ပါတီကိုတော့ သူ လက်လွှတ်မှာ မဟုတ်ပါ။ ဒေါ်စုအနေနဲ့ NLD နဲ့ NUG ဘယ်သူ့ရွေးမလဲလို့ ပြောရင် ဒေါ်စုအနေနဲ့ NLD ကိုပဲ ရွေးပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ သူ မရှိခင်၊ သူ မသိဘဲ ပေါ်လာတဲ့ NUG အပေါ် အလုံးစုံ တာဝန်ခံမှာ မဟုတ်ပါ။ တာဝန်ခံစရာလည်း မလိုပါ။ ဒါပေမယ့် လုံးဝ ငြင်းပယ်တာမျိုးလည်း လုပ်ချင်မှ လုပ်မယ်။ လုပ်ချင်လည်း လုပ်မယ်။ ဒီလုပ်ပုံကို ဘယ်မှာ ဥပမာယူပြီး ကြည့်နိုင်သလဲဆိုတော့ NCGUB ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားနဲ့ တုံ့ပြန်ခဲ့သလဲဆိုတာနဲ့ ဥပမာယူပြီး စဉ်းစားခန်း ဖွင့်နိုင်တယ်။

________________________

⦿ ကြိုစဉ်းစားထားရမယ့်ကိစ္စ။။

တကယ်တော့ လက်တို့ချင်တာက၊ ဒေါ်အောင်ဆန်းစုကြည်ကို အထိန်းသိမ်းခံဘဝကနေ လွှတ်ပေးလိုက်ရင် ငါတို့ ဘာလုပ်ကြမလဲ…ဆိုတဲ့ကိစ္စပါ။

⦿ ၁။ သာမန်လူထုကတော့ ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ဝမ်းသာစွာ ကြိုဆိုနေလိမ့်မယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရိုးသားစွာ မျှော်လင့်နေလိမ့်အုံးမယ်။ ဒါပေမယ့် — အဲသည့်သာမန်လူထုထဲက စစ်ကောင်စီရဲ့ ယုတ်မာ ရက်စက်မှုကြောင့်၊ စည်းစိမ်ပျက်သွားတယ်… ဘဝပျက်သွားတယ်… မိသားစု ဆုံးရှုံးသွားတယ်…ဆိုတဲ့ သာမန်လူထုတွေကတော့ …. ယခင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် မြင်သလို မြင်နိုင်ချင်မှ မြင်နိုင်တော့မယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူနဲ့ သဘောထားတွေကို သေချာ ဂရုတစိုက် စောင့်ကြည့်မယ့် သဘောရှိတယ်။ ဒါ့အပြင် သူတို့ရဲ့ နစ်နာချက်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လို ကူညီ ကယ်မ ပေးနိုင်မလဲဆိုတာလည်း မျှော်လင့်နိုင်လိမ့်မယ်။

⦿ ၂။ နောက်ထပ် စဉ်းစားစရာက လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့သူ‌တွေ ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့သူတွေထဲမှာ — ဘာဖြစ်ဖြစ် အဆုံးထိ သွားမယ်၊ လုံးဝ နောက်မဆုတ်ဘူးလို့ ကြွေးကြော်ပြီး မြှုပ်နှံခဲ့သူ‌တွေ ရှိပါတယ်။ ဒါ့အပြင် အခြေအနေက တွန်းပို့လို့ လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေ လျှောက်လှမ်းရသူတွေ ရှိပါတယ်။ ဒါ့အပြင် နာကျည်းချက်ကြောင့် ခံစားချက်နဲ့ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ခဲ့သူတွေ ရှိပါတယ်။ တချို့ကလည်း အဖော်ကောင်းလို့ ခဏ လိုက်လာသူတွေ ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်နက်ကိုင်လမ်းစဉ်ကို လက်တွေ့ကျကျ သိမြင်ပြီးတဲ့နောက်၊ ကိုယ့်ရဲ့ အခြေအနေနဲ့ ဖြစ်နိုင်ချေတွေကို လက်တွေ့ သိနားလည်လာတဲ့ တော်လှန်ရေးသမား လူငယ် အမြောက်အမြား ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ဒီလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဘယ်လို မျှော်လင့် တွက်ဆထားကြသလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

⦿ ၃။ ဒီ/ချုပ် ပါတီဝင်တွေကလည်း တခါတရံ ခက်ခဲသော ရွေးချယ်မှုတွေကို ရွေးချယ်ရလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ ဒီ/ချုပ် ပါတီထဲမှာ၊ လက်နက်ကိုင်လမ်းစဉ်ကို ခြေစုံပစ် လျှောက်လှမ်းကြသူတွေ ရှိပါတယ်။ ဒါ့အပြင် တို့ခေါင်းဆောင် မလွတ်မြောက်မချင်း တော်လှန်တိုက်ပွဲဝင်နေရမယ်ဆိုတဲ့လူတွေလည်း ရှိပါတယ်။ တခြားတစ်ဖက်မှာလည်း နိုင်ငံရေးအရ ပါဝင်နေသူတွေ၊ ခပ်လှမ်းလှမ်းကနေ ကူညီထောက်ပံ့နေသူတွေ ရှိပါတယ်။ ဒါ့အပြင် ဘေးထိုင်ပြီး အသာရှောင်နေသူတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်တည်မှုဟာ ဒီ/ချုပ်ပါတီဝင်အပေါ် သက်ရောက်မှု ရှိပါတယ်။ ဒီတစ်ခါတော့ အခြေအနေအရ ဖြစ်လာမယ့် ရလဒ်တွေရှိလာနိုင်တယ်။ ယခင် ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ဝင်မလား / မဝင်ဘူးလား…ဆိုတဲ့ ကွဲလွဲချက်နဲ့ ဒီ/ချုပ်ရဲ့ ခေါင်းဆောင်ပိုင်း ပဲ့သွားခဲ့ဖူးတယ်။ ဒါကို ကွဲသွားတယ်လို့ မပြောပါ။ ပဲ့သွားတယ်လို့ သုံးနှုန်းပါတယ်။ ဒီတစ်ခါတော့ ခေါင်းဆောင်ပိုင်း အပဲ့ဆိုတာထက် ဒီ/ချုပ်ရဲ့ အောက်ခြေပိုင်း အကွဲက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခွင့်လွှတ်နိုင်တဲ့သူ / နားလည်ပေးတဲ့သူနဲ့ လုံးဝ ခွင့်မလွှတ်နိုင်တဲ့သူတွေ အကြား စည်းခြားသွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘာပဲ ပြောပြော … ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါတီကို ခြေကုတ်ယူပြီး သူ့ရဲ့ နိုင်ငံရေးအင်အားကို ပြန်လည် သိုမှီးထားနိုင်မယ်လို့ ပြောနိုင်ပါတယ်။ ပါတီကိုတော့ သူ လက်လွှတ်မှာ မဟုတ်ပါ။ ဒေါ်စုအနေနဲ့ NLD နဲ့ NUG ဘယ်သူ့ရွေးမလဲလို့ ပြောရင် ဒေါ်စုအနေနဲ့ NLD ကိုပဲ ရွေးပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ သူ မရှိခင်၊ သူ မသိဘဲ ပေါ်လာတဲ့ NUG အပေါ် အလုံးစုံ တာဝန်ခံမှာ မဟုတ်ပါ။ တာဝန်ခံစရာလည်း မလိုပါ။ ဒါပေမယ့် လုံးဝ ငြင်းပယ်တာမျိုးလည်း လုပ်ချင်မှ လုပ်မယ်။ လုပ်ချင်လည်း လုပ်မယ်။ တစ်သားတည်း လက်ခံပစ်လိုက်ဖို့တော့ ခဲယဉ်းလွန်းလိမ့်မယ်။ ဒါဆို NUG အပေါ်မှာ ဒေါ်စုရဲ့ သဘောထားက ဘယ်လိုလဲ။ ဒီလုပ်ပုံကို ဘယ်မှာ ဥပမာယူပြီး ကြည့်နိုင်သလဲဆိုတော့ NCGUB ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားနဲ့ တုံ့ပြန်ခဲ့သလဲဆိုတာနဲ့ ဥပမာယူပြီး စဉ်းစားခန်း ဖွင့်နိုင်တယ်။

⦿ ၄။ နောက်ထပ် စဉ်းစားနိုင်တာကတော့ NUG ထဲက ဒီ/ချုပ် အဖွဲ့ဝင်တွေအတွက် ဖြစ်ပါတယ်။ ဒါကတော့ ဖြစ်တည်လာတဲ့ အခြေအနေအပေါ် တစ်ဦးချင်း ရွေးချယ်မှုက စကားပြောသွားပါလိမ့်မယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NUG အပေါ် ထားတဲ့သဘောထားအမြင်နဲ့လည်း သက်ဆိုင်နေပါလိမ့်မယ်။ ပေါ်ပေါက်လာမယ့် ဒိုင်ယာလော့ခ် အခင်းအကျင်းမှာ — စစ်ကောင်စီဘက်က တည်ဆောက်ထားတဲ့ ဒေါ်စုနဲ့ NUG အကြားက ဆက်ဆံရေးသဘောထားအမြင် နဲ့လည်း သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။ ဒါတွေဟာ စဉ်းစားရမယ့်ကိစ္စတွေဖြစ်ပါတယ်။ အကယ်၍ ဒေါ်အောင်ဆန်းစု‌ကြည် ပြန်လည် လွတ်မြောက်လာခဲ့ရင် – တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လောက် နိုင်ငံရေးအစေးကပ်ကပ်နဲ့ တံတားထိုးနိုင်မလဲဆိုတာလည်း စဉ်းစားစရာတွေဖြစ်ပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းကတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မပူးပေါင်းနိုင်အောင် ကန့်ထားနိုင်မယ့် အနေအထားရှိတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဘယ်လို သဘောထားရှိခဲ့သလဲ။ ဖြစ်လာမယ့် သဘောထားနဲ့ ယခင်တုန်းက သဘောထားက တူနိုင်အုံးမလား။ အဲသည့်အထဲမှာ မျှခြေကို ကြည့်ပြီး ဇာတ်ကွက်ကို ရွေးချယ် ကပြကြရမှာကတော့ NUG ခေါင်းဆောင်ပိုင်းက ဖြစ်ပါတယ်။ အထူးသဖြင့် NUG ထဲက ဗမာ / မြန်မာ ဒီ/ချုပ် ခေါင်းဆောင်မှုပိုင်းက လူတွေဖြစ်ပါတယ်။

⦿ ၅။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အခန်းကဏ္ဍကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်ပိုင်းက ဘယ်လို ထင်မြင်သလဲဆိုတာကလည်း ကြိုတင် စဉ်းစားထားသင့်တဲ့ ဖြစ်တန်ချေထဲက တစ်ခု ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေရဲ့ တိမ်းညွှတ်မှု အလှည့်အပြောင်းဟာ — အဆုံးအဖြတ်သဘောကို ညွှန်းနိုင်မယ့် အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လမ်းစဉ် ကျရှုံးမှု / မကျရှုံးမှုကို ဆုံးဖြတ်နိုင်မယ့် အဆုံးအဖြတ်ဩဇာမျိုး တိုင်းရင်းသားခေါင်းဆောင်တွေမှာ ရှိပါတယ်။ ဒါ့ကြောင့် တင်ကူးအခြေအနေတွေ ဖန်တီးမထားတဲ့ ဒိုင်ယာလော့ခ်ဟာ — ဖြစ်ချင်တာတွေလည်း ဖြစ်နိုင်သလို၊ မဖြစ်စေချင်တာတွေလည်း ဖြစ်လာပါလိမ့်မယ်။ အားလုံးကတော့ ရောထွေးပြီး ဖြစ်တည်လာမယ့် သဘောရှိပါကြောင်း…. တင်ပြလိုက်ရပါတယ် ခင်ဗျား….။

မင်းသေ့
နေ့လယ် ၂း၀၃
၂၂ ၊ ဇူလိုင်၊ ၂၀၂၃။

Previous post ⦿ မြန်မာပြည်လက်နက်ကိုင်နိုင်ငံရေးအထာ
Next post အမှီအခိုကင်းအောင် လုပ်ပေးလိုက်ပါ