●───── ๑۩۩๑ ─────●

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိန့်ခွန်းပေါင်းချုပ်စာအုပ်ကို ဖတ်ပြီး၊ ပြောစရာ နည်းနည်း ရှိလာပါတယ်။ အင်တာဗျူးပါ ကောက်နုတ်ချက်တချို့ကို ဖော်ပြရင်း၊ ပြန်လည် အနက်ဖော်တဲ့သဘောလို့ ယူဆနိုင်ပါတယ်။

◼ ပထမ ကောက်နုတ်ချက်။။

⦿ “ဒါက သူများဆီက သွားတောင်းတာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် ယူတာပဲလေ။ ကျနော်တို့တော့ ကိုယ့်ပြည်နယ်ရဲ့ အချုပ်အခြာအာဏာ ကိုယ့်လက်ထဲမှာပဲ ထားရတာ ပိုကြိုက်တယ်။ ကျနော်တို့ကတော့ အခြေခံဥပဒေနဲ့ အညီ – ဝ – လိုမျိုး အာဏာခွဲဝေမှု မြင့်မားတဲ့ အခြေအနေကို ပိုသဘောကျတယ်။ ကျနော်တို့ ရက္ခိုင်ပြည်၊ ရက္ခိုင်သမိုင်း၊ ရက္ခိုင်လူမျိုး မျှော်လင့်ချက်နဲ့လည်း ပိုပြီး ဆီလျှော်တယ်လို့ ထင်တယ်။ ” (ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အင်တာဗျူး၊ ဧရာဝတီသတင်းဌာန၊ ၂၀၁၉ ဇန်နဝါရီ ၁၁)

ဗိုလ်ချုပ်ထွန်းမြတ်နိုင် အနေနဲ့ ရက္ခိုင်အမျိုးသားတော်လှန်ရေးကို ဦးဆောင်တဲ့ နေရာမှာ — တောင်းလို့ရတဲ့ လုပ်ပိုင်ခွင့် အာဏာမျိုးကို အလိုမရှိဘူးဆိုတာ သိသာပါတယ်။ အထူးသဖြင့် ရက္ခိုင်တွေရဲ့ အချုပ်အခြာအာဏာဟာ သမိုင်းအစဉ်အဆက် ကတည်းက ရှိထားပြီးသားဖြစ်တယ်။ ဒါကို သိမ်းပိုက်လုယူထားတဲ့ကောင်တွေ ရှိတယ်။ ဒီလူတွေဆီက ဘာမှ ပြန်တောင်းစရာ မလိုဘူး။ ကိုယ့်လုပ်ပိုင်ခွင့်ကို ကိုယ့်ဘာသာ တည်ဆောက်ယူတာပဲဖြစ်တယ်။ ကိုယ့်အချုပ်အခြာအာဏာကို ကိုယ့်ဘာသာ ပြန်လည် စုစည်းပြီး ရယူဖို့ပဲ ကြိုးစားတယ်…ဆိုတဲ့ အမြင်အယူအဆကိုတွေ့ရပါတယ်။ နောက်ထပ် စကားလုံးတစ်ခုကတော့ – ပြည်နယ်အချုပ်အခြာအာဏာဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ တကယ်တော့ အချုပ်အခြာအာဏာဆိုတာ နိုင်ငံအဆင့်မှာပဲ သုံးရတဲ့အမျိုးပါ။ များသောအားဖြင့် သာမန်ပြောရေးဆိုစဉ်မှာ၊ ပြည်နယ်လုပ်ပိုင်ခွင့်၊ ပြည်နယ်အစိုးရရဲ့ အာဏာ — စသည်ဖြင့် ဒီလောက်ပဲ ပြောကြပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၁၉ ဇန်နဝါရီလတုန်းက ပြုလုပ်တဲ့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြည်နယ်အချုပ်အခြာအာဏာဆိုတာကို ပြောပါတယ်။ တကယ်တော့ — ဒါဟာ နိုင်ငံရယ်လို့ နာမည်မတပ်ပေမယ့်၊ နိုင်ငံခြားရေးနဲ့ ငွေရေးကြေးရေးက လွဲလို့ ပြည်နယ်တွေ အရေးအရာအားလုံးကို ရက္ခိုင်တွေရဲ့ စီရင်ခွင့်အောက်မှာ အကုန် ထားလိုတယ်ဆိုတာကို ပြနေတာလို့ ယူဆရပါတယ်။ ဒီနေရာမှာ ထူးခြားတာက — အခြေခံဥပဒေနဲ့ အညီ ဆိုတာမျိုး ပြောတာတွေ့ရပါတယ်။ ဗမာနိုင်ငံရေးသမားတွေလို တခါလာလည်း အခြေခံဥပဒေ၊ တစ်ခါလာလည်း အခြေခံဥပဒေ။ ဒီလိုမျိုး ပြောနေတာမျိုး မဟုတ်ပါဘူး။ လက်ရှိ တည်ဆဲအခြေအနေကို အလွန်အမင်း မငြင်းဆန်ဘဲနဲ့ မိမိတို့ လိုချင်တဲ့အဆင့်အတန်းမျိုးကို အင်အားအခြေပြုတည်ဆောက်တာမျိုး လိုလားတယ်ဆိုတာ တွေ့ရတယ်။ အင်အားကို နောက်ခံမထားဘူးဆိုရင် မြန်မာစစ်တပ်က သူငယ်နှပ်စားလို ဆက်ဆံတာကို ရက္ခိုင်ခေါင်းဆောင်တွေ ကောင်းကောင်းကြီး သိနားလည်ထားဟန်တူပါတယ်။

တကယ်တော့ “ဝ” ဟာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ၊ သူ့ရဲ့ အချုပ်အခြာအာဏာကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်အင်အားနဲ့ တည်ဆောက်ထားလို့၊ “ဝ” က ရထားတာ၊ များတယ် / နည်းတယ်လို့ ဗဟိုအစိုးရဘက်က ပြောခွင့်မရှိပါ။ ပြောရင်လည်း လက်နက်နဲ့ စကားပြောကြတာဖြစ်လို့ နှစ်ဖက်အထိနာမယ်မဆိုတာ နားလည်ကြတယ်။ “ဝ” ကိုယ်၌ကလည်း — အင်အားကို နောက်ခံပြုပြီး သူ့အာဏာကို မြဲမြံစေတာမို့၊ ဒါဟာ လက်တွေ့နိုင်ငံရေးမှာ အင်အားနဲ့ အာဏာတည်ဆောက်ထားခြင်းဖြစ်တယ်ဆိုတာ နားလည်နိုင်တယ်။ ရက္ခိုင်ခေါင်းဆောင်တွေအနေနဲ့လည်း လက်နက်အင်အားမပါသော နိုင်ငံရေးနည်းလမ်းမျိုးမှာ၊ ရက္ခိုင်တွေ ချောင်ထိုးခံရနိုင်တယ်ဆိုတာ အတွေ့အကြုံ ဖြတ်သန်းမှုအရ သိနားလည်ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးအရ ကစားတဲ့အခါမှာ လက်နက်အင်အားကို pressure mechanism အနေနဲ့ သုံးတာဖြစ်ကြောင်း နားလည်နိုင်ပါတယ်။

◼ ဒုတိယကောက်နုတ်ချက်။။

⦿ “ကျနော်တို့ကတော့ နဂိုကတည်းက ကျနော်တို့ လူထုတွေ လိုလားတဲ့ ကျနော်တို့ လူထုအတွက် လိုအပ်နေတဲ့ အခွင့်အရေးတွေအတွက် မရရင် ရတဲ့ နည်းလမ်းနဲ့တော့ တိုက်ပွဲဝင်သွားမှာပဲ။ အကောင်းဆုံး နည်းလမ်းကတော့ နိုင်ငံရေးအရ ဖြေရှင်းတာပေါ့ဗျာ။ မရရင်လည်း ဆက်ပြီး တိုက်ပွဲဝင်မှာပေါ့…” (ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အင်တာဗျူး၊ ဒီမိုကရက်တစ်မြန်မာ့အသံ၊ ၂၀၁၆ မေ ၆)

ရက္ခိုင်အမျိုးသားတော်လှန်ရေးကို ရက္ခိုင့်တပ်တော်နဲ့ ဗဟိုပြု တည်ဆောက်ထားပေမယ့်၊ စစ်ရေးနည်းလမ်းထက် နိုင်ငံရေးနည်းလမ်းဟာ ပိုပြီး ကောင်းမွန်ကြောင်း ရက္ခိုင်ခေါင်းဆောင်တွေက နားလည်ထားကြပါတယ်။ စစ်ရေးနည်းလမ်းကို မလွှဲမရှောင်သာမှသာလျှင် သုံးစွဲမယ်ဆိုတဲ့ အယူအဆလည်း ရှိဟန်တူတယ်။ ရက္ခိုင်လူထုလိုအပ်တဲ့ အခွင့်အရေးတွေကို ရအောင် ယူတဲ့နေရာမှာ နည်းလမ်းတွေ အများကြီး ရှိနိုင်တယ်။ အကြမ်းဖျင်းအားဖြင့်တော့ အနုနည်းနဲ့ အကြမ်းနည်း နှစ်မျိုးခွဲနိုင်တယ်။ ရက္ခိုင်ခေါင်းဆောင်တွေအနေနဲ့ ဖြစ်နိုင်ရင်တော့ အနုနည်းနဲ့ပဲ ညင်ညင်သာသာနဲ့ ကိုယ့်အခွင့်အရေးကို ကိုယ် ရယူနိုင်တာကို အလိုရှိပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်က ဒီဘာသာစကားကို နားမလည်ဘူး။ ဒီတော့ ကောင်းဘွိုင်ကို ကောင်းဘွိုင်နားလည်တဲ့ ဘာသာစကားနဲ့ ပြောမှ ရမယ်လို့ ရက္ခိုင်ခေါင်းဆောင်တွေက ယူဆဟန်ရှိတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်နားလည်တဲ့ လက်နက်နဲ့ စကားပြောတာဖြစ်ပါတယ်။ ရက္ခိုင်တွေကို ကြည့်ရင် သိပ်ကို စစ်စရိုက်ဆန်တယ်လို့ ထင်ချင်စရာ ရှိပါတယ်။ တကယ်တော့ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေဟာ နိုင်ငံရေးအမြင်နဲ့ စစ်ရေးကို ဦးဆောင် ကွပ်ကဲနေတာ ဖြစ်ကြောင်း သိသာထင်ရှားပါတယ်။

◼ တတိယကောက်နုတ်ချက်။။

⦿ “မြန်မာနိုင်ငံမှာ တော်လှန်ရေးက နှစ်ပေါတကယ်ဆိုရင် တော်လှန်ရေးလုပ်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက တကယ်သူတို့ နှစ်ပေါင်း ၇၀ မတိုက်ပါဘူး။ သူတို့ အလုပ်မကြိုးစားဘူး။ ကျနော် သေချာ ပြောရဲတယ်။ ခဏနေ အပစ်ရပ်လိုက် လူကြီးတွေက ဝိုင်သောက်လိုက်နဲ့ ဇိမ်ခံနေကြတာများတယ်။ နှစ်ပေါင်း ၇၀၊ နှစ်ပေါင်း ၇၀ ဆိုပြီး စကားကို လွယ်လွယ်နဲ့ ပြောပြီး အချိန်ကာလတွေကို ပြဋ္ဌာန်းနေကြတယ်။ အောက်ခြေရဲဘော်တွေက လစာမရဘူး။ ဒုက္ခတွေခံပြီး သူတို့ဘဝအချိန်တွေကို လောင်ကျွမ်းပေးဆပ်နေရင်း အဘိုးကြီးတွေ ဖြစ်သွားကြတာများတယ်။ ” (ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် အင်တာဗျူး၊ ဧရာဝတီသတင်းဌာန၊ ၂၀၁၉ ဒီဇင်ဘာ ၁၇)

တော်လှန်ရေးကို အချိန်တိုတိုအတွင်းနဲ့ ရလဒ်ထွက်အောင် လုပ်ရင် လုပ်။ သို့မဟုတ်ရင် တော်လှန်ရေးဟာ စီးပွားရေး ဖြစ်သွားတတ်တယ်ဆိုတဲ့ စကားကို သွားပြီး သတိရပါတယ်။ ရက္ခိုင်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည် ၊ ပြည်တွင်းစစ်သမိုင်းရှည်ကြီးကို နောကြေထားတယ်ဆိုတာ သိသာပါတယ်။ အထူးသဖြင့် တော်လှန်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရင်း၊ အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ် (ceasefire capitalism) ဖြစ်ထွန်းလာတာကို သတိထားမိဟန်တူပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ အရင်းအနှီးကြီးတာကြောင့်၊ ဘဏ္ဍာငွေ လိုအပ်ချက်ရှိလာပါတယ်။ အဲသည့် လိုအပ်တဲ့ ဘဏ္ဍာငွေ လိုအပ်ချက်ကို ရှာဖွေရင်း အသက်ရှုပေါက်ချောင်လာပြီး ဇိမ်ခံချင်တဲ့အဆင့်ထိ တက်လာတဲ့ အတိတ်က တော်လှန်ရေးခေါင်းဆောင်တွေကို ကြည့်ပြီး သံဝေဂယူမိတယ်လို့ ပြောနိုင်ပါတယ်။

ဒါ့ကြောင့် ရက္ခိုင်တော်လှန်ရေးကတော့ ဒီလို မဖြစ်ရဘူးဆိုတဲ့ စိတ်နဲ့၊ အချိန်တိုအတွင်းမှာ ရက္ခိုင်တော်လှန်ရေးကို လက်တွေ့ကျကျ တွန်းတင်ဖို့ ကြိုးစားခဲ့တယ်လို့ ယူဆရပါတယ်။ တကယ်တော့ ရက္ခိုင့်တပ်တော် (အေအေ) ကို ဖွဲ့စည်းပြီး၊ ရက္ခိုင်အမျိုးသားတော်လှန်ရေးကို စတင်ခဲ့တာဟာ ဆယ်စုနှစ် တစ်ခုကျော်ကျော်လေးပဲ ရှိပါသေးတယ်။ ဒီလို အချိန်အတွင်းမှာ ရက္ခိုင်တော်လှန်ရေးရဲ့ ပေါက်ရောက်မှုဟာ စစ်အင်အားအရရော၊ လူထုထောက်ခံမှုအရအပါအဝင် နယ်မြေစိုးမိုးနိုင်မှုအရလည်း အရှိန်အဟုန်ကြီးမားလာတာဟာ သက်သေပဲဖြစ်ပါတယ်။ ဒီရလဒ်ကို ကြည့်ပါ။ ဒါဟာ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ကာယကံမြောက်အားထုတ်မှုဖြစ်ကြောင်း သက်သေဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့က စတင်ထူထောင်လိုက်တဲ့ ရက္ခိုင့်တပ်တော်အနေနဲ့ ယခုအချိန် (၁၄) နှစ်တာကာလအတွင်း ရက္ခိုင့်တော်လှန်ရေးကို ဦးဆောင်နိုင်မှုက — ရက္ခိုင်လူထုတွေအတွက် အောင်မှတ်အဆင့်ထက် ပိုလွန်နေတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့်လည်း လက်တွေ့ သက်သေပြုနိုင်တဲ့ တော်လှန်ရေးရလဒ်ကို ရက္ခိုင်လူထုက သိမ်းကြုံးထောက်ခံမှုပြုနေခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား…..။

မင်းသေ့
ညနေ ၄း၀၅
၂၆ ၊ ဇူလိုင်၊ ၂၀၂၃။

Previous post ခင်ဗျားမှာ အကြည်ဓာတ် ရှိရဲ့လား
Next post ⦿ ဒေါ်စုနိုင်ငံရေး ပြန်ပေါ်လာနိုင်သလား