⦿ အခြေအနေရဲ့ စေစားခံ မဖြစ်စေနဲ့

တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်အလုပ်ကို လုပ်နေစမ်းပါ။ အခြေအနေတွေ ပြောင်းသွားတိုင်း ဘဝက လိုက်ပြောင်းတာမျိုး မဖြစ်စေရဘူး။ ဒါဆိုရင် သေချာတယ်၊ အခြေအနေက ကိုယ့်ကို လွှမ်းမိုးနေပြီ။ အခြေအနေက ကိုယ့်ကို ပြဋ္ဌာန်းနေပြီ။ အခြေအနေရဲ့ အပြဋ္ဌာန်းခံဘဝကို ရောက်နေပြီဆိုကတည်းက ကိုယ်က အခြေအနေရဲ့ အစေစားခံဖြစ်နေတယ်။ အခြေအနေကို ကိုယ်က မပြုပြင်နိုင်ဘူး၊ မစီရင်နိုင်ဘူး၊ မဖန်တီးနိုင်ဘူးဆိုတဲ့သဘောဖြစ်နေတယ်။

လူဟာ အခြေအနေကို ဖန်တီးနိုင်ရမယ်။ ဖြစ်လာတဲ့ အခြေအနေက ကိုယ်နဲ့ မကိုက်ရင် အခြေအနေကို ပြုပြင်နိုင်စွမ်း ရှိရမယ်။ ကိုယ်လိုချင်တဲ့ အခြေအနေမျိုးဖြစ်လာအောင် စီရင်နိုင်ရမယ်။ အခြေအနေကို ဖန်တီးနိုင်မှ ဖြစ်မယ်။ အခြေအနေက တစ်မျိုးပြောင်းသွားတိုင်း ဘဝက တစ်မျိုးလိုက်ပြောင်းတယ်ဆိုတာ မခိုင်မာတဲ့သဘော။ ကိုယ်ခံအား မကောင်းတဲ့ သဘောပါပဲ။ အခြေအနေတွေဆိုတာ အမျိုးမျိုးဖြစ်နိုင်တယ်လေ။ အခြေအနေတွေ ပြောင်းတိုင်း ကိုယ့်မူ ကိုယ့်ဟန်ကို လိုက်ပြောင်းနေရတယ်ဆိုရင်တော့ အဲဒါဟာ ကိုယ်ပိုင်မူမဲ့တဲ့လူ တစ်ယောက်ဖြစ်နေပြီ။ အဲသည်လို ဖြစ်လို့ မရပါဘူး။

လူဟာ ကိုယ့်ကိုယ်ပိုင် မူနဲ့ ကိုယ်နေထိုင်ရမယ်။ ဒီလိုပဲ အခြေအနေကို အမြဲတမ်း အကဲခတ်ပြီး ကိုယ်တန်ဖိုးထားတဲ့မူတွေကို မထိခိုက်အောင် ပြုပြင်စီရင်နိုင်စွမ်း ရှိရမယ်။

⦿ လူအတော်များများဟာ အခြေအနေရဲ့ အပြဋ္ဌာန်းခံဖြစ်နေတယ်။ အထူးသဖြင့် လူပေါ်လူဇော်လုပ်ချင်တဲ့လူတွေဟာ လူများရဲ့ အခြေအနေကို ဗိုလ်ကျပြီး ချုပ်ကိုင်ချင်ကြတယ်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ထိန်းချုပ်ဖို့၊ လွှမ်းမိုးဖို့ တနည်းနည်းနဲ့ ကြိုးစားနေတာချည်းပဲ။ အဲသည်လို ပြုမူနေတဲ့ လူ့အပြုအမူတွေထဲမှာ၊ ကိုယ်ဟာ အလွှမ်းမိုးခံ သတ္တဝါ တစ်ကောင် ဖြစ်လို့ ဖြစ်နေမှန်း မသိဘူး။ လူတွေဟာ အခြေအနေရဲ့ အလွှမ်းမိုးခံ ဖြစ်နေကြရတာများတယ်။ တကယ်တော့ အခြေအနေကို ကိုယ်က ဖန်တီးနိုင်ရမှာ။ အခြေအနေကို ကိုယ်က ပြုပြင်နိုင်ရမှာ။

အခြေအနေကို ကိုယ်က မဖန်တီးနိုင်သေးဘူးဆိုရင်တောင်မှ၊ ကိုယ် မကြိုက်တဲ့ အခြေအနေက ကိုယ်ကို လာပြီး မလွှမ်းမိုးအောင် စွမ်းနိုင်ရမယ်။ ဒါမှ တကယ်လွတ်လပ်တဲ့သူလို့ ခေါ်တယ်။ လွတ်လပ်တဲ့သူဆိုတာ အခြေအနေတွေက ကိုယ့်ကို လွှမ်းမိုးအုပ်စိုးတာမျိုး မလုပ်နိုင်အောင် တွန်းလှန်နိုင်စွမ်းရှိတဲ့လူ ဖြစ်တယ်။

⦿ အခြေအနေတွေရဲ့ အပြဋ္ဌာန်းခံ ဘဝမှာ နေထိုင်ရတာ — အရူးကို လင်လုပ်နေရသလိုပဲ။ ဘယ်တော့မှ တည်ငြိမ်တယ်လို့ မရှိဘူး။ အခြေအနေတွေက မတည်ငြိမ်ရင် ဘဝကလည်း မတည်ငြိမ်ဘူး။ အခြေအနေတွေက ယောက်ယက်ခပ်နေရင် ဘဝကလည်း ယောက်ယက်ခပ်နေတယ်။ အခြေအနေနဲ့ ကိုယ့်ဘဝကို တွဲထားတော့ ဘဝကလည်း ဖြစ်ချင်တိုင်း ဖြစ်နေရောပေါ့။

⦿ တကယ်တော့ အခြေအနေနဲ့ ကိုယ့်ဘဝကို ဖြတ်ချထားလိုက်ရမှာ။ အခြေအနေနဲ့ ကိုယ့်ဦးတည်ချက်ကို ကင်းပြတ်အောင် လုပ်ထားရမှာ။ ဒါမှ လွတ်လပ်တယ်လို့ ခေါ်တယ်။ လွတ်လပ်တဲ့သူမှပဲ ကိုယ့်ဦးတည်ချက်ကို ပေါက်မြောက်အောင် လျှောက်နိုင်တယ်။ လွတ်လပ်တဲ့သူမှပဲ ကိုယ့်ရည်မှန်းချက်ကို အခြေအနေတွေရဲ့ အလွှမ်းမိုး မခံရဘဲ ဖြောင့်ဖြောင့်ကြီး လျှောက်လို့ ရတယ်။ အခြေအနေတွေက ကိုယ့်ဦးတည်ချက်နဲ့ ကိုယ့်ရည်မှန်းချက်ကို လာလွှမ်းမိုးတဲ့အခါ၊ ကိုယ့်ဦးတည်ချက်က ပျောက်သွားတယ်။ ကိုယ့်ရည်မှန်းချက်ကလည်း ဝေဝါးသွားတယ်။ အခြေအနေတွေရဲ့ အလွှမ်းမိုး မခံဘဲ၊ ကိုယ့်ဦးတည်ချက်နဲ့ ကိုယ့်ရည်မှန်းချက်ကို တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်နိုင်အောင် ကြိုးစားရမယ်။

⦿ ကိုယ့်အလုပ်ကို ကိုယ်မလုပ်တဲ့သူတွေဟာ အခြေအနေရဲ့ အလွှမ်းမိုးခံဖြစ်ကြရတာပဲ။ ဝေလေလေဖြစ်ကုန်တယ်။ ယောင်ဝါးဖြစ်ကုန်တယ်။ အုတ်ရောရော ကျောက်ရောရောတွေ ဖြစ်ကုန်တယ်။ တကယ် စစ်မှန်တဲ့ ဦးတည်ချက်ကို ချထားတဲ့လူတစ်ယောက်ဟာ အခြေအနေတွေ ဘယ်လောက်ပြောင်းပြောင်း ကိုယ့်ဦးတည်ချက်ကို မသွေဖီဘဲ လျှောက်နိုင်တယ်။ တကယ် ခိုင်မာတဲ့ ရည်မှန်းချက်ကို ချထားတဲ့လူတစ်ယောက်ဟာ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းသွားပါစေ၊ ကိုယ့်ရည်မှန်းချက်ကို မယိမ်းမယိုင်စေဘဲ ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်တယ်။

အခြေအနေတွေရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်ဖို့အတွက်၊ ကိုယ့်စိတ်မှာ ကိုယ်ခံအားလိုတယ်။ ဒါ့အပြင် ကိုယ့်မူ ကိုယ့်ဟန်နဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ ဘဝမျိုးဖြစ်ရမယ်။ ကိုယ့်ဘဝက ပရမ်းပတာဖြစ်တဲ့အခါ၊ အခြေအနေတွေက ဝေဝါးတိုင်း ကိုယ့်ဘဝက ယောင်ဝါး ဖြစ်ကုန်တော့တာပဲ။

မင်းသေ့
ည ၉း၃၃
၂၆ ၊ ဇူလိုင်၊ ၂၀၂၃။

မင်းသေ့ရဲ့ စာတွေကို တယ်လီဂရမ်ချဲန်နယ်မှာလည်း ဖတ်နိုင်တယ်။
လင့်ခ်က ဒီမှာ။

https://t.me/minthaytopinion
Previous post ၁၉၉၁ – ကိုယ်ရေးအတ္ထုပ္ပတ္တိ
Next post စာအုပ်လက်ဆောင်