လူတစ်ယောက်အဖို့ အထူးတလည် စဉ်းစားစရာ တချို့ ရှိနေတယ်။ ငါဟာ ငါ့ဘဝကို ဘယ်လို ဓာတ်တွေနဲ့ ထုံမွှမ်းထားသလဲ…. ဆိုတာ ခဏ ခဏ မေးနေဖို့ လိုတာပဲ။ ခဏ ခဏ စဉ်းစားခန်း ဖွင့်နေဖို့ လိုတာပဲ။ ကိုယ့်ပတ် ဝန်းကျင်မှာ ရှိတဲ့ ဓာတ်တွေက ဘာတွေလဲ။ ကိုယ့်အနီးနားလေးမှာ ရှိနေတဲ့  ဓာတ်တွေက ဘာတွေလဲ၊ ကိုယ့် ကိုယ်ထဲမှာ ကိုယ့်အတွေးထဲမှာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ကိန်းနေတဲ့ ဓာတ်တွေက ဘာတွေလဲ။ ဘယ်လို ဓာတ်မျိုးတွေက ကိုယ့်ကိုယ်ထဲကို စိမ့်ဝင်ပျံ့နှံ့နေသလဲဆိုတာ အရေးကြီးတယ်။ 

လူတစ်ယောက်ရဲ့ ဘဝကို ပြဋ္ဌာန်းတာ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပြဋ္ဌာန်းတာ — ဒါတွေဖြစ်တယ်လို့ ထင်တယ်။ ဓာတ်တွေ၊ ဓာတ်တွေ။ ကိုယ့်ဘဝထဲကို စီးဝင်နေတဲ့ ဓာတ်တွေဟာ ကိုယ့်ဘဝကို ဖန်တီးနေတာပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ဓာတ်တွေက ကိုယ့်ဘဝကို ဖန်တီးနေတာပဲ။ ကိုယ့်ကို ပြောတဲ့ စကားတွေမှာ – ဓာတ်တွေ ရှိတယ်။ ကိုယ်နားထောင်တဲ့ စကားတွေမှာလည်း ဓာတ်‌တွေ ရှိတယ်။ ကိုယ်ပြုမူလိုက်တဲ့ အပြုအမူ မှာလည်း ဓာတ်တွေ ရှိတယ်။ ကိုယ့်ကို ပြုမူလိုက်တဲ့ အပြုအမူတွေမှာလည်း ဓာတ်တွေ ရှိတယ်။ ကိုယ် လုပ်လိုက်တဲ့အလုပ်တွေမှာ ဓာတ်တွေ ရှိတယ်။ 

အခု ခင်ဗျား ဒီစာကို ဖတ်နေတယ်

အခု ကျနော် ရေးတဲ့စာမှာ – ဓာတ်တွေ ရှိတယ်။ အခု ခင်ဗျား ဒီစာကို ဖတ်နေတယ်။ ခင်ဗျား စဉ်းစားကြည့်၊ ဘယ်လိုဓာတ်မျိုးတွေ ဒီစာထဲမှာ တွေ့ရသလဲ။ ဒီစာကို ဖတ်နေရင်းနဲ့ ခင်ဗျား ကိုယ်ထဲမှာ ဘယ်လိုဓာတ်တွေ စီးဝင်နေသလဲ၊ ခင်ဗျားကိုယ်၌ကလည်း ဘယ်လိုဓာတ်မျိုးကို လက်ခံနေသလဲ။ 

ပတ်ဝန်းကျင်မှာ ခင်ဗျားရဲ့ စိတ်နဲ့ ဘဝကို ပြဋ္ဌာန်းစီရင်နေတဲ့ ဓာတ်တွေ ရှိပါတယ်။ ခင်ဗျား ဝတ်နေတဲ့ အဝတ် အစားမှာ ဓာတ်ရှိတယ်။ ခင်ဗျားသုံးတဲ့ ပစ္စည်းမှာ ဓာတ်ရှိတယ်။ ခင်ဗျားနေနေတဲ့ နေရာ၊ အဆောက်အအုံမှာ ဓာတ် ရှိတယ်။ အဲသည့်ဓာတ်အတိုင်း ခင်ဗျားရဲ့ စိတ်နဲ့ အတွေးအခေါ်က ဖြစ်လာတာပဲ။ တချို့က အေးဆေး တည်ငြိမ်တဲ့ ဓာတ်တွေကို သဘောကျတယ်။ ဒါ့ကြောင့် သူ့ပတ်ဝန်းကျင်မှာလည်း အေးဆေးတည်ငြိမ်တဲ့ ဓာတ် ကို ဆောင်တဲ့အရာတွေပဲ ရှိနေတယ်။ တချို့က ပြိုးပြိုးပြက်ပြက်တွေ ကြိုက်တယ်။ ဒါ့ကြောင့် သူ့ပတ်ဝန်းကျင် မှာ၊ ငြိမ်တာ အေးတာတွေကို မထားဘူး။ သူကိုယ်၌ကလည်း ဒီလို ပြိုးပြိုးပြက်ပြက်တွေ ကြားထဲမှာပဲ နေတယ်။ 

ဓာတ်အမျိုးမျိုး 

လောကထဲမှာ ဓာတ်သဘောတွေက အများကြီး ရှိတာပဲ။ တချို့လည်း အကုသိုလ်ဓာတ်တွေ သိပ်ကြီးတယ်။ သူ့ အပြောအဆိုနဲ့ သူ့အပြုအမူတွေကို ကြည့်လိုက်ရင် –  ဒေါသဖြစ်စရာ၊ လောဘဖြစ်စရာတွေပဲ ပါတယ်။ သူနဲ့ တွေ့လိုက်ရင် ဒေါသဖြစ်ရတာ၊ လောဘဖြစ်ရတာပဲ တွေ့ရတယ်။ အေးချမ်းတယ်၊ ငြိမ်းအေးတယ်ဆိုတာမျိုး မတွေ့ရဘူး၊ မခံစားရဘူး။ ဒါဟာ အကုသိုလ်ဓာတ်သိပ်ကြီးတဲ့လူတွေနဲ့ ထိတွေ့ရတဲ့အခါ ကိုယ်ပါ ခံစားလာရတဲ့ ဓာတ်ပဲ။ 

ကိုယ့်ပတ်ဝန်းကျင်က လူ၊ ကိုယ့်နံဘေးက လူက ကိုယ့်ရဲ့ ဓာတ်ကို ပုံသွင်းနေတယ်နော်။ ဒါကို သတိထားဖို့ လိုတယ်။ သတိမရှိရင်၊ သူ့မှာ ရှိတဲ့ ဓာတ်‌တွေ ကိုယ့်ဆီ ရောက်လာမှာ။ 

ကွန်ဖြူးရှပ်က ပြောဖူးတယ်။ 

  • ငါဟာ သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ရှိနေရင် 
  • သူတို့ဆီက တစ်စုံတစ်ခုကို အမြဲ သင်ယူနိုင်ခဲ့တယ်…တဲ့။ 
  • သူတို့ဆီက အမှားတွေကို ငါ့ကိုယ်ငါ သင်ခန်းစာယူဖို့အတွက် ငါ အသုံးချတယ်၊ 
  • သူတို့ဆီက ခွန်အားတွေကိုတော့ ငါ့ကိုယ်ငါ တည်ဆောက်ဖို့ အတုယူတယ်…တဲ့။ 

ကိုယ့်နံဘေးမှာ ရှိတဲ့လူ၊ ကိုယ်နဲ့ အမြဲ အလုပ်တွေ တွဲလုပ်နေရတဲ့လူ၊ ကိုယ့်နဲ့ မပြတ်တွေ့ထိနေရတဲ့သူတွေမှာ ဓာတ်တွေ ကိုယ်စီ ရှိနေတယ်နော်။ သူတို့ဆီမှာ ဘယ်လို ဓာတ်မျိုးတွေ များများ ကိန်းအောင်းနေသလဲဆိုတာ၊ ဆန်းစစ်သင့်တယ်။ အဲသည့်လူတွေကပဲ ကိုယ့်ဆီကို သူတို့ဆီက ဓာတ်တွေကို ကူးအောင် လုပ်နေတာ။ ဓာတ်ဆို တာတော့ — ကောင်းတဲ့ဓာတ် ရှိမယ်၊ မကောင်းတဲ့ဓာတ်လည်း ရှိလိမ့်မယ်။ ကွန်ဖြူးရှပ် ဟောကြားသလို၊ ကောင်းတဲ့ဓာတ်တွေကို ငါ့ကိုယ်ငါ တည်ဆောက်ဖို့ သူတို့ဆီက အတုယူမယ်၊ မကောင်းတဲ့ဓာတ်တွေကိုတော့ ငါ့ကိုယ်ငါ သင်ခန်းစာယူဖို့ အသုံးချမယ်… ဆိုတာမျိုး ဖြစ်သင့်တယ်။ 

ငါ့မှာ အကြည်ဓာတ် ရှိသလား 

ကိုယ်ဟာ ဘယ်လို ဓာတ်မျိုး ရှိနေတဲ့သူဆိုတာလည်း ဆန်းစစ်သင့်သေးတယ်။ တချို့ တွေ့ဖူးမယ်။ သူ့ကို ကြည့်လိုက်ရင် တစ်ခုခုတော့ ပူလောင်နေတာပဲ၊ တစ်ခုခုတော့ ဒုက္ခများနေတာပဲ။ သူ့မှာ တစ်ခုမဟုတ် တစ်ခု ငြိုငြင်စရာ ငြီးတွားစရာ ရှိနေတတ်တယ်။ အကြည်ဓာတ် မရှိဘူး။ သူ့စိတ်က မှောင်နေတော့၊ သူနဲ့ ပြောလိုက် ဆိုလိုက် တွေ့ထိဆက်ဆံလိုက်တဲ့အခါမှာ ကိုယ့်စိတ်ကလည်း ညစ်သွားတယ်၊ နွမ်းသွားတယ်၊ မောသွားတယ်၊ လေးသွားတယ်။ ဒါဟာ အကြည်ဓာတ်မဟုတ်ဘူး၊ အမှောင်ဓာတ်။ အမည်းဓာတ်။ 

အပူဓာတ်တွေ ရှိနေတဲ့ကောင် 

တချို့လည်း ရှိတယ်။ အမြဲတမ်း အပူတွေပဲ လာပေးနေတယ်။ အပူဓာတ်တွေ၊ အပူဓာတ်တွေ။ သူ့မှာ အပူဓာတ်ပဲ အမြဲ ကိန်းအောင်းနေတော့၊ သူနဲ့ ပြောလိုက် ဆိုလိုက် တွေ့ထိဆက်ဆံလိုက်တဲ့အခါ ကိုယ့်စိတ်ကလည်း ပူသွား တယ်၊ အေးမနေဘူး၊ ငြိမ်းချမ်းမနေဘူး၊ လောင်နေတယ်၊ အိုက်နေတယ်၊ ဆူပွက်နေတယ်။ အပူဓာတ်ရှိတဲ့သူတွေ နဲ့များများ တွေ့ထိဆက်ဆံတဲ့အခါမှာ ကိုယ့်စိတ်ကလည်း အေးမနေဘူး၊ ငြိမ်းမနေဘူး။ တည်ငြိမ်အေးချမ်းတယ် ဆိုတာ မရှိဘူး။ အမြဲတမ်း ပူလောင်နေတယ်။ ဒါဟာ ဒုက္ခအသိုင်းအဝန်းထဲက ဒုက္ခဓာတ်တွေပဲ။ အကြည်ဓာတ် မဟုတ်ဘူး၊ အအေးဓာတ် မဟုတ်ဘူး၊ အငြိမ်းဓာတ် မဟုတ်ဘူး။ 

မင်းသေ့ 

နံနက် ၆း၁၇ 

၁ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post စာရေးဆရာဘဝကို ဆန်းစစ်ခြင်း
Next post ရက္ခိုင့်တော်လှန်ရေးဗျူဟာ