⦿ ဒုတိယမျက်နှာ – (ဝတ္ထုတို)

ပြေးလွှားနေတဲ့ ဘီးလုံးတွေကြားမှာ၊ ကျနော်ဟာ ဘီးဂွေတစ်ခုလို။ လေပွေတွေကြားထဲမှာ ကျနော်ဟာ သစ်ရွက်ခြောက်လို။ ခုန်ပေါက်နေတဲ့ ကလပ်ထဲမှာ အနင်းခံရတဲ့ ဖိနပ်လို။ အဲဒါဟာ ဘယ်လို ခံစားရမလဲ ကြည့်။ ကျနော်ကတော့ မခံစားချင်ပါဘူး။ ခံစားချက်မဲ့တာ ကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် စာရေးဆရာတစ်ယောက်ဟာ ခံစားချက်နဲ့ စာတွေကို ရေးတာပဲ။ ကျနော်က ဆောင်းပါးတွေ ရေးတယ်။ သူများတကာတွေက ထင်လိမ့်မယ်။ မင်းသေ့ တစ်ကောင်တော့ ဦးနှောက်တွေ သိပ်သုံးနေပြီလို့ ထင်လိမ့်မယ်။ မဟုတ်ဘူး။ နှလုံးသားကို သုံးနေတာ။ ဟင့်အင်း။ မဟုတ်ဘူး။ နှလုံးသားက အသုံးခံရတာ။

တခါတရံလည်း ကိုယ်က သုံးသလိုလိုနဲ့ ကိုယ်က အသုံးခံရတယ် မဟုတ်လား။ နှုတ်ခမ်းတွေ ကြားမှာ ငါဟာ သွားကြားညှပ်နေသလိုပဲကွာ။ တခါတရံ ဒီလို ငြီးတွားလိုက်မယ်။ မော်ဒန်စာပေကို ငါ မသိပါဘူး။ ဒါပေမယ့် မြို့ပြရဲ့ ဆိုးယုတ်တဲ့ဒဏ်ကို ငါ ကောင်းကောင်းကြီး သိတယ်။ သိပ်မကြာခင်မှာ ငါဟာ မြို့ပြရဲ့ ဖိအားကို ထပ်ခံရလိမ့်အုံးမယ်။ မြို့ပြရဲ့ ဖိအား ဘယ်လောက်ပဲ ပြင်းနေပါစေ၊ နှလုံးသားရဲ့ ဖိအားလောက် ဆိုးအုံးမလား။ ဂျူးက ရေမျောသီး ဝတ္ထုတိုကို ရေးတယ်။ ဒီမိန်းမ… စိတ်ကစဉ်ကလျား‌ ဖြစ်နေတဲ့ပုံပဲ။ သူ့ရဲ့စိတ်တွေက ဝေဝါးနေတယ်။ ဘာကိုမှ အလိုမကျဖြစ်နေတယ်။ သူ့ကိုယ်သူ ဝန်ခံဖို့လည်း မာနက တင်းခံနေတယ်။ ရေမျောသီး ဝတ္ထုကို ဖတ်ဖူးတယ် မဟုတ်လား။ တကယ်တော့ ကျနော်တို့ အတွေးစဉ်ဟာ အမြဲတမ်း လေပွေလို၊ သို့မဟုတ် လေပြေလို။ ကိုမျိုးကြီးရဲ့ လေပြေလား။ ဇော်ဝင်းထွဋ်ရဲ့ လေပြေလား။ ကျနော် မသိဘူး။ ကျနော်သိတာက သီချင်းတွေကို ရင်ဘတ်နဲ့ ဆိုတာက သိပ်ကို ပြင်းရှ ထက်သန်လွန်းတယ်ဆိုတာပဲ။

သီချင်းတွေထဲက ဒဿနကို ကျနော် မရှာတော့ပါဘူး။ သီချင်းတွေထဲမှာ ဦးနှောက်ကို နှစ်ထားရတာ မုန်းလှပြီ။ သီချင်းတွေထဲမှာ နှလုံးသားကိုပဲ နှစ်ထားတော့မယ်။ တချိန်မှာ ငါဟာ ကျော်ကြားတဲ့ တေးဆို တစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ မာန်ကနေလည်း မချတဲ့ကောင်။ ဒီလိုကောင်က စာရေးဆရာ လုပ်နေသတဲ့။ မူရာကာမိကို ငါ ကြားပဲ ကြားဖူးပါတယ်။ သူ့စာအုပ်တွေကို ငါ ကောက်ကိုင်ကြည့်ဖူးတယ်။ ဒါပေမယ့် ငါ မြည်းတောင် မကြည့်ဘူး။ ဘာလို့လဲ သိလား။ ငါ နားမလည်လို့။

တကယ်တော့ ဝတ္ထုတွေကို နှလုံးသားနဲ့ ဖတ်ရတယ်ဆိုတာ ငါမှ မသိဘဲ။ ဒီလို မသိတဲ့ကောင်က ဝတ္ထုရှည်ကြီး ရေးချင်သေးသတဲ့။ ဟုတ်တယ်လေ။ လူတွေရဲ့ နှလုံးသားကို ရိုက်ခတ်အောင် စာရေးခြင်းအတတ်နဲ့ လုပ်နေရတာ ငါ ပျော်လို့။ ဒီလို လုပ်နေတယ်။ ဒါကို ရာဇဝတ်မှုလို့ မင်းက သတ်မှတ်ချင်တာလား။ သတ်မှတ်ချင် သတ်မှတ်ပေါ့။ ငါကတော့ ငါ့ကမ္ဘာနဲ့ ငါ ပျော်နေတာပဲ။

လူ့ဘဝ သက်တမ်းက တိုတယ်လို့ ပြောတယ်။ ဒါကို ငါ မသိပါဘူး။ ဒါပေမယ့် မူးယစ်ဆေးဝါး တစ်ခုကို သုံးခဲ့တုန်းကတော့ — သီချင်းတစ်ပုဒ်ဟာ အင်မတန် ရှည်ကြာလွန်းတယ်လို့ ငါ ထင်ခဲ့ဖူးတယ်။ ထို့နောက် ငါ့စိတ်တွေ ကယောင်ကတမ်း ဖြစ်တယ်။ ဒါကို ငါ ကြောက်ခဲ့တယ်။ တကယ်တော့ ငါ ကြောက်တာ ငါ့ကိုငါ ကြောက်တာပါ။ ဆေးကို ငါ မကြောက်ပါဘူး။ ငါဟာ သိပ်ကြောက်စရာကောင်းတဲ့လူလို့ ငါ သိခဲ့သလို၊ ငါဟာ သိပ်ကို ရွံစရာကောင်းတဲ့လူလို့လည်း သိခဲ့တယ်။ ဒါဟာ ရိုးသားစွာ သိတာပါ။ ဒါ့ကြောင့်လည်း ဒါကို ငါ ချရေးရဲတာပေါ့။

စာပေသမားတစ်ယောက်ရဲ့ ရိုးစင်းမှုကို မင်း သိနားလည်ရဲ့လား။ စာရေးဖူးရုံနဲ့တော့ ဒါကို မသိနိုင်ဘူးနော်။ စာပေကို ရူးသွပ်စွာ ရေးသားဖူးမှသာလျှင် ဒီခံစားချက်ကို နားလည်နိုင်တယ်။ တချို့သောအရာတွေဟာ သင်ယူလို့ မရဘူးဆိုတာ ငါ သိတယ်။ တချို့သောအရာတွေကို သင်ပေးနိုင်တာက အတွေ့အကြုံတွေနဲ့ ဖြတ်သန်းမှုတွေကပဲ သင်ပေးနိုင်တာပါ။ တကယ်တော့ ငါဟာ အတ္တနဲ့ နေနေတာ။ ဒါပေမယ့် ပရဟိတစိတ်ရှိသလိုလို ဟန်ဆောင်နေတယ်။ မဟုတ်ပါဘူး။ ငါက အများအတွက်ဆိုတာထက် ကိုယ့်အတွက်ကို စဉ်းစားတာပါ။ ဘာလို့လဲဆိုတော့ ငါက သူရဲကောင်းမှ မဖြစ်ချင်ဘဲနဲ့။ ငါက အာဇာနည်လည်း မလုပ်ချင်ဘူးလေ။ အာဇာနည်ဆိုတာ ပြန်ဆိုတေးဘုရင်လို့ပဲ ငါ သိထားတယ်။ ငါလည်း ကာဗာသီချင်းတွေဆိုရင် ပြန်ဆိုတေးဘုရင် ဖြစ်နိုင်တာပဲ။ ဒါဆိုရင်တော့ အာဇာနည်လို့ မပေးတော့ဘူး။ အာခေါင်နီလို့ ပေးမယ်။ ဘာလို့လဲဆိုတော့ အသံကောင်းအောင် ငါ့ရဲ့ လေပြွန်ကို ကြမ်းရှစေဖို့ ၊ ငါက ကွမ်းတစ်ယာမကတော့ စားရလိမ့်မယ်။ ဒါဆိုရင်တော့ အာခေါင်တွေ နီတွတ်လာမှာ ကြိမ်းသေပဲ။

တချို့က ပြောတယ်။ ခင်ဗျား ဟာသစာရေးဆရာ လုပ်ပါ့လား…တဲ့။ မလုပ်ချင်ပါဘူး။ ဒီကောင်တွေ ထမင်းငတ်သွားမှာပေါ့။ စာပေနဲ့ ဟာသ မလုပ်တော့ပါဘူး။ ငါ့ဘဝကိုပဲ ဟာသဇာတ်ကောင်လို အသုံးတော်ခံလိုက်မယ်။ မကောင်းဘူးလား။ မကောင်းဘူးလား။ တချို့က အဲသည်လို ပြောရင် လက်ခုပ်ဝိုင်းတီးလိမ့်မယ်။ သိပ်ပြီး မတီးနဲ့ကွ။ အဲဒါက အချွန်နဲ့ မတာ။ အဆင်း ဘီးတပ်တာပဲ။

ဒါကို ချောက်တွန်းတာလို့ ခေါ်တယ်။ ဘယ်သူက ဘယ်လိုပဲ ချောက်တွန်း ချောက်တွန်း ငါဟာ ချောက်ထဲမှာ ရောက်နေပြီဆိုတာ မင်းမှ မသိဘဲ။ တကယ်တော့ ငါဟာ ချောက်ထဲက လူ။

ချောက်တွန်းချင်တဲ့ကောင်တွေ ကြိုက်သလောက်ရှိ။ ငါက မမှုဘူးလေ။ ဘာလို့လဲဆိုတော့ ချောက်ထဲက ကောင်ကိုး။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ မညီမျှမှုဟာ မိသားစုဆီကလည်း လာတာ မဟုတ်ဘူး။ နိုင်ငံရေးအခင်းအကျင်းကနေလည်း လာတာ မဟုတ်ဘူး။ ငါတို့ ကိုယ်တိုင်မှာ နှလုံးသွင်းမှု အားမကောင်းလို့။ ဗုဒ္ဓရဲ့ သွန်သင်ချက်တွေကို ငါ ဖတ်ပါတယ်။ ဒါပေမယ့် အဋ္ဌကထာဆရာတွေက သူတို့ အာဘော်တွေကို ညှပ်ထည့်ထားသလိုပဲ။ ပါဠိကို အတောင့်လိုက် ဖတ်ဖို့ကျတော့လည်း ဘာသာဗေဒမှာ ငါက သိပ်ကို ညံ့ဖျင်းတော့ မဖြစ်ချေဘူး။ ဘုန်းကြီးတွေ ဟောတဲ့တရားတွေထဲမှာလည်း ကိုယ်တိုင် မကျင့်ရသေးဘဲနဲ့ ဟောတဲ့ တရားတွေက ဘယ်လိုလုပ် ဓမ္မဖြစ်ပါတော့မလဲ။။ ခင်ဗျား စဉ်းစားကြည့်။ ဓမ္မဆိုတာ ပလ္လင်ပေါ်က ဘုန်းကြီးရဲ့ ပါးစပ်က ထွက်တာလား။

မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။

ဒီလိုပြောတော့ မင်းက ဓမ္မကို သိနားလည်လို့၊ ပြောနေတယ်လို့ ထင်မယ်။ မဟုတ်ပါဘူး။ ငါကိုယ်တိုင်က တရားလား မတရားလားဆိုတာ ငါ့ကိုယ်ငါ မသိဘူး။ ဒါပေမယ့် သိနားလည်သလောက် စာတွေ လျှောက်ရေးနေတာပဲ။ ဒါကိုလည်း အဟုတ်ကြီး ထင်နေတဲ့လူတွေ ရှိတယ်။ တကယ်တော့ ပရမတ္တသစ္စာကို မသိသေးသရွေ့၊ အဟုတ်ကြီးထင်နေတာတွေ သိပ်များနေမှာပဲ။ လောကီပညာမှာ အိုင်ဒေါဆိုတာဟာ တကယ်တော့ လောဘအတောင့်လိုက်နဲ့ ကောင်ကြီးပါ။ ဒါကို နားလည်သလား မသိဘူး။

စမ်းချောင်းလေးထဲမှာ သစ်ရွက်လေး မျောနေတယ်။ ဒါကို ဆယ်လမွန်ငါးလို့ တချို့က လီဇယ်အုံးမယ်။ ဟဲ ဟဲ ဟဲ…..။ တကယ်တော့ ဆယ်လမွန်ငါး မဟုတ်ပါဘူး။ သစ်ရွက်ခြောက်ပါ။ ရေထဲမှာ မျောနေတာ။ ဝဲနဲ့ တွေ့တော့ သူက လည်ထွက်နေတယ်လေ။ ကိုယ်ခံအား မကောင်းတဲ့အခါ ဆုံးဆုံး မြုပ်သွားရော။ ဒါကိုပဲ သူရဲကောင်းလို့ လူတွေက ချီးမြှောက်နေကြတယ်။ တကယ်တော့ သူရဲကောင်း မဟုတ်ဘူး။ အာဇာနည်လည်း မဟုတ်ဘူး။ ဝဲထဲမှာ မြုပ်ပြီး နစ်သွားတာ။ ဟဟဟ…..။

လောကကြီးကို အရွဲ့တိုက်ရတာ ပျော်နေတယ်ပေါ့။ ပျော်တာပေါ့။ ကလောင်နဲ့ ကျီစားရတာ ရင်ခုန်ဖို့ ကောင်းတယ်လေ။ လိင်ဆက်ဆံရတာထက် ပိုပြီး ရင်ခုန်ဖို့ ကောင်းချင် ကောင်းနေမှာ။ ဒါကိုတော့ ထပ်ပြီး ဆန်းစစ်ရအုံးမယ်။ ဟုတ်လား မဟုတ်လား မသိဘူး။ ဒါပေမယ့် လက်ပံပွင့်တွေ ကြွေတာဟာ ဇရက်တွေ ပွင့်ညှာကို ထိုးဆိတ်လို့တော့ မဟုတ်ဘူး။ ဒီကောင်တွေက အရက်သောက်ချင်တာ။ ဒီတော့ လက်ပံပင်ဆီ လာတယ်လေ။ တချို့ကများ ပြောသေးတယ်။ လက်ပံပင် ဇရက်ကျသလိုပဲတဲ့…..။ အင်မတန် ဆူညံနေတာ မင်းမှ မသိဘဲ။ တကယ်တော့ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဂျင်းပတ်ထည့်နေကြတာ။ အဲဒါ သိလား။ လူမှုသိပ္ပံ ဘာသာရပ်မှာ သင်ခဲ့ဖူးတယ်။ လူမှုတည်ဆောက်ပြုပြင်ဝါဒ…တဲ့။ တကယ်တော့ ဒါက constructivism ကို ပြောတာပါ။ လူမှုစည်းမျဉ်းတွေ၊ လူမှုမူဘောင်တွေနဲ့ လူမှုနှုန်းစံတွေကို တည်ဆောက်လို့ ရတယ်လေ။ တည်ဆောက်တာ ခိုင်ခံ့သွားရင်တော့ ဖြိုရခက်တယ်။ တကယ်တော့ နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်းပဲ။ အားလုံးက တည်ဆောက်ထားတာ။ တည်ဆောက်ထားတဲ့အရာတွေက ဖြိုလို့ ရတယ်လေ။ သဘာဝတရားကတော့ ဖြိုလို့ မရဘူး။ သဘာဝတရားနဲ့ အံဝင်ခွင်ကျ ဖြစ်သလား မဖြစ်ဘူးလားပဲ စဉ်းစား။ သဘာဝတရားကတော့ အမြဲတမ်း မဖောက်မပြန်သော အမှန်တရား ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မြသန်းတင့်က မောင်သစ်တည်ဆိုတဲ့ ကလောင်နာမည်နဲ့၊ ကဗျာရှည်တွေကို ဘာသာပြန်ခဲ့ဖူးတယ်။ တကယ်တော့ မြသန်းတင့်က ကိုယ်ပိုင်မူတွေကို ထွင်နိုင်ပါတယ်။ စာပေစိစစ်ရေးတင်းကြပ်လွန်းတဲ့ခေတ်မှာ၊ သူ ပြောချင်တဲ့ စကားတွေကို ဘာသာပြန်စာပေတွေနဲ့ ပြောသွားတဲ့ကောင်ပါ။ ငါကျတော့ စာပေစိစစ်ရေးကို ရှောင်တယ်။ အဲသည့်ကောင်တွေကို အယုံအကြည် မရှိပါဘူး။ နလပိန်းတုံးတွေရဲ့ စိစစ်မှုကို ခံရအောင် ငါက ဘာကောင်လဲ။ နလပိန်းတုံးထက် ညံ့ဖျင်းတဲ့ကောင်ဖြစ်သွားမှာပေါ့။ ဒါ့ကြောင့် ဒီကောင်တွေကို အထင်မကြီးဘူး။ အထင်ကြီးတဲ့ကောင်တွေကိုလည်း ငါက မကိုးကွယ်ပါဘူး။ ဒါပေမယ့် လူတွေက အထင်ကြီးရင် လေးစားမှုကို ကျော်ပြီး ကိုးကွယ်မှုထိ ရောက်တယ်။ ငါက မကိုးကွယ်ဘူး။ ဗုဒ္ဓကိုတောင် ငါက မရှိခိုးဘူး။ လေးစားလို့ ဦးညွှတ်တာပဲ ရှိတယ်။ ဒါကို လူတွေက ရှိခိုးတယ်လို့ ဆိုရင် အဲဒါဟာ လူမှုတည်ဆောက်ချက်ထဲမှာ ပိတ်မိနေတဲ့ကောင်လို့ ပြောမယ်။

လူဟာ ကိုယ့်ဘဝကို ကိုယ့်ဒဿနနဲ့ နေရတယ်ကွ။ တကယ်တော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းနေကြရတာ။ တစ်ဦးတစ်ယောက်တည်း မနေနိုင်ပါဘူး။ ရူးသွားမှာပေါ့။ အထူးသဖြင့် ထမင်းစားရင် အဖော်လိုတယ်။ အိပ်ရင်တော့ အမြဲတမ်း အဖော်မလိုပါဘူး။ တခါတရံပဲ လိုတယ်။ ဒါ့ကြောင့် ငါ မိန်းမယူရင် သူနဲ့ အခန်းခွဲအိပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် အခုတော့ မိန်းမမရသေးဘူး။ မယူချင်သေးတာလည်း ပါတယ်။ နှလုံးသားက ဘယ်တော့လိုအပ်မှာလဲလို့ မေးရတာလည်း မောနေပြီ။ တကယ်တော့ ကိုယ့်ဒုက္ခကိုယ်ရှာနေတဲ့ကောင်။ ဒါ့ကြောင့်လည်း စာပေနဲ့ နိုင်ငံရေးထဲ ရောက်လာတာပေါ့။ အခုတော့ မင်းဒုက္ခနဲ့ မင်း ဖြစ်နေပြီ။

မင်းသေ့
နံနက် ၁း၂၅
၂၆၊ ဇူလိုင်၊ ၂၀၂၃။

Previous post ⦿ ဒေါ်စုနိုင်ငံရေး ပြန်ပေါ်လာနိုင်သလား
Next post ဒေါ်အောင်ဆန်းစုကြည် နဲ့ လူထုဆက်သွယ်ခွင့်