စာသမားက စာအုပ်လက်ဆောင်ရရင်၊ ပျော်တယ်။ ဆယ်ကျော်သက်အရွယ်တုန်းက မှတ်မိသေးတယ်။ စာအုပ်များများ စားစား ဝယ်မဖတ်နိုင်ဘူး။ အကန့်အသတ် ရှိတယ်။ ဒါ့ကြောင့် ရှိတဲ့ စာအုပ်ကိုပဲ ကြေအောင် ဖတ်ခဲ့ရတယ်။ မှတ်မှတ်ရရ…၊ စိတ်ပညာပဒေသာ ဆိုတဲ့ စာအုပ်။ စိတ်ပညာသုတေသနဆောင်းပါးတွေကို စုစည်းထားတဲ့ စာအုပ်။ အဲသည့်ကနေ စပြီးတော့ စိတ်အကြောင်းကို စိတ်ဝင်စားခဲ့တယ်။ သိပ္ပံနည်းကျစိတ်ပညာကို တို့မြည်းပြီး နောက်ပိုင်း ၊ ဗုဒ္ဓစာပေတွေထဲက စိတ် သဘောနဲ့ စိတ်သဘာဝကို နှိုက်ထုတ်လေ့လာမိတယ်။ တရားရိပ်သာတွေကို သွားတယ်။ ဘာဝနာပွားပုံ အစုစုကို နည်းနာ နိဿယပိုင်း ဘယ်သို့ ဘယ်ပုံရှိသလဲဆိုတာကို လေ့လာကြည့်တယ်။ စိတ်ရဲ့ ဖြစ်ပုံ၊ ပျက်ပုံကို ဝိပဿနာထောင့်ကနေလည်း ကြည့်တာ တွေ့ရတယ်။ အဘိဓမ္မာရှုထောင့်ကနေ ကြည့်တာလည်း တွေ့ရတယ်။ နိုင်ငံရေးနယ်ထဲ ခြေဆန့်ဝင်တော့ – နိုင်ငံရေးစိတ်ပညာကို စိတ်ဝင်စားတယ်။ စကားတွေထဲမှာ၊ အခမ်းအနားမှာ ပြောတဲ့ formal speech တွေ ရှိတယ်။ ပြီးတော့ လူထုကို ရှင်းလင်းစေချင်လို့၊ အင်တာဗျူးပုံစံနဲ့ ပေးတဲ့ သတင်းအချက်အလက်တွေ ရှိတယ်။ တကယ်တော့ အင်တာဗျူးတွေဆိုတာ သတင်းအချက်အလက်ထက် ပိုပါတယ်။ သဘောထားအမြင်တွေ၊ ရှုထောင့်တွေလို့ ပြောရင် ပိုမှန်မယ်။ ဒီတော့ စိတ်ကို ချည်းကပ်ချင်ရင် စကားတွေကနေ စရတာပဲ။ သူ ဘာပြောသလဲ၊ သူ ဘာလုပ်သလဲ။ ဒီနှစ်ခုကို ချိန်ညှိပြီး ကြည့်ရတာပဲ။

အရပ်သုံးစကားမှာ ရှိတယ်။

အပြောနဲ့ အလုပ် ညီရဲ့လား….ဆိုတဲ့ စကား။ အပြောက ဘာလဲဆိုတာ လေ့လာပြီးရင်၊ အလုပ်က ဘယ်လောက်အထိလဲလို့ ထပ်ကြည့်ရတယ်။ ဒီနှစ်ခု မျှခြေကိုက်နေရင် ဒါဟာ ပကတိအခြေအနေကို တွေ့မြင်ရပြီလို့ ပြောနိုင်တယ်။ ပညာဆိုတာ ပကတိအခြေအနေကို ချည်းကပ်ကြည့်မြင်နိုင်တာပါ။ ဒါတောင် မှားနိုင်သေးတယ်၊ လွဲနိုင်သေးတယ်။ ဒါပေမယ့် သဘောကို မြင်အောင်ကြည့်ရင်၊ လိုရင်းကို နားလည်နိုင်တယ်လို့ ကျနော် ထင်တယ်။

စာတွေဖတ်ပါများလာတော့၊ စာတွေနဲ့ချည်းပဲ မလုံလောက်ဘူးဆိုတာ သိလာရတယ်။ ဒါ့အပြင် စာတွေပါ ရေးလာတော့ — စာတွေဖတ်ပြီး စာတွေ ပြန်ရေးလို့ မလုံလောက်ဘူးဆိုတာ ပိုနားလည်လာပါတယ်။ အဓိကတော့ ဖြတ်သန်းမှုနဲ့ ကြေညက်စွာ နားလည်သဘောပေါက်မှု။ ဖြတ်သန်းမှု မရှိရင်လည်း ကြေညက်မှုမှာ ပြဿနာရှိတယ်။ ကြေညက်စွာနားလည်ဖို့၊ လေ့လာရုံနဲ့လည်း မရပြန်ဘူး။ ဖြတ်သန်းမှုလည်း ရှိမှရမယ်။ ဒါ့ကြောင့် နိုင်ငံရေးထဲ ခေါင်းတိုး ဝင်လာတာ ၂၀၁၂ လောက်ကတည်းကပါပဲ။ စာသမားတပိုင်းနဲ့ နိုင်ငံရေးကျောင်းဆရာ ဖြစ်လာခဲ့တဲ့အခါ၊ ပါဝါကော်ရစ်ဒါတွေပေါ် ခဏ တက်ကြည့်ခွင့်ရတာတွေလည်း ရှိခဲ့ပါတယ်။ မြင်ကွင်းက ဘယ်လို ရှိသလဲလို့၊ ဆန်းစစ်ပြီး စာအုပ်တွေနဲ့ ကိုက်ကြည့် / တိုက်ကြည့်တယ်။ မူလတည်ထားတာနဲ့ ဘယ်လောက်သွေဖီသလဲဆိုတာကို အမြဲတမ်း ဆန်းစစ်လေ့လာကြည့်တယ်။ အပြောက ဘယ်လိုလဲ၊ အလုပ်က ဘယ်ကဲ့သို့လဲ ။ ဒါကို အဓိက ဆန်းစစ်ပြီး နိုင်ငံ့ရေးသုံးသပ်ချက်တွေ ရေးပါတယ်။

ကျနော်က နိုင်ငံရေးပရောဟိတ် မဟုတ်ပါ။ နိုင်ငံရေးအပေါ် စိတ်စွဲမြဲမှုအားကြီးတဲ့ စာသမားသက်သက်မျှသာဖြစ်ပါတယ်။ နိုင်ငံရေးသီအိုရီ အမြောက်အမြားကို မသိပါ။ ဒါပေမယ့် အခြေခံနိုင်ငံရေးသီအိုရီတွေကိုတော့ ထောင်းထောင်းကြေညက်အောင် ကြိုးကုတ်ခဲ့ပါတယ်။ အခုထိလည်း ကြိုးစားအားထုတ်နေရဆဲပါပဲ။ သီအိုရီနဲ့ လက်တွေ့လို့ ရှိတယ်။ သီအိုရီ မသိရင် အကန်းတဲ့။ လက်တွေ့ မရရင် အကျိုးတဲ့။ အကျိုးလည်း မဖြစ်ချင်ဘူး၊ အကန်းလည်း မဖြစ်ချင်ဘူး။ ဒါ့ကြောင့် စာပါ အသိကို လက်တွေ့ဖြတ်သန်းမှုနဲ့ ရှေ့ဆက်တယ်။ ထိုက်သင့်သလောက် ဖြတ်သန်းပြီးတဲ့အခါမှာ၊ မြန်မာ့နိုင်ငံရေးကို ကန့်လန့်ဖြတ် မြင်ကွင်းနဲ့ မြင်ခွင့်ရခဲ့တယ်။။ အခု ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးကို ကန့်လန့်ဖြတ် မြင်ကွင်းနဲ့ မြင်ခွင့်ရပြန်တယ်။

ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေပိုင်းတွေရဲ့ နိုင်ငံရေးအပြုအမူတွေကို မြင်ရသလောက် မြင်အောင် ကြည့်ခွင့်ရခဲ့တယ်။ အောက်ခြေမှာလည်း အောက်ခြေအလျောက်။ ထိပ်ပိုင်းမှာလည်း ထိပ်ပိုင်းအလျောက်။ နိုင်ငံရေးစိတ်နေသဘောထားဆိုတာ ရှိတယ်။ ဒါကို သိပ်ပြီး စိတ်ဝင်စားတယ်။ အင်္ဂလိပ်လို အသုံးအနှုန်းနဲ့ဆိုရင် political behavior လို့ ပြောရမယ် ထင်တယ်။ Political attitude လို့လည်း ပြောနိုင်ပါတယ်။ နိုင်ငံရေးစိတ်နေအခံတွေကို တွေ့အောင် ရှာကြည့်ရင်၊ နိုင်ငံရေးရဲ့ လားရာကို တွက်ချက်နိုင်ပါတယ်။

လူတစ်ဦးချင်းစီကို ယေဘုယျချကြည့်ပြီး လူထုရဲ့ စိတ်နေသဘောက ဘယ်လို ရှိသလဲဆိုတာ လေ့လာရတယ်။ ခေါင်းဆောင်တွေရဲ့ စိတ်နေသဘောကို ချည်းကပ်ပြီး၊ အင်စတီကျူးရှင်းရဲ့ အစုအဖွဲ့ဓလေ့ကို လေ့လာရတာပဲ။ ဒီလိုနဲ့ ဖြစ်စဉ် တစ်ခုလုံးကို ခြုံငုံကြည့်နိုင်ပြီးရင် အတိတ်နဲ့ ပစ္စုပ္ပန်ကို ဆက်စပ်ပြီး ကြည့်ပြန်ရတာပဲ။ ဒီလို စ – လယ် – ဆုံး (သုံးပါးစလုံး) လိပ်ပတ်လည်ပြီးရင် မြင်ကွင်းကျယ်ကို မြင်နိုင် ရှုနိုင်တာပဲ။ ဒါဆိုရင် နားလည်သဘောပေါက်မှု ပိုမြင့်လာပြီ။ ဒီလိုနဲ့ အသိကို ဖြည့်တင်းရတာပါပဲ။

မင်းသေ့
နံနက် ၁း၅၇
၂၇ ၊ ဇူလိုင် ၊ ၂၀၂၃။

Previous post ⦿ အခြေအနေရဲ့ စေစားခံ မဖြစ်စေနဲ့
Next post ⦿ မြန်မာပြည်လက်နက်ကိုင်နိုင်ငံရေးအထာ