လွတ်လပ်ခွင့်မရှိတဲ့ တိုင်းပြည် ပြိုကွဲပါစေ

လွတ်လပ်ခွင့် မရှိတဲ့ မြန်မာပြည် ကြိုက်သလောက် ပဲ့။
ကြိုဆိုစွာ လက်ခံမယ်။

ပဲ့တဲ့အပိုင်းတွေ၊
ပဲ့တဲ့နယ်မြေတွေကတော့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတို့ ပါလာရမယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းတွေ ပါလာရမယ်။

လွတ်လပ်ခွင့်နဲ့ တရားမျှတမှု မရှိတဲ့ မြေပုံကို ခွဲပစ်လည်း ထူးပြီး နှမြောစရာ မရှိဘူး။

_______________________________

မြန်မာပြည်ကို ချစ်သလား။ ဒီလို မေးရင် မြန်မာပြည်ကို မချစ်ဘူး။ မြန်မာပြည်ထဲက လူထုကို ချစ်တယ်လို့ ပြောမယ်။ ဒါက ဘာကွာလို့လဲ။ ကွာတာပေါ့။ ကွာတာပေါ့။

နိုင်ငံရေးသိပ္ပံမှာ နိုင်ငံဆိုတာကို နယ်မြေ ရှိခြင်း၊ လူဦးရေရှိခြင်းဆိုတာနဲ့ တိုင်းတာတယ်လေ။ မြေဆိုတဲ့ လူရှိလို့ တန်ဖိုးရယ်လို့ ဖြစ်လာတာ။ နိုင်ငံဆိုတဲ့စိတ်၊ တိုင်းပြည်ဆိုတဲ့စိတ်ဆိုတာကလည်း မြေပေါ်မှာ ရှိနေတဲ့ လူကို အခြေခံပြီး စွဲကပ်ဖြစ်တည်လာတာမျိုး။ ဒီတော့ မြေနဲ့ လူလို့ ပြောရင် မြေက အခြေခံ၊ လူက အခရာ။ အခြေခံကလည်း အရေးကြီးတယ်။ လူကလည်း အရေးကြီးတယ်။ ဒါပေမယ့် အခြေခံနဲ့ အခရာ — ဒီနှစ်ခုထဲက တစ်ခုကို ရွေးလို့ ပြောရင် အခရာကိုပဲ ရွေးမယ်။ အခြေခံဖြစ်တဲ့ မြေကို မရွေးဘူး။ မြေဆိုတဲ့အပေါ်မှာ နယ်နိမိတ်တွေက ရွေ့နေတာ၊ ပြောင်းနေတာ။ သမိုင်းကို ကြည့်လိုက်ရင် နယ်နိမိတ်မျဉ်းတွေ အမြောက်အမြား ရွေ့လျား ပြောင်းလဲခဲ့တာကို တွေ့နိုင်တယ်။ ဒီတော့ မြန်မာပြည်မြေပုံကို ဖက်တွယ်ပြီး ချစ်တဲ့အထဲမှာ ကျနော် မပါဘူး။ အရင်တုန်းကတော့ ဒါကို သီးသန့် မစဉ်းစားဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒါကို သေချာ စဉ်းစားတယ်။ မြန်မာပြည်မြေပုံထက် ပိုပြီး အရေးကြီးတာ ရှိတယ်။ အဲဒါကတော့ လူထု။ ပြည်သူလူထုပဲ။

ပြည်သူလူထုဟာ မြေပုံထက် ပိုပြီး အရေးကြီးတယ်။ ဒီတော့ ကျနော့် နိုင်ငံရေးစိတ်မှာ မြေပုံကို ခွာပြီး ကြည့်နိုင်သွားတယ်။‌ မြေပုံဆိုတာ အရေးမကြီးဘူး။ မြေပုံရဲ့ ပုံသဏ္ဍာန် ဘယ်လို ဖြစ်ဖြစ် ကျနော့်အတွက် အရေးမကြီးဘူး။ နယ်နိမိတ်မျဉ်းတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော့်အတွက် အရေးမကြီးဘူး။ ကျနော့်အတွက်အရေးကြီးတာက — ဘယ်နယ်နိမိတ်ထဲမှာပဲ ဘယ်လို နေထိုင်သည်ဖြစ်စေ — အဲသည့်လူထုက လွတ်လပ်ခွင့်ရစေရမယ်၊ လူ့အခွင့်အရေး ပြည့်ပြည့်ဝဝ ရှိစေရမယ်၊ တရားမျှတမှု ပြည့်ပြည့်ဝဝ ရစေရမယ်။ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကသာလျှင် အဓိက အခရာပဲ။ လူမှာ လွတ်လပ်ခွင့်၊ လူမှာ လူ့အခွင့်အရေး၊ လူမှာ တရားမျှတမှု …။ ဒီအချက်တွေကသာလျှင် အရေးအကြီးဆုံးဖြစ်တယ်။

သူ့ဘာသူ နယ်နိမိတ်မျဉ်းတွေ ကြိုက်သလောက်ပြောင်းပါစေ။ ကိစ္စ မရှိဘူး။ အုပ်ချုပ်ရေး မျဉ်းတွေလည်း ကြိုက်သလို ရွေ့ပါစေ။ ကိစ္စ မရှိဘူး။ မြေပုံအသစ်တွေ ပေါ်ထွန်းချင်ရင်လည်း ပေါ်ထွန်းပါစေ။ ကိစ္စ မရှိဘူး။ နိုင်ငံသစ်တွေ ပေါ်လာရင်လည်း ပျော်ပျော်ကြီး ကြိုဆိုမှာပါပဲ။ ဒါပေမယ့် ကိစ္စ ရှိတာကတော့ ရှိတယ်။ အဲဒါကတော့ လွတ်လပ်ခွင့်အတွက် အာမခံချက်ရှိစေရမယ်။ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ရမယ်။ လူ့အခွင့်အရေးကို လေးစားတဲ့ ဝန်းကျင်မျိုးဖြစ်ရမယ်။ ဒီသုံးချက်သာ ပြည့်စုံမယ်ဆိုရင် — မြေပုံကို စွန့်နိုင်တယ်။ လက်ရှိ မြန်မာပြည် နယ်နိမိတ်မျဉ်းကို အတွင်းရော အပြင်ရော ကြိုက်သလို ပြောင်းပါစေ။ မကန့်ကွက်ဘူး။

အကယ်၍ လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို ဆောင်ကြဉ်းနိုင်ဖို့အတွက် အာဏာရှင်တွေရဲ့ ထိန်းချုပ်မှုထဲက မြေပုံကို ဖဲ့ယူမယ်ဆိုရင် ဝမ်းမြောက်စွာ ကြိုဆိုမှာပါ။ ဒါ့ကြောင့် ဒီ့နောက်ပိုင်း ကျနော့်ရဲ့ နိုင်ငံရေးစိတ်မှာ — ခွဲထွက်ရေးဝါဒီ ကဲ့သို့ သဘောထားတွေ ပြလာတာ တွေ့ရမှာပါ။ ဟုတ်ပါတယ်။ ကျနော်က ခွဲထွက်ရေးကို အကြောင်းမဲ့ အားပေးတာ မဟုတ်ဘူး။

လွတ်လပ်ခွင့်မှ မရှိရင် မြေပုံကိုလည်း ဖက်တွယ်ထားစရာ မလိုဘူး။
ပြည်ထောင်စုစတိုရီကိုလည်း ယုံမှတ်စရာ ဘာအကြောင်းမှ မရှိဘူး။
နယ်နိမိတ်အပြောင်းအလဲကိုလည်း ဘာလို့ တွန့်ဆုတ်နေရမှာလဲ။

ကျနော့်အတွက် လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးသည်သာလျှင် အခရာဖြစ်တယ်။ လူထုအတွက် ဒါကသာလျှင် လက်တွေ့ အကျိုးခံစားခွင့်ဖြစ်တယ်။ မြေပုံတို့ ၊ နယ်နိမိတ်တို့၊ ပြည်ထောင်စုတို့ဆိုတာ ဖုတ်စားသုပ်စားလို့ရတာမှ မဟုတ်တာ။ ဘာသာရေးလို မှိုင်းထည့်ပြီး ဂျင်းထည့်ထားကို ငါတို့ ယုံလို့ ဒုက္ခရောက်နေရတာလို့ပဲ တွက်တယ်။

လွတ်လပ်ခွင့် မရှိတဲ့ မြန်မာပြည် ကြိုက်သလောက် ပဲ့။
ကြိုဆိုစွာ လက်ခံမယ်။

ပဲ့တဲ့အပိုင်းတွေ၊
ပဲ့တဲ့နယ်မြေတွေကတော့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတို့ ပါလာရမယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းတွေ ပါလာရမယ်။

လွတ်လပ်ခွင့်နဲ့ တရားမျှတမှု မရှိတဲ့ မြေပုံကို ခွဲပစ်လည်း ထူးပြီး နှမြောစရာ မရှိဘူး။

မင်းသေ့
နေ့လယ် ၁၂း၀၂
၂၅ ၊ ဇူလိုင်၊ ၂၀၂၃။

Previous post ဒေါ်အောင်ဆန်းစုကြည် နဲ့ လူထုဆက်သွယ်ခွင့်
Next post ၁၉၉၁ – ကိုယ်ရေးအတ္ထုပ္ပတ္တိ