ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေးအခင်းအကျင်းကို အကန့်အသတ်နဲ့ ထိတွေ့ခွင့်ရအောင် စစ်ကောင်စီက အခွင့်ပေးလာလိမ့်မယ်လို့ ယူဆရပါတယ်။ အခု လောလောဆယ် အခြေအနေမှာ၊ စစ်ကောင်စီ စိတ်ဝင်တစားစောင့်ကြည့်နေတာက — ဒေါ်အောင်ဆန်းစုကြည်အပေါ် တော်လှန်ရေးအင်အားစုက ဘယ်လို သဘောထားသလဲဆိုတာကို စောင့်ကြည့်နေဟန်တူတယ်။ ဒီလိုပဲ၊ ဒေါ်အောင်ဆန်းစုကြည်က အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်အင်အားစုအဖွဲ့တွေအပေါ် ဘယ်လို သဘောထားသလဲဆိုတာကို စစ်ကောင်စီက အလွန်အမင်း သိချင်ဟန်တူတယ်…လို့ ပြောနိုင်တယ်။

ဆွန်ဇူးရဲ့ စစ်ပညာကျမ်းမှာ — စစ်ဆိုတာ လှည့်ဖြားမှုအပေါ်မှာ အခြေခံတယ်…လို့ ပြောတယ်။ နောက် စစ်နဲ့ နိုင်ငံရေးကို အနက်ဖွင့်တဲ့ သဘောလည်း ရှိပါသေးတယ်။ စစ်ပွဲဆိုတာဟာ သွေးထွက်တဲ့နိုင်ငံရေး။ နိုင်ငံရေးဆိုတာကတော့ သွေးမထွက်တဲ့ စစ်ပွဲ…လို့ ပြောကြတယ်။ တကယ်တော့ စစ်မှာလည်း ပရိယာယ်ပါပဲ။ နိုင်ငံရေးမှာလည်း ပရိယာယ်ပါပဲ။ အားလုံးဟာ ပရိယာယ်ပေါ်မှာ အခြေခံပြီး လှည့်ဖြားနေကြတာ။ ဒီတော့ နိုင်ငံရေးအရ နှစ်ကွက် သုံးကွက်ကျော် မြင်နိုင်တဲ့သူက ပိုပြီး တစ်ပန်းသာမှာပါပဲ။

တကယ်တော့ ဒီပွဲရဲ့ political shaker က စစ်ကောင်စီဖြစ်နေတယ်။ စစ်ကောင်စီအနေနဲ့ လက်နက်အင်အားကို သုံးပြီးတော့ initiative role ကို ယူထားနိုင်တာလည်းပါတယ်။ ဒီတော့ သူချပေးတဲ့ ဖဲချပ်ကိုပဲ နင်းပြီး တုံ့ပြန်ရတဲ့ အနေအထားမှာ ရှိနေသေးတယ်။ အခုလည်း ပညာရှင်ပိုင်းတွေက Daw Suu Card ဆိုတာကို ခပ်တွင်တွင် ပြောနေကြတာ ကြားတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ပုလင်းထဲကို ပုရွက်ဆိတ် အနီနဲ့ အနက်တွေ စုပြုံထည့်ထားပြီး လှုပ်ကြည့်ဖို့ ကြိုးစားနေတယ်။ ပုလင်းကို လှုပ်သူဟာ စစ်ကောင်စီဖြစ်နေပါတယ်။ သူက ဒီအခန်းကဏ္ဍကိုလည်း ယူနိုင်အောင် ကြိုးစားထားပြီးပြီ။

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်တွေကို လွတ်လပ်စွာ ဖော်ထုတ်ပြောကြားခွင့် မရသေးပါဘူး။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကသာ လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် သူ့ရဲ့ သဘောထားအမြင်တွေကို ဖော်ထုတ်ပြောကြားခွင့်ရမယ်ဆိုရင်၊ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းဟာ အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးစိတ်လွန်ကဲတဲ့ နိုင်ငံရေးသမားတွေဟာ အလွန်အကျွံ စကားလုံးတွေကို အကန့်အသတ် မရှိ၊ အထိန်းအကွပ်မဲ့ ပြောခဲ့ကြတာက တစ်ပိုင်းဖြစ်ပါတယ်။ ဒီလို စလိုဂရမ် (Slogan) တွေကို ပရိုဂရမ်ကဲ့သို့ သဘောထားလို့ မရပါဘူး။ အခြေအနေအရ လူထုကြားထဲမှာ ကြွေးကြော်သံတွေနဲ့ လူထုလှိုင်းကို မောင်းတင်ခဲ့ရတာကိုက လူထုနိုင်ငံရေးရဲ့ သဘာဝဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့ ပေးတွေ့လိုက်တဲ့အခါမှာ၊ ဘယ်လို‌တွေ ဖြစ်လာမလဲဆိုတာ သိပ်ကို စိတ်ဝင်စားနေပါတယ်။ အစတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို သိပ်ထိတ်လန့်နေလို့၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ်ကနေ အပြီးဆွဲထုတ်သွားဖို့ စဉ်းစားချက်တွေ ရှိနေပေမယ့်၊ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ လက်ရှိ လက်နက်ကိုင်အုပ်စုသစ်တွေကို ရင်ဆိုင်ရတာက ဒေါ်အောင်ဆန်းစုကြည်ကို ရင်ဆိုင်ရတာကထက် ပိုပြီး အကျပ်အတည်းတွေ့နေပါတယ်။ ဒါ့ကြောင့်လည်း လက်နက်ကိုင်လုပ်ငန်းစဉ်ကြီးရဲ့ အာရုံနောက်မှုကို လျော့ချနိုင်ဖို့အတွက် “‌ဒေါ်စုနိုင်ငံရေး” ကို လမ်းစဖွင့်ပေးဖို့၊ ကြိုးစားကြည့်မယ်လို့ စဉ်းစားတာတွေ ရှိနေပါတယ်။

လက်နက်ကိုင်လမ်းစဉ်နဲ့ ဒေါ်စုနိုင်ငံရေးဟာ အညမညသဘောဖြစ်တည်လာမယ်လို့တော့ စစ်ကောင်စီက မယူဆပါဘူး။ တကယ်တော့ စစ်ကောင်စီလိုလားတာက — ဒေါ်စုနိုင်ငံရေးနဲ့ လက်နက်ကိုင်လမ်းစဉ်အကြား ပဋိပက္ခဖြစ်မှုကို လိုလားနေတာပါ။ ဒါဟာ စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ လိုလားချက်ပါ။ ဒီလိုလားချက်ဂွင်ထဲကို အဝင်မခံဘဲ၊ မိမိတို့ ဘက်က ဒေါ်စုနိုင်ငံရေး အပေါ် ဘယ်လို ပါးနပ်စွာ ချည်းကပ်ကြမလဲဆိုတာ သေချာပြင်ဆင်ထားဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ဖယ်ကြဉ်တဲ့စကားတွေ ပြောလာရင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တော်လှန်ပစ်မယ်…ဆိုတဲ့ စကားတွေ ရှိနေပါတယ်။ ဒါဟာ ကြားကောင်းသလိုလိုနဲ့ လက်တွေ့ မလုပ်နိုင်ပါဘူး။ လုပ်ရင်လည်း လုပ်တဲ့သူသာ လန်ကျသွားလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ – သူ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အမြဲတမ်း ပန်းပန်လျက်ပဲ ဖြစ်နေမှာပါ။

မင်းသေ့
နေ့လယ် ၁း၅၃
၂၆ ၊ ဇူလိုင် ၊ ၂၀၂၃။

Previous post ရက္ခိုင့်တော်လှန်ရေးဗျူဟာ
Next post ⦿ ဒုတိယမျက်နှာ – (ဝတ္ထုတို)