မနေ့က ကျနော့် အစ်ကိုနဲ့ စကားပြောရင်း၊ တချို့ ပြောဖြစ်တဲ့ စကားတွေ ရှိတယ်။ တချို့က ထင်နေကြတယ်။ ဒီပွဲကို အနိုင် / အရှုံးရယ်လို့ သိပ်ပြောကြတာပဲ။ ကျနော်ကတော့ သူ့ကို ပြောတယ်။ ဒါက လက်ဝှေ့ပွဲလို မဟုတ်ဘူး။ ဒီတော့ အနိုင် အရှုံးရယ်လို့ ပြောလို့ မရဘူး။ ဘယ်သူ့ ဘယ်လို အားသာလာသလဲ၊ ဘယ်သူက ဘယ်လို အားလျော့လာသလဲ… ဆိုတာသာ ပြောနိုင်တယ်။ ဘယ်နယ်မြေတွေမှာ ဘယ်သူက စိုးမိုးနိုင်သလဲ၊ ဘယ်နယ်မြေတွေမှာ ဘယ်သူက နောက်ဆုတ်ပေးလိုက်ရသလဲ… ။ ဒီလိုပဲ တွက်နိုင်တယ်လို့ ကျနော် ပြောပါတယ်။

ကျနော်တို့ မြန်မာပြည် ပြည်တွင်းစစ်သမိုင်းမှာ ကြုံတာက — တိုက်ပွဲအစစ်၊ စစ်ပွဲအတု နဲ့ ကြုံတာပါ။ ဒါကို သေချာ သဘောပေါက်စေချင်တယ်။ အောက်ခြေကတော့ တကယ်တိုက်ကြတာပဲ။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းက တကယ် တိုက်တာ မဟုတ်ဘူး။ ကစားနေကြတာ။ ဒါကို ဂိမ်း (game) လို့ မြင်ကြည့်ရင် ပို ပေါ်လွင်ပါတယ်။ ဒါ့ကြောင့် စဉ်းစားကြည့်။ မြန်မာပြည် ပြည်တွင်းစစ် တလျှောက်လုံးမှာ၊ ခေါင်းဆောင်ပိုင်းက သေကြေတာထက် အောက်ခြေက သေကြေမှုက ဒုနဲ့ ဒေးပဲ။

⦿ အခုလည်း အဲသည့်လိုပဲ။

အောက်ခြေက ပိုသေမယ်။ အောက်ခြေရောက်လေ ပိုသေလေဖြစ်မှာပဲ။ အဆင့်လိုက် အလွှာလိုက်။ ထိပ်ပိုင်းရောက်လေ အပွန်းအရှနည်းလေပဲ။ ထိပ်ပိုင်းက အာဏာအားပြိုင်မှုတွေနဲ့ နိုင်ငံရေးလေထုကို ထိန်းထားလိမ့်မယ်။ မြန်မာပြည် ပြည်တွင်းစစ်က တကယ်တိုက်ကြရင် ဒီလောက် မကြာဘူး။ အခုလည်း တကယ်တိုက်ကြတော့မယ် ထင်နေတာ။ တကယ်တော့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ တကယ်အပြတ်တိုက်မယ်ဆိုတဲ့ စိတ်ပြဋ္ဌာန်းချက် မရှိဘူး။ ဒါကို အတိတ်က ပြည်တွင်းစစ်တလျှောက်လုံးက ဖြစ်လာတဲ့ ရလဒ်က သိသာတာပဲ။ အဖွဲ့တွေ ပုံပြောင်းဖြစ်တည်မယ်၊ တောင့်မခံနိုင်တဲ့ကောင်တွေ အိပဲ့အိပဲ့နဲ့ ပြိုဆင်းသွားမယ်၊ အဖွဲ့သစ်‌တွေ ပေါ်လာမယ်။ ဒီလိုပဲ အားပြိုင်နေကြတာပဲ။

⦿ စစ်ဘောင်ကျယ်ရင် လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်ဘောင် ပိုကျယ်တယ်။ ဒီလိုနဲ့ စစ်ဟာ စီးပွားရေးလို ဖြစ်လာတာပဲ။

လက်နက်ကိုင်တိုက်ပွဲကို လုပ်ရင် ဖြစ်နိုင်သမျှ မြန်မြန် ဆန်ဆန် လုပ်ပါ။ မြန်မြန် ဆန်ဆန် မလုပ်ရင် လက်နက်ကိုင်တော်လှန်ရေးဟာ စီးပွားရေးဖြစ်သွားမယ်။ ဒီလို သာဓကဟာ မြန်မာပြည် ပြည်တွင်းစစ်သမိုင်းကို ကြည့်ရင် အလွန် ထင်ရှားတယ်။ ဒါ့ကြောင့်လည်း လူထုက ဒီလက်နက်ကိုင်တော်လှန်ရေးကို အချိန်တိုတိုနဲ့ အမြန် ဖြတ်စေချင်တယ်။ ဒါပေမယ့် ဒီပုံစံအတိုင်းက သိပ်ပြတ်ပြတ်သားသားဖြစ်မယ် မထင်ဘူး။ ဒါ့ကြောင့် အာဏာအားပြိုင်လွန်ဆွဲမှု ကြာညောင်းလေလေ၊ အောက်ခြေက ပိုပြီး အထိနာလေလေပဲ။

⦿ ဒီနေရာမှာ အောက်ခြေလို့ ပြောတာဟာ — လူထုနဲ့ အောက်ခြေက လက်နက်ကိုင်တပ်သားကို ပြောတာဖြစ်တယ်။ ဒီနှစ်ယောက်ကတော့ အနာဆုံးဖြစ်မယ်။

ကျနော် ထပ်ပြောချင်တာက — မြန်မာပြည် ဧရိယာအဝန်းအဝိုင်းက တကယ်တော့ သိပ်ကျဉ်းတယ်။ ကျနော့် မိတ်ဆွေတွေကို ပြောလေ့ရှိတဲ့ စကားလေးရှိတယ်။ တကယ်တော့ မြန်မာပြည်က ဇီးရွက်လောက်ရှိတာ။ လက်နက်ကိုင်အဖွဲ့ပေါင်းက သောင်းခြောက်ထောင်ရှိတယ်။ ပြီးတော့ ကိုယ်စီ ကိုယ်စီက အာဂျင်ဒါ တစ်ခုစီ သီးခြားကိုင်စွဲထားတယ်။

ဒီတော့ လက်နက်ကိုင်တပ်အားလုံးဟာ ဗဟိုချက်ဖြစ်သော နေပြည်တော်ကို အားလုံး ဝိုင်းပြုံ ဦးတည်စေရေးဆိုတာဟာ ထက်သန်သော လိုလားချက်အနေနဲ့ ရှိနေရဲ့လား….ဆိုတာကို မေးခွန်းထုတ်ရပါလိမ့်မယ်။ လောလောဆယ် ဖြေနိုင်တာကတော့ ဒါဟာ လောလောဆယ် ရှိမနေဘူး။ အထူးသဖြင့် လူမျိုးစု အခြေပြု လက်နက်ကိုင်တပ်ဖွဲ့တွေဟာ သူတို့ရဲ့ လူမျိုးစု ဧရိယာတွေ အပြန့်ကျယ်ရေးနဲ့ အဲသည့်ဒေသတွေမှာ ခိုင်မာအားကောင်းရေးကိုသာ ရှေ့ရှုတယ်။

⦿ ဒါ့ကြောင့် နေပြည်တော် ဗဟိုချက်ကို ဖြိုချင်တဲ့ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေကြားမှာ — မဟာမိတ်လက်နက်ကိုင်တပ်ပေါင်းစုကြီး တစ်ခုနဲ့ ဗဟိုကွပ်ကဲမှု တစ်ခုတည်းအောက်မှာ — လက်နက်အပြည့်အစုံနဲ့ သွားရောက်ချီတက်ကြဖို့ဆိုတာ ၀.၀၀၉ % မျှော်လင့်ချက်သာ ရှိတယ်။

လက်တွေ့ နိုင်ငံရေးမှာက — လက်နက်နဲ့ ကိုယ့်အင်အားကို နောက်ခံပြုပြီး တည်ဆောက်။ တဖြည်းဖြည်းနဲ့ ကိုယ်လိုချင်တဲ့ အာဏာကို လက်နက်အင်အားကို အခြေပြုပြီး စားပွဲဝိုင်းမှာ ပြောကြ ဆိုကြ။ လက်နက်အင်အားသာတဲ့ကောင်က နိုင်ငံရေးစားပွဲဝိုင်းမှာ ဟင်းပိုစားရမယ်။ ဒီလိုနဲ့ ကိုယ့်ဘက် ဝေစုများများရအောင် လုပ်တဲ့ ဖြစ်စဉ်သာ တွေ့ရမယ်။ ဒါကို လူတွေ ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမယ့် ဖြစ်နေတာက ဒီလိုလို့ နားလည်ပါ။

လက်ရှိ မြန်မာပြည်အတွက် အနိမ်ဆုံး မျှော်လင့်နိုင်တာက စစ်နိုင်ရေး မဟုတ်ဘူး။ ဘယ်ဘက်အခြမ်းက ဘယ်လောက်အားသာပြီး တည်ငြိမ်တဲ့အခြေအနေကို ဖန်တီးပေးနိုင်မလဲဆိုတဲ့ကိစ္စသာ ဖြစ်တယ်။ တည်ငြိမ်ရေးသည်သာလျှင် လောလောဆယ် ကျနော်တို့ လက်တွေ့ကျကျ မျှော်လင့်နိုင်မယ့်ကိစ္စဖြစ်တယ်။ အနိုင် / အရှုံးတွေဆိုတာက ဒီအတိုင်းပဲ အင်အားနိုင်ငံရေးစကားလုံးအရ ပြောကြတာပါ။

⦿ မြန်မာပြည် ပြည်တွင်းစစ်က အနိုင်အရှုံး မပေါ်ပါဘူး။ ကျူးကျော်စစ်မှာ အနိုင်အရှုံး ရှိတယ်။ ကမ္ဘာစစ်မှာ အနိုင်အရှုံး ရှိတယ်။ အင်္ဂလိပ်ကို နှင်ဖို့ ဂျပန် ဝင်လာတယ်။ အင်္ဂလိပ်ထွက်သွားတယ်။ ဂျပန် ဝင်လာနိုင်တယ်။ အနိုင် အရှုံးပေါ်တယ်။ ပြီးတော့ ဂျပန် ပြန်အထွက် အင်္ဂလိပ် ပြန်အဝင်။ အနိုင် အရှုံး ပြတ်သားတယ်။ ဒါပေမယ့် လွတ်လပ်ပြီးခေတ် နောက်ပိုင်း မြန်မာပြည် ပြည်တွင်းစစ်က အခုထိ ပြတ်သားတဲ့ အဖြေ မပေါ်ဘူး။

နယ်မြေတွေကို ထိန်းချုပ်နိုင်တာ၊ အာဏာစက် ဖြန့်ကျက် ကွပ်ကဲနိုင်တာတွေက ဧရိယာအလိုက် ပြောင်းနေတယ်။ ရွေ့နေတယ်။ တချို့က ကွက်ကြား ကွက်ကြား။ တချို့က ကြိုကြား ကြိုကြား။ လက်ရှိ အခြေအနေမှာလည်း စေ့စပ်ဆွေးနွေးရေးဆိုတာကို တကယ့်ခေါင်းဆောင်ပိုင်းက တရားဝင် ပြတ်ပြတ်သားသား ငြင်းဆန်တာ မရှိပါဘူး။ ဒါပေမယ့် လိုချင်တဲ့ အခင်းအကျင်းမျိုးမှာ ဆွေးနွေးကြမယ်။ ကိုယ့်ဘက်က အသာစီးရနိုင်တဲ့ အခြေအနေဖြစ်အောင် အရင် ပြင်ထားကြမယ်။ လောလောဆယ်တော့ ဘယ်သူမှ စေ့စပ်ဆွေးနွေးရေးဆိုတာကို အလျင်စလို မတိမ်းညွှတ်ဘူး။ အင်အားတွေ ဖြည့်နေတုန်း ပြင်နေတုန်းမို့ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ ပါဝါအားပြိုင်မှုတွေ ရှိလို့ — အောက်ခြေမှာ စစ်ရေးလွန်ဆွဲပွဲတွေ ပိုပြင်းထန်လိမ့်မယ်။ အောက်ခြေ လူထုနဲ့ အောက်ခြေတပ်သားတွေ ပိုအထိနာမယ်။ ဒါဟာ မြန်မာပြည် လက်နက်ကိုင်နိုင်ငံရေးရဲ့ အထာပါ။

ဒါကို နားလည်ကြရင် သိပ်ကောင်းမှာပဲ။

ဒီတော့ ဘာလုပ်ပါလို့ ကျနော်တို့က ပြောရခက်ပါတယ်။ ပြောလို့လည်း မရပါဘူး။ အခြေအနေတွေက ဒီလို ရှိနေတယ်၊ ဖြစ်နေတယ် — ဆိုတာလောက်သာ ပြန်ပြောပြနိုင်တာပါ။

မင်းသေ့
နံနက် ၁၀း၂၅
၂၃ ၊ ဇူလိုင် ၊ ၂၀၂၃။

Previous post စာအုပ်လက်ဆောင်
Next post ⦿ ဒေါ်စု ပြန်လွတ်လာခဲ့ရင်