ကိုယ့်အကြောင်းကို ကိုယ်ကြည့်တဲ့အခါ၊ တွေ့မိတာတွေ ရှိပါတယ်။ “ငါဟာ စာရေးခြင်းနဲ့ပဲ အသက်မွေးချင်တဲ့ သူ” ဆိုတာ တဖြည်းဖြည်း ပိုသေချာလာပါတယ်။ ရေးသားခြင်းအလုပ်ကို ခုံမင်တယ်၊ နှစ်ခြိုက်တယ်၊ ပျော်မွှေ့ တယ်။ လေ့လာအားထုတ်ရခြင်းကို သဘောကျတယ်၊ ကျေနပ်တယ်။ သိနားလည်အောင် လုပ်ရတာကိုက ကံကောင်းခြင်း ဆုလာဘ်တစ်ခုပဲလို့ မှတ်ထင်ပါတယ်။ လိုရင်းအလုပ်ကို တွေ့ရှိလာလေလေ၊ အပိုဆာဒါးတွေ အပေါ်မှာ ခုံမင်တပ်မက်မှု လျော့နည်းလာလေလေ ဖြစ်လာပါတယ်။ လုံးဝ မရှိဘူးလို့ မပြောပါ၊ ပါးလျလာတယ် လို့ ပြောချင်တာ ဖြစ်ပါတယ်။ 

ဘယ်လိုအရာတွေက အပိုဆာဒါးတွေလဲ။ 

  • လေ့လာခြင်း၊ ဆည်းပူးခြင်း၊ သင်ယူခြင်း၊ သင်ကြားခြင်း၊ ဖြန့်ချိခြင်း နဲ့ ရေးသားပြုစုခြင်း အလုပ်တွေနဲ့ မအပ်စပ်ဘဲ၊ ထင်ပေါ်ကျော်ဇောလိုတာ၊ ရာထူးအာဏာရလိုတာ၊ ငွေကြေးဥစ္စာချမ်းသာကြွယ်ဝချင်တာ.. စတဲ့ကိစ္စတွေဟာ၊ အပိုဆာဒါး အလုပ်တွေပါပဲ။ 

လူတွေဆိုတာ — လိုရင်းအနှစ်သာရထက် အပိုအကာတွေကို တွယ်ငြိတတ်တာ ထုံးစံ မဟုတ်လား။ လူတွေဆို တာ—  လိုရင်းအလုပ်ထက် အပိုဆာဒါးတွေ ပိုလုပ်မိတတ်ကြတာ ထုံးစံ မဟုတ်လား။ အဲသည့် ထုံးစံဆိုတာကို ချေဖျက်ဖို့ အတော်ကြိုးစားခဲ့ရပါတယ်။ လူ့စိတ်သဘာဝကိုယ်၌က — အသိအမှတ်ပြုခံရခြင်းနဲ့ လေးစား ယုံကြည်ခံရခြင်းတွေကို နှစ်ခြိုက်ပါတယ်၊ သဘောကျပါတယ်။ ဒီတော့ လူ့အဖွဲ့အစည်းအတွက် တကယ်အကျိုး ဖြစ်တာ / မဖြစ်တာကို မစဉ်းစားဘဲ — ဘယ်လိုအရာမျိုးက လူတွေ ပိုကြိုက်နိုင်တယ်၊ ဘယ်လိုအရာမျိုးက လူ့ အသိအမှတ်ပြုခံရမှုကို ပိုရနိုင်တယ် ဆိုတာကို စဉ်းစားပြီး လုပ်လာတတ်ပါတယ်။ တခါတရံ အမှားအမှန်ဟာ အများသဘောနဲ့ ထပ်တူမကျဘဲ၊ အများသဘော အမှားပေါတာတောင် ဖြစ်နေတတ်ပါတယ်။ အဲသည့်အခါ လူ့စရိုက်ကို လွန်ဆန်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့အခါ စွန့်စားရပါတယ်။ 

အထူးသဖြင့် အများနဲ့ မတူဘဲ လမ်းခွဲထွက်တဲ့အခါ စွန့်စားမှု ရှိပါတယ်။ အများနဲ့ တစ်ယောက်ဖြစ်လာတဲ့အခါ မှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ ပတ်ဝန်းကျင်မှာ အုပ်စုဖိအားကို တော်ရုံ လွန်ဆန်နိုင်ဖို့ ခဲယဉ်း ပါတယ်။ 

  • လူဟာ အမှန်ကို ပြောနိုင်ဖို့ စွန့်စားရပါတယ်။ 
  • လူဟာ ကိုယ့်အလုပ်ကို ပီပီပြင်ပြင် တစိုက်မတ်မတ် လုပ်နိုင်ဖို့ စွန့်စားရပါတယ်။ 
  • လူဟာ ကိုယ့်စိတ်ကူးအတိုင်း လွတ်လွတ်လပ်လပ် ဖန်တီးဖို့ စွန့်စားရပါတယ်။ 
  • လူဟာ ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ် ထုဆစ်ဖို့ စွန့်စားရပါတယ်။ 

လူအတော်များများကို ကြည့်ရင်၊ အများသဘောအတိုင်း နေနေကြတာများတယ်။ လူအများ ငါ့ကို ဘာထင်မလဲ.. လို့ ဦးတည်စဉ်းစားပြီး နေနေကြရတယ်။ ငါ့ကို လူအများက ဘယ်လို ပြောကြလိမ့်မယ်… လို့ စိုးရိမ်ပြီး ကိုယ် လုပ်ချင်တာနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို မလုပ်ဘဲ ကိုယ့်ကိုယ်ကို ဘောင်ခတ် သတ်ဖြတ်ပစ်လိုက်တော့တယ်။ ငါ လုပ်တဲ့အလုပ်ကို လူတွေက လက်ခံကြပါ့မလား… ဆိုတာလည်း စဉ်းစားတတ်ကြတယ်။ လူဟာ လူ့အသိုင်း အဝိုင်းနဲ့ နေတာဖြစ်လို့၊ လူဟာ အစုအဖွဲ့နဲ့ နေတတ်ကြရတာဖြစ်လို့ အများသဘောကိုလည်း လေ့လာဆန်းစစ် အကဲခတ်ရတာ သဘာဝကျပါတယ်။ ဒါဟာမှားယွင်းတယ်လို့ မပြောပါဘူး။ သို့သော်လည်း အစဉ်အမြဲ အများ သဘောကို လိုက်နေလို့ မရဘူး။ လူရယ်လို့ ဖြစ်လာရင် ကိုယ်ယုံကြည်တဲ့အရာနဲ့ ကိုယ်တွေ့ရှိထားတဲ့အမှန် တရားကို လွတ်လွတ်လပ်လပ် ပြောခွင့် လုပ်ခွင့်ရဖို့ လိုတယ် မဟုတ်လား။ 

အထူးသဖြင့် စာရေးဆရာတစ်ယောက်မှာ — အမှန်ကို ပြောပိုင်ခွင့် ပိုလိုတာပေါ့။ စာရေးဆရာ လုပ်နေတဲ့သူ ကလည်း — အမှန်ကို ပြောချင်စိတ်၊ အမှန်ကို ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ ပိုလိုတာပေါ့။ စာရေးဆရာ လုပ်နေပြီး ကိုယ်မြင် ထားတဲ့ အရှိတရားနဲ့ ကိုယ်တွေ့ရှိထားတဲ့ အမှန်တရားကို လူထုကို လွတ်လွတ်လပ်လပ် ထုတ်ဖော်မပြောဆိုနိုင် ရင် ဘယ်လိုလုပ် စာရေးဆရာ တာဝန် ကျေပါတော့မလဲ။ “သဘင်သည်” ဖြစ်သွားမှာပေါ့။ သဘင်သည်ကတော့ ပရိသတ်ကြိုက်အောင်သာ လုပ်တယ်၊ ပရိတ်သတ် သူ့ကို များများ ချစ်ဖို့သာ လုပ်ဆောင်တယ်။ ပရိသတ်များ များ ရှိလေလေ၊ သဘင်သည်အတွက် အကျိုးများလေပဲ။ စာရေးဆရာအတွက်ကတော့ လူအချစ်ခံရဖို့ မဟုတ်ဘူး။ လူအများ ချစ်အောင် တမင်တကာ လုပ်နေရတာမျိုး မဟုတ်ဘူး။ လူအများ အမှန်သိအောင်၊ လူများ ဆင်ခြင်တုံတရား မြင့်မားအောင်၊ လူများ နှလုံးသားပိုမိုကြီးမြတ်အောင် လုပ်ပေးရမှာ – စာရေးဆရာရဲ့ တာဝန်ပဲ။ ဒီတာဝန်တွေကို ထမ်းနေတဲ့ စာရေးဆရာဟာ — လူအများကို ဒီလို ရည်ရွယ်ပြီး လုပ်ရသလို၊ သူကိုယ်၌ကလည်း သူ့ကိုယ်သူ တစ်နေ့ထက် တစ်နေ့ ပို၍ အမှန်ကို သိနားလည်အောင်၊ တစ်နေ့ထက်တစ်နေ့ ပို၍ ဆင်ခြင်တုံတရား မြင့်မားအောင်၊ တစ်နေ့ထက် တစ်နေ့ ပို၍ နှလုံးသားကြီးမြတ်အောင် သူ့ကိုယ်သူ ကျင့်ကြံအားထုတ်နေရမှာ ဖြစ် တယ်။ သူကိုယ်တိုင်က အဲသည်လို မလုပ်ဘဲ၊ သူများတကာ နဲ့ အများလူထုကို အဲသည်လိုဖြစ်အောင် လုပ်ပေးလို့ မရဘူး။

စာရေးဆရာဟာ အမှန်နဲ့ တရားကို တွဲပြီး သိနားလည်ဖို့ သိပ်လိုတယ်။  

  • အမှန်တရား ရှိပေမယ့် အမှားတရား ဆိုတာ မရှိဘူး
  • အမှန်ကို တရားနဲ့ပဲ တွဲပြီး သုံးနှုန်းတယ်။ 
  • အမှားကို တရားဆိုတာနဲ့ တွဲပြီး မသုံးနှုန်းဘူး။ 
  • ဘာလို့လဲဆိုတော့ မှားတဲ့အရာတိုင်းက မတရားဘူး… မို့ပဲ။ 
  • မှန်တဲ့အရာတိုင်းက တရားသလို၊ တရားတဲ့အရာတိုင်းကလည်း မှန်တယ်။ 
  • အမှန်ဆိုတာကို တရားခြင်းနဲ့ပဲ တိုင်းတာတယ်။ 

ဒါကို လူ့အဖွဲ့အစည်းထဲမှာ ကျကျနန သိနားလည်ခံစားတတ်ဖို့ ၊ လူထုကို စာရေးဆရာက လုပ်ပေးရမယ့် တာဝန်ရှိတယ်။ သူဟာ စာပေပုံသဏ္ဍာန်အမျိုးမျိုးကို ရေးကောင်း ရေးနေလိမ့်မယ်။ သို့တည်းမဟုတ် စာပေပုံစံ တစ်မျိုးတည်းကိုပဲ တစ်သက်လုံးရေးချင် ရေးနေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် — စာရေးဆရာ ရေးသားတဲ့ စာပေမှာ — အမှန်နဲ့ တရားကို သိနားလည်ခြင်းနဲ့ လူသားပီသတဲ့ နှလုံးသားကြီးမြတ်ခြင်းတွေဖြစ်ဖို့ ထည့်သွင်း အားထုတ်ရတာပါပဲ။ 

မင်းသေ့ 

နံနက် ၅း၅၂ 

၁ ၊ စက်တင်ဘာ။ ၂၀၂၂။

Previous post တပ်အသိုင်းအဝိုင်းက ငြိုငြင်လာတဲ့ စစ်ခေါင်းဆောင်
Next post ခင်ဗျားမှာ အကြည်ဓာတ် ရှိရဲ့လား