အမှီအခိုကင်းအောင် လုပ်ပေးလိုက်ပါ

⦿ သူ့ဟာသူ တတ်နိုင်တဲ့ကိစ္စမှာ ကိုယ်က ဝင်ပြီး လုပ်ပေးနေတာထက် သူတစ်ပါးပေါ် မှီခိုမှု မရှိဘဲ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ ဖြစ်လာအောင် အထောက်အကူပြုတာက ပိုပြီး ချစ်ရာရောက်ပါတယ်။

ဒီစာဟာ — ဆရာတော် ဦးဇောတိကရဲ့ မေတ္တာတရား (လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ) စာအုပ်၊ စာမျက်နှာ ၂၃ က ကောက်နုတ်ချက်ဖြစ်ပါတယ်။ ကျနော့်အထင် ဒီစာအုပ်ဟာ — ချစ်တတ်တဲ့လူ ဖြစ်ဖို့ လိုတယ်…ဆိုတဲ့ ဟောတရားကို စာအုပ်ပြန်လုပ်ထားတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ — မှီခိုမှုနဲ့ ချစ်ခြင်းအကြောင်း ပြောချင်ပါတယ်။

ကျနော်တို့တတွေဟာ ဒီလူ ငါ့အပေါ် မှီခိုနေမှ သူက ငါ့ကို ချစ်တယ်လို့ ထင်နေကြတာများတယ်။ ဒီလိုပဲ ငါ့ကလည်း သူ့ကို တစ်ခုခု လုပ်ပေးကိုင်ပေးနေရမှ ချစ်ခြင်းကို ဖော်ပြတာလို့ မြင်လေ့ရှိတယ်။ ဆရာတော် ဦးဇောတိကရဲ့ ဒဿနကတော့ အဲသည်လို မဟုတ်ပါဘူး။ လွတ်လပ်ခြင်းနဲ့ တွဲဖက်သော ချစ်ခြင်းလို့ ပြောနိုင်ပါတယ်။ လွတ်လပ်မှုနဲ့ တွဲဖက်တဲ့ မေတ္တာတရားလို့ ပြောနိုင်ပါတယ်။

⦿ သူက တတ်နိုင်တယ်။ ဒါပေမယ့် ကိုယ်က ဝင်လုပ်ပေးနေချင်တယ်။ ဒီစိတ်ဟာ မလွတ်လပ်သော စိတ်ပါ။ သူက မတတ်နိုင်ဘူး၊ ဒါ့ကြောင့် ဝင်လုပ်ပေးတယ်။ ဝင်လုပ်ပေးတဲ့နေရာမှာလည်း သူ့အားသူကိုး နိုင်အောင် ဝင်လုပ်ပေးခြင်းဖြစ်တယ်။ ဝင်လုပ်ပေးတယ်လို့တောင် မပြောနိုင်ပါဘူး။ သူ့အားသူကိုးနိုင်အောင် ကူညီပေးတာ၊ ပံ့ပိုးပေးတာ။ ဒီလိုနဲ့ သူဟာ ကိုယ့်အားကိုယ်ကိုးနိုင်သူ တစ်ယောက်ဖြစ်လာတယ်၊ ဒါ့အပြင် ကိုယ့်အားကိုယ်ကိုးချင်စိတ်ရှိသူဖြစ်လာအောင် ကူညီပေးတယ်။ ဒါမှ တကယ် ချစ်ရာရောက်ပါတယ်။

ဒါဟာ လွတ်လပ်ခြင်းနဲ့ယှဉ်တွဲသော ချစ်ခြင်းဖြစ်ပါတယ်။

ဒီဘက်ခေတ်ကတော့ နည်းနည်း လွဲနေတယ်။ သူ့ဘာသာသူ လုပ်နိုင်နေတာတောင်မှ ဝင်လုပ်ပေးချင်တယ်။ ဒါမှ ချစ်တယ်လို့ ထင်နေကြတယ်။ သူ့အားသူကိုးပြီးတော့ သူ့ဘာသာသူ လျှောက်နေရင်တောင်မှ၊ ငါ့ကို အားမကိုးဘူး၊ ငါ့ကို မမှီခိုဘူး၊ ငါ လုပ်ပေးတာကို ငြင်းဆန်တယ်ဆိုပြီး ငြိုငြင်ချင်ကြတယ်။ ကိုယ့်ကို မှီခိုနေမှ ချစ်တယ်လို့ ထင်ကြတာကိုး။ ကိုယ့်ကို အားကိုးနေမှ ချစ်တယ်လို့ ထင်ကြတာကိုး။ ကိုယ်လုပ်ပေးတာကို လိုအပ်နေမှ ချစ်တယ်လို့ ထင်ကြတာကိုး။ တကယ်တော့ မဟုတ်ဘူးနော်။ အဲဒါက တကယ်ချစ်ရာ မရောက်ဘူး။

⦿ တုပ်နှောင်ထားတာ။
⦿ အမှီအခို မကင်းအောင် လုပ်ထားတာ။
⦿ အမြဲတမ်း ကိုယ့်ကို အလိုရှိအောင် လုပ်ထားတာ။

ကိုယ့်ကို အလိုရှိနေအောင် လုပ်တာကိုက အစွဲနဲ့ တုပ်နှောင်ထားတာပဲ၊ ချည်နှောင်ထားတာပဲ။ ချည်ထားမှတော့ ဘယ်လိုလုပ် လွတ်လပ်တော့မလဲ။ တုပ်ထားမှတော့ ဘယ်လိုလုပ် လွတ်လပ်တော့မလဲ။

ဒီနေ့ခေတ်ဟာ လွတ်လပ်မှုဒဿနကို ပြောနေကြပေမယ့် တကယ် မလွတ်လပ်ချင်ကြဘူး။ တုပ်ခံထားရတာကို ကြိုက်တယ်။ ချည်ထားခံထားရတာကို ကြိုက်တယ်။ ကြိုးမဲ့ချည်တိုင်တွေကို လူတွေက တပ်မက်နေကြတာများပါတယ်။ အချည်ခံထားရမှ စိတ်လုံသူတွေ ရှိနေတယ်။ ဒါက လွတ်လပ်သောချစ်ခြင်းတွေ မဟုတ်ဘူးနော်။ လွတ်လပ်သော မေတ္တာတရားလည်း မဟုတ်ပါဘူး။

ဒါက ဆရာတော် ဦးဇောတိကရဲ့ ဒဿနစာပေက ရသော ကျနော့် တွေးခေါ်ချက် တချို့ပါ။

သူ့ကို တကယ်ချစ်တယ်ဆိုရင်၊
သူ့ကို အမှီအခို ကင်းအောင် အထောက်အကူပေးလိုက်ပါ။

မင်းသေ့
နံနက် ၉း၂၅
၁၈ ၊ ဇူလိုင်၊ ၂၀၂၃။

Previous post ⦿ ဒေါ်စု ပြန်လွတ်လာခဲ့ရင်
Next post ⦿ ကျော်ဝင်းညွှန်းသော မြန်မာစာအုပ်များနှင့် နိုင်ငံတကာစာအုပ်များ