စာအုပ် နာမည်က “၁၉၉၁” ဖြစ်ပါတယ်။ 

ကျနော့် မွေးနှစ်ကို အစွဲပြုပြီး ပေးထားတဲ့ စာအုပ်နာမည်ပါ။  

ကျနော့်ကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့မှာ မွေးတယ်။ 

ဇာတိချက်မြှုပ်က၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မြို့မ ရပ်ကွက်ဖြစ်ပါတယ်။ 

ကျနော်က ပုသိမ်ကြီး အထက ကျောင်းမှာ၊ ဆယ်တန်းအောင်ခဲ့တယ်။ 

နည်းပညာတ္ကသိုလ် (မန္တလေး) မှာ ငါးနှစ်တက်ခဲ့တယ်။ 

တက္ကသိုလ်မှာ တစ်နှစ်ကျခဲ့ဖူးတယ်။ 

တက္ကသိုလ်နောက်ဆုံးနှစ်မှာ၊ ကျနော်က တက္ကသိုလ် စာပေအသင်းရဲ့ အယ်ဒီတာချုပ် လုပ်ခဲ့တယ်။ 

ကျောင်းပြီးတော့ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပါတယ်။ 

ကျနော်

နာမည်အရင်းက ကိုတိုး။ မောင်နှမ (၇) ယောက်။  ခုနှစ်ယောက်ထဲမှာ အငယ်ဆုံး။ အဖေက တပ်က ထွက်လာသူ။ အမေက တောသူ။ အဖေက အထက်တန်း ပညာ မပြီးဘူး။ အမေက (၄) တန်း။ ဒါပေမယ့် သားသမီးတွေကို ဝဝလင်လင် စုစုစည်းစည်း ကျွေးမွေးနိုင်ခဲ့တယ်။ 

အိမ်က မိသားစုများတယ်။ ဒါ့ကြောင့် အဖေရော၊ အမေရော ရုန်းကြကန်ကြရတယ်။ သားသမီးတွေကလည်း တတ်နိုင်တဲ့ဘက်က ဝိုင်းလုပ်ကြတယ်။ အကြီးဆုံးကလည်း အကြီးဆုံး အလျှောက်၊ အငယ်ကလည်း အငယ် အလျောက်…. နိုင်တဲ့ဝန်ကို ထမ်းရမယ်… ဆိုတာက ကျနော်တို့ အိမ်ရဲ့ မူ။ 

၁၉၈၇ မှာ အဖေက တပ်က ထွက်တယ်။ မီတ္ထီလာ အမြောက်တပ်မှာ တာဝန်ထမ်းခဲ့တယ်။ ပြီးတော့ မန္တလေးပြန်လာတယ်။ နောက်တော့ မိသားစုလိုက် ပုသိမ်ကြီးကို ပြောင်းနေတယ်။ အဖေ့ မွေးစားမိဘဘက်က အမွေလေးရတော့ ပုသိမ်ကြီးမှာ အိမ်ဝိုင်းလေးဝယ်။ မြေစိုက်အိမ်လေး ထိုး။ မိသားစု တစ်ခုလုံးရွေ့ပြောင်းလာ တယ်။ အဖေ့ရဲ့ အစ်ကိုနဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့်လို့ အမေက ပြောဖူးတယ်။ ဘာပဲပြောပြော ပုသိမ်ကြီးကို အခြေချဖြစ်ကြတယ်။ 

ပုသိမ်ကြီးကို ရောက်ပြီး တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်မှာ ကျနော့်ကို မွေးတယ်။ ကျနော့် နာမည် အပြည့်အစုံက အောင်ကိုကိုတိုး။ နောက်တိုးမို့ “တိုး” ဆိုတဲ့စကားလုံးထည့်တာ။ ကျနော့်အထက်က အစ်မ နာမည်က ငုဝါထွေး တဲ့။ သူ့ကို အထွေးဆုံးလို့ ယူဆပြီး မှည့်လိုက်ကြတာ။ နောက်တော့ ကျနော်က တိုးပြီး ထွက်လာတော့၊ နောက် တိုးဖြစ်သွားတယ်။ 

ကျနော့်ကို ၁၉၉၁ ခုနှစ်မှာ မွေးတယ်။ မှတ်ပုံတင်ထဲမှာတော့ ၁၉၉၀ လို့ ရေးထားတယ်။ ကျောင်းကို တစ်နှစ် စောနေချင်လို့ တစ်ကို ထိပ်က ပိတ်လိုက်တာ။ အဲသည်တော့ အလိုလိုနေရင်း ကျနော်က တစ်နှစ်ရှေ့ပိုရောက် သွားတယ်။ 

ရွှံ့ရုပ် 

ငယ်ငယ်တုန်းက အပေါင်းအသင်း သိပ်မရှိဘူး။ ကလေးဘဝ။ နေ့လည်နေခင်း ကိုယ့်ဘာသာ တစ်ယောက် တည်း ရွှံ့ရုပ်လုပ်ပြီး ဆော့နေတတ်တယ်။ ငယ်ငယ်တုန်းက အကျွမ်းကျင်ဆုံးအလုပ်ရှိတယ်။ အဲဒါကရွှံ့ခူးတာ။ ကိုယ်လုပ်မယ့် ရွှံ့ရုပ်အတွက် ရွှံ့ကောင်းကောင်း ဘယ်မှာ ရှိနိုင်သလဲ ဆိုတာသိတယ်။ ဘယ်လို မြေမျိုးက ရွှံ့ကောင်းကောင်း ထွက်သလဲ ဆိုတာကို သိတယ်။ အိမ်က မိုးတွင်းဆို အမြဲ ရေတွေနဲ့ ဗွက်တွေနဲ့ချည်းပဲ။ အိမ်နောက်ဘေးမှာ လယ်စပ်။ မိုးကောင်းရင် အိမ်ထဲမှာ ရေက အပြည့်။ မိုးရေတဖွေးဖွေးပေါ့။ 

ဒီတော့ ရေနဲ့နီးတဲ့မြေက တစ်နှစ်ပတ်လုံး ရွှံ့ကောင်းကောင်းရတယ်။ ငယ်ငယ်တုန်းက အမြဲ လုပ်နေကျ အရုပ်က၊ လေယာဉ်နဲ့ ရဟတ်ယာဉ်။ အချိုးအစားကျအောင် တော်တော်လုပ်တတ်တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ တွေ့ရတာက နွားတွေ၊ ကျွဲတွေ။ အခုအချိန်ထိ နွားရုပ်၊ ကျွဲရုပ်ကို ကောင်းကောင်း မလုပ်တတ် ဘူး။ ဟိုး မိုးပေါ်က ဝဲပျံနေတဲ့ လေယာဉ်၊ ရဟတ်ယာဉ်ကို ကြည့်ပြီး ရွှံ့ရုပ်လုပ်ဆော့ရင် အမြဲတမ်း အဲဒါတွေပဲ လုပ်တယ်။ ဘာ့ကြောင့်လဲ မသိဘူး။ 

ကျနော့်အတွက် ကစားစရာ အရုပ်ဆိုတာ ပွဲဈေးက ဝယ်ပေးတဲ့အရုပ်တွေ မဟုတ်ခဲ့ဘူး။ ဝယ်လည်း ဝယ်မပေး ခဲ့ဘူး။ သီတင်းကျွတ်လပြည့်ကျော်ရင် ကျနော်တို့ ရက်ကွက် ဘုရားပွဲ ရှိတယ်။ အဲသည်ကို သွားရင်၊ အိမ်ကနေ အစ်မကြီးက မှာထားတယ်။ အမေကလည်း မှာတယ်။ ဟိုရောက်ရင် ဘာမှ မပူဆာရဘူးနော်။ အရုပ်တွေ ဘာတွေ လာမဝယ်ခိုင်းနဲ့ ဆိုပြီး ပြောတယ်။ ကျနော်က သူတို့ မျက်နှာအနေအထားကို သိတယ်။ ဒါ့ကြောင့် ပွဲဈေးကို အသာလိုက်ခဲ့ရတယ်။ ပွဲဈေးမှာတော့၊ မုန့်လင်မယားကို ဝယ်ကျွေးကြတယ်။ ဝယ်ကျွေးတယ်ဆိုတာ ကလည်း အိမ်ကို ဝယ်လာတာပါ။ အိမ်မှာ တစ်ယောက် တစ်ခုတန်သည်၊ နှစ်ခုတန်သည် စကေးကျ စားရ တယ်။ တစ်ယောက်မှ ပိုမစားရ။ အိမ်မှာ မောင်နှမ ငါးယောက်ရှိရင် တစ်ယောက် ၂ ခု၊ ၂ ခုခွဲ…. စသဖြင့်။ မုန့်လင်မယားဟာ ကျနော်တို့နဲ့ ကျမှ အခွဲခံရတဲ့အဖြစ်။ 

ပွဲဈေးမှာက ကလေးကစားစရာ အရုပ်တွေက စုံလို့ပေါ့။ ဝင်းစတား… ဝါးစတင်း သေနတ်တွေလည်း ရှိတယ်။ စစ်သားရုပ်၊ သံစက်ရုပ်တွေလည်း ရှိတယ်။ ကျနော့်အတွက် ပွဲဈေးက အရုပ်တွေက ကိုယ်နဲ့ တစ်ပိုင်း တစ်ဘာသာ။ ဘာမှ မဆိုင်။ မဆိုင်ရေးချ မဆိုင်။ 

ဒါ့ကြောင့် ပွဲဈေးက သေနတ်တွေကို ကြည့်ပြီး အိမ်မှာ ဝါးနဲ့ သစ်သားနဲ့ သရေပင်တွေနဲ့ ပေါင်းပြီး ကိုယ့်ဘာသာ သေနတ်လုပ်ဆော့တယ်။ ကျနော်က သစ်သားလက်ဝါးပြား အရှည်တစ်ချောင်းရှိရင်၊ သေနတ်ပုံစံကို ဓားမနဲ့ ကောင်းကောင်း ထွင်းပြီး လုပ်တတ်တယ်။ ကိုယ့်ဘာသာတော့ ငယ်ငယ်တုန်းက အတော်အချိုးကျကျ လုပ် တတ်တယ်လို့ ထင်ခဲ့တယ်။ 

ပိန်းဥ ၊ ကန်စွန်းဥ 

ကျနော်တို့ အိမ်မှာ သူများ လုပ်တဲ့မုန့်ကို ဝယ်စားတယ်ဆိုတာ ရှားတယ်။ အိမ်မှာ ရံဖန်ရံခါ လုပ်စားကြတယ်။ အမြဲတမ်းစားဖြစ်ကြတာကတော့၊ ပိန်းဥပြုတ်၊ ကန်စွန်းဥပြုတ် နဲ့ ထန်းပင်မြစ်ဖုတ်တွေ ဖြစ်ပါတယ်။ ဒါတွေက ပေါပေါပဲပဲရတယ်လေ။ မိသားစု တစ်ခုလုံးလည်း ဝဝလင်လင် စားလို့ရတယ်။ ဆောင်းဝင်လို့ အအေးဓာတ် စဝင်လာပြီဆိုရင် ပိန်းဥ၊ ကန်စွန်းဥ ပေါ်ပြီ။ အဲသည်လို ဆိုရင် အိုးလိုက်ကြီး ပြုတ်ကြပြီ။ ညမှာ ပူပူနွေးနွေးနဲ့ ဆီနဲ့ ဆားနဲ့ တို့ပြီးစားကြတယ်။ အဲသည်လို စားရင်လည်း အားလုံးက ဝေပုံကျ။ စကေးကျပဲ။ 

အစ်မကြီး မဇာခြည်က လူကို အယောက်စေ့ ရေတယ်။ ပြီးတော့ ပိန်းဥ၊ ကန်စွန်းဥ ပြုတွေကို အကြီးအသေး တွေကို အလျော့အတင်းမရှိ၊ မျှခြေကိုက်အောင် အပုံလေးတွေ စုပုံထားတယ်။ တစ်ယောက်ကို တစ်ယောက် မလုရအောင် လုပ်တဲ့နည်းကိုလည်း သုံးတယ်။ အငယ်ဆုံး ကျနော်က နောက်လှည့်ထားရတယ်။ ကဲ… ကိုတိုး… အော်တော့… ဒီအပုံက ဘယ်သူ့ဖို့လဲ… အဲ… ဘယ်သူ့ဖို့ပေါ့။ နောက် ဒီအပုံက ဘယ်သူ့ဖို့လည်း ဟိုသူ့အဖို့ ပေါ့… စသည်ဖြင့်..။ ဝေစုကို ကိုယ့်ကံတရားအလိုက် ကျရာကို စားကြတယ်။ ဝေစုရတဲ့သူကလည်း အငြင်းမပွား ရတော့ဘူး။ အားလုံး ကိုယ်ဝေစုအပုံလေးတွေကို အချိုးကျ ဝိုင်းပြီးစားကြရတယ်။ အားလုံးလည်း ကျေနပ်ကြ တယ်။ အားလုံးလည်း မြိန်လျက်ကြတယ်။ 

အခုအသက်ကြီးမှ ပိန်းဥ ကန်စွန်းဥပြုတ် ကိုယ့်အိမ်မှာ ပြုတ်စားကြရင်၊ ငယ်ငယ်က စားသလောက် အရသာ မရှိတော့ဘူးလို့ ထင်တယ်။ ငယ်ငယ်ကတော့ ဝိုင်းစားလုစားရတဲ့အခါလည်း ရှိတယ်။ မောင်နှမတွေ သိုက်သိုက် ဝန်းဝန်းနဲ့ ဆိုတော့ အတော်မြိန်တယ်။ အခုတော့ အိမ်မှာ ရှိနေတာက နှစ်ယောက် တစ်ပိုင်း။ 

စားအိုးကြီး

ငယ်ငယ်တုန်းက အိမ်က မိသားစုများတော့ ဝင်ငွေ ရရာရလမ်းအတွက် အမြဲ ရှာကြံနေရတယ်။ အဖေ့လစာ နဲ့ တစ်မိသားစုလုံးစားမလောက်ဘူး။ အဲသည်တော့ အိမ်မှာ အစ်ကိုအကြီးဆုံးက အပြင်ထွက် အလုပ်လုပ်ရတယ်။ သူက အဝေးသင်တက်ရင်းနဲ့ တစ်ဖက်က အပြင်အလုပ်လုပ်တယ်။ အလုပ်လုပ်လို့ရတဲ့ငွေနဲ့ အိမ်ကို ထောက် တယ်။ အိမ်က အမေကလည်း တောသူဆိုတော့ စီးပွားမရှာတတ်ဘူး။ သိပ်လည်လည်ဝယ်ဝယ် မရှိဘူး။ ဒါပေမယ့် သူ့ယောက်ျားပေးတဲ့ ငွေကိုတော့ ခြစ်ခြစ်ကုပ်ကုပ် ဘယ်လို သုံးရမလဲဆိုတာ ကောင်းကောင်း သိတယ်။ ဒါ့ကြောင့်လည်း ကျနော်တို့ ကျောင်းပညာ ဆုံးခမ်းတိုင်အောင် နေခဲ့ရတာ ထင်တယ်။ 

အဖေက တပ်က ထွက်ပြီး မန္တလေးမှာ ပြန်နေတော့ အိမ်က ဝင်ငွေ မရှိဘူး။ အဲသည်တော့ အမေက အိမ်တော်ရာဘုရားအနောက် ဥယျာဉ်တန်းဘက်မှာ မုန့်တီဆိုင်လေး ဖွင့်တယ်။ မနက်တိုင်း မုန့်တီထွက်ရောင်း တယ်။ အမဲကြောနဲ့ မုန့်တီနဲ့။ သိပ်ရောင်းကောင်းခဲ့ဖူးတယ်လို့ ပြောတယ်။ 

အစ်ကိုကြီး အကြီးဆုံးဆိုရင် အလုပ်ကြမ်းတွေ လုပ်ခဲ့ဖူးတယ်။ ကျောင်းသားဘဝမှာတင် ကျောက်ကားလိုက်ဖူး တယ်။ ကားဝက်ရှော့မှာ လုပ်တယ်။ ကားပြင်တယ်။ ဂီယာဘောက်တွေ ချတယ်။ သရက်သီးပေါ်ချိန်ဆို၊ သရက် ခြံတွေမှာ သရက်သီး လိုက်ခူးတယ်။ ပြီးတော့ သရက်သီး အိတ်တွေ ကားပေါ်ကို ထမ်းတင်တယ်။ အစ်ကိုကြီး အောက်က အစ်ကိုဆိုရင် လက်သမားလုပ်တယ်။ ဆေးသုတ်လိုက်တယ်။ ကားဝက်ရှော့လည်း လုပ်လိုက်တာ ပဲ။ ပန်းရံလည်းလိုက်တယ်။ လျှပ်စစ်ဝါယာရိန်းလုပ်တယ်။ သူတို့တွေက အကြီးပီပီ အိမ်ရဲ့ စားအိုးအတွက် ကူကြရတာပါပဲ။ 

အစ်မကြီးတွေဆိုရင်လည်း ကျောင်းပိတ်ရင်၊ မြို့ထဲက အသိစတိုးဆိုင်မှာ အရောင်းအကူ လုပ်ရတယ်။ သူတို့တွေဆိုရင် တခါတရံ ညမိုးချုပ်မှ ပြန်လာနိုင်ကြတယ်။ 

အဖေ

ဒီလိုနဲ့ ပုသိမ်ကြီးပြောင်းလာတော့ ဝင်ငွေက မရှိဘူး။ အဖေ့ မွေးစားမိဘက ပေးတဲ့ အမွေလေးနဲ့ အိမ်ဆောက်၊ ဝိုင်းဝယ်တယ်။ ပိုတဲ့ငွေလေးနဲ့ ဟိုင်းလတ်ကားလေး တစ်စီးဝယ်တယ်။ လိုင်းထိုးပြီး အဖေက ကားမောင်းတယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ ရောင်းပစ်လိုက်ရတယ်။ ကားက မောင်းရတာထက် ပြင်ရတာ ပိုများနေတယ်။ တွက်ချေမကိုက်ဘူး။ အဖေကလည်း အဲသည့်နောက်ပိုင်း ကားမောင်းတဲ့ အလုပ်ပဲ လုပ်တော့တယ်။ 

အဖေက ETEC ပြီးတယ်။ Engineering Technology Evening Class ပေါ့။ အရှည်ကောက်က။ ညနေကျောင်း။ အဲသည်က ကျောင်းပြီးတော့ တပ်ထဲဝင်တယ်။ မဆလခေတ်မှာ မိသားစု ဝမ်းရေးအတွက် တပ်ထဲဝင်ပုံရတယ်။ တပ်ထဲမှာ ၁၀ နှစ်ကျော်လောက်ကြာတယ်။ သူမပျော်တော့ဘူး။ ဝန်ထမ်းလစာနဲ့လည်း မလုံလောက်တော့ဘူး။ တပ်ထဲမှာတော့ မော်တော်ယာဉ် နည်းပြ လုပ်ရတယ်လို့ ပြောတယ်။ တပ်ကြပ်၊ အဆင့် လောက်ပဲ ရခဲ့ဟန်တူပါတယ်။ 

အမေကတော့ အဖေ့ကို တပ်ထဲက ရတာလေးနဲ့ပဲ မှိန်းနေစေချင်တယ်။ ဒါပေမယ့် အဖေက မိသားစုဝန်ကို သိတယ်။ ဒါ့ကြောင့် တပ်က ထွက်မှ ရမယ်လို့ သူခံယူတယ်။ တပ်ထဲမှာလည်း အထက်က အရာရှိတွေရဲ့စရိုက် ကို သူ ကိုယ်တိုင် မနှစ်မြို့တော့တာလည်းဖြစ်နိုင်တယ်။ တပ်ထဲမှာတုန်းက အညမည သဘောတရားတွေကို စာတမ်းရေး၊ ဟောပြောတာတွေတော့ လုပ်ခဲ့ဖူးတယ်လို့ ပြောတယ်။ တခြား တပ်သားတွေက မလုပ်ချင်ဘူးလို့ ပြောတာနဲ့ “ဝမ်းမောင်… မင်းလုပ်ကွာ” ဆိုတော့ အဖေက တက်တက်ကြွကြွနဲ့ ဆိုရှယ်လစ် စကားလုံးတွေ ရွတ်ဖတ်တယ်လို့ ပြောတယ်။ 

အခုအချိန်ထိ အဖေက ဆိုရှယ်လစ်စနစ်ကို ယုံကြည်နေသေးတယ်။ ဒါပေမယ့် လူတွေကို အမြဲ တောက်တစ် ခေါက်ခေါက် ပြောတတ်တယ်။ စနစ်က ကောင်းတယ်…. လူတွေက မကောင်းတာလို့ အမြဲလိုလို ပြောတယ်။ ဦးနေဝင်းတို့၊ တပ်ထဲက ဗိုလ်တွေရဲ့ စရိုက်တွေကိုလည်း တော်တော် ပစ်ပစ်နှစ်နှစ် ပြောတာတွေ့ရတယ်။ သူကိုယ်တိုင် အထိုးအကျိတ်ခံခဲ့ရဖူးတာလည်းပါမယ်….။ 

အဖေလို့ ပြောရင်၊ ကျနော့်အဖေက “ကားသမား” ပဲ။ သူများအိမ်တွေမှာ ကားမောင်းတယ်။ သူဌေးကား မောင်းတယ်ပေါ့ဗျာ။ ကျနော်တို့ ငယ်ငယ်က အမေကို မေးတော့ အမေက အိမ်စီးကား မောင်းတယ်လို့ အမြဲ ပြောတယ်။ ကျနော့် စိတ်ထဲမှာ အခုချိန်ထိ အိမ်စီးကား ဆိုတဲ့စကားလုံးကို စွဲနေတယ်။ အိမ်စီးကား၊ အိမ်စီးကား။ သူဌေးအိမ်က ကား။ ဒါက ကြားကောင်းအောင် ပြောတယ်။ တကယ်တော့ ဒရိုင်ဘာ ပါပဲ။ 

ကျနော့် အဖေ၊ အမေနဲ့ အိမ်ထောင်ကျတော့ အဖေ့အဖေ၊ ကျနော့်အဖိုးရဲ့ သုံးဘီးကားလေး မောင်းတယ်။ နောက်တော့ ဘီအိုစီမှာ ပေပါလှိမ့်တယ်။ ဘီအိုစီဆိုတာ Burma Oil Cooperation ။ အဲသည်မှာ လေယာဉ်ဆီ ပေပါတွေ လှိမ့်ရတယ်။ လေယာဉ်ဆီဖြည့်ရတယ်။ 

အဖေက အောက်ခြေအလုပ်တွေ လုပ်ခဲ့ဖူးတယ်။ ကုန်ထမ်းတဲ့အလုပ်လည်း လုပ်ဖူးတယ်။ တပ်ထဲလည်း ဝင်ဖူးတယ်။ တပ်ထဲမှာ မော်တော်ယာဉ်နည်းပြလည်းဖြစ်ခဲ့ဖူးတယ်။ လေယာဉ်ဆီပေပါတွေ လှိမ့်ခဲ့ဖူးတယ်။ အီးတီအီးစီကျောင်းသားဖြစ်ခဲ့ဖူးတယ်။ ဒရိုင်ဘာ၊ ကားသမား။ သူများအိမ်မှာ ကားမောင်းတဲ့သူ။ စီမံကိန်းတွေ မှာလည်း ကားမောင်းဖူးတယ်။ စီမံကိန်းကားတွေ မောင်းတာ။ စိန်ပန်းမှာလည်း ယန္တရားတွေပြင်တဲ့ အလုပ်ရုံမှာ ကားမောင်းတယ်။ ကျနော်ငယ်ငယ်က လိုက်သွားဖူးတယ်။ ခဏ ခဏပဲ။ ဆယ်ဘီးကားတွေလည်း မောင်းတယ်။ လိုင်းကားလည်း မောင်းတယ်။ ခေတ္တရာမန်းမှာ ကားမောင်းတော့…. ဆိုတဲ့ စကားအစချီပြီး အဖေက ပြောပြောတတ်တယ်။ ဒီစကားကို နားထဲစွဲနေတယ်။ ခေတ္တရာမန်း၊ ခေတ္တရာမန်း။ 

ကျနော် ငယ်ငယ်က သူငယ်ချင်းတွေ က မေးရင် ကျနော့်အဖေအလုပ်ကို အဖြေရ ကြပ်ဖူးတယ်။ ဆရာမတွေက မေးရင်လည်း အဖေက ကားမောင်းတယ်လို့ ဖြေလေ့ရှိတယ်။ အဖေက စိန်ပန်းက ယန္တရားတွေ၊ စက်ကြီးတွေ ပြင်တဲ့ ဝပ်ရှော့မှာ ကားမောင်းတော့ ကျနော် လိုက်လိုက်သွားတယ်။ အဖေက သူ့စက်ဘီးနောက် ကယ်ရီယာ မှာ ကျနော့်ကို ခေါ်သွားတယ်။ စိန်ပန်းကားဝပ်ရှော့ရောက်တော့ ညနေပိုင်းတွေမှာ အဖေ အိမ်မပြန်ခင် အလုပ်သမားထမင်းစား တန်းလျားမှာ အတူ ဝင်စား။ အလုပ်သမားတန်းလျားမှာ အဖေနဲ့ အတူ ထမင်းဝင်စားခဲ့ ဖူးတာတွေကို မှတ်မိနေသေးတယ်။ တခါတုန်းက ဆိုရင် ညနေ ခပ်စောင်းစောင်၊ စိန်ပန်း ဝပ်ရှော့ခြံထဲမှာ သူဌေးရဲ့ မန်နေဂျာမွေးထားတဲ့ ခွေးအကြီးကြီး လိုက်ဆွဲလို့ ဖိနပ် ကျွတ်အောင် ပြေးခဲ့ရသေးတယ်။ လူကြီးတွေ သိပြီး လိုက်မောင်းပေးလို့ တော်သေးပါရဲ့။ နောက် ဆယ်တန်းအောင်ပြီးတော့ အဖေ့က ရဲရွာ စီမံကိန်းမှာ ဆယ်ဘီးကား မောင်းနေပြီ။ အဲသည့်မှာ အလုပ်ဆိုက်ဒ်ထဲ ကျနော့် အစ်မ မလှလှငြိမ်းကိုပါ သွင်းပေးထားတယ်။ အဲသည့်တုန်းက သူ့ကို အစိုးရအလုပ် ဝင်တိုးခိုင်းတာတဲ့။ နေ့စားလို့ ပြောတယ်။ အတွေ့အကြုံလည်း ရအောင် တဲ့။ အဖေ့ဆီကို ကျနော် တစ်လ တစ်ခါ၊ နှစ်လ တစ်ခါလောက် လိုက်လိုက်သွားတယ်။ ရဲရွာနဲ့ မန္တလေး ဆွဲတဲ့ ဒိုင်နာကားခေါင်မိုးပေါ်က အမြဲလိုက်တယ်။ ရှမ်းရိုးမ တောင်တန်း ကျွဲနဖားတောင်တွေကို ကားခေါင်မိုးပေါ်က လေတဟူးဟူးနဲ့ ကြည့်ရတာကို သဘောကျတယ်လေ။ လူငယ်ဟာ လွတ်လပ်ခြင်းကို ကြိုက်တယ်။ သဘာဝကို ကြိုက်တယ် မဟုတ်လား။ အဲသည့်တုန်းက သက်သောင့်သက်သာ ရှိခြင်းကို ထည့်မတွက်ပါဘူး။ တစ်လမ်းလုံး အင်္ကျီ ထူထူဝတ်ပြီးတော့ ခရီးဆုံးအထိ ကားခေါင်မိုးပေါ်က လိုက်စီးတာပဲ။ ရဲရွာစီမံကိန်းက တရုတ်နဲ့ မြန်မာ ဖက်စပ်လုပ်တဲ့ ရေအားလျှပ်စစ် စီမံကိန်း တစ်ခု။ တမံပေါ်ထိ လိုက်ကြည့်ဖူးတယ်။ အဖေက တမံ အမြင့် ဝမ်းနိုင်းဆဲဗင်းလ် ရှိကြောင်း ပြောတယ်။ 197 ကို ပျမ်းမျှ အားဖြင့် ၃ နဲ့ မြှောက်။ ဒါဆိုရင် တမံအမြင့်ပဲတဲ့။ ဆိုလိုချင်တာက ၁၉၇ မီတာ ရှိတယ်။ တစ်မီတာကို ၃ ပေ နီးပါးလောက်ရှိတယ်။ ဒီတော့ ၃ လို့ ယူလိုက်။ ပေအားဖြင့် ဘယ်လောက်မြင့်တယ်ဆိုတာကို သူ့သား သိစေချင်လို့ လူပိန်းနည်းနဲ့ ရှင်းပြတာ။ အဖေ့ ဆယ်ဘီး ကားခေါင်းထဲ လိုက်သွား။ ပြီးတော့ နေ့လယ်၊ ညနေတွေမှာ အလုပ်သမားတန်းလျားမှာ ထမင်းအတူ ဝင်စား။ ဦးဝမ်းမောင် သား… ဆိုပြီး စာရင်းပေးလိုက်ရင် နေတဲ့ သုံးလေးရက်တော့ စားလို့ရတယ်။ တခါတရံလည်း ညနေပိုင်းတွေမှာ အစ်မနဲ့ ကျနော့်အစ်ကို အစ်ကို ကိုကြီးငယ်ငယ်တို့ အလုပ်သမား တန်းလျားဆောင်မှာ ထမင်းယူစားတယ်။ အားလုံး အတူတူပေါ့။ ကျနော့် အစ်ကိုကြီး ကိုကြီးငယ်ငယ်ကလည်း အဲသည့်မှာ အဖေ့လိုပဲ ကားကြီးမောင်းနေတယ်။ ရဲရွာစီမံကိန်းမှာ တရုတ်တွေ ကျွေးတဲ့ အလုပ်သမားထမင်းကတော့ စိန်ပန်းကလောက် မကောင်းပါဘူး။ ဂေါ်ဖီထုပ်ကို အရွက်ဖားဖား ဖဲ့ကိုက်ထားပြီး ဆနွမ်းရည် ဆမ်းပြီး ရေလုံပြုတ် ထားတယ်။ ထမင်းကလည်း နည်းနည်း ကျပ်ခဲခဲ။ အသားတုံးကတော့ ခပ်ကြီးကြီး နှစ်တုံးလောက်။ သို့သော် အနှစ်မပါဘူး။ ဆီလည် ရေလည် လုပ်ထားတယ်။ ကျနော်တို့ ရွာထဲက အရံဟင်းလေး ဝယ်ပြီး သားအဖတွေ လွေးလိုက်ကြတယ်။ ရဲရွာ စီမံကိန်းထဲ လိုက်သွားတော့ အဖက ဟိုကောင်က တရုတ်စကားပြန်၊ ဟိုကောင်တွေက အင်ဂျင်နီယာ၊ ဟိုကောင်တွေက သဲကားမောင်းတယ်၊ ဟိုကောင်တွေက အစိုးရအရာရှိတွေ စသည်ဖြင့် ပြောတယ်။ စီမံကိန်း နယ်မြေထဲမှာ ရေပိုလွှဲက ဘယ်လို၊ အခု ရေလွှဲ လှိုဏ်ခေါင်းက ဘယ်လို၊ ကျောက်နံရံတွေကို ဘယ်လို ဖြိုတယ်၊ ဘိလပ်မြေနဲ့ ဘယ်လိုစက်မျိုးတွေ သုံးပြီး နံရံ မပြိုအောင် ဘယ်လို မှုတ်တယ်။ တာဗိုင်ကို ဘယ်နှလုံးထားတယ်။ တာဗိုင် တစ်ခုမှာ မီဂါဝပ် ဘယ်လောက်ထွက်တယ်။ တရုတ်က ဘယ်လောက်ယူတယ်။ မြန်မာက ဘယ်လောက်ပဲ ရတယ်။ ဘယ်နှနှစ် စီမံကိန်း၊ ဂျနရေတာ ကို ဘယ်မှာ ထားမယ်…. စသည်ဖြင့် ကျနော် ဗဟုသုတ ရအောင် သူ အလုပ်လုပ်ရင်း လိုက်ပြတယ်။ ကျနော် သိပ်စိတ်ဝင် စားခဲ့တယ်။ 

⦿ အမေနဲ့

ကျနော် ငယ်ငယ်က စာနဲ့ ပေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှာ မရှိခဲ့ဘူး။ အမေနဲ့တော့ အမြဲနေရတယ်။ အဖေနဲ့ လက်ပွန်းတတီး မနေရဘူး။ အဖေက အဝေးမှာပဲ အမြဲနေရတယ်။ အိမ်ကို တစ်လ တစ်ခါ ပြန်လာတယ်။ တခါ တရံလည်း နှစ်လ တစ်ခါ။ သုံးလ တစ်ခါ။ တခါတရံလည်း အဖေ ရှိတဲ့ဆီ အမေက လကုန်ရင် လိုက်သွားတယ်။ နောက်ပြန်လာရင် အဖေ့ရဲ့ လစာ အမေ့လက်ထဲမှာပါလာတယ်။

အမေ့လက်ထဲမှာ ငွေရောက်ပြီဆိုရင် ဈေးချိုကို လိုင်းကားနဲ့ အမြဲတမ်း သွားတယ်။ တစ်လစာ အခြောက်အခြမ်း တွေဝယ်ဖို့။ ကျနော်ကို တခါတရံ ခေါ်သွားတတ်တယ်။ ကျနော် မှတ်မိသေးတယ်။ ကျနော်တို့ အမြဲလိုလို စီးနေကျကားက အနီရောင် ချက်(စ်)ပလပ်ကားကြီး။ မောင်းရင် အိပဲ့အိပဲနဲ့။ ကားသမားနဘေးက ဂီယာအုံကြီးက အကြီးကြီး။ ဂီယာတစ်ချက်ထိုးပြီးတောင်း ဂီယာတံကို သစ်သားဒေါက်နဲ့ ထောက်ထားရတယ်။ ကျနော်ငယ်ငယ်က ကားစီးရင် ကားသမားနဘေးမှာ သွားသွားစီးတယ်။ ပြီးတော့ သူကားမောင်းတာကို ကြည့်တယ်။ အိမ်မှာ ရှိတဲ့ သစ်သားကုတင်ကို ခွေးခြေခုံတွေနဲ့ နေရာချပြီး လိုင်းကားမောင်းတဲ့ ဆော့နည်းနဲ့ ဆော့ခဲ့ဖူးသေးတယ်။ ကလေးဆိုတော့ အတုမြင်၊ အတတ်သင်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကျနော်ငယ်ငယ်တုန်း က ဘတ်(စ)ကားစီးရင် လက်မှတ်ဖြတ်စီးရတဲ့ အလေ့ကြုံဖူးသေးတယ်။ စပယ်ယာဆီက လက်မှတ်ဝယ်စီးရ တယ်။ လက်မှတ်ကလေးတွေက လက်နှစ်လုံးလောက် ရှိတာ။ တစ်လက်မခွဲ ပတ်လယ်လောက်စာရွက်လေး။ ကျနော် မှတ်မိနေသေးတယ်။

⦿ သစ်တော်သီး

ဈေးချိုကို အမေ့လက်ဆွဲပြီးတော့ တောက်တက်တောက်တက်နဲ့ လိုက်သွားတယ်။ ဈေးခြင်းတောင်းကူဆွဲ ပေါ့။ ဈေးချိုရုံဟောင်းကြီးထဲမှာ အမြဲလိုလို တိုးတိုးဝေ့ဝေ့ လိုက်သွားခဲ့ဖူးတာ သတိရတယ်။ ဈေးချိုသွားရင် ကျနော်တို့အတွက် အမြဲလိုလို အမေဝယ်ပေးတတ်တာက သစ်တော်သီး။ သစ်တော်သီးက ခပ်ညိုညို။ အလုံး အရွယ်က ကြက်ဥအတွက် ခပ်သာသာ။ ကျနော် ငယ်ငယ်က သစ်တော်သီး အရမ်းကြိုက်တယ်။ ကျနော့် အစ်ကိုတွေ အစ်မတွေလည်း ကြိုက်တယ်။ သစ်တော်သီးကို မောင်နှမတွေ လုစားခဲ့ဖူးတယ်။ ပျော်စရာ ကောင်းတယ်။

တခါတရံ လကုန်ပြီးရက်တွေမှာ အမေဈေးချိုသွားရင် ကျနော် မပါဘူး။ တခြား အစ်ကို၊ အစ်မတွေကိုလည်း ခေါ်မသွားတတ်ဘူး။ အမေတစ်ယောက်တည်း သွားတယ်။ အမေ ဈေးချိုသွားတော့မယ်ဆိုရင် ကျနော်တို့ မောင်နှမတွေက အမြဲလိုလို မှာတဲ့ အရာရှိတယ်။ အဲဒါက သစ်တော်သီး။ “အမေ…. ဈေးချိုက သစ်တော်သီး ဝယ်ခဲ့နော်… သစ်တော်သီး….” ။ အမေက ပြောတယ်…. အေးအေး ပေါ့။

⦿ ဆင်ကြီးနှစ်ကောင်

အမေနောက်တော့ ကျနော့်ကို ဈေးချို ခေါ်သွားတာ ကျဲသွားတယ်။ အမေပြန်လာရင်လည်း ဟင်းချက်စရာ၊ ဆန်နဲ့ ငါးပိ၊ ငါးခြောက်တွေပဲ ပါလာတယ်။ ကျနော်တို့ မှာတဲ့ သစ်တော်သီး မပါလာဘူး။ ကျနော်တို့ကလည်း ကလေးဆိုတော့ မျှော်တာပေါ့။ အမေ သစ်တော်သီးပါလားပေါ့….။ အမေက သစ်တော်သီး မပါတာကို မပါဘူး မပြောဘူး။ အမေဈေးဝယ်တော့လေ… ဈေးထဲမှာ ဆင်ကြီးနှစ်ကောင်က ဝင်လာလို့၊ ဈေးသည်တွေ ပြေးလွှား ကြရတယ်…. သစ်တော်သီးသည်တွေလည်း မရှိတော့ဘူး… ဒါ့ကြောင့်မဝယ်ခဲ့ရဘူးလို့ ပြောတယ်။ ကျနော် ဈေးချိုသွားရင် ကိုင်းတန်းဈေးထဲမှာ ဆင်ကြီးနှစ်ကောင်ရုပ်တုရှိတယ်လေ။ တခါတရံလဲ အဲသည့် ဆင်ကြီး နှစ်ကောင် ရုပ်တုက အသက်ဝင်လာပြီး ဈေးထဲက လူတွေကို နင်းတာတဲ့…. ဒါ့ကြောင့် အားလုံး ပြေးလွှားလို့ အမေတောင် မနည်းရှောင်ခဲ့ရတယ်လို့ပြောတယ်။ ကျနော်လည်း အမေနဲ့ ဈေးချိုအသွား၊ ကိုင်းတန်းဈေးထဲ ရောက်တော့ ဆင်ကြီးနှစ်ကောင် ရုပ်တုကို မြင်ဖူးနေတာနဲ့ အမေပြောတာ ဟုတ်တယ်ထင်ပြီး သစ်တော်သီး မပါတာကို စိတ်မဆိုးတော့ဘူး။

နောက်များမှာလည်း ထိုနည်းလည်းကောင်းပဲ။ ဈေးချိုသွားတော့ သစ်တော်သီးမှာတိုင်း အမေက ဝယ်မလာဘူး။ တိရိစ္ဆာန်ရုံက ဆင်ကြီးနှစ်ကောင်ချည်းပဲ လွတ်နေတယ်။ ကြာတော့ တိရိစ္ဆာန်ရုံက ဝန်ထမ်းတွေကို စိတ်ဆိုး လာတယ်။ ဒီလူတွေကလည်း ဆင်ကြီးနှစ်ကောင်ကို နိုင်အောင် ထိန်းတာ မဟုတ်ဘူးပေါ့။ ဆင်ကြီးနှစ်ကောင် ကလည်း လွတ်လွတ်နိုင်လွန်းတယ်။ ဒီလူတွေ အတော် ပေါ့ဆတဲ့လူတွေပဲလို့ စိတ်ထဲက တွေးပြီး အပြစ်တင် မိတယ်။

နောက်များမှ ကျနော်ကိုယ်တိုင် နားလည်ခဲ့ရတယ်။ အမေက သူ့သားသမီးတွေရဲ့ သရေစာထက် ထမင်းဝဝ စားနိုင်ရေးကို ပိုလုံးပမ်းနေရတယ်။ သရေစာဟာ ကျနော်တို့အတွက် ဦးစားပေးစာရင်းမှာ မရှိခဲ့ဘူး။ နေ့စဉ် ထမင်း နပ်မှန်အောင်စားရဖို့က အရေးကြီးတယ်။ အချိန်တန်ရင် နောက်ဖေးမီးဖိုချောင်မှာ၊ မီးခိုးအူနိုင်ဖို့ အရေးက ပိုအရေးကြီးတယ်။ ဒါ့ကြောင့် သစ်တော်သီးပေါ်ချိန်မှာ သစ်တော်သီးတွေ့ရင်တောင် အမေက ကျနော်တို့ မောင်နှမတွေအတွက် သစ်တော်သီးကို ဝယ်မလာနိုင်ရှာဘူး။ လက်ထဲမှာ ရှိသမျှ ငွေလေးကို ခြစ်ကုပ်ပြီး သုံးဖို့ လိုတယ် မဟုတ်လား။

ကျနော် ၅ တန်း၊ ၆ တန်းလောက်ရောက်တော့ အမေဈေးချိုသွားတိုင်း သစ်တော်သီး မမှာတော့ပါဘူး။ ကျနော်တို့တစ်တွေ အိမ်အလုပ်တွေပဲ လုပ်ကြရတယ်။

⦿ ပဲပိ ရွက်ရွက်ကြော်

ကျနော်တို့က မောင်နှမတွေ များတယ်။ ၁၉၉၀ နောက်ပိုင်း ကျနော့်အသက် လေးငါးနှစ်သားလောက်။ ကျနော် မှတ်မိသေးတယ်။ ကျနော့် အထက် အစ်မတွေ၊ အစ်ကိုတွေက ၂ နှစ်၊ သုံးနှစ်ခြားဆီ အသက်ကွာတယ်။ တစ်ယောက်က ၁၅ နှစ်ဆိုရင်၊ သူ့အောက်က ၁၂ နှစ်၊ သူ့အောက် ၉ နှစ်၊ ၁၀ နှစ်။ ကျနော်တို့ မိသားစုကို မြင်ကြည့်နိုင်ပါတယ်။ ဘုစုခရုတွေ စုနေတဲ့အိမ်။ အိမ်ကလည်း အမြဲတမ်းလိုလို ဆူဆူညံညံ။ ဒါ့ကြောင့် ကျနော်ကြီးလာတော့ ဆူဆူညံညံတွေကို အင်မတန် မုန်းတတ်လာခဲ့တယ်။

အိမ်က မိသားစုများတော့ စားအိုးက ကြီးတယ်။ အိမ်မှာ အမြဲလိုလို ချက်တဲ့ ဟင်းရှိတယ်။ ပဲပုပ်ချက်နဲ့ ကန်စွန်းရွက်ကြော်။ ဒီဟင်းနှစ်မျိုးဟာ ကျနော် ငယ်ငယ်က အကြိုက်ဆုံး ဟင်းလျာတွေဖြစ်ခဲ့တယ်။ အိမ်မှာ အဖေပြန်လာတိုင်း အဖေက ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်တယ်။ ညနေပိုင်းပေါ့။ အဖေရဲ့ ရင်ဘတ်ပေါ်ကို ကျနော်က ခွထိုင်ထားပြီး အဖေ့နဖူး အလယ်တည့်တည့်က မှည့်ဘုသီးကြီးကို နှိပ်တယ်။ ကျနော့် လက်ညှိုးက နှိပ်လိုက်တိုင်း အဖေ ပါးစပ်က တီခနဲ အော်မြည်တယ်။ ကျနော်က ရယ်တယ်။ ကျနော်က ထပ်နှိပ်တယ်။ အဖေနှုတ်ကနေ တီခနဲအော်လိုက်တယ်။ ကျနော် ရယ်တယ်။ ကျနော်က အဲသည်လို ဆော့တယ်။ နောက်ပြီး အဖေ့ကို ပုံပြင်ပြောခိုင်းတယ်။ ပုံပြင်က ကျနော့်ရဲ့ ပုံပြင်။ ကိုတိုးရဲ့ ပုံပြင်ပေါ့။

“ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်တယ်…. အဲသည်မှာ ကိုတိုးလေးက အမေ ဒေါ်ကျင်သန်း ဗိုက်ထဲကနေ မွေးလာတော့…. မွေးမွေးချင်း မှာ သူများတွေလို၊ အူဝဲအူဝဲနဲ့ အော်ပြီး ထွက်မလာ ဘူး….တဲ့။ ဘယ်လို ထွက်လာသလဲ ဆိုတော့ ပဲပိရွက်ရွက်ကြော်…. ပဲပိရွက်ရွက်ကြော်… ဆိုပြီး အော်ပြီး မွေးလာသတဲ့….” လို့ ပြောတယ်။ ကျနော်က အင်မတန်ရယ်တယ်။ အဲသည့်ပုံပြင်ကို အမြဲတမ်းလိုလို ပြောခိုင်း တယ်။ “ငါက ပုံပြင်ထဲရောက်သွားပြီ….” တို့ ဘာတို့ ထင်ပုံရပါတယ်။

⦿ အမေကြီးပဲပုပ်

ဒီတော့ ကျနော်တို့ မိသားစုရဲ့ နေ့စဉ် အကောင်းဆုံး ဟင်းလျာက ပဲပုပ်ချက်နဲ့ ကန်စွန်းရွက်ကြော်။ ကျနော်တို့ ဆီမှာ ပဲပုပ်ကောင်းကောင်းရောင်းတဲ့ အဖွားကြီးတစ်ယောက်ရှိတယ်။ ကျနော်တို့ အဲသည့်အဖွားကို “အမေကြီး ပဲပုပ်” လို့ နာမည်ပေးထားတယ်။ နေ့လည်နေ့ခင်း အမေကြီးပဲပုပ်… လာရင် ကျနော်တို့က အမေ့ကို အော်ပြော တယ်။ အမေ… အမေကြီးပဲပုပ် လာတယ်လို့။ အခုအချိန်ထဲ အဲသည်အမေကြီးရဲ့ နာမည်အရင်းကို ကျနော်တို့ မောင်နှမတွေ မသိကြဘူး။ အမေကြီးပဲပုပ်ဆိုတာပဲ သိထားကြတယ်။ အဲသည့်အမေကြီးက ကျနော့်အဖွားနဲ့ ရွယ်တူ။ အသက်ကြီး ပါးရေတွေ တွန့်တဲ့အထိ၊ ပဲပုပ်လုပ်ပြီး ခေါင်းပေါ် တောင်းကြီးတင်ပြီး လှည့်ရောင်းရှာတာ။ ကျနော်တို့က အမေကြီးပဲပုပ် ရဲ့ ပဲပုပ်ကို အကြိုက်ဆုံးပဲ။ အခုချိန်ထိ အမေကြီးပဲပုပ်ရောင်းတဲ့ပဲပုပ်လောက် ကောင်းတာ မတွေ့ဖူးသေးဘူး။

ဒီတော့ အမေကြီးပဲပုပ်လာရင် ပဲပုပ် အစိုလည်း ဝယ်ထားတယ်။ ပဲပုပ်အဆိုကို အမေကြီးက သူ့လက်နဲ့ ကိုယ်တိုင် “ဇိဇိဇိဇိ” နဲ့ နယ်ပြီး လက်နဲ့ ပြား၊ ဇကောထဲ မှာ ထားပြီး နေလှမ်း။ အခြောက်ထား။ နောက်နေ့တွေ စားလို့ရအောင် သိုလှောင်ထားပေါ့။ အဲသည်လောက် ကျနော်တို့ ငယ်ငယ်က ပဲပုပ်ကို နှစ်နှစ်ခြိုက်ခြိုက်စားကြ တာ။ တကယ်တော့ နှစ်ခြိုက်တာ မဟုတ်ပါဘူး။ စားအိုးတစ်ခုလုံးကို ဈေးပေါပေါပဲပဲနဲ့ ထိန်းနိုင်တာက အမေကြီးပဲပုပ်ရဲ့ ပဲပုပ်တစ်ခုပဲ ရှိလို့ ဖြစ်ပါတယ်။

⦿ ဝန်ထမ်းဆန်

နောက်ပြီး ကျနော်တို့ ငယ်ငယ်က အမြဲလိုလို စားရတဲ့ ဆန်လည်း ရှိသေးတယ်။ အဲသည့် ဆန်ကို ကျနော် အသက်ကြီးလာတော့ ဆန်ဆိုင်တွေမှာ ရှာကြည့်တာ မတွေ့ဘူး။ ကျနော်တို့ သိထားတာက… ဝန်ထမ်းဆန်။ ကျနော်တို့ အမြဲလိုလို ခေါ်ပြီး မှတ်ထားမိတာက ဝန်ထမ်းဆန်။ ဘာ့ကြောင့် ဝန်ထမ်းဆန်လို့ ခေါ်တာလည်း မသိဘူး။ ကျနော့် ကြီးတော် ဒေါ်ကျင်ဌေး ယောက်ျားက အစိုးရဆန်ဂိုထောင်မှာ ဂိုထောင်မှူး။ အဲသည်တော့ သူတို့ဆီကနေ ဆန် နှစ်ပြည်၊ သုံးပြည်သွားသွားဝယ်ရတယ်။ ဦးလေး ဦးအောင်သိန်း…. အမေက ဝန်ထမ်းဆန် ၃ ပြည် ပေးလိုက်ပါတဲ့…. ဆိုပြီး ပိုက်ဆံပေးပြီး သွားသွားဝယ်ရတယ်။

ဝန်ထမ်းဆန်ဆိုတာ နီနီကျင်ကျင်။ ကြမ်းကြမ်းရှရှ။ ဒါပေမယ့် အဲသည့်ဆန်ရဲ့ ထမင်းရည်က သိပ်သောက်လို့ ကောင်းတယ်။ မနက်ခင်းဆို ကျနော်တို့ မောင်နှမတွေ ထမင်းရည်သောက်ကြတယ်။ တခါတရံ ညနေပိုင်းလည်း ထမင်းရည်သောက်တယ်။ ထမင်းရည်က ကောင်းလိုက်တာ။ ပစ်ပစ်ချွဲချွဲ။ ကောင်းမှာပေါ့ ဆန်က ကြမ်းတာကိုး။ ဆန်ကြမ်း။

ငယ်ငယ်တုန်းက ဝန်ထမ်းဆန်ကို အကြာကြီးစားခဲ့ရလို့လား မသိဘူး။ ကျနော်ကြီးလာတော့ ဆန်နုနု မစား တတ်တော့ဘူး။ ဆန် ခပ်ကြမ်းကြမ်းစားရမှ ပါးစပ်က စားလို့ ဝင်တယ်။ ဆန်ထဲမှာ အမုန်းဆုံးက ပေါ်ဆန်းမွှေးပဲ။ အခုချိန်ထိ ဟပ်ဟပ်ပက်ပက် စားလို့မရဘူး။

တကယ်တော့ ဝန်ထမ်းဆန်ဆိုတာ လုံးတီးဆန် တစ်မျိုးပါပဲ။ ဒါကို အသက်ကြီးလာမှ သိတာ။ အခုချိန်မှာ ဆန်ဆိုင် ခပ်ကြီးကြီးမှာ ဝန်ထမ်းဆန် လို့ ပြောပြီး ဝယ်ကြည့်။ ဝန်ထမ်းဆန်ဆိုတာ မရှိပါဘူး။ ကျနော်တို့ အိမ် တစ်အိမ်ပဲ ကိုယ်စားတဲ့ဆန်ကို ဝန်ထမ်းဆန်လို့ ပြောပြီး မှတ်ထားကြတာ။ သူများအိမ်တွေတော့ ဘယ်လိုခေါ် လဲ မသိဘူး။ ကျနော်တော့ အခုအချိန်ထိ ကျနော်တို့က လွဲလို့ တခြားအိမ်တွေ၊ တခြားသူတွေက ဝန်ထမ်းဆန် လို့ ခေါ်ဖူး၊ ပြောဖူးတာ တစ်ခါမှ မကြားဖူးသေးဘူး။ ကျနော်တို့ တစ်အိမ်ပဲ ခေါ်တာထင်တယ်။

⦿ လမ်းဘေးက ကန်စွန်းနွယ်တွေ

မိသားစုက ခပ်များများ။ ဝင်ငွေက နိမ့်နိမ့်။ ဒါ့ကြောင့် ခပ်ကြမ်းကြမ်း ဝန်ထမ်းဆန်၊ ခပ်ပေါပေါ ပဲပုပ် နဲ့ လမ်းဘေး က ကန်စွန်းရွက်ကို ကြော်ပြီး ကျနော်တို့ အမြဲလိုလို စားကြရတယ်။ ကန်စွန်းရွက်ဆိုတာလည်း တမျိုးမထင် လိုက်နဲ့။ ကျနော်တို့ ငယ်ငယ်က ကန်စွန်းရွက်ဆိုတာကို ဘယ်တော့မှ ဝယ်မစားဖူးဘူး။ အမြဲတမ်း ခူးတယ်။ အိမ်ရှေ့ရေမြောင်းထဲမှာ ကန်စွန်းရိုးတွေကို ယူပြီးချထားတယ်။ ရေကလည်း ပေါဆိုတော့ ကန်စွန်းတွေက သန်တယ်။ အဲသည်ကနေ ခူးတယ်။ နောက်ပြီး အိမ်ရဲ့ နောက်ဘေးဘက်က ရေမြောင်းစပ်တွေမှာ ကန်စွန်း ရွက်တွေ ပေါက်နေတယ်။ သွားသွားခူးတယ်။

ကျနော့် အိမ်ပေါ်ကနေကြည့်ရင် ကျနော်တို့ နေတဲ့ရက်ကွက်ရဲ့ သင်္ချိုင်းကုန်းကို လှမ်းမြင်နေရတယ်။ အိမ်ရဲ့ အနောက်ထဲမှာ ဘယ်အိမ်မှ မရှိဘူး။ ကွင်းပြင်ကြီး။ လယ်ပြင်ကြီး။ ခြံစည်းရုံးစိုက်ထားတဲ့ ခြံတချို့တော့ ရှိတယ်။ အဲသည်ထဲမှာလည်း ရေနဲ့ မြက်ပဲ ရှိတယ်။ အိမ်လည်း မရှိ။ လူလည်း မရှိ။ ကျနော်တို့ အိမ်က ကျနော်တို့ ရပ်ကွက်ရဲ့ အစွန်အဖျားမှာ ရှိတယ်။

အဲသည်တော့ ကျနော်တို့အတွက် ကန်စွန်းရွက်ဆိုတာ ဘယ်ရှာရှာတွေ့နေတဲ့အရာ။ ကျနော် ငယ်ငယ်က ကန်စွန်းရွက် ဖြူဖြူစိမ်းစိမ်းတွေကို စားချင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ အမြဲစားနေရတာက အရိုးကျစ်ကျစ်၊ ညိုညိုရင့်ရင့်၊ အရွက်သေးသေး၊ အရိုးရှည်ရှည်၊ အညွှန့်ထောင်ထောင်ထောင်ထောင်နဲ့ ကန်စွန်းရွက်တွေ။ အခုတော့ အဲသည်လို ကန်စွန်းရွက်တွေ ရှားသွားပြီ။ ဖြူဖြူစိမ်းစိမ်းတွေပဲ ပေါတော့တယ်။ အညိုရင့်ရင့် တောကန်စွန်းတွေကို လွမ်းလိုက်တာ။

⦿ ဝါးကပ်ထင်း

ကျနော်တို့ အိမ်က မီးဖိုချောင်မှာ အမြဲတမ်း သုံးတာက ထင်းမီး။ တခါတရံ ထင်းမီးတောင် မသုံးနိုင်ဘူး။ သူများ အိမ်တွေက အိမ်ခေါင်မိုးပြင်ရင် ဝါးကပ်အဟောင်း၊ အဆွေးတွေ ထွက်တယ်။ အဲဒီကို သွားပြီးတောင်း။ များများ ရတဲ့အခါ အိမ်နောက်ဖေးမှာ စုထား။ ပုံထား။ ထမင်းချက်ရင်၊ ဟင်းချက်ရင် ဝါးကပ်ဆွေးတွေကို ထည့်ပြီး ဆိုက် တယ်။ မီးကလည်း တောက်လွယ်တယ်။ မီးမွှေးလို့လည်း ကောင်းတယ်။ ပေါပေါများများလည်း ထိုးလို့ ဆိုက်လို့ ရလို့ ထင်းဖိုးသက်သာတယ်။

ကျနော်တို့ အိမ်ဝိုင်းက ခပ်ကျယ်ကျယ်။ ဒီတော့ အိမ်ထဲမှာ ဘောစကိုင်းပင် (ဝေရာပင်) တွေ ရှိတယ်။ စိုက်ထားတယ်။ တရုတ်မန်ကျည်းပင်တွေလည်း ရှိတယ်။ တရုတ်မန်ကျည်းပင်က ဆူးတွေနဲ့။ အုန်းပင်တွေ ရှိတယ်။ အဲတော့ အမြဲတမ်းလိုလို အိမ်က သစ်ပင်တွေကို အလှည့်ကျ ကိုင်းတွေ ဖျင်တယ်။ ခုတ်တယ်။ အဲသည်က ရတဲ့ သစ်ကိုင်းတွေကို သေချာကျကျနန ခုတ်ပြီး နေလှန်းထားသည်။ ထင်းအဖြစ် သုံးကြတယ်။ အုန်းပင်က အုန်းလက်တစ်လက်က ကျနော်တို့အတွက် အတော်အသုံးဝင်တယ်။ အုန်းလက်က အရွက်တွေကို ဓားနဲ့ ဖျင်ထား။ ပြီးတော့ အပိုင်းလိုက် တစ်ပေကျော်ကျော်လောက်ပိုင်း။ ပြီးတော့ အလယ်က ထပ်ခြမ်းခွဲထား။ နေလှန်းထား။ တရုတ်မန်ကျည်းပင်၊ ဘောစကိုင်းပင်တွေလည်း ထိုနည်းလည်းကောင်းပဲ။ ဒီလိုပုံစံမျိုးနဲ့ မီးဖို ချောင်က ထွက်မယ့် ထင်းဖိုးကို သက်သာအောင် လုပ်ကြတယ်။

ကျနော်တို့ ငယ်ငယ်က မီးဖိုချောင်မှာ ဘယ်တော့မှ မီးသွေးမီးဖိုကို တွေ့ရမှာ မဟုတ်ပါဘူး။ ကျနော့် အထင်၊ မီးသွေးမီးဖိုဆိုတာ စားနိုင်သောက်နိုင် ချမ်းသာတဲ့သူတွေ သုံးတဲ့အရာ။ ကျနော်တို့မှာ ဖိုခနောက်ဆိုင်ထားတဲ့ ထင်းမီးဖိုပဲ ရှိတယ်။ အိမ်က မီးဖိုချောင်ဆိုတာလည်း အမိုးမှာ အမြဲတမ်း ကြက်ခိုးတွေ မဲလို့။

⦿ သစ်ကိုင်းခြောက်

နောက်ထပ် ရှိသေးတယ်။ ထင်းဋီကာကို ဖွဲ့ရအုံးမယ်။

ကျနော်တို့ လမ်းမှာ သွားရင်းလာရင်း သစ်ကိုင်းခြောက်တွေ့ရင် အမြဲ ကောက်ခဲ့ရတယ်။ အမေတွေ့ရင် အမေ ကောက်တယ်။ အစ်မတွေ့ရင် အစ်မကောက်တယ်။ သစ်ကိုင်းခြောက်ကို အိမ်အထိ ဆွဲလာ။ ပြီးတော့ ကိုင်းတွေ သပ်ချ။ ဖျင်တယ်။ ဓားနဲ့ ခုတ်ထား ပိုင်းထားတယ်။ ထင်းပုံပေါ် ပစ်တင်ထားလိုက်တယ်။ ဒီလိုနည်းနဲ့ မလုံလောက်တဲ့ ထင်းကို ဖြည့်တယ်။ အိမ်က မိသားစုများတော့ နေ့စဉ်လိုလို အိုးကြီးအိုးငယ်နဲ့ ချက်နေကြတယ်။ အမေဆို မနက်စာ၊ နေ့လည်စာ၊ ညနေစာ အမြဲ အလျင်မီအောင် ချက်ရတယ်။ မီးဖိုချောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။

စဉ်းစားကြည့်လေ။ သားသမီးတွေက ၄ တန်း၊ ၅ တန်း ၇ တန်း၊ ၈တန်းတွေ။ အားလုံးက စားနိုင်သောက်နိုင်တဲ့ အရွယ်တွေ။ တက်လူတွေ။

⦿ လောင်စာကဏ္ဍ

ကျနော်တို့အိမ်ရဲ့ ဟိုးအရှေ့စွန်းစွန်းမှာ ရှမ်းရိုးမတောင်တန်းကြီး ရှိတယ်။ ကျနော်တို့က မန္တလေးရဲ့ အရှေ့ဘက် ပုသိမ်ကြီး။ ပုသိမ်ကြီးရဲ့ အရှေ့ဖျားမှာ ရှမ်းရိုးမတောင်တန်းကြီးရဲ့ အစပ် ရှိတယ်။ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်နဲ့ ရှမ်းရိုးမ တောင်တန်းကြီး ထိစပ်တဲ့နေရာ။ အဲဒီတောင်ပေါ်ကို သွားပြီး အမေရယ်၊ အစ်ကိုရယ်၊ အစ်မရယ်က ထင်းခွေသွားဖူးတယ်။ ဝါးထင်းတွေကို သွားခုပ်ကြတာ။ တောင်ခြေမှာလည်း ရှိတယ်။ တောင်အစပ်မှာလည်း ရှိတယ်။ ထင်းလုပ်လို့ ရမယ့် သစ်ပင်တွေကို သွားခုတ်ကြတယ်။ အိမ်ကနေ မနက်စောစော ထွက်သွားတယ်။ လက်ထဲမှာ အကြော်လေး ဝယ်သွားတယ်။ ထမင်းဘူးလေး ထုတ်သွားတယ်။ တောင်ခြေထိသွားပြီး ထင်းခုတ် လာတယ်။ ရလာတဲ့ ထင်းကို ကြိုးနဲ့ တင်းနေအောင် စည်းပြီး ခေါင်းပေါ် ရွက်သယ်လာကြတယ်။ အိမ်နဲ့ တောင်ခြေနဲ့ဆိုရင် ခန့်မှန်းခြေ ၄ မိုင်ကျော်ကျော်လောက်တော့ ရှိမယ်။ ဆည်မြောင်းချောင်းဘောင်ကို ကျော် လိုက်ရင်၊ ခလရ (၄) / ၁၁၉ / ၁၁၆ တပ်ရင်းတွေ ရှိတယ်။ တပ်ဝန်းထဲကို ဖြတ်ပြီး ထင်းခွေသွားကြရတာ။ ဒါဟာ ကျနော်တို့ အိမ်ရဲ့ လောင်စာကဏ္ဍ ဖြစ်ပါတယ်။

ပုံစာ — ကျနော့် မေမေ ဒေါ်ကျင်သန်း။ အသက် (၄၀) ကျော် အရွယ်ခန့်က။

ခြောက်တန်းအောင် / ဆယ်တန်းကျ 

ကျနော်တို့ အိမ်မှာ အစ်ကိုလတ်နဲ့ အစ်မကြီးက ကျောင်းမပြီးဘူး။ အစ်ကိုလတ်က ဆယ်တန်းထိရောက်တယ်။ ဆယ်တန်းကို ထပ်ခါထပ်ခါ ဆက်ကျလို့ သူလည်း ကျောင်းဆက်မတက်တော့ဘူး။ အစ်မကြီးကတော့ ခြောက်တန်းပဲ အောင်တယ်။ သူက ကျောင်းထွက်လိုက်တယ်။ သူ့အောက်က မောင်နှမတွေအတွက် သူ ထွက်ပေးလိုက်ရတယ်ဆိုတဲ့သဘော။ 

သူတို့နှစ်ယောက်ကလွဲလို့ ကျနော်တို့ မောင်နှမ (၇) ယောက်မှာ၊ ငါးယောက်စလုံး ဆယ်တန်းအောင်၊ ဘွဲ့ရကြ တယ်။ အဖေက သူ ဆယ်တန်းမအောင်ခဲ့လို့ သားသမီးတွေကို ဆယ်တန်းအောင်စေချင်တယ်။ သားသမီးတွေ စာမကြိုးစားရင် သူ စိတ်ဆိုးတယ်။ အစ်ကိုလတ်ဆိုရင် ဆယ်တန်းကျပြီး ဝေလေလိုက်နေလို့ ဆိုပြီး၊ အိမ်တိုင်မှာ ကြိုးတုပ်ပြီးတောင် ရိုက်တယ်လို့ ပြောတယ်။ အဖေက သူ ပညာမတတ်တော့ မျက်နှာငယ်ရတာကို သိတယ်။ ဒါ့ကြောင့် ငါ့သားသမီးတွေအားလုံး ပညာတတ်၊ ဘွဲ့ရဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် ရှိတယ်။ အဖေလုပ်စာက ဒီ့နောက်ပိုင်း မလောက်ငှတော့ဘူး။ ဒါ့ကြောင့် တစ်ဖက်တစ်လှမ်းက အမေက ဝင်ငွေရရာ ရကြောင်း အလုပ်ကို လုပ်ဖို့ စဉ်းစားတယ်။ 

⦿ အိမ်ဆိုင်

ကျနော်တို့ ငယ်ငယ်က အိမ်မှာ ဈေးဆိုင်လေး ဖွင့်ဖူးတယ်။ ဈေးဆိုင်နာမည်ကိုတောင်ပေးထားသေးတယ်။ စန်းနီလာအောင် ဆိုလားပဲ။ ငယ်ငယ် တုန်းက အိမ်ဈေးဆိုင်ရဲ့ ဆိုင်းဘုတ်အဟောင်းကြီးကို မီးဖိုချောင် ကြက်ခိုးစင်ပေါ်မှာတင်ထားတတ်လို့ အဲဒါကို မှတ်မိနေတယ်။

အဲသည်တော့ အိမ်မှာ အိမ်ဆိုင်လေး ဖွင့်တယ်။ အခြောက်အခြမ်းလေး ရောင်းတယ်။ ကုန်စိမ်းတော့ မတင်ပါဘူး။ ခရမ်းချဉ်သီးလောက်တော့ တင်တယ်။ ကျန်တဲ့ရောင်းတာတွေက ငါးပိ၊ ငါးခြောက်၊ ပဲ၊ ကြက်သွန် စတဲ့ အခြောက်အခြမ်းတွေကို ရောင်းတယ်။ ဆီပုံးလေးကိုလည်း လက်လီ ချင်ပြီးရောင်းတယ်။ အဲသည်တော့ အိမ်မှာနေရင်း မီးဖိုချောင်စရိတ်လေးပဲ ဖာထေးဖာထေး…. ဆိုပြီး ဖွင့်တယ်။ ဘာပဲပြောပြော အိမ်နီးနားချင်းတွေ ကတော့ ဝယ်ကြတယ်။ ဟိုးဝေးဝေးလံလံက တဲကုန်းလို့ ခေါ်တဲ့ လယ်ကန်သင်းစပ်က ရွာတစ်ခုကလည်း လာလာဝယ်တယ်လို့ ပြောတယ်။

⦿ အမေ ငရုတ်သီး

အမေက တောသူဆိုတော့ မလည်မဝယ်။ ဒီတော့ ရွာသူတွေက ဈေးဆိုင်ကို အကြွေးလာဝယ်ကြတယ်လို့ ပြောတယ်။ သူတို့လည်း ကျပ်တည်းကြလို့ဖြစ်ပါလိမ့်မယ်။ အဲသည့်အခါ သူတို့ကို အမေက အကြွေးရောင်း လိုက်တယ်။ အမေက တခြား ဘာအလုပ်မှ လုပ်ဖူးတာ မဟုတ်ဘူး။ အမေ အိမ်ထောင်ကျတာ အသက် (၁၆) နှစ်မှာ။ ကျနော့်ကို မွေးတော့ အမေ့အသက်က (၃၆) ။

အမေက နွားထိုးကြီး၊ ပဲချက်က။ တောသူ။ ငယ်ငယ်တုန်းက အမေ့နာမည်က ငရုတ်သီး…တဲ့။ စွာလို့လို့ ပြောတယ်။ မငရုတ်သီးပေါ့။ အဲဒါ အဖွားက အမေ့ကို မယ်သီလရှင်ကျောင်းကို ပို့တယ်။

မယ်သီလရှင်ကျောင်း မှာ ၊ အမေ့ညီမက မယ်သီလဝတ်တယ်။ အဲသည်လို အထားခံရတယ်။ အဖွားကလည်း ကလေးတွေ များလို့ ကျွေးရမွေးရ သက်သာအောင် မယ်သီလရှင်ကျောင်း ပို့ထားပုံရတယ်။ အမေ အပျိုဖြန်းအရွယ်ရောက်တော့၊ အမေ့အစ်ကိုအကြီးဆုံးဆီကို ပို့တယ်။ မန္တလေးက တောင်ရွာသစ်ဘက်မှာ။ အဲသည်မှာ အမေက သူ့အစ်ကိုကြီးဆီမှာ နေရင်း စက်ချုပ်သင်တယ်။ စက်ချုပ်သင်ရင်း သိပ်မကြာပါဘူး။ အိမ်ထောင်ကျတော့တာပဲ။ ကျနော့်အဖေနဲ့ အမေ့ အစ်ကိုကြီးအကြီးဆုံးနဲ့က ခင်မင်တယ်။

အကြောင်းက ဒီလို။ အဖေမှာ မွေးစားအဖေနဲ့ အမေရှိတယ်။ ဦးလှမောင် ၊ ဒေါ်သက်တင်တဲ့။ သူတို့က နည်းနည်း ပိုက်ဆံရှိတယ်။ သားသမီးတော့ မရှိဘူး။ ဒါ့ကြောင့် အဖေ့အဖေ ဦးဘအေးနဲ့ အမေ ဒေါ်ငြိမ်းအောင် တို့ဆီကနေ သားနှစ်ယောက်ကို အမွေစားအမွေခံ တောင်းတယ်။ ဦးဘအေးကလည်း ပေးလိုက်တယ်။ ဒါပေမယ့် တစ်ရပ်ကွက်တည်း အတူနေကြတာပါပဲ။ သူတို့က စက္ကူဆေးဆိုးလုပ်ငန်းလုပ်ကြတယ်ပြောတယ်။ အဖေ့မွေးစား မိဘတွေက။ ညီအစ်ကို နှစ်ယောက်။ ဝမ်းမောင်နဲ့ သာဒိုး။

အဖေ့မွေးစားမိဘ အိမ်ကို အမေ့အစ်ကိုကြီးက နေပြီး အလုပ်လုပ်ဖူးတယ်။ ဒီတော့ အဖေနဲ့ ခင်မင်တာပေါ့။ နောက်တော့ သူ့ညီမ မြို့ရောက်လာ။ လာပြီး စက်ချုပ်သင်။ အဲသည်အခါမှာ အဖေနဲ့ ညားတော့တာပဲ။ ဒါဟာ ကျနော့် အဖေနဲ့ အမေရဲ့ ဇာတ်လမ်းအကျဉ်း။ အဖေက အသက် (၂၀) ၊ အမေက အသက် (၁၆) နှစ်။ အဖေနဲ့ အမေ လေးနှစ် ကွာတယ်။

⦿ အကြွေး

အဲသည်တော့ မြို့မှာ မလည်မဝယ်ဖြစ်စမှာပဲ အမေက အိမ်ထောင်ကျတော့ သူ့ဘဝရဲ့ဖြတ်သန်းမှုက များများ စားစား မရှိခဲ့ပါဘူး။ အတန်းကလည်း ရေးတတ်၊ ဖတ်တတ်… လေးတန်းလောက်ပဲ ရှိတော့ အမေ့ဈေးဆိုင်လေး က အကြွေးဒဏ်ကြောင့် ထပ်မလည်နိုင်ဖြစ်ရတယ်။ အဲသည့်တဲကုန်းရွာကို အစ်မတွေ၊ အစ်ကိုတွေက အကြွေး တောင်းသွားဖူးတယ်။ ဟိုလူတွေက နောက်တစ်ပတ်ပေးတယ်။ နောက်တစ်လ ပေးမယ်ဆိုပြီး အချိန်ဆွဲ လိုက်ကြတာ။ နောက်တော့ စိတ်မရှည်တော့တာနဲ့ အစ်မတွေကသွားပြီး တောင်းကြတော့။ ရန်တွေ့လွှတ်လိုက် တယ်လို့ ပြောတယ်။ ဒီလိုနဲ့ ကျနော်တို့ အိမ်ဆိုင်လေး ဖြုတ်လိုက်ရတယ်။

⦿ ဘဲသားဆန်ပြုတ်

ကျနော် မမွေးခင်က အိမ်မှာ ဘဲတွေ မွေးသေးတယ်။ အိမ်ရဲ့ အနောက်ဘက် အဖေက လယ်တော၊ ချောင်းစပ် တွေမှာ ဘဲကျောင်းတယ်။ ကျနော် မွေးလာတော့။ ဒီဇင်ဘာ။ ချမ်းချမ်းစီးစီး။ အခုလိုတော့ မဟုတ်တော့ဘူး။ အခု ဒီဇင်ဘာက မအေးတော့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်နီးပါးလောက်က ဒီဇင်ဘာက အတော်အေး တယ်။ ဘဲတွေလည်း အခိုးခံရဖူးတယ် ပြောတယ်။ အဖေ က ဘဲတွေကို လွှတ်ကျောင်းတော့၊ ဘဲခိုးသူတွေက ဘဲတွေ ခိုးထားတယ်။ ပြီးတော့ သတ်ပစ်လိုက်တယ်လို့ ပြောတယ်။ အဖေက မရမက လိုက်တော့ ဘဲသေ တချို့ပြန်ရတယ်။ အဲသည့် ဘဲသေတချို့နဲ့ ဘဲသားဆန်ပြုတ်လုပ်ပြီး နဘေးအိမ်တွေကို ဝေတယ်။ ကျနော် မွေးခြင်း အထိမ်းအမှတ်လို့ ပြောပြီး ဝေတယ်။

⦿ တိရိစ္ဆာန်ရုံ

အဲသည့်နောက်ပိုင်း၊ ကျနော် တစ်တန်း၊ နှစ်တန်း၊ သုံးတန်းလောက်မှာ အိမ်က တိရိစ္ဆာန်ရုံဖြစ်တော့တာပဲ။ တရိစ္ဆာန်ရုံဖြစ်တယ်ဆိုတာက အကြောင်းရှိတယ်။ ကျနော်တို့ အိမ်မှာ တိရိစ္ဆာန်အစုံမွေးရတယ်။ နွားမွေးတယ်။ ကြက်မွေးတယ်။ ဘဲမွေးတယ်။ မန်ဒါလီလည်းမွေးတယ်။ ဝက်လည်း မွေးတယ်။ အစုံအစုံပါပဲ။ အိမ်မှာ အဖေ စိန်ပန်းဘက်က သူ့အလုပ်ရုံကနေ ခေါ်လာတဲ့ ခွေးမကြီးတောင် ပါသေးတယ်။ အဲသည့်ခွေးမကြီး နာမည်ကို ဂျက်မ လို့ ပေးထားတယ်။ အဖေက အဲသည့်ခွေးမကြီးကို အတော်ချစ်တယ်။ ကျနော်တို့လည်း ချစ်ပါတယ်။ အလုပ်မှာ ခွေးမကြီးကို တခြားခွေးတွေက ကိုက်ပြီး ပိန်နေလို့ အဖေက သနားပြီးခေါ်လာတာ။

ဂျက်မကြီးကို ကျနော်တို့ချစ်တယ်။ လကုန်လို့ အဖေပြန်လာရင် ကြိုင်သင်းလက်ဖက်ရည်ဆိုင်ကနေ အမြဲတမ်း လိုလို ပဲလမုန့် ဝယ်လာတယ်။ ကျနော်တို့ တစ်ယောက် တစ်ခုစီ။ ဂျက်မ အတွက်လည်း တစ်ခု ။ ကျနော်တို့က နှမြောတာပေါ့။ ခွေးကို ကျွေးမယ့်အစား ကျနော်တို့ကို ကျွေးပေါ့။ ကျနော်တို့လည်းလည်း တစ်ခု၊ ခွေးကလည်း တစ်ခုဆိုတော့ သိပ်မတရားဘူးလေ။ ကျနော်တို့ အကြောင်းသိလို့ အဖေက ပဲလမုန့်ကို ကျနော်တို့ ရှေ့မှာပဲ ခွေးမကြီးကို သူကိုယ်တိုင် တစ်ခုကျွေးတယ်။ ကျနော်တို့က ကြည့်နေကြတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ပဲလမုန့်ကို တစ်ကြိမ်မှာ တစ်ခုထက် ပိုပြီး မစားဖူးဘူး။ နောက်ပြီး ထမင်းတစ်နပ်မှာ ကြက်ဥ၊ ဘဲဥ ချက်ရင် တစ်စိတ်ထက် ပိုပြီး မစားရဘူး။ တစ်ယောက်ကို တစ်စိတ်စီ။ တစ်စိတ်ဆိုတာက ကြက်ဥတစ်လုံးကို လေးခြမ်း ခြမ်းလိုက်ရင် လေးပုံပုံတစ်ပုံ။ ကြက်ဥတစ်လုံးကို မောင်နှမ (၄) ယောက် စားရတယ်။ ကျနော်ငယ်ငယ်တုန်းက စပြီး မှတ်မိတဲ့ ကြက်ဥဈေးက တစ်လုံးကို ၇ ကျပ်၊ ၈ ကျပ်။

⦿ နွားတွေ ဝက်တွေ

အိမ်မှာ မွေးတဲ့ နွားက မေထုန်နွားမဟုတ်ဘူး။ ဗမာနွား။ ပထမဆုံး စ မွေးတဲ့ နွားမကြီးကို အခုအချိန်ထိ မျက်စိ ထဲမှာ ပြန်မြင်လို့ ရနေသေးတယ်။ ပထမဆုံး မွေးတဲ့ ဝက်မကြီးလည်း ရှိတယ်။ သူ့နာမည်ကို မိတိုးလို့မှည့် ထားတယ်။ ကျနော့်နာမည်နဲ့ ခပ်ဆင်ဆင်။ ဝက်မကြီးက အမှီးတိုနေတယ်။ သူ့ကို အသားတိုးအောင်၊ မွေးဖွား နှုန်းတိုးအောင်ဆိုပြီး ပညတ်သွားရာဓာတ်သက်ပါအောင် မိတိုးလို့ မှည့်ပေးပုံရတယ်။

မိတိုးကြီးကလည်း ဝက်လေးတွေ မွေးလိုက်တာ။ မွေးနှုန်းလည်း အတော်ကောင်းတယ်။ တစ်ခါတစ်ခါမွေးရင် ၁၀ ကောင်အောက် မလျော့ဘူး။ ၁၂ ကောင်၊ ၁၃ ကောင်… စသဖြင့်။ နွားမကြီးက ပေါက်လာတဲ့ နွားလေး တွေကို မရောင်းဘူး။ မွေးထားတယ်။ အထီးလေးဆိုရင်တော့အရွယ်ရောက်ရင် ရောင်းတယ်။ အစ်မလေး ပါလာ ရင် မရောင်းတော့ဘူး။ ဆက်မွေးထားတယ်။ ဒီတော့ နွားမက တစ်ကောင်ကနေ နှစ်ကောင်။ နှစ်ကောင်ကနေ သုံးကောင်ဖြစ်လာတယ်။ ဝက်ကိုတော့ အဲသည်လို မဟုတ်ဘူး။ မိတိုးကြီးကို အဓိက ထားကျွေးပြီး မွေးတယ်။ ဝက်ကလေးတွေမွေးလို့ ၄၅ ရက်သားကျော်ရင် ရောင်းတယ်။ တစ်ကောင်ကို လေးငါးခြောက်ထောင်လောက် ရတယ်။ အဲသည်လတွေက ကျနော်တို့ အိမ် အူစိုတဲ့ လပေါ့။

⦿ ဘဲတွေ

အိမ်မှာ ဘဲတွေ၊ ကြက်တွေ၊ ဝက်တွေ၊ နွားတွေ မွေးတော့ သူတို့ကို နေ့စဉ် ကျွေးမွေးတာ လုပ်ရတယ်။ ဘဲတွေကို မနက်ခင်းဆို လွှတ်ပေးလိုက်။ အိမ်နဲ့ ခပ်ဝေးဝေး မသွားအောင် ခပ်လှမ်းလှမ်းကနေ သတိထားပြီး ကြည့်နေ။ ဘဲတွေကလည်း လိမ္မာတယ်။ ညနေဆိုရင် အိမ်ကို ပြန်ပြန်လာတယ်။ ဘဲခြံလေးကို အိမ်ထောင့်မှာ လုပ်ထားတယ်။ သူတို့က ခြံထဲကို တန်းဝင်တယ်။ တချို့လည်း ခြံရှေ့မှာ ဝဲလည်ဝဲလည်လုပ်နေတယ်။ ညနေ နေဝင်ရင် ဒီကောင်တွေကို မောင်းသွင်းလိုက်ရုံနဲ့ ဘဲကိစ္စက ပြီးတယ်။ ဘဲတွေကို ချောင်းတွေထဲက ခရုပ်တွေ လိုက်ရှာပြီး ခရုတွေကို ထုပြီး ကျွေးဖူးသေးတယ်။ အဲသည်လို ကျွေးရင် ဥနှုန်းကောင်းတယ်။ ဒါပေမယ့် နောက်တော့ ငရဲကြီးလို့ ခရုတွေကို ထုမကျွေးတော့ဘူး။ သူတို့ကို စပါးဝယ်ပြီး ကျွေးတယ်။ ဆန်ကွဲဝယ်ပြီး ကျွေးတယ်။ ဘဲတွေက မနက်တိုင်း ဥရှာပါတယ်။ ကျနော်တို့ အိမ်စားလို့ ပိုရင် ဈေးဆိုင်မှာ တင်ရောင်းတယ်။ ဈေးဆိုင်ပြုတ်တော့ သူများ ဆိုင်ကို သွားရောင်းတယ်။

⦿ ကြက်တွေ

ကြက်ကတော့ ဘဲလောက် ဂရုစိုက်မနေရဘူး။ မွေးမယ့် ကြက်ကို ဝယ်လာ။ အိမ်မှာ ထန်းခေါက်တောင်းထဲ (၃) (၄) ရက်လောက် အုပ်ထား။ အစာလေး ရေလေး ထည့်ကျွေးထား။ နောက်နေ ထန်းခေါက်တောင်းကို ဖယ်ပြီး ကြက်ကို လွှတ်ပေးလိုက်။ ကြက်က ဘယ်မှ မသွားတော့ဘူး။ ကိုယ့်အိမ်ဝိုင်းထဲမှာပဲ နေတော့တယ်။ ပြီးတော့ ဆန်ကွဲလေး ဘာလေး ချကျွေး။ သူ အိပ်တန်းတက်ဖို့ နေရာလေး ဖန်တီးပေးထား။ အိမ်က နွားမွေးတော့ ကြက် နွားတဲကြီးရဲ့ ဘောင်တန်းပေါ်မှာ တက်အိပ်တယ်။ တခါတရံ အိမ်ရဲ့ တရုတ်မန်ကျည်းပင်တွေအပေါ်မှာ တက် အိပ်တယ်။ ကြက်က ဗမာကြက်တွေ။ အကြီးမလွယ်ဘူး။ ဥ မစားရဘူး။ များများစားစား မဥဘူး။ သားပေါက် ထားတယ်။ ကြက်နဲ့ ဘဲကိုတွဲထားတယ်။ ဘဲပေါက်တွေ လိုချင်ရင်၊ ကြက်မဝပ်တဲ့ ဝပ်ကျင်းထဲကို ကြက်ဥတွေ ဖယ်ထားပြီး ဘဲဥတွေ အစားထည့်ထားလိုက်။ ကြက်မက သူ့ဥတွေထင်ပြီး တစ်လလောက် ဝပ်နေတယ်။ နောက်တော့ ဘဲတွေ ပေါက်လာတယ်။ ကြက်က သူ့သားသမီးတွေ ထင်ပြီး ရှာကျွေး၊ လျက်ကျွေးတယ်။ ဟိုကောင်တွေက မစားဘူး။ ဘယ်စားမလဲ။ ဟိုကောင်တွေက ဘဲတွေကိုး။ သူတို့က အိမ်ရှေ့ချောင်းစပ်ကို ရောက်ရင် အူမြူးပြီး ရေထဲ ဆင်းကူး။ ကြက်မကြီးက ကုန်းပေါ်ကနေ ကတော်ကတော်နဲ့အော်။ သူ့သားတွေ ရေနစ်နေပါပြီလို့ ထင်။ ဟိုကောင်တွေက ပျော်လို့။

ဒီနည်းနဲ့ ဘဲသားပေါက်တွေကို ကျနော်တို့ ဖောက်တယ်။ ဘဲအိုတွေကိုရောင်း။ ကြက်တွေဝယ်သူရှိရင်ရောင်း။ ဒီလိုနဲ့ အိမ်က အဖေပေးတဲ့ ငွေနဲ့ ဖြည့်သုံးရတယ်။ ဒီလို ဆိုတော့လည်း ချောင်ချောင်လည်လည် ဖြစ်ပြန်တယ်။

တခါတုန်းက ကြက်တွေကို ခြံနဲ့ လုပ်ပြီး မွေးမြူရေးကြက်တွေ မွေးခဲ့ဖူးသေးတယ်။ မှတ်မိသေးတယ်။ အစ်မက ဂျပ်ထူပုံးလေးနဲ့ ကြက်ပေါက်လေးတွေ ဝယ်လာတယ်။ အဲသည့်တုန်းက ကြက်ကို အကြီးအကျယ် မွေးမလို့ဆို ပြီး ကြက်ရေသောက်တဲ့ ခွက်တွေကို အပီအပြင် ဝယ်လာပြီး လုပ်ကြတာ မှတ်မိသေးတယ်။ ကြက်ခြံသေးသေး လေး တောင် ဆောက်လိုက်သေး။ ကြက်ပေါက်ကလေးတွေကို ညမှာ မီးလုံးလေးပေးပြီး အပူပေးထားတာ ကိုတော့ မှတ်မိနေတယ်။ ကြက်စာခွက်တွေနဲ့ ကြက်တွေကို မွေးကြတာ။ ဒါပေမယ့် ဘာရောဂါဖြစ်လို့လည်း မသိဘူး။ ကြက်တွေ အရွယ်ရောက်တဲ့ အခါမှာ ရောင်းပစ်လိုက်ရတယ်။ အလုပ်မဖြစ်ခဲ့ဘူး။ နောက်တော့ မွေးမြူရေးကြက်တွေ မမွေးတော့ဘူး။ အကြမ်းခံတဲ့ ဗမာကြက်တွေပဲ မွေးလိုက်ကြတယ်။

ကြက်နဲ့ ဘဲကိစ္စပြီးပြီဆိုတော့ နွားနဲ့ ဝက်ကိစ္စလာမယ်။ 

ပုံစာ — ကျနော် မွေးတဲ့ အိမ်ဟောင်း၊ အောက်မှာ အိမ်ဆိုင်လေး ဖွင့်ထားတုန်းက ပုံ။ ကျနော်နဲ့ ကျနော့် အစ်မကြီး၊ ကျနော့် အနောက်က အမေ။ ဓာတ်ပုံကတော့ ရေခိုးရိုက်မိလို့ နံဘေးသားတွေ ပျက်နေပြီ။

______________________________

⦿ နွားကိစ္စ

နွားနဲ့ ဝက်ကတော့ အတော် ကရိကထ အများဆုံးပဲ။ ပင်လည်း အပင်ပန်းဆုံးပဲ။ သူတို့ကိစ္စတွေက အတော်များ မြှောင်တယ်။ နွားက ဗမာနွား။ အကြီးနှေးတယ်။ အစားချေးများတယ်။ အစားရွေးတယ်ပေါ့။ မြက်စားရင်တောင် အနံ့ခံ ရွေးစားတဲ့အမျိုး။ ဒါ့ကြောင့် ဗမာနွားတွေ မွေးရတာ ကရိကထများတယ်။ မြက်ဆိုရင်လည်း ရေစော်နံနေ ရင် သိပ်မစားဘူး။ ရေငန်သောက် မြက်ခြောက်စား…. ဆိုတဲ့ စကားကိုတောင် အမှတ်ရသေး။ အဲသည့် နွားတွေ က ကုန်းပေါ်က မြက်စိုစိုတော့ အတော်ကြိုက်ကြတယ်။ ဒါ့ကြောင့် သူတို့ကို နေ့စဉ် လှန်ကျောင်းဖို့ စဉ်းစားရတဲ့ နေရာက တစ်လုပ်။ ကျနော် သိတတ်စ အရွယ်က စပြီး၊ ကျနော် ဆယ်တန်းတက်တဲ့အချိန်ထိ အဲသည့်နွားတွေ ကို မွေးတယ်။ ဒါ့ကြောင့် ကျနော်က နွားကျောင်းသားဖြစ်ခဲ့ဖူးတယ်။ ကာလရှည်ရှည်ဖြစ်ခဲ့ဖူးတယ်လို့ ဆိုရမယ်။

နွားကျောင်းတာ နေ့စဉ်အလုပ်။ နွားစာရိတ်တာလည်း နေ့စဉ် အလုပ်။ နွားလှန်တာလည်း နေ့စဉ်အလုပ်။ နွား လှန်တယ်ဆိုတာ နွားကို မြက်ရှိတဲ့နေရာမှာ ငုတ်တိုင်ရိုက်ပြီး ကြိုးရှည်ရှည်နဲ့ လှန်ထားရတာ။ နွားလှန်တယ် ဆိုတာက နွားက စားလို့ကုန်လောက်တဲ့အချိန်မှာ၊ တခြားနေရာကို ပြောင်းပြီး ငုတ်ရိုက်ပြီး ထပ်လှန်ထားရတာ ကို ဆိုလိုတာ။ နွားတွေမွေးတဲ့အခါမှာ နွားခြံလိုထားရအောင် သိပ်အများကြီး မဟုတ်ဘူး။ အိမ်မှာ တစ်နိုင် တစ်ပိုင်ပဲ။ တစ်နိုင်တစ်ပိုင်တောင် အတော်ဂရုတစိုက်မွေးရတဲ့ အလုပ်။

⦿ နွားပေါ်လစီ

နွားမကြီးက နွားတစ်ကောင်ပြီး တစ်ကောင် ဆင့်ပြီး ပေါက်ပြီဆိုရင်၊ နွားပေါက်လေးတွေကို အရွယ်ရောက် အောင် မွေးနေရင်း တစ်နေ့တစ်ခြား နွားတွေကများများလာတယ်။ များတယ်ဆိုတာကလည်း သုံးလေးငါး ကောင်ပေါ့။ သုံးလေးငါးကောင်သာ ပြောတယ်။ သူတို့အတွက် နေ့စဉ် အားထုတ်ရတဲ့ အလုပ်က တစ်ယောက် တည်းနဲ့ မပြီးဘူး။ သူတို့ကို သေချာလွှတ်ကျောင်းရတယ်။ သူတို့နဲ့ သင့်တော်တဲ့နေရာမှာ လှန်ကျောင်းထားခဲ့ ရတယ်။ နေ့လည် ထမင်းစားကျောင်းဆင်းတဲ့အချိန်၊ ထမင်းကို အိမ်ပြန်စားတယ်။ စားပြီး နွားရှိတဲ့နေရာကို ကမန်းကတမ်း သွားပြီး နွားကို ပြောင်းလှန်ထားရတယ်။ ဒါမှ ညနေထပ်သွားရင် နွားက ဗိုက်ပြည့်နေမှာ။ နွေလို ရာသီမျိုးမှာဆိုရင် နွားကို ရေစပ်ရှိတဲ့နေရာ ခေါ်ပြီး ရေသွားတိုက်ရတယ်။ နွားကို နေ့လည် ရေသွားတိုက်ရတဲ့ အလုပ်က တစ်လုပ်။ ညနေ ကျောင်းပြန်ရင်လည်း နွားကို သွားသိမ်းရတယ်။ သွားသိမ်းလို့ နွားက ဗိုက်မဝသေး ဘူးထင်ရင် တစ်နာရီ၊ နာရီဝက်လောက် ကြိုးကိုင်ပြီး မြက်စိမ်းစိမ်းရှိတဲ့နေရာ ကိုင်ကျောင်းရပြန်တယ်။

တကယ်တော့ တစ်နာရီ၊ နာရီဝက်သာ ပြောတာပါ။ အမြဲတမ်းလိုလို နွားသိမ်းချိန်က နေဝင်ပြီဆိုမှ သိမ်းတယ်။ ဆောင်းဆို ညနေ ၅ နာရီလောက်သိမ်းတယ်။ နွေဆို ၆နာရီခွဲလောက်မှ သိမ်းတယ်။ တခါတရံလည်း ည ၇ နာရီလောက်အချိန်ထိရောက်တယ်။ မြက်ရှားရင် ရှားသလို၊ မြက်ပေါရင် ပေါသလို နွားရဲ့ ဗိုက်ကလေးပြည့် တင်းနေမှ အိမ်ပြန်တယ်။ နွားရဲ့ တင်ပဆုံရိုးလေးကို ကြည့်ပြီး နွား ဗိုက်ဝ/ မဝ ကြည့်တယ်။ တင်ပဆုံရိုးလေး ငေါ်ထွက်နေရင်၊ နွား ပိန်သေးတယ်။ တင်ပဆုံရိုးလေးက ဖုဖုလေးဖြစ်နေမှ နွားဗိုက်ပြည့်တယ်လို့ ယူဆတယ်။

⦿ ဝိုင်းလုပ်ဝိုင်းစား

ကျနော်က နွားနဲ့ ပတ်သက်တဲ့အလုပ်တွေ အကုန်လုပ်ရတယ်။ ကျနော် ခပ်ငယ်ငယ်က ကျနော့် အစ်ကိုတွေ၊ အစ်မတွေ လုပ်ရတယ်။ သူတို့က ဆယ်တန်းပြီး၊ တက္ကသိုလ်ရောက်၊ အဝေးသင်ရောက်တဲ့ အချိန်မှာ ကျနော်က သူတို့ အစားဝင်လုပ်ရတယ်။ အဲသည့်အချိန် ကျနော်က လူပျိုပေါက်အရွယ်။ သူတို့ကလည်း တက္ကသိုလ်ရောက် တယ်ဆိုပြီး ပေါ်ကျော့နေလို့ မရပါ။ တချို့က ကျောင်းတစ်ဖက်နဲ့ အပြင်အလုပ်လုပ်ပြီး မိသားစုစားအိုးကို ထောက်ရတယ်။ တက္ကသိုလ်တက်တဲ့သူဆိုရင်လည်း ကျောင်းကပြန်လာရင်၊ တတ်နိုင်သလောက် ဝင်ကူလုပ် ရတယ်။ ဒါဟာ ကျနော်တို့ အိမ်ရဲ့ ပေါ်လစီ။

ကျနော့် အစ်ကို၊ အစ်မတွေထဲမှာ အိမ်ရဲ့ နွားမွေးတဲ့ကိစ္စ၊ ဝက်မွေးတဲ့အလုပ်တွေမှာ ဝင်မလာဖူးတဲ့သူ မရှိပါဘူး။ အားလုံး ဝိုင်းလုပ်ကြရတယ်။ အမေကလည်း သေချာခိုင်းတယ်။ အဲသည်အလုပ်တွေကနေ ချမ်းသာလောက် အောင် ငွေမရခဲ့ပါဘူး။ ဒါပေမယ့် မိသားစုတစ်ခုလုံး ဝဝလင်လင်စားသောက်ရဖို့ အားဖြည့်ပေးတယ်။ ဒါပေမယ့် ပိုလျှံတယ်လို့လည်း မရှိပါ။ မိသားစု အရေအတွက်များတာလည်းပါပါလိမ့်မယ်။ အဖေပေးတဲ့ လစာကိုချည်း မမှီခိုနေဖို့လည်း လိုတယ် မဟုတ်လား။

⦿ မြက်ရိတ်

နွားအလုပ်တွေ မပြီးသေးဘူး။ လယ်တောထဲမှာ မြက်ပေါချိန်တွေဆို မြက်ရိတ်ရတယ်။ မနက်ခင်းရိတ်တယ်။ ညနေခင်းရိတ်တယ်။ ထန်းခေါက်တောင်းယူပြီး ရိတ်တယ်။ ဆာလာအိတ်ယူပြီး ရိတ်တယ်။ ထန်းခေါက်တောင်း က များများ မဆန့်ပါ။ ဆာလာအိတ်က များများဆန့်တယ်။ ဒါ့ကြောင့် ဆာလာအိတ်ကို ခေါက်ပြီး တံဇင်ခါးကြား ညှပ်ပြီး လယ်ကန်သင်းရိုးတွေမှာ မြက်ရှာရိတ်တယ်။ ရိတ်ရင်လည်း နွားကြိုက်တဲ့ မြက်မျိုးကို သေချာရွေးတယ်။

လယ်တောထဲကို မြက်သွားရိတ်ရတဲ့အလုပ်က ပန်းခင်းလမ်း မဟုတ်ပါ။ ဆူးခင်းလမ်းလို့လည်း မဆိုလိုပါ။ အမြဲတမ်း လိုလို မြက်က နီးနီးနားနားမှာ မရတတ်ဘူး။ မြက်ဆိုတာလည်း တစ်ခါရိတ်ပြီးရင် နောက်နေ့ တန်းပြီး ရှည်လာတာ မဟုတ်ဘူး။ အချိန်တစ်ခု စောင့်ရတယ်။ သုံးပတ်တန်သည် တစ်လ တန်သည်။ ဒါ့ကြောင့် ဒီနေ့ တစ်နေရာ ရိတ်တယ်ဆိုရင် နောက်နေ့ တစ်နေရာ ပြောင်းရိတ်ရတယ်။ နွားစာအတွက် မြက်ရိတ်တဲ့သူကလည်း ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ တခြားလယ်လုပ်တဲ့သူတွေက သူတို့ နွားတွေ ကျွေးဖို့ ရိတ်ကြတယ်။ ဒါ့ကြောင့် လယ်ကန်သင်းရိုးတွေမှာ နေ့စဉ်လိုလို မြက်ရိတ်တဲ့ ဈေးကွက်က အမြဲတမ်း အပြိုင်အဆိုင်။ ကိုယ်က မျက်စိလျင်လျင်ထားနိုင်မှ တော်ကာကျတယ်။ ပြီးတော့ သူများ သိပ်မသွားဖြစ်တဲ့ ခပ်လှမ်းလှမ်းနေရာမျိုးတွေ ကို သွားရတယ်။ ဒါမှ မြက်ပေါပေါရတယ်။ မြက်ပေါပေါရှိတဲ့နေရာကို ရရင်၊ ရိတ်ရတာ ခဏလေး။ ဆာလာအိတ် တစ်လုံး အပြည့်အသိပ်က နာရီဝက်၊ လေးဆယ့်ငါးမိနစ်အတွင်းရတယ်။ မြက်က တိုနှံ့နှံ့တွေဆိုရင်တော့ ရိတ်ပေအုံးတော့…. အကြာကြီး။ တစ်နေရာကနေ မလုံလောက်သေးလို့ နောက်အဝေးတစ်နေရာကို ပြောင်းပြီး ရှာရိတ်ရတဲ့အကြိမ်တွေက အခါခါ။

⦿ မြက်ဋီကာ

နောက်ရှိသေးတယ်။ မြက်ရိတ်တဲ့ ဋီကာကို ဖွဲ့ပြချင်သေးတယ်။ ကျနော်ငယ်ငယ်ကတော့ ကျနော်က အစ်ကို၊ အစ်မတွေ မြက်ရိတ်ရင် သူတို့နောက်က လိုက်ရတယ်။ သူတို့က ရိတ်ပြီးသား မြက်ကို ပုံထား။ ကျနော်က ဟိုတစ်စု ဒီတစ်စု ပုံထားတဲ့ မြက်ပုံတွေကို လိုက်ပြီးစု။ တစ်နေရာထဲမှာ အပုံကြီးကြီးပုံထား။ ဆာလာအိတ် တစ်အိတ်နီးပါး ရိတ်ပြီးပြီဆိုရင် ဆာလာအိတ်ထဲကို မြက်တွေကို ထိုးသိပ်ထည့်ရတယ်။ ကျနော်က ဆာလာ အိတ်ကို ကိုင်ပေးထား။ အစ်ကိုက မြက်တွေကို ထိုးသိပ်ထည့်။ ဟိုလှည့်ထည့်၊ ဒီလှည့်ထည့်… ထည့်။ ဒီလိုနဲ့ ဆာလာအိတ်ပြည့်တဲ့အခါမှာ မြက်ကိုပဲ ကြိုးလုပ်ပြီး ချည်။ ပြီးတော့ ခေါင်းပေါ်ကို ရွက်။

ကျနော့် အစ်ကို အစ်မတွေက ဒီလိုအလုပ်တွေကို ရှေ့သွားအနေနဲ့ လုပ်ရတယ်။ ကျနော် အရွယ်ရောက်လာတဲ့ အခါမှာ ဒီအလုပ်တွေကို ကျနော်ကိုယ်တိုင် လုပ်ရတယ်။ ကျနော်ငယ်ငယ်တုန်းက ကျနော့်အစ်ကို ဒါမှ မဟုတ် ကျနော့်အစ်မ မြက်ရိတ်သွားရင်၊ ကျနော်က နောက်က လိုက်ပြီးကူရတယ်။ အိမ်မှာ အငယ်ဆုံးဆိုတော့ ကျနော် ၆ တန်း၊ ၇ တန်း၊ ၈ တန်း ရောက်တဲ့ အချိန်မှာ တစ်ယောက်တည်း သွားရတော့တယ်။ မှတ်မှတ်ရရ … ဒီလို အလုပ်တွေကို ကျနော် ၇ တန်း၊ ၈ တန်း ၊ ၉ တန်းလောက်မှာ အပိုင်စားရသွားတယ်။ အိမ်က နွားနဲ့ သက်ဆိုင် တဲ့အလုပ်အားလုံးကို ကျနော့်ကို အပိုင်စားပေးလိုက်တယ်။

⦿ နွားချေးပုံ

နေ့စဉ်လိုလို နွားကျောင်း၊ နွားလှန်၊ မြက်ရိတ်၊ နွားစာစဉ်း၊ နွားချေးကြုံးတဲ့အလုပ်တွေက ကျနော့်အဖို့ နေ့စဉ် အလုပ်တွေဖြစ်ခဲ့တယ်။ ကျနော်ကလည်း မြက်ရိတ်တာ အရမ်း ထူးချွန်သွားခဲ့တယ်။

နွားချေးကြုံးတာလည်း အလုပ်တစ်လုပ်။ နွားချေးကို နေ့စဉ် မနက်တိုင်း ကြုံးရတယ်။ ဂေါ်နဲ့ ကြုံးတယ်။ သစ်သားပြား ခပ်ကြီးကြီး နှစ်ခုကို လက်ကနေကိုင်ပြီး နွားချေးတောင်းထဲ ထည့်ရတယ်။ နွားချေးပုံလုပ်ထားတဲ့ နေရာကို သွားပုံရတယ်။ နွားချေးပုံက အိမ်ရဲ့ ထောင့်မှာ။ နွားချေးကို ချေးဆိုပြီး လက်ပေါ်သရေ မလုပ်ရဘူး။ သေချာ ဂရုစိုက်ရတယ်။ နွားချေးကလည်း တန်ဖိုးရှိတယ်။ နွားချေးကို လှည်းတစ်စီးတိုက်၊ နှစ်စီးတိုက်လောက် ရပြီဆိုရင် ရောင်းလို့ ရတယ်။ လှည်းတစ်စီးတိုက်ကို ငွေ သုံးထောင်၊ လေးထောင်လောက်ရတယ်။ ဒီတော့ ၃ လတစ်ခါ၊ ၄ လ တစ်ခါလောက်က ငွေပေါ်တယ်။ ဒါ့ကြောင့် နွားချေးသန့်သန့်ထွက်အောင် ကြုံးရတယ်။

နွားချေးဟာ ကောက်ရိုးမျှင်တွေ၊ အမှိုက်တွေ မပါအောင် လုပ်ရတယ်။ ပြီးတော့ ဆွေးအောင်ထား။ နွားချေး ဆွေးရင် ဝယ်သူက သိပ်ကြိုက်တယ်။ သူ့လယ်ထဲမှာ ချက်ခြင်း မြေဩဇာဖြစ်တာကိုး။ ဒါ့ကြောင့် လယ်စိုက်သူ လယ်သမားက နွားချေးဆွေးပြီးသားကို ရွေးပြီး ဝယ်လေ့ရှိတယ်။

နွားချေးဟာ သစ်ပင်တွေအတွက်ကောင်းတယ်။ ကျနော်တို့ အိမ်က နွားချေးကို ဘယ်လောက်တောင် တန်ဖိုး ထားသလဲ ဆိုရင် အိမ်ရှေ့မှာ နွားလှည်းတွေ၊ ကျွဲတွေ ဖြတ်သွားလို့ ပါခဲ့တဲ့ ချေးတွေ့ရင်တောင် ကိုယ့်အိမ်ရှေ့ လမ်းပေါ်ထွက်ပြီး နွားချေး၊ ကျွဲချေးကို ကြုံးတယ်။ ကြုံးပြီး အိမ်ထဲကို ထည့်ပြီး နွားချေးပုံမှာ ပုံထားလိုက်တယ်။ အိမ်ရှေ့လည်း သန့်ရှင်းသွား။ ကိုယ်တွေလည်း နွားချေးပုံပြည့်သွား ဆိုတဲ့သဘော။

ပြီးတော့ နွားတွေလည်း ညဆိုရင် သန့်သန့်ရှင်းရှင်း အိပ်ရတယ်။ နွားတွေ အိပ်တဲ့နေရာမှာ နွားချေးတွေ များနေ တယ်။ သေးတွေလည်း အိုင်နေတယ်ဆိုရင် နွားက မကျန်းမာဘူး။ နွားရဲ့ ခွာတွေမှာ ဗွက်တွေ၊ ချေးတွေ ရှိနေရင် ကြာလာတော့ ခွာနာလျှာနာဖြစ်တတ်တယ်။ ဒါဆိုရင် နွားတွေ သေတယ်။ ဒါ့ကြောင့် နွားတွေထားတဲ့ နေရာကို အမြဲတမ်းသန့်ရှင်းအောင် လုပ်ပေးနေရတယ်။

⦿ မြက်ရိတ်ခြင်းနေ့စွဲများ

မြက်ရိတ် နေ့စွဲတွေကို မှတ်မိပါသေးတယ်။ တခါတရံ ကျနော် ခပ်ဝေးဝေးကို မြက်ရိတ်သွားတယ်။ လယ်ကန်သင်းရိုးတွေပေါ်မှာ မြက်ရှာတယ်။ ရိတ်တယ်။ ယူလာတယ်။ မြက်ရိတ်ပြီး အိမ်ကို သယ်လာတဲ့လမ်းက မချောမွေ့ပါ။

လက်တံချောင်းလေးတွေကို ဖြတ်ရတယ်။ ရေသွယ်မြောင်းလေးတွေကိုဖြတ်ရတယ်။ တချို့ချောင်းလေးတွေက ခပ်ကျယ်ကျယ်။ တချို့ချောင်းလေးတွေက ခပ်နက်နက်။ မြောင်းခပ်ကြီးကြီးကိုလည်း ဖြတ်ပြီး ရိတ်ခဲ့ရဖူးတယ်။ လယ်တစ်ခုနဲ့တစ်ခု ရေသွယ်မြောင်းလေးတွေကို ဖြတ်ရရင်၊ လေးငါးခြောက်ပေလောက်ရှိတဲ့ ဗိုက်အပြည့်နဲ့ ချောင်းကလေး။ အဲသည့်ကြားမှာ ရေကြည်ကြည်လေးတွေ ကူးလူးနေတယ်။ ခေါင်းပေါ်က မနိုင့်တစ်နိုင် မြက်ထုံးကြီးကို ရွက်။ ပုဆိုးကို ဒူးခေါင်းအထက် ခပ်တိုတိုဝတ်ထား။ လက်နှစ်ဖက်က ခေါင်းပေါ်က မြက်ထုံးကို တင်းတင်းကိုင်။ ဗွက်နွံတွေရှိတဲ့ ချောင်းထဲဆင်း။

များသောအားဖြင့် ဗွက်အနစ်က ခြေသလုံးလောက်။ တခါတရံ ဒူးလောက်ရှိတဲ့အထိ နစ်တယ်။ ဗွက်ချောင်းလေးကိုဖြတ်ရင်း ခေါင်းပေါ်က မြက်ထုံးကို အောက်မကျအောင် ထိန်းပြီး ဖြတ်။

ဒီလို လယ်ကန်သင်းအကြား ရေပေးတဲ့ ဗွက်ချောင်းလေးတွေက တစ်ခုတည်း မဟုတ်။ လေးငါးခြောက်ခု အမြဲတမ်းလိုလို ဖြတ်ရတယ်။ တစ်ခါကဆို အဲသည်လို မြက်ထုံးခေါင်းပေါ်ရွက်ပြီး ချောင်းကို အဖြတ်၊ ဟန်ချက် ပျက်ပြီး ဗွက်အိုင်ထဲမှာ မြက်ထုံးကြီးနဲ့ ကိုယ်နဲ့ အတူလဲ။ အဲသည်လိုတောင် ကြုံဖူးသေးတယ်။ တခါတခါဆို ချောင်းအစပ်မှာ ရေမြွေက ငါးအကူးကို စောင့်ဖမ်းတာနဲ့ ကြုံသေး။ ကိုယ်ကလည်း မြွေကြောက်တတ်တာနဲ့ အတော်ကို ဟန်တဲ့အလုပ်ဖြစ်ခဲ့တယ်။

⦿ မျော့တွေ မျော့တွေ

အဆိုးဆုံးကတော့ မျော့ပေါတဲ့ ချောင်းတွေပါပဲ။ ဗွက်ချောင်းလေးတွေ ဘယ်လောက်များများ ဖြတ်နိုင်တယ်။ အရမ်းမနက်ရင် ပြီးရော။ ဘယ်လို နင်းသွားရမလဲ ဆိုတာ နားလည်နေတယ်။ အဲသည်ချောင်းထဲမှာ မျော့များ များရှိအချိန်မှာဆိုရင်တော့ ဘာပြောကောင်းမလဲ၊ စိမ်ပြေနပြေ ဖြတ်ကူးဖို့ စိတ်မကူးနဲ့။ ခပ်သုတ်သုတ်သွာ လျှောက်။ ဗြောင်းဗြောင်းဗြောင်းဗြောင်းနဲ့ နင်းထည့်ပြီး ခပ်ကြမ်းကြမ်း ပြေးလျှောက်မှ တော်ကာကျတာ။

မျော့ဆိုရင် ကြီးကြီးတွေလည်း ရှိတယ်။ သေးသေးလေးတွေလည်း ရှိတယ်။ မျော့ကတော့ ရေထဲဆင်းမှ တွယ် တတ်တာ မဟုတ်ဘူး။ ကုန်းပေါ်မှာလည်း တွယ်တယ်။ တခါတရံ မျော့တွယ်နေတာ ကိုယ်က မသိဘူး။ မြက်ကို ရိတ်ကောင်းကောင်းနဲ့ အာရုံစိုက်ပြီး မဲရိတ်နေတယ်။ ခြေသလုံးတို့၊ ခြေမကြားတို့က ယားကျိကျိဖြစ်တာနဲ့ လက်က လှမ်းကုတ်လိုက်လို့ ပျော့စိစိကို ကိုင်မိပြီဆိုရင် သေမတတ် ထခုန်ရတယ်။ ပြီးတော့ ကြောက်ကြောက် နဲ့ လက်နဲ့ကိုင်ပြီး မျော့ကို အတင်းစွတ်ခွာပစ်လိုက်ရတယ်။ မျော့က သွေးတွေဖြင့် ဝလို့။ ကြောက်လိုက်တာ။ မျော့က ပျော့စိစိ၊ အရောင်က စိမ်းပြီး ဖန့်နေတယ်။ သွေးဝရင် ဒီကောင်က လုံးကစ်နေတယ်။ ပြီးတော့ စုပ်အား လည်း အတော်ကောင်းတဲ့ကောင်း။ တစ်ခါတည်း ခွာတာနဲ့ မရဘူး။

မျော့ဆိုတာကတော့ ကျနော် အကြောက်ဆုံး၊ အရွံ့ဆုံးသတ္တဝါထဲမှာပါတယ်။ မြက်ရိတ်တဲ့အကြောင်းပြောရင် မျော့အကြောင်းက မပါလို့ မပြီးဘူး။ နောက်ရှိသေးတယ်။ မျော့အကြောင်း။

မျော့ဆိုတဲ့အကောင်က ရေထဲမှာ လည်း ရှိတယ်။ ကုန်းပေါ်မှာလည်း ရှိတယ်။ ကုန်းပေါ်မှာ မြက်တွေပေါက်ပြီး ပျော့ပျော့စိုစိုဖြစ်နေတဲ့ မြေကြီးထဲမှာ ရှိနေတတ်တယ်။ ဒီလိုအကောင်က မြေကြီးထဲကနေ ထွက်ပြီး တွယ်တတ် သေးတယ်။ အများစုကတော့ ရေထဲမှာ ရှိတာပါ။

⦿ လက်သည်းဇောင်း

အခုထိ မမေ့သေးတဲ့ မျော့တွေပေါတဲ့နေရာ မှတ်မိသေးတယ်။ လယ်ကွင်းတွေရဲ့ အစပ်။ လူမနေသေးဘဲ၊ ခြံခတ်ထားတဲ့ နေရာ။ ခြံစည်းရိုးက ဝါးထရံတွေနဲ့ ကာထားတယ်။ ကြာတော့ ထရံတွေက ယိုင်လို့ ဝင်းထရံတိုင် တွေပဲ ရှိတဲ့နေရာ။ အဲသည်ထဲမှာ ရေက ခြေသလုံးလောက်ရှိနေတယ်။ အဲသည့်ခြံထဲမှာ မြက်တွေ ပိန်းပိတ် အောင် ပေါက်နေတယ်။ မြက်ဆိုတာလည်း တခြား တွေ့နေကျပုံစံမျိုးထဲက နွားတွေအကြိုက်ဆုံးမြက်။ ကျနော်တို့ကတော့ လက်သည်းဇောင်းလို့ ခေါ်တယ်။ မြက်ကလေးတွေက တိုစိစိ။ အရွက်ဖားဖား။ မြက်မှာ အမွှေးလေးတွေ ရေးတေးတေးပါတယ်။ အရွက်ထွက်တာလည်း စိပ်တယ်။ ဒါ့ကြောင့် နွားတွေက ကြိုက်တယ်။

တစ်နေ့တော့ အဲသည့်ခြံထဲမှာ လက်သည်းဇောင်းမြက်တွေ ထူပိန်းပိန်းပေါက်နေတာတွေ့တာနဲ့ ခွင်ပဲကွာ ဆိုပြီး ဆင်းရိတ်တယ်။ ရေကလည်း ခြေသလုံးလောက်သာ ရှိတော့ ဘာမှမဖြစ်ဘူးဆိုပြီး ရိတ်တာပေါ့။ ဖြစ်ချင်တော့ တစ်မိနစ်မကြာဘူး။ မျော့သေးသေးလေးတွေ ခြေသလုံးကို တွယ်တက်လာလို့ ကုန်းပေါ် ပြေးတက်ရတယ်။

မြက်ရိတ်တဲ့သူတွေ ဖြတ်သွားဖြတ်လာရှိရဲ့သားနဲ့ မြက်က ဘယ်သူမှ မရိတ်ဘဲ ဒီလောက်ပေါနေတဲ့ အကြောင်း အရင်းကို အခုမှ ရှာတွေ့သွားတယ်။ မျော့တွေ အင်မတန်ပေါတဲ့ နေရာမို့ ဘယ်သူမှ မရိတ်ကြတာ။ ဒါပေမယ့် ကျနော်က ဇွဲမလျော့ဘူး။ နောက်တစ်နေ့ ထပ်လာတယ်။ ဒီအတိုင်းမလာဘူး။ အိမ်ကနေ လည်ရှည်ဖိနပ်ကြီး ယူလာတယ်။ လည်ရှည်ဖိနပ်ကြီးစီးပြီး ရိတ်တယ်။

မျော့ဆိုတဲ့အမျိုးက ဒီအတိုင်းနေတာ မဟုတ်ဘူး။ သူက အသံကြားရာကိုလာတယ်။ ရေထဲမှာ တစ်ခုခု အသံပေးလိုက်ရင် သူတို့ ရောက်ရောက်လာတယ်။ တစ်ပြုံတစ်ခေါင်းကြီးပဲ။ လည်ရှည်ဖိနပ်နဲ့ ဆင်းတော့လည်း လာတာပဲ။ လူက ဟိုရွေ့ရိတ် ၊ ဒီရွေ့ရိတ် လုပ်ရတော့ ရေထဲမှာ အသံထွက်တယ်။ ဒါ့ကြောင့် ငနဲသားလေးများ က မကြိုဆိုပဲ လာရှာတယ်။ လာရင်လည်း လည်ရှည်ဖိနပ်ကို တွယ်တယ်။ ပြီးတော့ သူတို့က တွယ်တက်လာတယ်။ ကျနော်ကလည်း မြက်ရိတ်ရင်းနဲ့ လက်က တံဇဉ်နဲ့ ဒီမျော့တွေကို သပ်သပ်ချတယ်။ သပ်ချလိုက် ရိတ်လိုက်လုပ်တယ်။ ဘယ်… ကိုယ်မသိတဲ့ အချိန် ဘယ်အကောင်က ဝင်နေလဲမသိဘူး။ ကိုယ်က လည်ရှည်ဖိနပ်အားကိုးနဲ့ မိုက်နေတာ။ ဖိနပ်ထဲကို ဝင်နေပြီးတော့ ခြေချောင်းကြားထဲ သွေးစုပ်နေတာဗျာ။ ငနဲသားက။ သွေးတွေဝမှ ကိုယ်ကသိတယ်။ ခြေထောက်က ယားကျိကျိနဲ့ ဖိနပ်ချွတ်လိုက်မှ၊ အမလေးး လေးး သွေးတွေဝနေတဲ့ မျော့ကိုတွေ့ရတယ်။ ကြောက်ကြောက်နဲ့ လက်နဲ့ကိုင်ပြီးအတင်းခွာပစ်ရတယ်။ ဒီကောင့်ကို အမြင်ကပ်တာနဲ့ မြေကြီးထဲကို တံဇဉ်နဲ့ ထိုးပြီးနှစ်သတ်ပစ်လိုက်တယ်။ ပြီးတော့ နှစ်ပိုင်းဖြတ်ပစ်လိုက်သေး တယ်။ ကျနော်က မျော့တွေဆိုရင် အဲသည်လောက်တောင် မုန်းတယ်။ တော်တော်လည်း ရွံ့တယ်။ တော်တော် လည်းကြောက်တယ်။ ဒါပေမယ့် ကျနော် ကြောက်ကြောက်နဲ့ လုပ်ခဲ့တယ်။ ကျနော့်မှာ ရွေးချယ်ခွင့်မရှိဘူး။ ကျနော် လုပ်ကို လုပ်ရမယ့်အရာအတွက် ကျနော် တွန့်ဆုတ်နေလို့ မရဘူး။

ပုံစာ — မောင်နှမ (၇) ယောက်ရှိတဲ့ အထဲက၊ အငယ်ဆုံး ကျနော်။ (ဘယ်)

⦿ သိမ်ငယ်စိတ်ရဲ့အစ

ကျနော့် ဘဝဟာ သိမ်ငယ်ခဲ့တယ်။ ကျနော့်ဘဝက စိုးရွံစရာတွေ များခဲ့တယ်။ အသက်ကြီးလာတော့ လူက လူရာမဝင်ဘူး။ လူတောမတိုးရဲဘူး။ ကျနော် ဆယ်ကျော်သက်အရွယ်၊ တက္ကသိုလ်ကျောင်းသားဘဝမှာ ဒီဒဏ်ကို အကြီးအကျယ်ခံရတယ်။ ကျနော့်ကိုယ် ကျနော် ဆန်းစစ်ကြည့်တယ်။ အတိတ်မှာ ဖြတ်သန်းခဲ့တဲ့ အရာတချို့ကို ဆန်းစစ်ကြည့်တယ်။ နောက်ထပ် အကြောင်းတရားတစ်ခု ပေါ်လာတယ်။ အဲဒါကတော့ သူများ နေတဲ့ အိမ်တွေမှာ မြက်သွားရိတ်တဲ့ အကြောင်း။

ကျနော့်တို့ နေတဲ့ ရပ်ကွက်ထဲက အိမ်တွေမှာ ကျနော် မြက်သွားရိတ်ဖူးတယ်။ ၁၀ အိမ်မှာ ၄ အိမ်လောက်က၊ အဲသည့်အိမ်တွေထဲမှာ “မြက်ရိတ်ပါရစေ” လို့ ခွင့်တောင်းပြီး မြက်ရိတ်ဖူးတယ်။ ရပ်ကွက်ထဲက ကျနော်နဲ့ ရွယ်တူတစ်ရပ်ကွက်သားတွေ၊ တချို့လည်း ကျနော်နဲ့ တစ်တန်းတည်း အတူတက်တဲ့သူတွေရဲ့ အိမ်တွေလည်း ပါတယ်။ ဒါပေမယ့် ဒီကောင်တွေက ငါ့အိမ်မှာ နွားမွေးတာ သိတာပဲကွာလို့ တွေးပြီး ရှက်ကြောကို ဖြတ်ထား လိုက်တယ်။ တခါတရံလည်း “အန်တီ… ကျနော် မြက်ကလေး ရိတ်ချင်လို့” လို့ ခွင့်တောင်းပြီး ရိတ်တယ်။ လူတွေကလည်း ခွင့်ပြုတာပေါ့။ ကိုယ့်အိမ်ထဲမှာ ပေါက်နေတဲ့ မြက်ရှည်ရှည်တွေ ရှင်းပေးဖော်တောင်ရသေး တယ်လို့ ထင်ကြတယ်။ ဒါ့ကြောင့် သူတို့က လိုလိုလားလား မြက်ရိတ်ဖို့ ခွင့်ပေးကြတယ်။ တခါတရံလည်း သူတို့အိမ်သာထားတဲ့နေရာမှာ မြက်တွေ ပေါက်နေတတ်တယ်။ အများကြီးပဲ။ အိမ်သာနားမှာဆိုတော့ အစိုဓာတ်ကလည်း အမြဲတမ်းရှိနေတော့၊ မြက်ကလည်း သန်တယ်။ ဒါ့ကြောင့် အဲသည့် အိမ်သာနားအထိ တိုးရိတ်တယ်။ ဘာပဲပြောပြော မြက်ပေါပေါရရင်၊ နွားကို ဝဝကျွေးလို့ ရတယ်။ နွားဝတာဟာ ကိုယ့်ဝမ်းဝတာနဲ့ တူတူပဲ။ နွားဟာ ကိုယ့်ကျေးဇူးရှင်။ ဒါ့ကြောင့်ကိုယ်ကလည်း သူတို့တွေ ဝဝလင်လင်စားသောက်ရအောင် လုပ်ရမယ်ဆိုတဲ့စိတ်ရှိတယ်။

⦿ ဖြူဖြူသွယ်သွယ်လေး

ဒါက ကိစ္စ မရှိသေးဘူး။ အဲသည်ထက် နည်းနည်းလေး ပိုလာတာ ရှိတယ်။ ဖြစ်ချင်တော့ ကျနော်တို့ အိမ်နောက် ဘက်မှာ အိမ်အသစ် တစ်အိမ်တိုးတယ်။ ရေလယ်ခေါင်မှာ မြေဖို့ပြီး၊ မြေစိုက်အိမ်၊ ဝါးထရံကာနဲ့ အိမ်ကလေး ဆောက်ပြီး လာနေတယ်။ နောက်တစ်နေ့ ကျောင်းသွားတယ်။ အတန်းထဲမှာ ကျောင်းသူ အသစ်တစ်ယောက် ရောက်နေတယ်။ တခြားကျောင်းက ပြောင်းလာတယ် ထင်တယ်လို့ မှတ်ထားလိုက်တယ်။ ဖြစ်ချင်တော့ အဲသည့်ကျောင်းသူအသစ်ကောင်မလေးက ဖြူဖြူ သွယ်သွယ်လေး။ ချစ်စရာလေးပေါ့ဗျာ။

ကျနော်ကလည်း ဘာသားနဲ့ ထုထားတာမို့လို့လဲ။ ကျနော်မျက်စိထဲမှာ အဲသည့်ကောင်မလေးပုံရိပ်တွေက ထဲထဲဝင်ဝင် စိုက်ဝင်နေတယ်။ နောက်တစ်နေ့။ နောက်တစ်နေ့။ ဒီလိုပဲ ဖြတ်သန်းပြီး လာလိုက်တာ၊ လယ်တွေ ရိတ်တဲ့ အချိန်ရောက်လာတယ်။ ဆည်ရေလည်း ပိတ်ပြီ။ ဒါ့ကြောင့် ရေသိပ်မရောက်တဲ့ နေရာတွေမှာ မြက်လည်း ရှားသွားပြီ။ မြက်ကို ရှာရိတ်တဲ့နေရာ ထပ်ရှာရပြန်ပြီ။

ကျနော့်မှာ နည်းရှိတယ်။ စပါးတွေ စိုက်တဲ့အချိန်မှာ လယ်ကန်သင်းတွေအကြား မြက်ရှာပြီး ရိတ်တယ်။ စပါးတွေ ရိတ်ပြီဆိုရင် မြက်မရှိတော့ဘူး။ အဲသည်အခါ ရပ်ကွက်ထဲက အိမ်တွေ၊ ရပ်ကွက်နားနီးချင်း အိမ်တွေ မှာ မြက်ရိတ်ဖို့ ရှာကြံရတယ်။ ရှာရတာလည်း သိပ်ခက်ခက်ခဲခဲ မဟုတ်ဘူး။ လမ်းပေါ်မှာ အဲသည့်အိမ်ရှေ့ကို ဖြတ်သွားရင်း အိမ်တွေထဲကို လှမ်းရှိုးလိုက်တယ်။ အိမ်က ခပ်ကျယ်ကျယ်။ မြေကြီးကလည်း ရေဓာတ်များများ စားစား။ မြေအလွတ်ရှိတဲ့မြေမှာ မြက်တွေ ထိုးထိုးထောင်ထောင်ဖြစ်နေရင် သေချာပြီ။ အိမ်ကို တစ်ချက် ရှိုး လိုက်တယ်။ ခွင့်တောင်းလို့ လွယ် / မလွယ်။ အိမ်မှာ အမြဲတမ်းနေတဲ့ သူရှိတယ်။ အိမ်မှာနေတဲ့သူတွေကလည်း ခွင့်တောင်းပြီး ဝင်လို့ အဆင်ပြေနိုင်မယ်လို့ ထင်ရင် ပြောကြည့်တာပဲ။

“အန်တီ…. မြက်ကလေး ဝင်ရိတ်ချင်လို့ ခင်ဗျ… အိမ်မှာ နွားစာကျွေးမလို့” တော်တော်များများက ခွင့်ပြုကြ တယ်။ အိမ်မှာနေတဲ့သူတွေကို လေ့လာရတာက အကြောင်းရှိတယ်။ တချို့ တိုက်နဲ့ တာနဲ့ နေတဲ့ အိမ်တွေကို တော့ သိပ်ခွင့်တောင်းပြီး ဝင်လေ့ မရှိဘူး။ သူတို့ခြံထဲမှာ မြက်တွေ ဘယ်လောက်ပေါပေါ ခွင့်တောင်းပြီး ဝင်ရိတ် လေ့မရှိဘူး။ အကြောင်းက သူတို့ မျက်လုံးတွေကြောင့်။

သူတို့ မျက်လုံးတွေက ထန်းခေါက်တောင်းကိုင်၊ တံဇဉ်လက်ကဆွဲပြီး မြက်ရိတ်ခွင့်တောင်းတဲ့သူကို အကြည့် တစ်မျိုးနဲ့ ကြည့်တတ်တယ်။ “ဒီကောင်… မြက်ရိတ်ဖို့ ခွင့်တောင်းပြီး အိမ်ထဲဝင်မယ်၊ အိမ်ထဲရောက်ရင် တစ်ခုခု ဝင်,မ သွားရင်….” ဆိုတဲ့ အတွေးရှိပုံရတယ်။ ကျနော်က ငယ်ငယ်။ ဒါပေမယ့် ကျနော် အဲသည့်မျက်လုံးတွေကို ကောင်းကောင်းဖတ်တတ်တယ်။

ဖြစ်ချင်တော့ ကိုယ့်အိမ်ရဲ့ ခပ်လှမ်းလှမ်း နေရာမှာ ရောက်လာတဲ့ မြက်ပေါပေါ အိမ်ဆိုတာ၊ အတန်းထဲက အသစ်ရောက်လာတဲ့ ဖြူဖြူသွယ်သွယ် ကောင်မလေးအိမ်ဖြစ်နေတယ်။ တခါတရံလည်း အမေနဲ့ မြက်ရိတ်သွား တယ်ပေါ့။ ကိုယ်က ရိတ်တယ်။ အမေက အဖော်လိုက်ပေးတယ်။ အမေက ပြောတယ်။ အဲသည့်အိမ်မှာ မြက်တွေ ရှိတယ်။ ခွင့်တောင်းပြီး ရိတ်ကြည့်ရအောင်ဆိုပြီး ပြောတယ်။ ကျနော်ကလည်း အစက မသိဘူး။ ဒါ့ကြောင့် ကောင်းတာပေါ့ဆိုပြီး သဘောတူလိုက်တယ်။ အဲသည့်အိမ်ကလည်း ကြည်ကြည်ဖြူဖြူပါပဲ။

ဖြစ်ချင်တော့ မြက်ရိတ်နေတုန်းမှာ အဲသည့် ဖြူဖြူသွယ်သွယ်ကောင်မလေး ထွက်လာတယ်။ ဒီကောင်မလေးကို မြင်ဖူးပါတယ်လို့ မြက်ရိတ်ရင်း ခပ်လှမ်းလှမ်းက အကဲခတ်ကြည့်တယ်။ သေပြီ… ငါ့အတန်းထဲက ကျောင်းသူ အသစ်ကလေးးး။ လက်ထဲမှာ မြက်တွေ ရိတ်နေရင်း ဒီနေရာမှာ ငါ သေသွားရင် သိပ်ကောင်းမှာပဲ ဆိုတဲ့အတွေးက ချက်ချင်း ခေါင်းထဲဝင်လာတယ်။

ကိုယ့်အိမ်အကြောင်းသိတဲ့ ရပ်ကွက်ထဲက သူငယ်ချင်းတွေ အိမ်မှာ မြက်ရိတ်တော့ အဲသည်လို မဖြစ်ဘူး။ အဲသည့်ကောင်မလေး အိမ်မှာ မြက်ရိတ်တော့ မျက်နှာက ရှိန်းလာ၊ ဖိန်းလာတယ်။ ငါက သူများ အိမ်မှာ မြက်ရိတ်တဲ့ကောင်။

ဒီလိုနဲ့ ကျနော့် သိမ်ငယ်စိတ်တွေ တဖြည်းဖြည်း ပိုပိုကြီးထွားလာတယ်။ လူငယ်ဘဝ၊ ဆယ်ကျော်သက် ဘဝမှာ လူကြောက်တဲ့စိတ်တွေ တိုးတိုးလာတယ်။ လူတောထဲ ဝင်တိုးရမှာ လန့်လာတဲ့ စိတ်တွေ ကိန်းအောင်းလာ တယ်။

⦿ ခမောက်ကို ခပ်ငိုက်ငိုက်

နောက်ရှိသေးတယ်။ ကျနော့် ကြီးတော်တို့ရှိတဲ့ဆီ။ ကြီးတော် ယောက်ျား၊ ဦးအောင်သိန်းက လယ်စိုက်ရှင်းရုံးထဲ မှာ ဂိုထောင်မှူး။ အဲဒီ့ဂိုထောင်ဝန်းထဲကို သွားပြီးတော့ နွားကျောင်းရသေးတယ်။ အဲဒီကို မနက်စောစောနွား သွားလှန်။ နေ့လည်နေ့ခင်းမှာ နွားကို နေရာထပ်ရွေ့။ ညနေကျတော့ နွားသွားသိမ်း။ နွားသိမ်းရင်းနဲ့ နွားက ဗိုက်မဝသေးဘူး ထင်ရင် နွားကို ကြိုးကိုင်ပြီး ထပ်ကြောင်းနေ။ လမ်းမှာလည်း မြက်စိမ်းစိမ်းရှိတဲ့နေရာတွေ့ရင် ထပ်ကျောင်း။ ဒီလိုနဲ့ အိမ်ကို ညနေ ၆ နာရီလောက်မှာ နွားသိမ်းပြီး ပြန်လာရတယ်။

အဲဒီကို ပြန်လာတဲ့လမ်းက ကျနော်တို့ လမ်းထိပ်ကို ဖြတ်ရတယ်။ လမ်းထိပ်မှာ ပုသိမ်ကြီးလမ်းမကြီးရှိတယ်။ အဲဒီလမ်းမကြီးကို ဖြတ်တဲ့နေရာက ကျနော့်အတွက် အတော်ခက်ခဲခဲ့တယ်။ ကျနော် ဂိုထောင်ဝန်းထဲမှာ လှန်ထားတဲ့ နွားကို သွားသိမ်းရင်၊ လက်က တူတစ်ချောင်းကို ကိုင်။ ခေါင်းပေါ်မှာ ခမောက်ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်း။ ပြီးတော့ နွားကို ကြိုးနဲ့ ဆွဲပြီးခေါ်လာတယ်။ ခမောက်ကို အမြဲတမ်းဆောင်းတယ်။ အကြောင်းက ညနေမှာ နေသိပ်ပူနေလို့ မဟုတ်ဘူး။ လမ်းထိပ် ကားလမ်းမပေါ်ကို ဖြတ်လာတဲ့အခါမှာ ကျနော့်အတန်းထဲက အတန်းဖော် သူငယ်ချင်းဖြစ်ဖြစ်၊ အတန်းထဲက အတန်းဖော်ကောင်မလေးတစ်ယောက်ယောက်ဖြစ်ဖြစ် ဖြတ်သွားဖြစ်လာသွားရင်း ကျနော့်ကို တွေ့သွားမှာ စိုးလို့။ ဒါ့ကြောင့် ခမောက်ကို ခပ်ငိုက်ငိုက်ဆောင်းတယ်။ နွားကို ကားလမ်းမက အမြန်ဖြတ်သွားအောင် ခပ်သုတ်သုတ်မောင်းတယ်။ ဒီလိုနဲ့ ကျနော် ကာလရှည်ကြာ နွားကျောင်းခဲ့တယ်။

⦿ ခွေးလိုက်ဆွဲ

အိမ်ကို မရောက်ခင် လမ်းသွယ်ကြားထဲမှာလည်း နွားက မြက်အတင်းစားချင်နေရင်၊ လမ်းမဘေးမှာ ကြိုးကိုင် ပြီး ကျောင်းနေတတ်တာပဲ။ တခါတရံ အိမ်တွေထဲက ခွေးက ထွက်ဟောင်တယ်။ နွားကျောင်းရင်း ခွေးလိုက် ဆွဲခံရတာလည်း အကြိမ်ကြိမ်။ တခါကဆို နွားသွားခေါ်ရင်း အသွားမှာ လမ်းထိပ်က ခွေးလိုက်ဆွဲတယ်။ အဲသည့် ခွေးက အတော်ဆိုးတာပဲ။ ပြေးလိုက်ရတာ လုံးလို့။ နောက်ဆုံး ကြံရာမရဖြစ်တာနဲ့ လမ်းဘေးက ချောင်းထဲ ခုန်ဆင်းတယ်။ ရွံ့တွေနဲ့ နစ်နေတယ်။ စီးလာတဲ့ ဖိနပ်ကလည်း ရွံ့ထဲမှာ နစ်လို့။ ဖိနပ်ကို ရွံ့ထဲမှာ ဟိုနှိုက်ဒီနှိုက်လုပ်ပြီး ရှာတာတယ်။ စီးလာတဲ့ ဖိနပ်က ကြက်ပေါင်ဖိနပ်။ ကျနော်ငယ်ငယ်တုန်းက အမြဲစီးတဲ့ ဖိနပ်က ဆင်ကြယ်… ဖိနပ်။ ကြက်ပေါင်ဖိနပ်။ ဒီဖိနပ်က ကျနော့်အတွက် လက်စွဲ။ ခိုင်တယ်။ အကြမ်းခံတယ်။ မပြတ်လွယ်ဘူး။ ရေစိုလည်းခံတယ်။ အပေါ်က ကြိုးပြတ်သွားရင်တောင် အောက်က ဖိနပ်ခုံကအကောင်းကြီး။ ဒါ့ကြောင့် ဖိနပ်သားရေကြိုးကို ဝယ်ပြီး ထပ်လဲစီးတယ်။ ဒီတော့ ဖိနပ်အသစ်ဝယ်ဖို့ ပိုက်ဆံမကုန်တော့ဘူး။ ဒီလိုနည်းနဲ့ ကျနော့် သိမ်ငယ်စိတ်တွေ ကြီးထွားလာတယ်။

ကျနော် ငယ်ငယ်က ကတ္တီပါဖိနပ်ဆိုတာ မစီးဖူးဘူး။ ကတ္တီပါဖိနပ်က ကျနော်နဲ့ မဆိုင်ဘူး။ ကျနော်နဲ့ မပတ်သက်ဘူး။ ကျနော့်အတွက် ကြက်ပေါင်ဖိနပ်သာ။ ကျနော်ကတော့ ကြက်ပေါင်ဖိနပ်မာမာတောင့်တောင့် ကို ကျေကျေနပ်နပ်ကြီးစီးဖူးတယ်။ ရပ်ကွက်ထဲမှာ နေ့လည်နေ့ခင်း ဖိနပ်ကြိုးကို ခေါက်လိပ်ပြီး ဒိုးပစ်လို့ ကောင်းတယ်လေ။ အဲသည်လို ဒိုးပစ်ဆော့ရင် စည်းဝိုင်းထဲက ပိုက်ဆံတို့၊ သရေကွင်းတို့က ရှောခနဲ့ ထွက်လာ တယ်။ တယ်လည်း အလုပ်ဖြစ်တယ်။

အမေကတော့ အမြဲပြောတယ်…။ “ဖိနပ်အမြဲ ပျောက်တဲ့ကောင်…” တဲ့။

ပုံစာ — ၈ တန်းကျောင်းသားဘဝ၊ နွေရာသီ ကျောင်းပိတ်ချိန်မှာ မန္တလေး ၃၅ လမ်း ရွှေတစ်ချောင်းမြောင်းနားလေးက Aircon Service ဆိုင်တစ်ဆိုင်မှာ အလုပ် လုပ်ခဲ့တယ်၊ ဆိုင်က ပြင်ဦးလွင်ကို အလည်လိုက်ပို့တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံ။

__________________________________

⦿ ဝက်ကိစ္စ

ဝက်တွေကိုလည်း ကာလအတော်ကြာ မွေးခဲ့ဖူးတယ်။ ဒီအကြောင်းတွေ ပြောရင်း ဒေးလ်ကာနက်ဂျီကို သတိရလိုက်တာ။ ဆယ်ကျော်သက်အရွယ်၊ တက္ကသိုလ်ရောက်စ အသက် (၁၆) နှစ်တုန်းက ဒေးလ်ကာနက်ဂျီ ရဲ့ စာအုပ်ကို ဦးနုက ဘာသာပြန်ထားတဲ့ စာအုပ် ဖတ်ဖြစ်တယ်။ ဦးနုက မိတ္တဗလဋီကာလို့ နာမည်ပေးထား တယ်။ အရင်ထုတ်ဝေခဲ့တုန်းက မိတ္တဗလဋီကာလို့ မပေးဘူး။ လူပေါ်လူဇော်လုပ်နည်းလို့ စာအုပ်နာမည်ကို ပေး ထားတယ်။ နောက်များမှ မိတ္တဗလဋီကာလို့ ပြောင်းလိုက်တာ။ အဲသည့်စာအုပ်ရဲ့ နိဒါန်းအစမှာ ဒေးလ်ကာနက်ဂျီရဲ့ ဘဝဇာတ်ကြောင်းအတိုကလေး ပါတယ်။ ဒေးလ်အကြောင်းကို ရေးထားတယ်။ ေဩာ်… ငါ့ဘဝက ဒေးလ်းကာနက်ဂျီရဲ့ ငယ်ငယ်ဘဝတုန်းကနဲ့ တူလိုက်တာလို့။

အခုလည်း နွားတွေအကြောင်းပြီးရင်၊ ဝက်တွေ အကြောင်းရေးရအုံးမယ်။ ရေးစရာတော့ တစ်ပုံကြီး။

⦿ မိတိုးကြီး

ငယ်ငယ်တုန်းက မှတ်မှတ်ရရပဲ။ ပထမဆုံး အိမ်မှာ မွေးတဲ့ ဝက်မကြီး နာမည်က မိတိုး။ မိတိုး၊ မိတိုးနဲ့ အဲသည့် ဝက်မကြီးကို ခေါ်ပြီး ဝက်စာကျွေးခဲ့ဖူးတဲ့ ကာလတွေကို အမှတ်ရတယ်။ မိတိုးဆိုတဲ့ နာမည်က ငါ့ နာမည်နဲ့ တူလိုက်တာ။ ငါကလည်း ကိုတိုး။ သူကလည်း မိတိုး။ ကောင်းတယ်ကွာ။

မိတိုးကြီးက ကျနော်တို့ မိသားစုကို အတော် အလုပ်အကျွေးပြုခဲ့တယ်။ သားပေါက်ကလည်း ကောင်းလိုက်တာ။ တစ်ခါမွေးရင် ၁၀ ကောင် အောက် မလျော့ဘူး။ မွေးလာတဲ့ ဝက်ကလေးတွေကလည်း သန်စွမ်းလိုက်တာ။ ကျန်းမာလိုက်တာ။ လူးလို့ ထွန့်လို့။ ဒီကောင်လေးတွေ ၄၅ ရက်သား ရောက်ရင် အထီးလေးတွေကို ဝှေးစေ့ ဖောက်။ အမလေးတွေကို ဒီအတိုင်းထား။ ကြီးအောင် မွေး။ ၃ လသား၊ ၄ လ သားလောက်ရောက်ရင် ပြန်ရောင်း။ ဒီလိုနဲ့ အိမ်စရိတ်ကို အများကြီး ဖာထေးနိုင်ခဲ့တယ်။ မိတိုးကြီးမှာ က အမြှီးတိုနဲ့။ အမြှီးက အကုန် မပါဘူး။ လက် သုံးလေးသစ်လောက်ပဲ ရှိတယ်။ အမြှီးလေး တိုစိတိုနန့်နဲ့။

မိတိုးကြီးက လေးငါး ခြောက်သား မက ပေါက်တယ်။ အဲသည့်တုန်းက အမှတ်ရနေသေးတယ်။ မိတိုးကြီးကို ရောင်းလိုက်ရတဲ့ မြင်ကွင်း။ ဘဝမှာ မမေ့နိုင်သေးဘူး။ သနားလိုက်တာ လွန်ရော။ အိမ်ရဲ့ အခြေအနေ အရ ရောင်းလိုက်ရပေမယ့် မိတိုးကြီးကို လာခေါ်သွားတဲ့ ဝက်ဝယ်သမားတွေ။ မိတိုးကြီးကို တင်သွားတဲ့ ထော်လာဂျီ။ ထော်လာဂျီပေါ် မတက်ချင်လို့ ငြင်းဆန်နေတဲ့ မိတိုး။ ပါးစပ်ကလည်း တကျော်ကျော် အော်နေတဲ့ မိတိုး။ ဝက်ဝယ်သမားတစ်ယောက်က မိတိုးကြီးရဲ့ အမြှီးတိုနန့်နန့်ကို လက်နဲ့ ကိုင်ပြီး ထော်လာဂျီပေါ် အနောက် တွန်းတင်။ အရှေ့လူက မိတိုးလည်ပင်းမှာ ချီထားတဲ့ ကြိုးနဲ့ ဆွဲ။ ဒီမြင်ကွင်းကို မြင်ရပြီး စိတ်ထဲမှာ အောင့်ခနဲ ဖြစ်သွားတယ်။ နောက်များဆိုရင် ဒီလို ဝက်မမွေးပါရစေနဲ့တော့လို့ စိတ်ထဲမှာ ကျိတ်ပြီး ဆုတောင်းမိတယ်။ ဒီမြင်ကွင်းထက် ဆိုးတဲ့ အရာ ရှိသေးတယ်။ အဲဒါကတော့ မိတိုးကြီးကို ဘယ်ခေါ်သွားမလဲဆိုတာကို သိနေတဲ့ စိတ်။

မိတိုးက အိုပြီ။ သားပေါက်နှုန်းလည်း ကျပြီ။ သူ့ကို ဝယ်တဲ့လူတွေက ပြန်မွေးမယ့်လူတွေ မဟုတ်ဘူးလေ။ ပြန်မွေးမယ့်လူတွေ မဟုတ်ဘူးဆိုရင် ဘယ်လို လူတွေလဲ။ မိတိုးရဲ့ ဘဝနိဂုံးဟာ ဆိုးလိုက်တာ။ အိမ်က ကျနော်တင် မဟုတ်ဘူး။ မိတိုးကြီးကို ရောင်းလိုက်ရတဲ့ ညနေက အားလုံး မျက်နှာတွေ ညှိုးနေကြတယ်။ အမေ အပါအဝင်။ အစ်မတွေရော။ အားလုံး။ ညပိုင်းရောက်တော့ အစ်မတွေက အိမ်အပေါ်ထပ်မှာ နေရင်း ညနေက မိတိုးကို ရောင်းလိုက်ရတဲ့ မြင်ကွင်းကို ပြန်ပြောကြတယ်။ အားလုံးက အချင်းချင်း ပြန်ပြောကြပြီး၊ စိတ်မကောင်း မှုတွေက မျက်နှာမှာ အထင်းသား။ ေဩာ်….. ချို့တဲ့တဲ့ မိသားစု ဘဝမှာ မလွှဲသာလို့ လုပ်လိုက်ရတဲ့ ဖြစ်စဉ်တွေ က မြောက်မြားစွာ ရှိနေပါ့လား။ ကျနော် ကိုယ်တိုင် ချို့တဲ့ခြင်းရဲ့ ဒဏ်ကို ကောင်းကောင်းကြီး နားလည်လိုက် ရတယ်။

⦿ ဝက်စာကောက်

နွားတွေ မွေးတုန်းက၊ နွားစာရိတ်ရသလို။ ဝက်တွေ မွေးတော့လည်း ဝက်စာ ကောက်ရပြန်တယ်။ ရပ်ကွက်ထဲ မှာ အိမ်တကာလှည့်ပြီး ဝက်စာကောက်ရတယ်။ ဝက်စာကောက်တယ်ဆိုတာ ရပ်ကွက်ထဲက အိမ်တွေက မီးဖို ချောင်မှာ ပိုတဲ့ ထမင်းကျန်၊ ဟင်းကြွင်းတွေကို လိုက်စုရတာ။ ကိုယ့်အိမ်မှာ ရေအိုးသုံးပြီးသား အဟောင်းရှိရင်၊ ရပ်ကွက်ထဲက အိမ်တစ်အိမ်ကို အရင် ကနဦး မိတ်ဆက်ရတယ်။ “အန်တီ ခင်ဗျ… အန်တီ၊ ဝက်စာအိုးလေး ထားချင်လို့ ခင်ဗျာ။ ထမင်းဟင်း အကျန်ဖြစ်ဖြစ် ထမင်းရည်ဖြစ်ဖြစ် ဒီအထဲထည့်ပေးပါ၊ ကျနော်တို့ နှစ်ရက် တစ်ခါလောက် လာကောက်ချင်လို့… ”စသည်ဖြင့် ပြောရတယ်။ ရပ်ကွက်ထဲက အိမ်တွေကတော့ လက်ခံကြပါ တယ်။ မငြင်းကြဘူး။ ဦးဝမ်းမောင်၊ ဒေါ်ကျင်သန်းတို့ အိမ်က ဆိုတာ ရပ်ကွက်ထဲက အားလုံး သိနေတော့၊ သူတို့ ပေးကြပါတယ်။ အဲသည့်အခါ အစ်မတွေနဲ့ အမေတို့ပဲ ဖြစ်ဖြစ်၊ နောက်ပိုင်း ကျနော်နဲ့ ကျနော့်အစ်မ၊ နောက်တော့ ကျနော် တစ်ယောက်တည်း။ ရပ်ကွက်ထဲမှာ ဝက်စာလှည့်ကောက်တယ်။ ဝက်စာအိုးထဲမှာ ကန်စွန်းရိုး၊ ချဉ်ပေါင်ရိုးတွေ ပါလာရင် သိပ်ကြိုက်။ ဝက်တွေက ကန်စွန်းရိုးတို့ ချဉ်ပေါင်ရိုးတို့ ကြိုက်တယ်လေ။ အဓိကကတော့ ဝက်တွေအတွက် ဝက်စာကို အဓိက ထားကျွေးတယ်။ နွားတွေကိုလည်း ပိုရင် လျှံရင် ကျွေးတယ်။

အထူးသဖြင့် အိမ်က နွားမကြီး နွားလေးမွေးပြီဆိုရင် သူ့ကိုလည်း ဖွဲနုတို့ နှမ်းဖတ်တို့ရဲ့ ရောပြီး ကျွေးတယ်။ အဲသည့်အထဲမှာ ဆားလေး လက်တစ်ဆုပ်လောက်ထည့်ပြီး မွှေတယ်။ နွားတွေ သိပ်ကြိုက်။ နွားမကြီးကို ကောင်းကောင်း ကျွေးတော့၊ နို့ပိုထွက်တယ်လေ။ အဲသည့်အခါ နွားနို့ညစ်တော့ နို့ဖိုး ပိုရတာပေါ့။ ၁၀ ရက်တစ်ခါ သို့မဟုတ် တစ်ပတ် တစ်ခါလောက် နွားနို့ညစ်သည်ကြီးဆီက နို့ဖိုးရှင်းရင် ကျနော်တို့ ပျော်တယ်။ အမေလည်း ပျော်တယ်။ အဖေပေးတဲ့ လစာနဲ့ ကျနော်တို့ မောင်နှမ တစ်စု မလောက်ဘူးလေ။ စားစရိတ်၊ ကျောင်းစရိတ်နဲ့ တခြား ဗာဟီရတွေ ရှိတာကိုး။ အမေက အမြဲတမ်း ခြိုးခြံချွေတာတတ်တဲ့အကျင့် စွဲ နေတယ်။ အစကတော့ ကျနော်ငယ်ငယ်က အမေဟာ သိပ်နှမြောတတ်တာပဲလို့ ထင်ခဲ့တယ်။ တကယ်တော့ မဟုတ်ပါဘူး။ အမေ့မှာ အဖေပေးတဲ့ ငွေလေးနဲ့ လုံလောက်အောင် သုံးဖို့က အမေ့တာဝန်။ အမေ အမြဲ ပြောခဲ့ဖူးတယ်။ “စီးတဲ့ရေ ၊ ဆည်တဲ့ ကန်သင်း” တဲ့။ အစတုန်းက သိပ်နားမလည်ခဲ့ဘူး။ နောက်တော့ တဖြည်း ဖြည်း သိလာတယ်။

⦿ စည်းကမ်းကလနားကောင်းခဲ့သူ အမေ

အမေက (၄) တန်းပဲ အောင်တဲ့ တောသူမကြီး။ စီးပွားရေး မလုပ်တတ်ဘူး။ သို့ပေမယ့် အိမ်မှာ နွားမွေး၊ ဝက်မွေး၊ ကြက်မွေး၊ ဘဲမွေးပြီး အပိုငွေလေးကို ရှာတတ်တယ်။ သူတို့တတွေ ရှိတော့ ကျနော် တို့ မောင်နှမတွေလည်း ငယ်စဉ်အချိန်က အအား မနေရပါဘူး။ သူများကလေးတွေလို ကစားခုန်စားတော့ လုပ်ရပါရဲ့။ ဒါပေမယ့် အားလုံးဟာ အကန့်အသတ်တွေနဲ့။ အမေ့ရဲ့ ပေါ်လစီ တစ်ခု ရှိသေးတယ်။ သူများဆီမှာ အကြွေးမတင်ရေးဟာ အမေ့ရဲ့ မဟာစည်းမျဉ်း။ ရှိတာလေးနဲ့ ခြစ်ကုတ်စားမယ်။ ဆန်ဆီစား အခြေခံစားကုန် ရှိရင် အဆင်ပြေပြီ။ အပိုငွေ မသုံးဘူး။

⦿ နေ့စဉ် ဆွမ်းလောင်းလှူ

ဒါပေမယ့် ဘယ်လောက်ပဲ ချို့တဲ့ ချို့တဲ့ ကျနော်တို့ ငယ်စဉ်တုန်းက အိမ်ရှေ့မှာ ကြွတဲ့ ဘုန်းကြီးသံဃာတွေကိုတော့ မနက်ခင်း ဆွမ်းလောင်း မပြတ်ခဲ့ပါဘူး။ ကန်တော့ဆွမ်းလုပ် တယ်ဆိုတာ သိပ်ရှားတယ်။ နည်းနည်းလေး အဆင်ပြေရင် ကန်စွမ်းရွက်လေး ကြော်လောင်းတယ်၊ သို့မဟုတ် စားတော်ပဲနဲ့ ဂေါ်ရခါးသီးလေး ကြော်လောင်းတယ်။ မျှစ်ပေါ်ရင်တော့ မျှစ်နဲ့ စားတော်ပဲ ကြော်လောင်းတယ်။ ဆွမ်းဟင်းလောင်းစရာ မရှိရင်တော့၊ ဆွမ်းထမင်းကို အမြဲတမ်း လောင်းတယ်။ ဆွမ်းလောင်းရင်လည်း အမေက ပြောတယ်… သံဃဿဒေမ လို့ ပြောပြီး လှူတယ်။ ဆိုလိုချင်တာက သံဃာကို ရည်မှတ်ပြီး လောင်းလှူတယ် ဆိုတဲ့သဘော။ ဘုန်းကြီးကို ခင်လို့ မင်လို့ နေ့တိုင်းကြွတဲ့ ရဟန်းမို့ လောင်းတာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးကို ဗဟိုပြုပြီး လှူတယ်ဆိုတာထက် သံဃာဆိုတဲ့ အပေါင်းအစုကို ရည်မှတ်ပြီး လှူတာ။ ဒါဆိုရင် ပိုပြီး အကျိုးကြီး တယ်လို့ အမေပြောဖူးတယ်။ ဆွမ်းထဲမှာ ပိဏ္ဍပါတ် ဆွမ်းဟာ အမြတ်ဆုံး မလား။ ခံယူတဲ့ရဟန်းကလည်း သလုံး မြင်းခေါင်းကို အားပြုပြီး နေ့စဉ် ဆွမ်းခံထွက်ရတယ်၊ ဒီလို ဆွမ်းခံထွက်တာကို ဒါယိကာ၊ ဒါယိကာမကလည်း ဆွမ်းချက်လှူဒါန်းတယ်။ ဒါဟာ ငွေကုန်ကြေးကျလည်း မများတဲ့ အကျိုးကြီးတဲ့ ဒါနပေါ့။

⦿ ဝက်စာအိုးတွေ

ဝက်စာကောက်တဲ့အခါ ကိုယ့်အိမ်မှာ ရှိတဲ့ ဝက်ကောင်ရေနဲ့ ချိန်ပြီး ကောက်ရတာပဲ။ ဘယ်အိမ်က ထမင်းကျန် ဟင်းကြွင်း ပိုရတတ်တယ်ဆိုတာ အတွေ့အကြုံအရ သိလာတယ်။ ဘယ်အိမ်က စားအိုးကြီးသလဲဆိုတာလည်း သိလာတယ်။ စားအိုးကြီးတဲ့အိမ်က ဝက်စာအိုးကို နေ့စဉ်လိုလို ဦးစားပေးပြီး ကောက်ရတယ်။ နှစ်ရက် သုံးရက် လောက်နေမှ သွားကောက်တယ်ဆိုရင် ဝက်စာအိုးက ပြည့်နေရော၊ လျှံနေရော။ ဒီလိုဆိုရင် ပေးတဲ့သူကလည်း ငြိုငြင်တယ်။ ယူရတဲ့သူမှာလည်း အဟောသိကံဖြစ်တယ်။ ဒီတော့ အလျင်မှီအောင် ကောက်ရတယ်။ သူတို့က ဝက်စာလာမယူတာကြာလို့ ဝက်စာအိုးထဲမှာ အချဉ်ပေါက်နေပြီဆိုရင် ငြိုငြင်တတ်ကြတယ်။

ဟဲ့ကောင်လေး…. ဝက်စာအိုးတွေ ပြည့်နေတာ ကြာပြီ၊ ဘာလို့ အရင်နေ့တွေက လာမယူတာလဲ၊ ဒီမှာ ချဉ်စော်တွေ နံနေပြီ။ ေဩာ်… ဟုတ်ကဲ့အန်တီ၊ ကျနော် ညနေတွေ နွားကျောင်းပြန်တာ နောက်ကျလို့ ခင်ဗျ။ နောက်ရက် ကျနော် မှန်မှန်လာယူပါ့မယ်…။

အကြောင်းကတော့ လာမကောက်တာကြာတဲ့ ဝက်စာအိုးက ထမင်းသိုး ဟင်းသိုးတွေနဲ့ အနံ့ထွက်တတ်လို့။ ဒါ့ကြောင့် ပေးတဲ့သူက အလကားပေးတာ။ ကျနော်တို့ဘက်က ဝီရိယထားပြီး ဝက်စာကောက်ရတယ်။ စားအိုးသေးတဲ့ အိမ်ဆိုရင်တော့ သုံးရက် တစ်ခါလောက်ပဲ ကောက်တယ်။ သိပ်စည်းကမ်းရှိတဲ့အိမ်ကျတော့၊ ထမင်းကျန် ဟင်းကျန်ရတာ နည်းတတ်တယ်။ သူတို့မှာက ထမင်းရည်ပဲ ရတယ်။ တချို့လည်း ပေါင်းအိုးနဲ့ ချက်တော့၊ ထမင်းရည် မရဘူး။ ဆန်ဆေးရည်ပဲ ရတယ်။ ဒီတော့ ဆန်ဆေးရေကို သုံးလေးရက်လောက် ထားတော့၊ ဆန်ဆေးရည်တွေ အိုးအောက်မှာ အနည်တွေ အနေနဲ့ ထိုင်နေတယ်။ သူတို့ အိမ်ရှေ့မြောင်းထဲကို အပေါ်က အရည်ကြည်တွေ နည်းနည်း သွန်ပစ်ပြီး အတွင်းက အနည်ကို ယူရတယ်။ ဒါက ဝက်တွေအတွက် အနှစ်သာရလေ။ ဒီလိုနဲ့ ရက်ကွက်ထဲမှာ တစ်အိမ်ပြီး တစ်အိမ် လှည့်ပြီး ဝက်စာကောက်။ ဒီလိုနဲ့ ပုံးထဲ ပြည့်သွား။ အိမ်ကို သည်ပေါ့။ တခါတရံလည်း ရက်ကွက်ထဲမှာ လက်နဲ့ ပုံးဆွဲပြီး လည်ကောက်တယ်။

⦿ စက်ဘီးကြီးနဲ့ ဝက်စာကောက်

နောက်တော့ အဖေမစီးတော့တဲ့ မောင်ဗမာဘီးကြီးနဲ့ ဝက်စာကောက်တယ်။ နောက် ကယ်ရီယာမှာ သံချိတ် တပ်တယ်။ ပုံးနှစ်ပုံးကို ဘေးတစ်ဖက်စီမှာ ချိတ်တယ်။ ပုံးက ဆေးသုတ်တဲ့ ယူပီဂျီ ပုံးအဟောင်းကြီး။ အဖုံးကို သေချာရှာပြီး ယူသွားရတယ်။ အဖုံးမပါရင် ဝက်စာတွေ လမ်းမှာ ကျတတ်လို့။ ကျနော်တို့ အိမ်ရှေ့ကလမ်း ကလည်း ကျောက်စရစ်ခဲတွေနဲ့။ တခါတရံ မိုးအလွန်သဲရင် ဗွက်ထတယ်။ မိုးသည်းပြီးနေ့တွေမှာဆိုရင် ကျောက်နဲ့ ရွှံ့ဗွက်က ရောနေတယ်။ စက်ဘီးမလဲအောင် နင်းတတ်ခြင်းက ကျနော်တို့ရဲ့ စပယ်ရှယ် ကျွမ်းကျင်မှု။ ဝက်စာအိုးထဲမှာ ထမင်းကျန်တွေ ထမင်းရည်တွေနဲ့ ပြည့်နေရင် ချဉ်စုပ်စုပ် အနံ့ထွက်နေတဲ့ ဝက်စာအိုးထဲ လက်နှိုက်ပြီး မွှေပစ်လိုက်ရတယ်။ ပြီးတော့မှ အိုးထဲက အရည်တွေကို ဝက်စာကောက်တဲ့ ပုံးထဲ လောင်းထည့်။ ဒီလိုနဲ့ ဝက်တွေ အကောင်ပေါင်းများစွာ မွေးခဲ့တယ်။

⦿ ဝက်ခြံဆောက် ဝက်ချေးကျုံး

ဝက်တွေ အမွေးများတော့ ဝက်ချေးတွေကလည်း အိမ်ထဲမှာ လည်နေတတ်တယ်။ အထူးသဖြင့် အိမ်နောက်ဖေး မှာဖြစ်ဖြစ်၊ အိမ်ရှေ့မှာ ဖြစ်ဖြစ်၊ နွားတဲကြီး နဘေးမှာ ဖြစ်ဖြစ် ကျနော်တို့ ဝက်ခြံကို ဆောက်တယ်။ ဝါးနဲ့ သစ်သား မလုံလောက်တော့ ဝက်ခြံကလည်း မလုံ့တလုံ။ အပေါ်မှာတော့ မိုးကာတွေ၊ ထန်းလက်ခြောက်တွေ အုပ်မိုးထားတယ်။ ဝက်တွေရဲ့ ကျန်းမာရေးအတွက် ဝက်ခြံသန့်ရှင်းရေး လုပ်ရတယ်။ ဝက်ခြံထဲကို ခွပြီး ဝင်။ လက်ထဲက ငန်းပြား တစ်လက် ကိုင်သွား။ ဝက်ခြံနောက်ဖေးကို ပုံနေတဲ့ဝက်ချေးတွေ ခြစ်ချ။ ထိုးချ။ ဒီလိုနဲ့ ဝက်ခြံထဲမှာ ဝက်ချေးတွေ ရှင်းသွား။ ဝက်လည်း ကောင်းကောင်း အိပ်လို့ရတယ်။ ဝက်တွေ ကျန်းမာရေး လည်း မထိခိုက်ဘူး။ ခွာနာ လျှာနာလိုတွေ မဖြစ်ဘူး။ နွားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ မနက်အိပ်ယာနိုးရင် နွားချေးကြုံးတာ၊ အိမ်သာရေ ဖြည့်တာက ကျနော့်ရဲ့ နေ့စဉ် မပျက်ကွက်ရသော အလုပ်။

⦿ အအေးကြိုက်တဲ့ ဝက်တွေ

တခါတရံ ဝက်တွေကို နွေမှာ သိပ်ပူလွန်းနေရင် ရေချိုးပေးရသေးတယ်။ သူတို့ ကျောမှာ၊ ကိုယ်မှာ ချေးလို အဖတ်အဖတ်တွေ ဖြစ်နေတတ်တယ်။ အဖြူဖတ်လိုလို၊ ဝါကျန့်ကျန့် အဖတ်လိုလိုတွေ။ ဒါတွေကို ဘရက်နဲ့ တိုက်ရတယ်။ အိမ်ရှေ့ မြောင်းကလည်း ချောင်းပေမယ့် ရေကြည်တယ်။ မိုးရေ ကောင်းကောင်းစီးလို့ သန့်တယ်။ အိမ်ရှေ့မြောင်းထဲက ရေကို သွားခပ်၊ ဝက်ကို ပက်။ ဝက်က ရေချိုးပေးရင် သိပ်ပျော်တယ်။ သူတို့ ပူနေတဲ့အချိန်မှာဆိုရင် သိပ်ပျော်။ တခါတရံ ဝက်ခြံထဲကို ဝင်ပြီး ဝက်ကို ရေချိုးပေးနေရင်း ဝက်က ဟိုပြေးဒီပြေး လျှောက်ပြေးတတ်လို့၊ ဝက်ခွာက ခြေဖမိုးကို နင်းမိတဲ့ အခါတွေက အကြိမ်ကြိမ်။ ဒါပေမယ့် ပေါက်ထွက်သွားလာအောက် ဒဏ်ရာ မဖြစ်ပါဘူး။ အတော်တော့ နာတယ်။

⦿ ဝက်ပေါက်လေးတွေ

ဝက်တွေဟာ ဟင်းနုနွယ် အရိုင်းတွေဆိုရင် သိပ်ကြိုက်တယ်။ ကန်စွန်းနွယ်တွေကိုလည်း ကြိုက်တယ်။ ဘောစကိုင်းလို့ ခေါ်တဲ့ ဝေရာရွက်တွေကို ခူးကျွေးရင်လည်း စားတာပဲ။ ချောင်းထဲက ကနဖော့တွေဆိုရင် သူတို့ အသဲစွဲပေါ့။ ဗေဒါတွေကိုတော့ သိပ်မကြိုက်ဘူး ထင်တယ်။ ဗေဒါတွေကို အနုတွေ၊ ဗေဒါ ဖောင်းဖောင်းလေး တွေ သေချာ ရှာပြီး စင်းနှီးတုံးပေါ်မှာ ဓားနဲ့ သေချာ နုပ်နုပ်စင်းပြီး ကျွေးရင်တော့ ဝက်တွေ သိပ်စားတယ်။ ဝက်တွေဟာ ကျနော်တို့မိသားစုအတွက် အပိုဝင်ငွေလေ။ ဒီတော့ ဒီကောင်တွေကို ဂရုစိုက်ရတယ်။ ဝက်တွေ သားပေါက်ရင် တစ်ခါပေါက် ဆယ်ကောင်၊ ဆယ့်နှစ်ကောင်လောက် ပေါက်တတ်တော့။ သူတို့တွေ (၄၅) ရက်သား ရောက်ရင် ရောင်းလို့ရပြီ။ တစ်ကောင်ကို ၄၅၀၀၊ ၅၀၀၀ ကျပ် လောက် ပျမ်းမျှ ရတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဈေးတက်သွားတယ်။ တစ်ကောင်ကို ၆၀၀၀ လောက်၊ ၈၀၀၀ လောက်ဖြစ်သွားတယ်။ ဒီတော့ ကျနော်တို့ ကျောင်းစရိတ်ရတယ်။ ကျနော်တို့အတွက် အဖေ့လစာကနေ ဖာဖို့ ထေးဖို့ ရလာတယ်။ တခါတရံ လည်း ဝက်ကို မဒန်းအရွယ်လောက်အထိ မွေးတယ်။ ဒါဆိုရင်တော့ သူ့အတွက် အစာပို ရှာရတယ်လေ။ မဒန်း အရွယ်မှာ ရောင်းရင် ဈေးပိုရတယ်။ တစ်ကောင်ကို ငါးသောင်း၊ ခြောက်သောင်းလောက်ရတော့ မဆိုးဘူး။

⦿ ဝက်လေးတွေ ဂွေးဖောက်

ဝက်ကလေးတွေမွေးရင် ဒီကောင်တွေ လေးဆယ့် ငါးရက်သားလောက် ရောက်ရင် ဝှေးစေ့ ဖောက်ပေးရတယ်။ အောင်မင်္ဂလာရပ်ကွက်ထဲက တိရိစ္ဆာန်ဆရာဝန်ကို သွားခေါ်ရတယ်။ “ဦးလေး…. အိမ်က ဝက်ပေါက်လေးတွေ ဝှေးစေ့ ဖောက်ချင်လို့၊ ဘယ်တော့ လာပေးနိုင်မလဲ ခင်ဗျ” စသည်ဖြင့်ပေါ့။ ဒီလိုနဲ့ အိမ်ကို တိကုဆရာကြီး ရောက်လာ။ ကျနော်တို့က ဝက်ကလေးတွေရဲ့ ခြေတွေ လက်တွေ မလှုပ်နိုင်အောင် ကိုင်ပေး။ တိကုဆရာကြီး က လက်ထဲမှာ ဘလိတ်ဓားလေးနဲ့ ဝက်လေးရဲ့ ဝှေးဥ နှစ်လုံးအလည်လောက်ကို မှန်းပြီး ခွဲလိုက်တယ်။ အရေ ပြားလေး ကွဲလာတော့ ညစ်လိုက်တယ်။ ဝက်လေးတွေရဲ့ ဝှေးစေ့ နှစ်လုံး ထွက်လာတယ်။ အဲဒါကို ဓားလေးနဲ့ ဖြတ်ထုတ်လိုက်တယ်။ ဝက်ကလေးက တအုအု အော်တယ်။ ပြီးတော့ ညစ်ဆေးတောင့်လေး တစ်ခုနဲ့ အဲသည့် ခွဲထားတဲ့အထဲကို ရောဂါပိုးမဝင်အောင် ညစ်ထည့်ပေးလိုက်တယ်။ နောက်တော့ ဝက်ကလေးတွေခွဲ ထားတဲ့နေရာက သူ့ဟာသူ ကျက်သွားတာပဲ။ ကျနော်တို့က ဒန်ဖလားလေးနဲ့ ဖောက်ပြီးသား ဝက်ဝှေးစေ့လေး တွေကို ထည့်ခိုင်းထား။ ဒီတော့ မွေးတဲ့အထဲက ဝက်ထီးလေး လေးကောင်ပါရင် ဝှေးစေ့ (၈) လုံးရတယ်။

⦿ ဖိုက်တင်းဘော

လူကြီးတွေထဲမှာ ဘယ်သူ ဂျင်းထည့်သလဲတော့ မသိဘူး။ အဲဒီ့ ဝက်ဝှေးစေ့လေးတွေ စားရင် စကားတတ် တယ်တဲ့။ ဟုတ် မဟုတ်တော့ မသိ။ စကားတတ်ချင်လို့ အဲသည့်ဝက်ဝှေးစေ့လေးတွေကို အစ်မကြီး မဇာခြည်ကို ကြော်ခိုင်းပြီး ကျိတ်မှိတ်စား။ ကျိတ်မှိတ်စားရတာကတော့ မကောင်းလို့။ ဝက်ဝှေးစေ့က ဟိုမုန်းထွက်တဲ့အင်္ဂါဆိုတော့ သိပ်နံတယ်။ ဝက်သားတွေစားရင်လည်း ဝက်သိုးသားစားမိရင် သိပ်နံတယ် မလား။ ဝက်ထီးတွေကို အသားတိုးမွေးမယ်ဆိုရင် ငယ်ငယ်စဉ်မှာ ဝှေးစေ့ ဖောက်ထားရတယ် ။ ဖောက်မထားရင် ဝက်သိုးဖြစ်သွားလို့၊ မိတ်လိုက်တဲ့နေရာမှာပဲ သုံးတယ်။ အသားက စားလို့ မကောင်းဘူး။ သိပ်နံတယ်။ ဝက်သားဆိုင်တွေက ဝက်သိုးသားကို ဂျင်းထည့်ပြီးရောင်းတတ်တယ်။ များသောအားဖြင့်တော့ ဝက်သိုးသားကို ဝက်အူချောင်း လုပ်ပစ်ကြတာများတယ်။ ငယ်ငယ်တုန်းက ဝက်ဝှေးစေ့တွေကိုသာ ကြော်စား ခဲ့တာ။ အသက်ကြီးလာတော့လည်း စကားပြောမတတ်ပါဘူး။ ထစ်အ ထစ်အနဲ့။ ငယ်ငယ်တုန်းက ဂျင်းထည့်ခံရ ပြီး ဝက်ပေါက် ဝှေးစေ့လေးတွေ စားခဲ့တာ။

⦿ ဘူးရွက်ဟင်းချို

မှတ်မှတ်ရရ ဝက်ခြံနဘေးမှာ ဘူးပင်တွေ စိုက်တယ်။ ဘူးသီးတွေက သိပ်သီးတာပဲ။ ဝက်ချေးမြေဆွေးတွေကို ဘူးပင်တွေမှာပုံပေးတယ်လေ။ မိုးရာသီရောက်ရင် ဘူးပင်တွေ သိပ်သီးတယ်။ ဘူးညွှန့်ဟင်းချိုက ကျနော်တို့ ငယ်ငယ်တုန်းက အသဲစွဲ ဟင်းလျာ။ တစ်ပတ် နှစ်ခါလောက်တော့ ညနေထမင်းဝိုင်းမှာ ဘူးညွှန့်ဟင်းချို ပါတယ်။ ဘူးညွှန့်အလှည့်ပြီးရင် ဒန့်သလွန်ရွက်ဟင်းချို အလှည့်။ တစ်လှည့်စီ သွားတယ်။ နောက်နေ့တော့ ချဉ်ပေါင် အရည်သောက်။ ငယ်ငယ်တုန်းက အမေဟင်းချက်တဲ့နေရာ အမြဲတမ်း သွားထိုင်နေလေ့ ရှိတယ်။ အမေ့ ဘူးညွှန့်ဟင်းချို ချက်နည်းက သိပ်ကောင်း။ ထင်းမီးဖိုပေါ် ဒန်အိုးတစ်လုံး ပစ်တင်ပြီး ရေထည့်လိုက်တယ်။ အဲသည့်အထဲကို ငါးပိ လက်တစ်ဆစ်လောက် လုံးပြီး ပစ်ထည့်လိုက်တယ်။ ပြီးတော့ ဆားဟင်းချိုမှုန့် ခပ်လိုက်တယ်။ ဒန်အိုးထဲမှာ ရေပွက်လာပြီဆိုရင် သင်ထားတဲ့ ဘူးညွှန့်တွေ ပစ်ထည့်လိုက်တာပဲ။ ချခါနီးမှာ ကြက်သွန်ဖြူထောင်းထားတာကို ပစ်ထည့်လိုက်။ သိပ်ကောင်းတဲ့ ဘူးညွှန့် ဟင်းရည်ရပြီ။ မိုးအေးတဲ့ ညနေထမင်းဝိုင်းတွေမှာဆိုရင် ပူလောင်လောင် စိမ်းညို့ညို့ ဘူးရွက်ဟင်းရည်ဟာ ကျနော့်အတွက် အသည်းစွဲဖြစ်ခဲ့တယ်။ ဒန့်သလွန်ရွက်ဟင်းချိုဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ ပြခဲ့လို့၊ အခုအသက်ကြီးလာတော့ အလွယ်တကူ ဟင်းရွက်အရည်သောက် ဘယ်လိုလုပ်ရမလဲ သိလာတယ်။ ရေပွက်ပွက်ဆူထဲ ငါးပိလက်တစ်ဆစ်လောက် ပစ်ထည့်လိုက်ခြင်းဟာ ဆားချည်းသက်သက်ခပ်တာထက် ပိုလေး၊ ပိုချိုတယ်ဆိုတာသိရတယ်။ တောသူမကြီးဖြစ်တဲ့ အမေ့လက်ရာကို သတိရလိုက်တာ။

⦿ ဘူးပင်စိုက်

အိမ်မှာ နွားတွေ မွေးတယ်။ ကြက်တွေ မွေးတယ်။ ဝက်တွေ မွေးတယ်။ ဘဲတွေ မွေးတယ်။ ဒီတော့ ဝက်ချေး၊ နွားချေး၊ ကြက်ချေး၊ ဘဲချေးတွေက တကယ့်သဘာဝ မြေဩဇာတွေ။ အိမ်မှာ ကျန်နေတဲ့ မြေကွက်လပ်လေး ကို သစ်ပင်တွေ ဘာတွေ စိုက်တယ်။ ဘူးပင် စိုက်တယ်၊ အုန်းပင် ရှိတယ်၊ မာလကာပင် ရှိတယ်၊ အိမ်ရှေ့ ချောင်းထဲမှာ ကန်စွန်းရိုးတွေ ချထားရင် ကန်စွန်းပင်တွေ ပေါက်လာလို့ ငါးရက်တစ်ခါလောက် အညွှန့် ဆိတ် ပေးရင် စားစရာ ဟင်းတစ်ခွက်ရပြန်တယ်။ ဒါပေမယ့် အိမ်ရယ်၊ နွားတဲရယ်၊ ဝက်ခြံရယ်၊ ရေကန်ရယ်၊ ကောက်ရိုးပုံရယ်၊ နွားချေးပုံရယ်၊ မီးဖိုချောင်အိမ်ငယ်လေး တစ်ခုရယ်ဆိုတော့ အိမ်က သူ့အလိုလို ပြည့်သွားတယ်။ သစ်ပင်ကောင်းကောင်းစိုက်ဖို့ မြေမကျန်တော့ဘူး။ ဒါပေမယ့် ရတဲ့ မြေကွက်လပ်လေးမှာ မြေဆွေးပုံပြီး ဘူးပင်လေးတွေ ပျိုးထားတယ်။ အဲသည့်အပေါ်မှာ တရုံမန်ကျည်းဆူးခက်လေးတွေ အုံပေးထား တော့ ကြက်ယက်လို့ မရတော့ဘူး။

အိမ်မှာ ရှိတဲ့ ကြက်သအုပ်မက သိပ်ပြီး ယက်တာပဲ။ နွားချေးပုံဆိုရင် သူတို့ အကြိုက်။ နွားချေးပုံက သူတို့ ယက်လို့ အမြဲတမ်း ပွနေတယ်။

ဘူးကောင်းရင် စင်ခံ၊ လင်ကောင်းတော့ စံရ…တဲ့။ ငယ်စဉ်တုန်းက သိခဲ့တဲ့စကားပုံ။ ဘူးကို စင်လေး ထိုးပေးရတယ်။ စင်ကောင်းကောင်း ထိုးထားရင် ဘူးညွှန့်က ကောင်းကောင်း လျှောက်လို့ရပြီး နေရောင်ကောင်းကောင်းရလို့ သီးတယ်၊ အညွှန့်ထွက် မြိုင်တယ် ပေါ့။ ကြက်မွေးထားတဲ့အိမ်က အပင်စိုက်လို့ သိပ်မကောင်းဘူး။ ကြက်ယက်တာနဲ့ အပင်တွေ သေကုန်တယ်။ အပင်ခြေတွေမှာ ကြက်တွေ အမြဲယက်တတ်တယ်။ အပင်က ကြက်ယက်လို့ အမြစ်ပေါ်ပြီး သေတာပဲ။ ဘူးပင်လေးတွေ ပေါက်လာရင် ကြက်မယက်အောင် ဂရုစိုက်ရတာက အလုပ်တစ်ခု။

⦿ ဘဲတွေ ဘဲတွေ

ဘဲတွေ မွေးချင်ရင်တော့ လွယ်တယ်။ ဘဲသားပေါက်ကို ကျနော်တို့က မဝယ်ဘူး။ ကိုယ့်ဘာသာ ဖောက်တယ်။ ကြက်ဝပ်ကျင်းထဲကို ကြက်ဥတွေ ဖယ်ပြီး ဘဲဥတွေ အစားထိုးပြီး ထည့်။ နောက်တော့ ကြက်လေးတွေ မပေါက်ဘဲ ဘဲလေးတွေ ပေါက်လာ။ ဒီလိုနဲ့ ဘဲခြံထဲမှာ ဘဲ (၁၀) ကောင်၊ ၁၅ ကောင်ဖြစ်လာ။ ဒီလိုနဲ့ အကောင် နှစ်ဆယ် ဖြစ်လာ။ နေ့စဉ် ဘဲဥက ၈ လုံး ၁၀ လုံး အမြဲရတာပဲ။ ကျနော် မွေးခါစက အဖေက ဘဲတွေ အုပ်လိုက် မွေးခဲ့ဖူးသေးတယ်လို့ ပြောတယ်။ ဘဲတွေကို ဥများများ ဥအောင်၊ လယ်ထဲက ခရုတွေ လိုက်ကောက်။ ပြီးတော့ ဆုံထဲ ထုထောင်း။ ဘဲတွေကို အင်တုံထဲထည့်ကျွေးရင် ဘဲတွေ ဥဥ နှုန်း ပိုတယ်လို့ ပြောတယ်။ နောက်တော့ အမေက မလုပ်ပါနဲ့ ကိုဝမ်းမောင်ရယ်….၊ ငရဲကြီးပါတယ်ဆိုလို့ ဘဲတွေကို ဖြုတ်ပစ်လိုက်တယ်..တဲ့။

⦿ ကျနော်တို့ ကြီးလာရင်တော့ ဒါတွေ မမွေးချင်ဘူး…. အမေရာ…

တိရိစ္ဆာန်တွေကို မွေးတယ်ဆိုပေမယ့် ရင်နင့်ရတဲ့ အချိန်တွေကတော့ ရောင်းတဲ့အချိန်တွေပဲ။ အချိန်နဲ့ ရောင်းတယ်။ ကြက်တွေကို ဖမ်းတယ်။ ဘဲတွေကို ဖမ်းတယ်။ ခြေထောက်ကို ကြိုးနဲ့ ပူးချည်ပြီး ချိန်ခွင်မှာ ချိန်တယ်။ တခါတရံလည်း အိမ်ကို လာဝယ်တယ်။ တချို့ကတော့ မွေးချင်တဲ့သူတွေ။ တချို့ကတော့ စားဖို့။ သူတို့ကို ရောင်းရရင်တော့ ဝမ်းနည်းတယ်။ စိတ်ထဲမှာ သနားတယ်။ ကျနော်တို့ ကြီးလာရင်တော့ ဒါတွေ မမွေးချင်ဘူး…. အမေရာ…လို့ အမေ့ကို ပြောခဲ့ဖူးတယ်။ အမေကတော့ တိရိစ္ဆာန်တွေရဲ့ အသက်ထက် သူ့သားသမီးတွေရဲ့ စားဝတ်နေရေးနဲ့ ကျောင်းစရိတ်လေး ကာမိဖို့ အဓိက ထားဟန်တူတယ်။ သတ္တဝါ တစ်ခု ကံတစ်ခုပေါ့…သားရယ်။ အမေ အသုံးစရိတ် လိုပြီဆိုရင် အမေက ကြက်တွေ ဖမ်းခိုင်းပြီး၊ ကျနော့် အစ်မကို ခိုင်းတယ်။

“ငါ့သမီး… မစုဆီကို ကြက်တွေသွားရောင်းလိုက်အုံး… ” မစုဆီရောက်တော့ ကြက် သုံးလေးကောင် ကို ချိန်။ နှစ်ပိဿခွဲကျော်ကျော်ရတယ်။ တစ်ပိဿကို ၁၂၀ဝိ/။ ဒီတော့ နှစ်ပိဿခွဲဆိုတော့ ၃၀၀ဝိ/။ ပိုက်ဆံလေး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အိမ်ရောက်တော့- အမေ နှစ်ပိဿခွဲတဲ့…ဆိုပြီး ပိုက်ဆံအပ်တယ်။

တကယ်တော့ မစုဆိုတာ ရွာလည်က ကြက်ဒိုင်။ ကြက်ဒိုင်ကနေ နေ့စဉ်လိုလို ကြက်သားသည်တွေက ကြက်သား လက်ကားလာယူတယ်မလား။ ကျနော် ၁၀ တန်းလောက်ရောက်တော့ နွားတွေ ရောင်းပစ်လိုက်တယ်။ အိမ်မှာ နောက်ဆုံးသော နွားကျောင်းမယ့်ကောင်က စာလုပ်ရတော့မယ်လေ။ ဒါပေမယ့် ဆယ်တန်းတက်စ လောက် အထိ ၊ နွားကျောင်း နွားလှန်၊ နွားစာရိတ် လုပ်ခဲ့ရသေးတယ်။ နောက်ဆုံးပိတ်ပေါ့။ ကြက်လေးတွေကိုတော့ မွေးသေးတယ်။ အထူးသဖြင့် မြန်မာကြက် မွေးတယ်။ မြန်မာကြက်က ကြက်ဖက ကြီးလာရင် သိပ်လှတယ်လေ။ အိမ်မှာ နေတိုင်းလိုလို ကြက်တွန်သံ ကြားရတုန်း။ အိမ်နောက်ဖေး တရုံမန်ကျဉ်း ပင်ကြီးပေါ် ကြက်တွေက တက်အိပ်တော့ ကြက်တွေ အတွက် အထူးတလည် နေရာ တကူးတက ပေးစရာ မလို။

ပုံစာ — ကျနော့်အသက် (၈) နှစ် (၉) နှစ်လောက်တုန်းက အထက်စက်တော်ရာ ဘုရားပေါ်မှာ ရိုက်ထားတဲ့ ညရှုခင်း။

⦿ လူကြောက်ကလေး

ငယ်ငယ်တုန်းက အမြဲ ကြောက်နေတဲ့ကောင်။ အမြဲတမ်းလိုလို သိမ်ငယ်နေတဲ့ကောင်။ သူစိမ်းတရံတွေကို ရဲရဲ မကြည့်ဝံ့ဘူး။ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံရတဲ့ကောင်။ အတန်းထဲကကောင်တွေ လုပ်တာ ခံရလို့၊ အိမ်ကနေ ကျောင်းလွှတ်ရင် အိမ်နဘေးက ကျောင်းနေဖက် ငမှုံကို အမေက မှာရတယ်။ ဟဲ့ ငမှုံ… ကိုတိုးကို အတန်းထဲမှာ စောင့်ရှောက်လိုက်အုံးနော်။ သူများလုပ်ရင်လည်း ကူလုပ်ပေးလိုက်အုံး။ ဒီကောင်က အမြဲတမ်း ခံလာရတဲ့ကောင်။ ေဩာ်… ဒီကလေး၊ လူကြောက်တတ်တာလည်း လွန်ရော။ ငမှုံကတော့ – ဟုတ်ဟုတ် မေကျင်သန်း၊ ကျနော် ကြည့်လိုက်ပါ့မယ်။ ငမှုံက ကျနော့်ထက် နည်းနည်း တစ်နှစ်လောက် ကြီးတယ်။ ဒါပေမယ့် အတန်းတူ။ ကျနော်ကသာ မွေးစရင်းမှာ တစ်နှစ်ကြိုလိမ်ထားပြီး ကျောင်းကို တစ်နှစ်စောရောက်တဲ့ ကောင်။

လူက အတန်းထဲမှာလည်း လူကြောက်။ အိမ်မှာလည်း လူကြောက်ပါပဲ။ အိမ်မှ သူစိမ်းဧည့်သည် လာ လည်ရင် ချောင်ထဲမှာ ကုပ်နေတဲ့ကောင်။ စကားကိုလည်း မပွင့်တစ်ပွင့်ပဲ ပြောတယ်။ မေးသလောက်သာ ဖြေတယ်။ အသံကျယ်ကျယ် မပြောရဲတဲ့ကောင်။ သုံးလေးနှစ်သားက မှတ်မိသေးတယ်။ ဆံပင်ညှပ်ရင်လည်း ကြောက်၊ ဓာတ်ပုံရိုက်ရင်လည်း ကြောက်။ အမေ့က ခါးထစ်ခွင် ချီထားပြီး ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်။

သား သား ဒီကိုကြည့် ဒီကိုကြည့်။

ကင်မရာသမားက သူ့ကင်မရာကို ကြည့်ခိုင်းတယ်။ ဓာတ်ပုံမရိုက်ခင်က ဓာတ်ပုံရိုက်မယ်ဆိုတော့ ကိုယ့်ကို ရိုက်မယ် ထင်ပြီး ငိုတာ။ ဓာတ်ပုံထဲမှာ မျက်ရည်စက်လက်နဲ့ ငိုမဲ့မဲ့နဲ့။ ဒီလောက်အထိ သတ္တိကောင်းတဲ့ကောင်။

ကျောင်းနားက ချစ်ဖွယ်ဆိုင်မှာ ဆံပင်ညှပ်မယ်ဆိုတော့လည်း အမေ ပါရတယ်။ ဆံပင်ညှပ်ခုံမှာ မထိုင်ရဲဘူး။ မထိုင်ချင်လို့ အတင်းငိုတယ်။ ကော့ထိုးတယ်။ နောက်တော့ ဆံပင် ညှပ်ဆိုင်လိုက်ပို့တဲ့ အမေပါ ဆံပင်ညှပ်ခုံမှာ ထိုင်လိုက်ရတယ်။ အမေ့ရင်ခွင်ထဲမှာ အမေက သူ့ရင်ဘတ်ကို လှန်ပြီး နို့တိုက်တယ်။ တကယ်တော့ နို့မထွက်ဘူး ထင်ပါရဲ့။ ခေါင်းက ငြိမ်နေတုန်း အမေ့ ရင်ခွင်ထဲက ကျနော့် ကို ဆံပင်ညှပ်ဆရာက ညှပ်။ ဒီဘက်ပြီးရင် ဟိုဘက်ပေါ့။ အမေ့ ရင်ခွင်ထဲမှာ ခေါင်းကို ဘယ်ဘက်လှည့်လိုက်၊ ညာဘက်လှည့်လိုက်။

တစ်ခါက ဖြစ်ခဲ့ဖူးသေးတယ်။ ဆံပင်ညှပ်ရင်း ခေါင်းကို ရုတ်တရက် လှည့်လိုက်တော့ နားရွက်ဖျားလေးကို ကက်ကြေးနဲ့ ညှပ်မိတယ်။ သွေးလည်း ထွက်။ ကျနော်ကလည်း ငိုလိုက်တာ လွန်ရောတဲ့။

အမေကတော့ သူ့သား အငယ်ဆုံးကောင်လေးကို စိုးရိမ်တယ်။ ဒီကောင်လေး အသက်ကြီးလာရင် ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်နိုင်ပါ့မလား။ ကိုယ့်ဝမ်းကို ကိုယ်ကျောင်းနိုင်ပါ့မလား။ လူတောတိုးပါ့မလား။ လူဝင်ဆန့်ပါ့ မလား။ ဒီလို လူအမြဲတမ်း ကြောက်နေပုံပေါ်ရင် မလွယ်ဘူး။ အမေ့မှာ စိုးရိမ်လိုက်ရတာ။ ဒါပေမယ့် အမေ မဆုံးခင် သုံးလေးနှစ်လောက်ကတည်းက ကျနော်က စာရေးဆရာ ပေါက်စ ဖြစ်နေပြီ။ စာကြီးပေကြီးတွေ ရေးနေပြီ။ ကွန်မြူနတီအလုပ်တွေကို လုပ်ရင်း လူလေးငါးရာရှေ့မှာ ဟောပြောပွဲစင်ပေါ် တက်နေပြီ။ အမေ ဒါကို သိတော့၊ မြင်တော့ အံ့ဩတယ်။

အမေက ကျနော့်ကို ပြောတယ်။

ဟယ်… ငါ ဒီကောင်လေးကို ဒီလို ဖြစ်လာမယ်လို့ တစ်ခါမှ မထင်ထားဘူးတဲ့။ အမေ ပျော်တယ် ထင်တယ်။ အမေ သူ့ အငယ်ဆုံးသားလေး လူ သိပ်ကြောက်တတ်တဲ့ကောင်လေး စိတ်ချသွားတယ် ထင်တယ်။ ငယ်ငယ်တုန်းက ကျောင်းမှာသူများ အနိုင်ကျင့်တာ ခံလာရတဲ့ ကောင်လေးအကြောင်းကို ပြန်ပြောပြီး အမေ ငိုတယ်။ အဲဒါ ကျနော်။

ကျနော် စာအုပ် သုံးလေးအုပ် ထုတ်ပြီး လူအများက ကျနော့်ကို လူငယ်စာရေးဆရာ အဖြစ် အသိအမှတ်ပြုလာ ချိန်။ ကျနော် အလုပ်နဲ့အိမ် ပြန်ရောက်တိုင်း အမေနဲ့ အနီးကပ်နေတယ်။ အမေ ကျနော် ဘယ်စာအုပ်ကို ဘယ်လို ထုတ်ဖို့ ရှိတယ်။ ဘယ်လိုအကြောင်းအရာတွေ ပါမယ်။ စာမျက်နှာဘယ်လောက်ပါမယ်၊ ဘယ်လောက် ခန့်ခန့်ထည်ထည် ထွက်လာမယ်၊ ဘယ်လောက်ထူမယ်ဆိုတာတွေကို ပြောတယ်။

အမေ ကျနော် ယုံကြည်တာ ကို ကျနော် လုပ်နေတယ်။ ယုံကြည်တာကို လုပ်နေရင်းနဲ့ အမေ့သား ကျနော် စားစရာ မရှိရင် အမေ ကျနော့်ကို ကျွေးထားမလားလို့ ကျနော်က စနောက်သလိုလိုနဲ့ ပြောတယ်။

အမေက ပြန်ပြောတယ်။

ငါ့သား ဆက်လုပ်။

လုပ်ရင် ဖြစ်ရမှာပေါ့။ မဖြစ်ရင်လည်း ဘာဖြစ်သလဲ၊ မိသားစုတွေ ရှိ အတူ မရှိအတူပေါ့။ အမေ ကျွေးထားမယ်…တဲ့။

ကျနော်က ရယ်ကျဲကျဲ လုပ်ပြီး အမေ့ပါးကို တစ်ရွှတ်နမ်းလိုက်တယ်။

အမေ ပျော်ပါတယ်။

ပုံစာ — အရှေ့ဘက် အိမ်မှာ၊ ဆွမ်းကပ်ရှိလို့ ဓာတ်ပုံဆရာရောက်တုန်း အမေက ကျနော့်ကို ခါးထစ်ခွင် ချီထားပြီး ရိုက်ထားတဲ့ ဓာတ်ပုံ။ ဓာတ်ပုံရိုက်မယ်ဆိုလို့ ကိုယ့်ကို ရိုက်မယ် ထင်ပြီး ဝမ်းနည်းနေတဲ့ ကလေး။

⦿ ဆယ်တန်းရောက်ပြီ

ဘဝမှာ ကျူရှင်ဆိုတာ ကောင်းကောင်းကန်းကန်း မတက်ဖူးပါဘူး။ ဒါပေမယ့် ဆယ်တန်းရောက်တော့ ကျောင်းကို အားကိုးလို့ မရဘူး။ လူတိုင်းလိုလို ကျူရှင်တက်ရတယ်။ ကျူရှင်ကျမှ သေချာ သင်ပေးတယ်။ ကျောင်းက အတန်းထဲမှာ ကျောင်းသားကျောင်းသူများတော့ အနီးကပ် သေချာ မသင်ပေးနိုင်ဘူး။ ဒါပေမယ့် ကျောင်းချိန်တွေမှာ သေချာသင်ပေးတဲ့ ဆရာ ဆရာမတွေ ရှိပါတယ်။ ဒါပေမယ့် အနီးကပ် မသင်ပေးနိုင်တော့၊ လိုက်မှတ် လိုက်ဖတ်ရုံတင် မပိုဘူးပေါ့။ နားမလည်တာကို အနီးကပ်သေချာ နားလည်အောင် မေးမြန်းဖို့ အခွင့် မရဘူး။ ဒီတော့ ကျူရှင်တက်ရတယ်။ ကျူရှင်တက်တော့မယ်ဆိုတာ့ ကျူရှင်ကို ရွေးရတယ်။ ဘယ်ကို တက်ရမလဲ။ ကိုယ့်မိသားစု အခြေအနေနဲ့ ကိုယ့်အတွက် သင့်တော်မယ့် ကျူရှင်ကို ရွေးရတယ်။

ဒေါ်မူမူ ကျူရှင်ကိုတော့ မတက်နိုင်ဘူး။ ဒေါ်မူမူက ပုသိမ်ကြီးမှာ နာမည်ကြီး။ ကြည်ကုန်းဘက်မှာ။ အိမ်နဲ့ နည်းနည်း ဝေးတယ်။ တစ်မိုင်လောက်ပေါ့ ။ ဒေါ်မူမူက သိန်းဂဏန်း ယူတယ်။ တစ်ယောက်ကို သုံးသိန်းလား လေးသိန်း လား၊ ခြောက်သိန်းလား မသိဘူး။ သိန်းဂဏန်းပဲ။ ကျနော်တို့အတွက် အတော်များတယ်။ ဒေါ်မူမူကတော့ သူ့ ကျူရှင်က နှစ်တိုင်းလိုလို ဂုဏ်ထူးထွက်များတယ်။ ၆ ဘာသာဂုဏ်ထူးထွက်တဲ့သူ သုံးလေးယောက်အမြဲ ပါတယ်။ တစ်ဘာသာ၊ နှစ်ဘာသာ၊ သုံးဘာသာ ဂုဏ်ထူးထွက်တဲ့သူတွေကလည်း အတော်ပါတယ်။ ဒါပေမယ့် မိသားစု ဝင်ငွေ အခြေအနေအရ ဒေါ်မူမူကို အမေ မထားနိုင်ဘူး။

ကျနော့် ကျူရှင်ထားဖို့ ကိစ္စကတော့ နည်းပညာ တက္ကသိုလ်ကျောင်းသူ ကျနော့် အစ်မ မလှလှငြိမ်းနဲ့ အမေ တိုင်ပင်တယ်။ နောက်တော့ ပါတီယူနစ် ရုံးနားလေး၊ ပြည့်ဝချမ်းသာခန်းမနားက ကျူရှင် ရှိတယ်။ သူကတော့ တစ်နှစ်လုံးနေမှ သုံးလေးသောင်းပဲ။ ဒါပေမယ့် အောင်ဖို့ မအောင်ဖို့ မသေချာဘူး။ နောက် ကျနော်တို့နဲ့ လမ်းမပေါက်သေးတဲ့ နှစ်လမ်းကျော်လောက် က ဦးသုတစံ ကျူရှင်ရှိတယ်။ ဦးသုတစံနဲ့ သူ့ညီမ ဒေါ်မေသုစံတို့ တွဲပြီး ဖွင့်တာ။ ဖွင့်တာက မကြာသေးဘူး။ အခုမှ နှစ်နှစ်မြောက်ပဲ ရှိသေးတယ်။ ရှေ့နှစ်က စဖွင့်တာ။ ပြီးတော့ ဦးသုတစံက ယခင် ကျနော့်အစ်မ တက်တဲ့ ဦးသိန်းဝင်းဆယ်တန်းကျူရှင်မှာ ဂိုက်ဆရာဟောင်း။ အခုတော့ သူကိုယ်တိုင် ကျူရှင်ထောင်တာ။ သူတို့ကတော့ စာသင်ရင့်တယ်။ လှလှငြိမ်း မောင်လို့ ပြောရင်တော့ ဈေးလျော့ပေးမှာပဲ။ ဒီတော့ နောက်နေ့ အစ်မကို ခေါ်ပြီး နှစ်ယောက်သား သွားစုံစမ်းကြည့်ရအောင်။

နောက်နေ့ကျတော့ ကျနော်နဲ့ အစ်မ သွားတယ်။ ဆရာကြီးက တစ်နှစ်လုံးနေမှ တစ်သိန်းခွဲပဲ ယူတယ်တဲ့။ တစ်သိန်းခွဲ။ တစ်သိန်းခွဲ။ တကယ်တော့ တစ်သိန်းခွဲ ကလည်း ကျနော်တို့အတွက် သိပ်များနေတယ်။ အစ်မက နည်းနည်း ငြီးပြတယ်။ ဆရာကြီးရယ်… ကျနော့် မောင်က ဘယ်လို ဘယ်ကဲ့သို့ပေ့ါလေ။ ကျနော် တော်တာ ထူးချွန်တာ အလားအလာ ရှိတာတော့ မပါပါဘူး။ လိမ္မာပါတယ်၊ မဆိုးပါဘူး ဆိုတာတွေ ပေါ့။ အိမ်က ဘယ်လို နည်းနည်း ကျပ်တည်းတယ်ဆိုတာတွေပေါ့။ ဒီလိုနဲ့ ဆရာကြီးက သနားသွားတယ်။ ကျူရှင်ကြေး လျော့ပေးတာ (၈) သောင်းလောက်နဲ့ ရသွားတယ်။ ဒါတောင် ဆရာကြီးကို တောင်းဆိုခဲ့ရတယ်။ ဆရာ…. မောင်လေး ကျူရှင်ဖိုးကို သုံးရစ်ခွဲပေးပါရစေနော်…။ ဆရာကြီးက လက်ခံပါတယ်။ ဒီလိုနဲ့ နောက်တစ်နေ့ စလာလို့ ရပြီဆိုပြီး ကျောင်းမဖွင့်ခင် တစ်လခွဲအလိုလောက်ကို ကျူရှင် စခေါ်တယ်။ ကျနော် သွားရတယ်။ မှတ်မှတ်ရရ နေ့လယ် ထမင်းစားပြီးချိန် (၁) နာရီလောက်မှာ စတက်ရတယ်။ အဲသည့်မှာ စည်သူထွန်း၊ ငပြည့် တို့နဲ့ စတွေ့တယ်။ နောက်တော့မှ နန်းခမ်းနစ်၊ ဝေယံဦး၊ အိစိန်ဖြိုး၊ ချစ်ဦးမောင်၊ ပဲလင်းမြွေ၊ အာစာပူစီ…. တို့နဲ့တွေ့ရတယ်။

တကယ်တော့ ငပြည့်က ကျနော်နဲ့ လေးတန်း ကျူရှင် နှစ်လတစ်ပိုင်း တက်ခဲ့တုန်းက တွေ့ခဲ့ဖူးတယ်။ ဟျောင့်… ငါ ဘယ်သူ၊ ဘာညာပေါ့။ ဒီကောင်ကလည်း ကျနော့်ကို ခမောက်စောင်းပြီး စွပ်ကျယ်အဖြူလေးနဲ့ နွားကျောင်းတဲ့ကောင်ဆိုတာ သိနေတယ်။ စည်သူထွန်းကတော့ ကျနော်တို့ထက် ကြီးတယ်။ အဲသည်မှာ ကျနော့်ရဲ့ ထူးချွန်မှုကို သွားတွေ့ရတာပဲ။ ဆယ်တန်းတက်မယ့်ကောင်။ ဆရာကြီး ဦးသုတစံက အင်္ဂလိပ်စာသဒ္ဒါစသင်တယ်။ အဲသည့်မှာ ဂွမ်းတော့တာပဲ။ ဘယ်အရာက subject လဲ၊ မသိဘူး။ ဘယ်ဟာက object လဲ၊ မသိဘူး။ verb ဆိုတာ ဘာမှန်းတောင် မသိဘူး။ ကျန်တဲ့ conjunction, proposition, adjective, adverb ပြောမနေတော့နဲ့။ ဘာဆို ဘာမှ မသိဘူး။ အရိုးရှင်းဆုံး ကံ၊ ကြိယာ၊ ကတ္တား၊ နေရာ အချိန်… စတဲ့ အရိုးရှင်းဆုံး ဝါကျတည်ဆောက်ပုံကိုတောင် မသိတဲ့ကောင်။ အဲသည်လို တော်တာ။

နောက် သချာၤမှာလည်း အခြေခံအကျဆုံး ဆခွဲကိန်း ခွဲတာကို မသိဘူး။ ဘယ်လို ဆယ်တန်းရောက်လာသလဲ ကျနော့်ကိုယ် ကျနော်လည်း မသိဘူး။ ကျနော် သိတာ တစ်ခု ရှိတယ်။ ကျနော် ၅ တန်းတုန်းက အဆင့် ၁၂ ရခဲ့ဖူးတယ်။ အဲသည့်တုန်းက သမိုင်းသင်တဲ့ ဆရာမ ဒေါ်စုစုခိုင်ဆီမှာ ကျူရှင် သုံးလလောက် တက်ခဲ့ဖူးတယ်။ ဆရာမက သမိုင်းသင်တာ။ ကျနော် သမိုင်းမှာ အမှတ်များများရခဲ့ဖူးတယ်။ နောက် ၇ တန်းတုန်းက။ ၇ တန်းတုန်း ကျနော် သချာၤ (၂) မှာ အမှတ်ပြည့်နီးပါး လတိုင်းလိုလို ရဖူးတယ်။ အဲသည့်တုန်းက သချာၤ (၁) နဲ့ (၂) ခွဲတယ်။ (၂) ကို အမှတ် (၅၀) ပေးရင် ကျနော် ၄၅ မှတ်၊ ၄၃ မှတ် အမြဲရတာ မှတ်မိတယ်။ နောက်တော့ ၇ တန်းမှာပဲ။ မြန်မာစာ စာစီစာကုံးမှာ အရေးကောင်းလို့ မြန်မာစာ အမှတ် ၉၃ လောက်၊ ၉၅ လောက်အထိ ရတာ မှတ်မိတယ်။ အဲသည့် မြန်မာစာဆရာမက ကျနော့်တို့ စာစီစာကုံးကို ပြိုင်ခိုင်းတာ။ အမှတ် ၉၀ ကျော်ရတဲ့သူတွေကို အတန်းရှေ့မှာ နာမည်ထုတ်ပြောပြီး ချီးကျူးတယ်။ ကျနော့် စာစီစာကုံးကောင်းလို့ ဆရာမက အောင်ကိုတိုး လာအုံးဆိုပြီး အတန်းရှေ့ခေါ်ပြောပြီး ချီးကျူးတာ ကြုံဖူးတယ်။

အဲသည့်တုန်းကတော့ ၁၁၆ တပ်ထဲက မင်းအောင်။ ဒီကောင့် အဖေက စစ်သား။ ဒီကောင်က စစ်သား လုပ်ချင်တဲ့ကောင်။ အတန်းရှေ့မှာ သီချင်း ဆိုခိုင်းတော့၊ စစ်သီချင်းကို မာန်ပါပါနဲ့ မရှက်တန်း တစ်ယောက်တည်း ထွက်ဆိုတာ မှတ်မိသေးတယ်။ တကယ်လည်း ဒီကောင် စစ်သားဖြစ်သွားတယ်။ ဆယ်တန်းတော့ မအောင်ဘူး။ တပ်ထဲဝင်သွားတယ်။ နောက်တော့ မင်္ဂလာဒုံမှာလို့ ပြောတယ်။ ထောက်လှမ်းရေးတပ်ထဲ ဒီကောင်ရောက်သွားတယ် ထင်တယ်။ ထားတော့။

ကျနော် ၈ တန်း နောက်ဆုံး နှစ်ကုန်ခါနီး ထင်တယ်။ လွတ်လပ်ရေးနေ့ ကဗျာပြိုင်ပွဲမှာ ဝင်ပြိုင်ဖူး တယ်။ အဲသည့်တုန်းက ဘယ်သူ့ အကူအညီမှ မပါဘဲ ကိုယ့်ဘာသာကို စပ်တဲ့ကဗျာ။ တတိယဆုရတယ်။ စုံညီပွဲတော်မှာ ထင်ပါရဲ့။ စင်ပေါ်ကို ဆုတက်ယူရတယ်။ ဘဝမှာ ပထမဆုံးပါပဲ။ ကျနော် ၈ တန်းမှာ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း သင်ကြတယ်။ ကမ္ဘာ့သမိုင်း သင်တဲ့ဆရာမက နည်းနည်း အပေါက်ဆိုးတယ်။ ဒါပေမယ့် သူက စာကို ကျကျနန သင်တယ်။ သူ့ဘာသာရပ်ထဲက ကမ္ဘာ့သမိုင်းမှာ အမှတ် ၅၀ ပေးရင် ကျနော် ၄၇၊ ၄၅ လောက်အထိ ရတယ်။ အဲဒါ ကျနော် မှတ်မိတယ်။

၉ တန်းရောက်တော့ ကျနော့်ကို အတန်းပိုင် ဆရာမက အတန်းခေါင်းဆောင်ခန့်တယ်။ အတန်းထဲမှာ မနက်ခင်းခေါင်းလောင်းထိုးရင် အားလုံးသတိ အော်ရတယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို အလေးပြု။ နိုင်ငံတော် သီချင်း စဆို….။ အားလုံး သက်သာ… စသည်ဖြင့် နေ့တိုင်း အော်ရတယ်။ ကျနော်က ယောက်ျားလေး အတန်းခေါင်းဆောင်။ အိတုံက မိန်းကလေး အတန်းခေါင်းဆောင်။ သူ့နာမည်က စိုးလှလှသန်း။ အတန်းပိုင်ဆရာမက ကျနော့်ကို အတန်း ခေါင်းဆောင် ခန့်တာလား၊ အတန်းထဲက ကျောင်းသားတွေက အတန်းခေါင်းဆောင် ရွေးတာလား ကျနော် မမှတ်မိတော့ဘူး။ ကျနော့် အသံက လူပျိုပေါက်ဆိုတော့ အသံဩဩ ကျယ်ကျယ်ဖြစ်လို့လည်းဖြစ်မယ်။ စာတော်လို့ လူကောင်ကြီးလို့ စသည်ဖြင့် ဟုတ်ဟန်မတူဘူး။ အတန်းပိုင်ဆရာမက ကျနော့်ကို ၁၀ တန်းပြီးတော့ လမ်းမှာ တွေ့ရင် ခင်မောင်တိုး လို့ ခေါ်လေ့ ရှိတယ်။ ကျနော့် နာမည်မှာ တိုး…ပါတယ်လေ။

⦿ ဆယ်တန်းစာမေးပွဲ

ဆယ်တန်း စာမေးပွဲဖြေရဖို့ သိပ်မလိုတော့ဘူး။ ဆယ်တန်း နှစ်အစမှာ ဘိတ်ဆုံးရောက်ခဲ့တဲ့ကောင်။ ဆယ်တန်း စာမေးပွဲကြီးဖြေခါနီး သုံးလေးလအလိုလောက်မှာ ထိပ်ကို ရောက်လာခဲ့တယ်။ ကျနော့်ဘဝမှာ တစ်ခါမှ အတန်းစာမေးပွဲမှာ ဗိုလ်ဆွဲခဲ့ဖူးတာ မရှိ။ သို့သော်လည်း ကျောင်းမှာ အစမ်းဖြေတဲ့ (၃) နာရီစာမေးပွဲမှာ အဆင့် (၂) လောက်အထိ ရောက်လာတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာမှာ (၃) နာရီမေးခွန်း ကျူရှင်မှာ အစမ်းဖြေတယ်။ အဲသည့်မှာလည်း ကျနော် အဆင့် (၂) လောက်ရခဲ့တယ်။ ၂၀၀၇ မတ်လမှာ ဖြေမယ့် စာမေးပွဲအတွက် ကျနော် ဟာ ဂုဏ်ထူး (၄) ဘာသာလောက်မှန်းနိုင်နေပြီ။ ဘာဂုဏ်ထူးမှ မပါရင်နေ ဓာတုဗေဒတော့ ပါကို ပါရမယ်ကွာ ဆိုတဲ့ စိတ်တော့ ကိန်းအောင်းနေတယ်။ ဆယ်တန်းမှာ ကျနော်က ဓာတုဗေဒမှာ သိပ်တော်တယ်။ ကျောင်းက အတန်းပိုင်ဆရာမက ရူပဗေဒသင်တယ်။ စာမေးပွဲနီးတော့ ကျနော်နဲ့ သူငယ်ချင်း သုံးလေးယောက်ကို အနီးကပ် ကျောင်းမှာ ခေါ်သင်ပေးတယ်။ ဒီကောင်တွေ ငါ့ရဲ့ ရူပဗေဒမှာ ဂုဏ်ထူးရရမယ်ဆိုတဲ့နဲ့ တူပါတယ်။ တကယ်တော့ ကျနော်က ဆယ်တန်းမှာ အင်္ဂလိပ်စာ အတော်ညံ့တယ်။ တခြားဘာသာတွေ အမှတ်ကောင်းပေ မယ့် အင်္ဂလိပ်စာက အမြဲတမ်း အောင်မှတ်သာသာပဲ ရတယ်။

⦿ စာမေးပွဲကြီး ဖြေပြီ

ဆယ်တန်း စာမေးပွဲဖြေတဲ့ အချိန်က တကယ့် အချိန်ကောင်း။ နွေဦးမှာ လေရူးတွေ တိုက်တဲ့အချိန်။ အတန်း ငယ်တွေ ပိတ်ကုန်ပြီ။ ဆယ်တန်းကျောင်းသားတွေချည်းပဲ စာတွေကုန်းရုန်းလုပ်ပြီး၊ စာမေးပွဲလာဖြေရတယ်။ ကျနော်တို့ အထက (ပုသိမ်ကြီး) ဟာ မြို့နယ်ကျောင်းကြီးမို့၊ တခြားအထက်တန်းကျောင်းခွဲက ကျောင်းသူ၊ ကျောင်းသားတွေ ပုသိမ်ကြီးအထကကို လာဖြေရတယ်။ ကျောင်းဝန်းကြီးက သိပ်ကျယ်တယ်။ ကုက္ကိုပင်တွေ၊ မယ်ဇယ်ပင်တွေနဲ့ စိန်ပန်းပင်တွေ ရှိတယ်။ နွေဦးမှာ လေရူးတွေက တိုက်လို့ သစ်ရွက်တွေအချင်းချင်း ရိုက်ခတ် တဲ့ အသံတွေက တရှဲရှဲ မြည်နေတယ်။ သစ်ရွက်ခြောက်တွေကလည်း ကြွေလို့။ လေထဲမှာလည်း သစ်ရွက် ခြောက်နဲ့ ဖုံတွေ ရောပြီး ဝေ့ကာဝိုက်ကာ တိုက်နေတယ်။ ကောင်းကင်ကတော့ ကြည်ကြည်လင်လင်။ မိုးသား ကင်းစင်ပြီး နေသာတယ်။ တိမ်ထူတဲ့ရက်ဆိုတာ ရှားတယ်။ အဲသည်လို အချိန်မှာ ကျနော် ဆယ်တန်းစာမေးပွဲ ဖြေရတယ်။ သိပ်ကံကောင်းတဲ့ရက်တွေလို့ ပြောနိုင်မလား။ သို့တည်းမဟုတ် ကံဆိုးတဲ့ရက်တွေလို့ ပြောရမလား။ ကံကောင်း ကံဆိုးလို့ ပြောနိုင်တယ်။

၂၀၀၇ မတ်လ၊ မန္တလေးမှာ ကျတဲ့ ဆယ်တန်းစာမေးပွဲမေးခွန်းဟာ ကျနော့်ဘဝကို အဆုံးအဖြတ်ပေးတော့မယ်။ ကျနော် အမြဲယုံကြည်မှု ရှိတယ်။ ဒီနှစ် နှစ်ချင်းပေါက် ငါ အောင်ကို အောင်ရမယ်။ ကျနော် ဂုဏ်ထူးမှန်းတဲ့ ဘာသာရပ်တွေ ရှိတယ်။ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာကတော့ ပါလိမ့်မယ်။ ဇီဝဗေဒကတော့ မေးခွန်းနည်းနည်း ချောင်ရင် ငါ ဂုဏ်ထူးပါနိုင်တယ်။ ကျတာတော့ ဖြစ်နိုင်ခဲတယ်။ အင်္ဂလိပ်စာ သိပ်ခက်လွန်းရင်တော့ ငါ သေပြီပဲ။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ပြောခဲ့တဲ့ စကားတွေ ဖြစ်တယ်။ မြန်မာစာ … ကျနော့်အတွက် မခက်ခဲ။ အောင်ဖို့က တော့ အသာလေးပဲ။ အင်္ဂလိပ်စာနေ့ ရောက်ပြီ။ ပျော်သွားတယ်။ မေးခွန်းက အခက်ကြီး မဟုတ်။ လွယ်အောင် မေးထားတဲ့အရာတွေက ခပ်များများပါတယ်။ ဒါပေမယ့် နဂိုက အင်္ဂလိပ်စာညံ့တဲ့ကောင်။ မနည်း ဖြေလိုက်ရတယ်။ တော်သေးတယ်။ အမှတ်စာရင်းထွက်လာတော့ (၄၃) မှတ်နဲ့ ကပ်အောင်တယ်။ မော်ဒေးရှင်း ထိုင်စရာမလိုလို့တော်သေးတယ်။ တခြားဘာသာတွေတော့ အတော်ဆိုးတယ်။ အင်္ဂလိပ်စာ ဖြေပြီးနောက်ပိုင်း (၄) ဘာသာက သိပ်ခက်တယ်။ မေးခွန်းဟောင်းတွေကို နှစ်စဉ်တိုင်းနဲ့ ပြည်နယ်မေးခွန်းအားလုံးကို ကျေညက် ခဲ့တဲ့ကောင်။ အတော်ကြီးကျော်ဖြတ်လိုက်ရတယ်။

သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ … အကုန် အခက်တွေ ချည်းပဲ။ ငါတော့ သွားပြီလား မသိဘူးပေါ့။ ဒါပေမယ့် သင်္ချာ ဖြေတဲ့ရက်မှာ၊ ဂုဏ်ထူးကို လက်လျော့ခဲ့ရတယ်။ ရူပဗေဒနေ့မှာတော့ ကပ်ပြီးပါအောင်လုပ်မယ်ကွာဆိုတဲ့စိတ်နဲ့ ဖြေတယ်။ တကယ်စာမေးပွဲအောင်စာရင်းထွက် လာပြီး အမှတ်တောင်းကြည့်တော့ ရူပဗေဒက (၇၇) မှတ်နဲ့ ကပ်ပြုတ်တယ်။ ဂုဏ်ထူးရဖို့ (၃) မှတ်အလိုနဲ့။ ဓာတုဗေဒနေ့ ရောက်ပြီ။ မေးခွန်းကြည့်တော့ အတော်ကြီး ကြိုးစားဖြေရမယ့် မေးခွန်း။ လှည့်ထားတာတွေ အများကြီးပါတယ်။ ကျောင်းမှာရော ကျူရှင်မှာတော့ ကိုယ့်ကိုယ်ကို ဓာတုဗေဒတော့ ဘယ်လိုရိုက်ချချ အသာလေး ကျော်နိုင်ခဲ့တဲ့ကောင်။ အခုတော့ ခက်ပြီ။ ဒါပေမယ့် စိတ်ထဲက တင်းထားတယ်။ ဘယ်အရာမှ ဂုဏ်ထူးမပါရင်နေ။ ဓာတုဗေဒကတော့ ပါကို ပါမှရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားဖြေတယ်။ အောင်စာရင်းထွက်လာ တော့ ဓာတုဗေဒ ကျနော် ဂုဏ်ထူးပါတယ်။ ဒါပေမယ့် အမှတ် (၈၀) ကွက်တိနဲ့ ဂုဏ်ထူးပါတာ။ တော်သေးတယ်။ ဒီတစ်ခုရလိုက်လို့။

ဇီဝဗေဒကျတော့ ကျနော် ဂုဏ်ထူး မရဘူး။ ဆယ်တန်းစာမေးပွဲမှာ ဂုဏ်ထူး (၃) ဘာသာနဲ့ (၄) ဘာသာတော့ ပါမယ်လို့ မှန်းထားတဲ့ကောင်။ ဓာတုဗေဒ တစ်ဘာသာတည်းနဲ့ ကျေနပ်လိုက်ရတယ်။ အဲသည့်နှစ်က ဆယ်တန်းစာမေးပွဲ ဘယ်လောက်ခက်သလဲဆိုရင်၊ ပုသိမ်ကြီး တစ်မြို့နယ် လုံးဖြေတဲ့ ကျောင်းသား ကျောင်းသူ ထောင်ချီမှာ ဂုဏ်ထူးပါတဲ့သူ (၄) ယောက်ပဲ ရှိတယ်။ အဲသည့် အထဲမှာ ကျနော်ပါတယ်။ ကျနော့်အတွက် ဂုဏ်အယူရဆုံး နေ့ရက်တွေပေါ့။

၂၀၀၇ ဩဂုတ် စက်တင်ဘာလောက်မှာ ဆယ်တန်းအောင်စာရင်းထွက်တယ်။ ပုသိမ်ကြီးတစ်မြို့နယ်လုံး ဖြေသူတွေထဲမှာ၊ (၄) ဘာသာဂုဏ်ထူး တစ်ယောက်၊ (၂) ဘာသာဂုဏ်ထူး တစ်ယောက်နဲ့ (၁) ဘာသာဂုဏ်ထူး နှစ်ယောက် ပါတယ်။ စုစုပေါင်း လေးယောက်သာ။ အောင်ကိုကိုတိုးဆိုတဲ့ကောင် ဓာတုဗေဒ ဂုဏ်ထူးတစ်ခုတည်းပြီး ဂုဏ်ယူမဆုံးဖြစ် ခဲ့တဲ့နေ့ရက်တွေ။ အောင်ကိုကိုတိုးဆိုတဲ့ကောင်ရဲ့ ဆယ်တန်းအမှတ်တွေ ထွက်တော့ သိပ်မများဘူး။ ၃၆၉ မှတ်ပဲ ရတယ်။ သုံးအလီကို သုံးအထိ ရွတ်။ ဒါဆိုရင် အောင်ကိုကိုတိုး အမှတ်ပဲ။ ဂုဏ်ထူးတစ်ခုသာ ရတာ၊ အမှတ်ပေါင်းက အနည်းကြီး မဟုတ်၊ အများကြီးလည်း မဟုတ်။ အလယ်အလတ်ကောင်ပေါ့။ ဒါပေမယ့် တက္ကသိုလ်လျှောက်တော့၊ အမှတ်အနည်းဆုံးကောင်ဖြစ်လာတယ်။ ကိုယ့်ထက်တော်သူ ထူးချွန်သူတွေက ရှေ့ဆုံးမှာ တန်းစီလို့။

အို… မျက်နှာငယ်လိုက်တာ။

ပညာရေးကို အမှတ်နဲ့ ဂုဏ်ထူးနဲ့ အဆင့်နဲ့ ဆုံးဖြတ်ခဲ့တဲ့ စနစ်မှာ ကျနော့်ရဲ့စိတ်တွေ အတက်အကျ မြန်ဆန်ခဲ့တယ်။ တကယ်တော့ ပညာဆိုတာဘာလဲ။ ကျနော် သိပ် မတွေးခေါ်ခဲ့ပါဘူး။

ပုံစာ — ဆရာကြီး ဦးသုတစံ ကျူရှင်မှာ ဇီဝဗေဒ သင်တဲ့ ဆရာကြီး ဦးဘုန်းကျော်က ကျူရှင်မှာ (၃) နာရီမေးခွန်း အစမ်းဖြေပြီး အမှတ်များလို့ ဆုပေးတဲ့ ဓာတ်ပုံ။

⦿ တက္ကသိုလ်တက်ရတော့မယ်

ကျနော်တို့ သူငယ်ချင်းတစ်စု ဆယ်တန်းအမှတ်တွေ ထုတ်ယူကြတယ်။ အမှတ်တွေ ထွက်လာပြီ။ ကျောင်း အောင်လက်မှတ်လည်း ကျောင်းက ထုတ်ပေးပြီ။ တက္ကသိုလ်ကို လျှောက်ဖို့ တာဆူနေကြပြီ။ ကျနော့် အစ်မကို မေး၊ အဖေ့ကို မေး၊ ကျူရှင်က ဆရာကြီးနဲ့ ဆရာမကို မေး။ ဘယ်တက္ကသိုလ်တက်ရမလဲပေါ့။ သို့သော်လည်း ကိုယ်တွေမှာ ရွေးချယ်စရာ များများစားစား မရှိ။ ကိုယ့်အမှတ်နဲ့ မှီတဲ့တက္ကသိုလ်ကိုသာ သွားရမှာ။ စဉ်းစားစရာ က အဝေးသင် တက်မလား။ ဝိဇ္ဇာသိပ္ပံတက်မလား။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေထဲက ကွန်ပြူတာ၊ နည်းပညာ တစ်ခုခုတက်မလား။ ဒါပဲ ရွေးစရာ ရှိတယ်။

တက္ကသိုလ်မတက်ခင်၊ ဆယ်တန်းစာမေးပွဲဖြေအပြီး (၈) လကျော်၊ (၉) လလောက်က အားလပ်ရက်တွေ။ အဲသည့်မှာ သူငယ်ချင်းတွေနဲ့ ခဏ ခဏ ဆုံတယ်။ ဘောလုံး လျှောက်ကန်တယ်။ ကျနော်က ဘောလုံးကန်တတ်တဲ့ကောင်တော့ မဟုတ်ဘူး။ သို့သော်လည်း ကမူးရှူးထိုး ဝင်ကန်တတ်လို့၊ နောက်တန်းမှာ ထားရင် ဂိုးလုံတယ်။ ဒီတော့ ဘတ်တန်းမှာ ကျနော် အမြဲနေတယ်။ ကျနော့် သူငယ်ချင်းတွေကတော့ တဖုန်းဖုန်းနဲ့ ဂိုးသွင်းကြပေါ့။ ကျနော်ကတော့ နောက်တန်းမှာ အသာနေပြီး၊ ရောက် လာတဲ့ ဘောလုံးကို ကန်ထုတ်တယ်။ ကမူးရှူးထိုးနဲ့ ခပ်ကြမ်းကြမ်းကန်တော့ တစ်ဖက်အသင်းက ဂိုးရှူးမယ့် ကောင်က သိပ်မဝင်ရဲဘူး။ ဒီတော့ ကျနော်တို့ ဘက်က ဂိုးမပေးရတော့ဘူး။ ကျနော်က အဲသည့်လောက်တောင် အားကစားမှာ တော်တာ။

တခါတရံ သူငယ်ချင်းတွေက ဂစ်တာတီးတယ်။ ကျနော်က ဂစ်တာ မတီးတတ်ဘူး။ လူပျိုပေါက်ဆိုတော့ အသံက ခပ်ဩဩ။ အိမ်မှာတော့ အိမ်အလုပ်တွေ လုပ်ရင်း သီချင်း အမြဲတမ်း ညည်းတယ်။ အိမ်က VCD စက်နဲ့ သီချင်းတွေလည်း အကျယ်ကြီးဖွင့်တယ်။ VCD စက်တွေ မရှိတုန်းကတော့၊ ကက်ဆက်နဲ့ ဖွင့်တယ်။ အိမ်မှာ ကျနော့် အစ်ကိုကြီး ကိုငယ်ငယ် (အောင်ဆန်းဝင်း)က သီချင်း ခရေဇီ။ ဒီတော့ ကျနော်တို့လည်း သီချင်း အတော်များများနဲ့ နီးစပ်နေတယ်။ သူဝယ်လာတဲ့ ကက်ဆက်တိပ်ခွေတွေ တစ်ခွေပြီးတစ်ခွေ ပြောင်းထည့်ပြီး တော့ ငယ်ငယ်ကတည်းက နားထောင်တာပဲ။ ဒီတော့ သီချင်းကို ကီးဝင်အောင် ဆိုတတ်နေတယ်။

သူငယ်ချင်း တွေနဲ့ ဂစ်တာတီးတော့ အဲသည့်ဝိုင်းမှာ ကျနော်က အဆိုတော်။ ဒီကောင်တွေလည်း လိုက်ဆိုပေါ့။ နောက်ပိုင်း ကျနော်က နည်းနည်း ပိုဆိုတတ်တော့၊ Vocal အမြင်၊ Tone အမြင့်တွေဆိုရင် ကျနော့်ကို အော်ခိုင်း၊ ဆိုခိုင်း တယ်။ ဒီလိုနဲ့ ကျနော်လည်း လူငယ်ဘာသာဘာဝ ညပိုင်း လည်တတ်၊ ပတ်တတ်လာတယ်။

ကျနော် ဆယ်တန်းပြီးတော့ အဖေက ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှာ အလုပ်လုပ်နေတယ်။ အဲသည့်မှာ အဖေက ဆယ်ဘီးကားမောင်းတယ်။ ကျနော့်အစ်မ မလှလှငြိမ်းကလည်း ရဲရွာစီမံကိန်းမှာ အင်ဂျင်နီယာပေါက်စဘဝနဲ့ အလုပ်ဝင်နေပြီ။ ရဲရွာက ဆောက်လက်စ။ စီမံကိန်း မပြီးသေးဘူး။ တမံအမြင့် (197) မီတာဆိုတာ စပြီး ကြားဖူးတာ။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၉၇) ရှိတယ်။ ဒါပေမယ့် မပြီးသေးဘူး။ ကျနော် အဖေ့ဆီ အလည်သွားတယ်။ မန္တလေးမြို့၊ သကျသီဟဘုရားဝန်းနံဘေးမှာ ရဲရွာသွားတဲ့ကားတွေ ရှိတယ်။ ဒိုင်နာကား တွေ။ ကျနော် တက်လိုက်သွားတယ်။ ခေါင်မိုးပေါ်မှာ အမြဲစီးတယ်။ အင်္ကျီထူထူ ရင်ဘတ်လုံအောင်ဝတ်ပြီး တော့ ကားခေါင်မိုးပေါ်မှာ လိုက်ရတဲ့အရသာက ဘာနဲ့မှ မလဲနိုင်ဘူး။

မန္တလေး ကျောက်မီးရွာ၊ အုန်းကျောရွာ တွေကို ကျော်လာပြီ။ ကျွဲနဖားဘက်ရောက်လာပြီ။ တောင်တန်းနဲ့ မြစ်ကို စမြင်နေရပြီ။ ရဲရွာကို ဒုဋ္ဌဝတီမြစ် နံဘေးကနေ ကျောက်ကြမ်းလမ်းကနေ သွားရတာ။ လမ်းမှာတော့ ဖုံတလိမ်းလိမ်းနဲ့ပေါ့။ ဒါပေမယ့် ကိစ္စ မရှိပါဘူး။ ရှမ်းရိုးမအစပ်က တောင်စဉ်တောင်တန်းကိုတွေကို ကြည့်တယ်။ သစ်ပင်တွေ၊ ကျောက်တောင်တွေ၊ ထင်းခုတ်ဝါးခုတ်တောင်တွေကို ကြည့်ပြီး ရဲရွာစီမံကိန်းကို ကျနော်ရောက်သွားတယ်။ အဖေက စောင့်ကြိုနေတယ်။ အဲသည့်မှာ အဖေနဲ့ အတူ လိုက်သွား။ တာဘိုင်က ဘယ်မှာ ထိုင်မှာ၊ ဂျင်နရေတာက ဘယ်မှာ ထိုင်မှာ၊ ရေပိုလွဲက ဒါ။ တမံက ဒီလို။ ဒီလိုနဲ့ ကျနော်လည်း အင်ဂျင်နီယာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်ကို စိတ်ဝင်တစား ရှိလာခဲ့တယ်။ အဖေ့ကို ကျနော်က ပြောတယ်။

အဖေ ကျနော် စစ်တက္ကသိုလ်သွားတက်ရကောင်းမလား။

အဖေက တစ်ချက်ပဲ ပြောတယ်။

မင်း… စစ်ဗိုလ်စစ်သား ဘာလုပ်မှာတုန်းကွာ… အထက်အရာရှိ မျက်နှာကြည့်ပြီး အသက်ရှင်ရတာ…. မလုပ်စမ်းပါနဲ့။

ဒီစကားတစ်ခွန်းနဲ့ ကျနော် တန့်သွားတယ်။

အင်ဂျင်နီယာ လုပ်ပေါ့ကွ….၊ မင်းငယ်ငယ်တုန်းက အစ်ကိုကြီး အောင်သန်းဝင်းရဲ့ ဓာတ်ပုံကို လက်ညှိုးထိုးပြီးတော့ ကျနော် ကြီးလာရင် အင်ဂျင်နီယာလုပ်မယ်လို့ ပြောခဲ့တာပဲ။

ကျနော် စဉ်းစားတယ်။ ငါ တက္ကသိုလ်တက်မယ်ဆိုရင်၊ မလှငြိမ်းလို ဂျီတီစီ (GTC) တက်ရမှာပေါ့။ ဒီလိုနဲ့ မေးရင်း စမ်းရင် ကျနော် နည်းပညာတက္ကသိုလ်ကို လျှောက်လွှာတင်ခဲ့တယ်။ ကျနော့် အမှတ်က နည်းပညာတက္ကသိုလ် (မန္တလေး) ကို မှီတယ်။ ကျနော့် သူငယ်ချင်းတွေကတော့ ကျောက်ဆည်နည်းပညာတက္ကသိုလ်ကို ရတယ်။ ကျနော်တို့ သူငယ်ချင်းတစ်စု အဲသည့်မှာ စကွဲသွားတယ်။ ကျနော် တစ်ယောက်တည်း မန္တလေးနည်းပညာတက္ကသိုလ်မှာ ယောင်လည်လည် နဲ့။

⦿ နည်းပညာတက္ကသိုလ် တက်ပြီ

နည်းပညာတက္ကသိုလ်ရောက်တော့၊ ဘာလျှောက်မှာလဲ။ ဘာမေဂျာယူမှာလဲ။ ကျနော့် အမှတ်နည်းနည်းနဲ့ စိတ်ကြိုက်ဘာသာရပ်ကို မယူနိုင်ပါ။ ဆောက်လုပ်ရေး (မြို့ပြ) ဘာသာရပ်ကို ကျနော် မယူနိုင်ပါ။ အမှတ်မမီ။ ဗိသုကာမေဂျာ။ ပိုလို့ ဝေးသေး။ ကျနော့် အမှတ်က ခပ်နည်းနည်းမို့။ လျှပ်စစ်အင်ဂျင်နီယာ။ ဒါလည်း မရပြန်ဘူး။ အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်။ ဒါလည်း မရဘူး။ စက်မှုအင်ဂျင်နီယာ။ ဒါလည်း မမှီနိုင်ဘူး။ ကျနော့် အမှတ်က ဘာမှ မဟုတ်။ နည်းပညာတက္ကသိုလ်တွေထဲမှာ အမှတ်အနည်းဆုံး ဘာသာရပ် တွေကိုပဲ ရနိုင်တယ်။

အမှတ်နဲ့ ဖြတ်တာ ဆိုးလိုက်တာ။

အဲသည့်ကစပြီး ကျောင်းပညာရေးကို ကျနော် စပြီး သံသယရှိလာပြီ။ အကန့်အသတ်တွေကြား မှာ ကျနော်ဟာ ရွေးချယ်ခွင့် မရှိ။ ထိုနည်းလည်းကောင်း ဘာကို ရွေးရမှန်းလည်း မသိ။ ကျနော်တို့ စိတ်ထဲမှာ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ ကျောင်းဆရာ… ဒါလောက်ပဲ သိတာ။ ဝိဇ္ဇာ ဘာသာရပ်တွေက ဘာတွေလည်း မသိဘူး။ သိပ္ပံဘာသာရပ်တွေက ဘာတွေလည်း မသိဘူး။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ဆိုတာ ဘယ်လို ခွဲခြားထားမှန်းမသိဘူး။ ဘွဲ့ရရင်လည်း ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ ကျောင်းဆရာ… ဒါလောက်ကလွဲလို့ ကျနော် မသိဘူး။

ဒီတော့ နည်းပညာတက္ကသိုလ်မှာ ကိုယ့်အမှတ်နဲ့ မှီတာ ဘာရှိသလဲ လိုက်ကြည့်တယ်။ တွေ့ပြီ။ ချည်မျှင်တဲ့။ ဓာတုဗေဒအင်ဂျင်နီယာတဲ့။ စီအန်စီ (CNC) တဲ့။ ရေနံတဲ့။ ရေနံမှာက ထူးခြားတယ်။ ကျောင်းသားများသာ လျှောက်ထားရန်…တဲ့။ မိန်းကလေးတွေ မတက်ရ၊ လျှောက်လို့ မရတဲ့ ဘာသာရပ်ပေါ့။ ဦးစားပေးမှာ အီးပီ (EP)နဲ့ စက်မှု(MP) ကို ရေးပြီး ရေနံ (PE) ဆိုတာ ရေးထည့်လိုက်တယ်။ ဒီလိုနဲ့ ကျနော် ဒီဇင်ဘာ ပထမအပတ်မှာ တက္ကသိုလ်ကို စရောက်တယ်။ တက္ကသိုလ်က မန္တလေးတောင်ရဲ့ မြောက်ဘက် အိုးဘိုရွာမှာ။ မြို့အပြင်ဘက်ပေါ့ပြီ။

တက္ကသိုလ် ပထမနေ့ ရောက်တဲ့ အခြေအနေကို အခုထိ မှတ်မိနေသေးတယ်။ ယောင်လည်လည်နဲ့ အတန်းတွေ မှားပြီး ဝင်ထိုင်လို့ ထိုင်နဲ့။ ဒါပေမယ့်၊ အမှတ်တွေနဲ့ အတန်းတွေကို ခွဲထိုင်ရတယ်။ မေဂျာတွေ တင်ထားပေမယ့် မကျသေးဘူး။ တစ်လလောက်ကို ကွန်ပေါင်း (compound) တန်းမှာ ထိုင်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ ပုံဆွဲ ဘာသာရပ်တွေကို မိုင်နာဘာသာရပ်တွေအဖြစ် သင်ရတယ်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီ ရောက်ပြီ။ မေဂျာတွေ မကျသေးခင်၊ အတန်းထဲမှာ ဆရာမတချို့နဲ့ ဆရာတစ်ယောက်လောက်လာပြီး အတန်းသားအားလုံး နားထောင်ကျဆိုပြီး ပြောတယ်။

အခု တို့ကျောင်းမှာ၊ နျူကလီးယားမေဂျာ အသစ်ရောက်တယ်။ အဲဒါ လျှောက်ချင်တဲ့သူတွေ စာရင်းပေးနိုင် တယ်။ ဟာ… ကြိုက်ပြီပေါ့။ ကျနော် ရှေ့ဆုံးက စာရင်း ထပေးတယ်။ ကျနော် လျှောက်ချင်တယ်။ နျူကလီးယား ဆိုတော့၊ ဒုံးကျည်တွေ ဘာတွေပေါ့။ ဒုံးပျံတွေတွေက နျူကလီးယားနဲ့ဆိုင်တယ်ဆိုတာတော့ သိတယ်လေ။

ဒီတော့ အောင်ကိုကိုတိုးက ရှေ့ဆုံးက စာရင်းပေးတယ်။

ဒါနဲ့ တစ်ပတ်၊ ဆယ်ရက်လောက်အကြာ။ မေဂျာသစ် ပြောင်းဖို့ စာရင်းပေးထားတဲ့ကျောင်းသားတွေ ကျောင်းသားရေးရာကို လာတဲ့။ အို… သွားပြီပေါ့။ ရှေ့ဆုံးက။ သိပ်တက်ကြွတဲ့ကောင်။ နျူကလီးယားက မန္တလေးကျောင်းမှာ မထားတော့ဘူးတဲ့။ ကျောက်ဆည်နည်းပညာမှာပဲ ထားတော့မယ်လို့ ပြောတယ်။ ကျောက်ဆည်က သတ္တုတွင်း အင်ဂျင်နီယာ ဘာသာရပ်က မန္တလေးနည်းပညာကို ပြောင်းလာရမယ်တဲ့။ အွန်… သွားပြန်ပြီပေါ့။

သတ္တုတွင်းကို (mining) မေဂျာလို့ ခေါ်တယ်။ မိုင်းနင်း(mining)တော့ မသွားတော့ဘူးကွာ။ တော်ကြာ မိုင်းနင်းမိနေလို့ ဒုက္ခ ဖြစ်နေမယ်။ ရေနံမှာပဲ နေမယ်။ ဒီလိုနဲ့ အောင်ကိုကိုတိုး ဆိုတဲ့ကောင် ရေနံအင်ဂျင်နီယာဘာသာရပ်ကို သင်ယူခဲ့ရတယ်။

ပုံစာ — ပုသိမ်ကြီး အထက မှာ၊ သူငယ်ချင်း (၃) ယောက် ရိုက်ထားတဲ့ ဓာတ်ပုံ။ (ဘယ်) ချစ်သဲဆွေ၊ (လယ်) ကျနော်၊ (ညာ) ပြည့်ဖြိုးမောင်။

⦿ ရေနံအင်ဂျင်နီယာမေဂျာ

ရေနံအင်ဂျင်နီယာ မေဂျာကို ရောက်ပြီ။ တက္ကသိုလ်တွေရဲ့ ထုံးစံအတိုင်း ကျောင်းသားသစ်ကြိုဆိုပွဲ လုပ်မယ်။ သူများ မေဂျာတွေကတော့ ကင်းနဲ့ ကွင်း ရွေးကြတယ်။ တို့မှာတော့ ရွေးစရာ မရှိ။ အတန်းသားတွေ အားလုံးက ယောက်ျားတွေ ချည်းပဲ။ ရင်ခုန်စရာလည်း မရှိ။ ရေနံဌာနက ဆရာတွေကလည်း ယောက်ျားတွေချည်းပဲ။ မိန်းမ ကျောင်းဆရာမ တစ်ယောက်မှ မရှိ။ အတန်းထဲကကောင်တွေကတော့ လွတ်လပ်နေတယ်။ ဆရာတွေကလည်း ယောက်ျားတွေချည်းပဲ သင်ရတဲ့အတန်းဆိုတော့ ပေါ့ပေါ့ပါးပါးပဲ။ ခပ်ပါးပါးပဲပေါ့။

ဒါပေမယ့် တချို့ ဘာသာရပ် တွေကိုတော့ ကွန်ပေါင်းတန်းမှာ သွားတက်ရမယ်။ ဥပမာ … အင်္ဂလိပ်စာ၊ ပုံဆွဲနဲ့ တချို့ ဘာသာရပ်တွေ။ ဘာသာရပ်တွေကလည်း များလိုက်တာ (၉) ဘာသာလောက်ရှိတယ်။ ခေါင်းထဲမှာ မဆန့်မပြဲ။ ဒုက္ခတွေတော့ ပေးပြီ ထင်တယ်။ တွက်စာ၊ ကျက်စာ၊ မှတ်စာ….။ အို … စုံလို့။

ဒါပေမယ့် ကွန်ပေါင်းတန်းမှာ သွားတက်ရရင်တော့ ပျော်တယ်။ သွားတက်ရတဲ့ တခြားမေဂျာအတန်းတွေက ကျောင်းသူတွေလည်း ရှိတယ်။ ရေနံမေဂျာကိုတော့ တစ်ကျောင်းလုံးက မုဆိုးဖို မေဂျာလို့ ခေါ်တယ်။ ယောက်ျားတွေချည်းပဲ ရှိလို့။

ကျောင်းသားသစ်ကြိုဆိုပွဲလုပ်တော့ အတန်းထဲက အတန်းသားတစ်ယောက်ရှိတယ်။ သူ့နာမည်က အဲရစ်။ လူကောင်က ထွားထွား၊ ခပ်ကြီးကြီး။ သူက ဦးဆောင်တယ်။ သူက တို့ယောက်ျား တွေချည်းပဲဆိုတော့၊ တခြားလည်း လုပ်မနေတော့နဲ့ကွာ။ အိမ်ရှေ့မင်းထန်းတောမှာ သွားလုပ်ကြမယ်။ ဘယ်လို လဲ သဘောတူကြရဲ့လား။ တခြားကောင်တွေက ဝင်ပြောတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ ကျနော်က ဝင်လည်း မပြော၊ ခပ်လှမ်းလှမ်းနေပဲ နားထောင်နေတယ်။ တချို့ကလည်း ဘာပေါ့၊ ညာပေါ့။ အတန်းထဲမှာ ခပ်နွဲ့နွဲ့ကောင် (၂) ကောင်ပါတယ်။ ဒီကောင်တွေကလည်း နောက်ဆုံး ကျနော့် သူငယ်ချင်း ဖြစ်လာကြတာပဲ။ သူတို့တွေကို ကွင်း (Queen) ပေးကြမလား။ ဒုက္ခတွေတော့ ဖြစ်ကုန်တော့မှာပဲ။

ဒါပေမယ့် ကျောင်းသားသစ် ကြိုဆိုပွဲကို ကျနော် ကျသင့်ငွေလည်း မထည့်ပါ။ တက်လည်း မတက်ပါ။ ကျနော်က မပျော်တတ်ဘူး၊ မပါးတတ် ဘူး၊ ထန်းတောမှာလည်း မသောက်တတ်ဘူးလေ။ အဲဒါက အပေါ်ယံ အကြောင်းပြချက်။ အဓိကကတော့ ကျနော့်မှာ ပိုက်ဆံမရှိဘူး။ တက္ကသိုလ်တက်ဖို့ မဖြစ်မနေ သုံးရန် ကျောင်းစရိတ်မှ အပ၊ အပိုဆာဒါး ပျော်ပွဲရွှင်ပွဲ အတွက် ကျနော် ပိုက်ဆံ မသုံးနိုင်ဘူး၊ မသုံးချင်ဘူးလေ။ အမေ့ကိုတော့ ကျောင်းက ဘာပွဲအတွက် ဘာကြေး ညာကြေးဆိုပြီး ချော့တောင်းရင် အမေ့မရှိမဲ့ ရှိမဲ့ ငွေလေးထဲက ပေးမှာ ကျနော် သိသားပဲ။ ဒါပေမယ့် ကျနော် အမေ့ကို အဲသည်လို မတောင်းချင်ဘူးလေ။ ပြီးတော့ ကျနော့် နေ့စဉ် ကျောင်းစာရိတ်က ရှိတယ်။ တစ်ရက်ကို ငွေ (၅၀၀) ကျပ်လောက်တော့ အမေ ပေးရတယ်။ ပထမနှစ်ကျောင်းသားဘဝမှာ ကျနော် ကျောင်းကို ဆိုင်ကယ်နဲ့ မသွားနိုင်ဘူး။ အိမ်မှာ ကျနော့်အတွက် ဆိုင်ကယ်လည်း မရှိဘူး။ မလှလှငြိမ်း အကျ မိကျောင်း စက်ဘီးအဟောင်းလေး ရှိတယ်။ အဲဒါနဲ့ ကျနော် သွားရတယ်။

⦿ ကျောင်းသွား ၊ ကျောင်းပြန်

တက္ကသိုလ်နဲ့ အိမ်နဲ့က သိပ်ဝေးတယ်။ ကျနော် မနက် (၆) နာရီလောက် ထရတယ်။ ရှိတဲ့ ထမင်းနဲ့ ထမင်းချိုင့် ထုတ်ရတယ်။ တခါတရံလည်း ကြက်ဥကြော်နဲ့ပေါ့။ တခါတရံလည်း လက်ဖက်သုတ်နဲ့ ထုပ်သွားရတယ်။ တခါတရံလည်း မနေ့က ချက်ထားတဲ့ ဝက်သားဟင်း၊ အမဲသားဟင်း စသည်ဖြင့် ပါနိုင်တယ်။ အရွက်ကြော် တစ်ခွက်ကတော့ ထည့်ဖြစ်အောင် ထည့်တယ်။ ပဲပြုတ်ကလေး သုပ်ထားတာ ပါချင်ပါတယ်။ ဟင်းရည်တော့ မထည့်နိုင်ဘူး။ ချည်ရည်ဟင်းလည်း မထည့်နိုင်ဘူး။ စက်ဘီးရှေ့ခြင်းထဲမှာ ထည့်သွားရင် ဖိတ်တယ်လေ။ ဒီတော့ အရည်ကို ရှောင်တယ်။ မနက် (၆) နာရီ စောစောထက်။ ခြေလက် သန့်စင်။ အိမ်သာတက်။ အပေါ့အပါး သွား။ ကျောင်း ယူနီဖောင်းလဲပေါ့။ စတီးချိုင့် သုံးဆင့်ချိုင့်ကို ဆွဲ။ စက်ဘီးရှေ့ခြင်းထဲ ထည့်ပြီး၊ မန္တလေး နန်းရှေ့ (၁၉) လမ်းမြို့ပေါက်အထိ နင်း။

  • – အိမ်ကနေ လမ်းထိပ်။
  • – လမ်းထိပ်ကနေ ကြည်ကုန်းကွေ့။
  • – ကြည်ကုန်းကွေ့ကနေ ကန်လယ်လမ်းကြီးကို ဖြတ်။
  • – ကန်လယ်ကျော်ရင်၊ ရေနီမြောင်း ရောက်ပြီ။
  • – ရေနီမြောင်းကနေ နန်းရှေ့။
  • – နန်းရှေ့ကနေ မြို့ပေါက် (၁၉) လမ်းထိပ်ရောက်။
  • – နန်းရှေ့ မြို့ပေါက် (၁၉) လမ်းထိပ်ရောက်တော့ (၈) နာရီ မတ်တင်းလောက် ရှိနေပြီ။

အဲသည့်မှာ မီးပွိုင့်ရှိတယ်။ မော်တော်ယာဉ်ထိန်းကင်းတဲလိုလို ရှိတယ်။ အဲသည့်နံဘေးမှာ စက်ဘီးကို ရပ်။ သော့ခတ်။ ကျနော့် စက်ဘီးလိုပဲ တခြားသော စက်ဘီးအနည်းငယ်လည်း ရှိတယ်။ မော်တော်ယာဉ်ထိန်းကင်း တဲ နံဘေးဆိုတော့ သူခိုး မခိုးဘူး။ စက်ဘီးကို ငွေပေးအပ်စရာလည်း မလိုဘူး။ အလကား ထားထား။ ဒီတော့ ၆၆ လမ်းကနေ မောင်းနှင်လာတဲ့ မဆလခေတ်ကျန် ချက်(စ်)ပလက်ကားအိုကြီးကို စောင့်။ ကျုံး အရှေ့တောင်ထောင့် ၆၆ လမ်းကနေ ခပ်မှန်မှန် မောင်းနှင်လာတဲ့ ချက်(စ်)ပလက် နက်ပြာရောင်ကားအိုကြီးက အိပဲ့ အိပဲ့နဲ့ ရောက်လာ။ ကျနော်လိုပဲ ပုသိမ်ကြီးက စက်ဘီးနဲ့ ကျောင်းတက်တဲ့ ကောင်မလေး၊ တစ်ယောက် နှစ်ယောက်လောက်လည်း ရှိတယ် ထင်ပါ့။ တချို့လည်း နန်းရှေ့က ဖြစ်မယ်။ သူတို့ကလည်း ပလက်ဖောင်း ပေါ်မှာ ခပ်လှမ်းလှမ်းမှာ ကျောင်း ဖယ်ရီစောင့်။ ဒီလိုနဲ့ မန္တလေးတောင်ခြေကို ဖြတ်ပြီးတော့ အိုးဘိုအရပ်က နည်းပညာတက္ကသိုလ်ကို ကျနော်တို့ရောက်သွား။ ဖယ်ရီစီးခက တစ်ကြောင်းကို (၁၅၀) ပေးရတယ်။ အသွား အပြန်ဆိုတော့ (၃၀၀)။ လက်ထဲမှာ အမေပေးလိုက်တဲ့ မုန့်ဖိုး (၅၀၀) က၊ (၂၀၀) ကျန်တယ်။ မသုံးဘဲနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထား။ လိုတာသုံးဖို့။

သို့တည်းမဟုတ် လမ်းမှာ စက်ဘီးပေါက်ရင် ဖာဖို့။ တက္ကသိုလ် ကဲန်တင်းကိုတော့ မသွားနိုင်ဘူး။

ပုံစာ — ကျနော် တက်ခဲ့တဲ့ နည်းပညာတက္ကသိုလ် (မန္တလေး) ရဲ့ ကျောင်းဆောင်မကြီး။ ဒီဓာတ်ပုံ ရိုက်တဲ့သူကို credit ပေးပါတယ်။

ဒီစာအုပ်ကို ကျနော် ရေးသားနေဆဲဖြစ်ပါတယ်။ ပထမပိုင်းကို တင်ပေးထားလိုက်ပါတယ်။

မင်းသေ့

၂၇ ၊ ဇူလိုင် ၊ ၂၀၂၃။

Previous post လွတ်လပ်ခွင့်မရှိတဲ့ တိုင်းပြည် ပြိုကွဲပါစေ
Next post ⦿ အခြေအနေရဲ့ စေစားခံ မဖြစ်စေနဲ့