ တတ်ယောင်ကားလုပ်တာမျိုးကို အထူး ရှောင်ကြဉ်တယ်။ ဒီနေ့ခေတ် ဒီနေ့အခါမှာ၊ ကိုယ့်ထက် သိသူ တတ်သူတွေ တစ်ပုံကြီးမို့ လူထုကြားထဲ ပြန်လည် သင်ကြားနေသူတစ်ယောက်ဟာ ကိုယ့်အသိအဟကို ကိုယ်သတိမချပ်နိုင်ရင်၊ ကိုယ့်အသိဝမ်းစာကို ပြန်လည်ဖြည့်တင်းတာမျိုး မလုပ်နိုင်ရင် အတော်ကြီး အရှက်ရစေတယ်ဆိုတာ နားလည်ထားပါတယ်။ 

လူငယ်ပေါင်းများစွာကို နိုင်ငံရေးဘာသာရပ် သင်ကြားပေးခဲ့သူအဖြစ် 

မြန်မာတစ်နိုင်ငံလုံး နီးပါး၊ နေရာအနှံ့အပြားမှာရှိတဲ့လူငယ်တွေနဲ့ တွေ့ထိခွင့်ရတာ၊ ထို့နောက် သူတို့ မေးမြန်းဆွေးနွေးတဲ့အကြောင်းအရာတွေကနေ ကျနော် ကိုယ်တိုင် ပြန်လည် သင်ယူခွင့်ရတာဟာ နိုင်ငံရေးကျောင်းဆရာဘဝမှာ ကျနော့်အတွက် နှစ်လိုဖွယ်အဖြစ်ဆုံးအရာတစ်ခုပါပဲ။ 

မင်းသေ့ 

ည ၉း၀၄ 

၅ ၊ အောက်တိုဘာ၊ ၂၀၂၂။ 

Previous post နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ကွ
Next post နှစ်လိုဖွယ်ဖြစ်ရဲ့လား