တချို့ ကြုံဖူးကြမှာပါ။ အဲသည့်လူတစ်ယောက်နဲ့ တွေ့ရ ဆုံရတဲ့အခါမှာ ပျော်ရတယ်၊ ရွှင်ရတယ်၊ ကျေနပ်ရတယ်၊ အားရစရာလည်းကောင်းတယ်၊ နောက်ထပ် ဆုံချင်တွေ့ချင်စိတ်လည်း ဖြစ်တယ်။ နောက်ထပ် ဆုံတွေ့တိုင်းလည်း လှိုက်လှိုက်လှဲလှဲဖြစ်တယ်၊ ရင်းရင်းနှီးနှီးဖြစ်တယ်၊ သက်သောင့်သက်သာဖြစ်တယ်၊ စိတ်မှာလည်း ကြည်နူးကျေနပ်ဖွယ်ရာကောင်းတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုလူတစ်ယောက်ယောက်နဲ့ ဆုံဖူး ကြုံဖူးကြမှာပါ။ သို့မဟုတ် ကိုယ်ကိုယ်တိုင်က ဒီလိုဖြစ်တယ်လို့ ကိုယ့် သူငယ်ချင်း မိတ်ဆွေ တချို့ရဲ့ မှတ်ချက်ပေး ခံရဖူးသလား။ 

ကျနော်က ဒီလို ကိုယ်ရည်ကိုယ်သွေးမျိုး ရှိသူကို — နှစ်လိုဖွယ်ဖြစ်သူ လို့ ပြောချင်တယ်။ 

လူတိုင်းဟာ နှစ်လိုဖွယ် မဖြစ်ပါဘူး။ တချို့က လုပ်ငန်းခွင်မှာတော့ နှစ်လိုဖွယ်ဖြစ်ပေမယ့် မိသားစုအတွက်တော့ နှစ်လိုဖွယ် မဖြစ်ဘူး။ တချို့က ချစ်သူရည်းစားနဲ့ ဆုံရင်တော့ နှစ်လိုဖွယ်ဖြစ်ပေမယ့် သူငယ်ချင်း မိတ်ဆွေတွေအကြားမှာ နှစ်လိုဖွယ် မဖြစ်ပြန်ဘူး။ တချို့လည်း သူငယ်ချင်းတွေအကြားမှာ နှစ်လိုဖွယ်ဖြစ်ပေမယ့် မိသားစုအတွက်တော့ နှစ်လိုဖွယ် မဖြစ်ဘူး။ တချို့လည်း မိသားစုအတွက် နှစ်လိုဖွယ်ဖြစ်ပေမယ့် လုပ်ငန်းခွင်မှာ နှစ်လိုဖွယ် မဖြစ်ဘူး။ တချို့လည်း သူစိမ်းတွေအကြား နှစ်လိုဖွယ်ဖြစ်ပေမယ့် ကိုယ့်သွေးရင်းသားရင်းတွေကြားထဲမှာ နှစ်လိုဖွယ် မဖြစ်ဘူး။ 

နှစ်လိုဖွယ်ဖြစ်တယ်ဆိုတာ ဘာလဲ။ 

နေရာတိုင်း အချိန်တိုင်းမှာ နှစ်လိုဖွယ်ဖြစ်လို့ အဆင်ပြေနိုင်သလား။ 

နှစ်လိုဖွယ်ဖြစ်တယ်ဆိုတာ တမင် လုပ်ယူ ဟန်ဆောင် ပြုမူပြောဆိုနေရတာလား။ 

သို့တည်းမဟုတ် ကိုယ့်ရဲ့ ပင်ကိုယ်အပြုအမူ အပြောအဆိုကိုယ်၌က နှစ်လိုဖွယ်ဖြစ်နေတာလား။ 

လူမှုပေါင်းသင်းဆက်ဆံရေးမှာ တမင်လုပ်ယူတာတွေ များနေလေလေ၊ ကြာလာတဲ့အခါ အဆင်မပြေမှုတွေ ပိုတွေ့ရလေလေပါပဲ။ တမင် လုပ်ယူတာနဲ့ လေ့ကျင့်တည်ဆောက်ယူတာက တူသလိုလိုနဲ့ မတူပါဘူး။ လေ့ကျင့်တည်ဆောက်ယူတာလည်း လုပ်ယူတာပါပဲ။ သို့သော်လည်း ဒါက အတုယူတာ။ နမူနာယူပြီး အစစ်ဖြစ်အောင် လုပ်ယူတာ။ တမင်လုပ်ယူတာကျတော့ မရှိတာကို အရှိအထင်ခံရအောင် ဟန်ဆောင်တာ။ ဟန်ဆောင်ပြီး ဆက်ဆံတာတွေဟာ အစစ်အမှန် မဟုတ်လို့ အလုံးစုံ မဖုံးကွယ်နိုင်ပါဘူး။ တချိန်ကျတော့ ပေါ်တာပါပဲ။

လူ့ပတ်ဝန်းကျင်မှာ နေထိုင်ကျင်လည်နေတဲ့လူတစ်ယောက်ဟာ နှစ်လိုဖွယ်ဖြစ်သော ကိုယ်ရည်ကိုယ်သွေးတစ်ခု ပိုင်ဆိုင်ဖို့ သင့်ပါတယ်။ လူတစ်ယောက်မှာ နှစ်လိုဖွယ်အပြုအမူရှိတဲ့အခါ သူ့ပတ်ဝန်းကျင်ဟာ သက်သောင့်သက်သာဖြစ်တယ်၊ အဲသည်လိုလူရှိနေတဲ့ ပတ်ဝန်းကျင်ကလည်း နေပျော်စရာကောင်းတယ်။ တချို့ ဉာဉ်ဆိုးလေးတွေ ရှိနေတတ်တယ်။ ဒီလိုလူဟာ လူ့ပတ်ဝန်းကျင်ကို သက်သောင့်သက်သာ မဖြစ်စေဘူး။ ဒီလို ဉာဉ်ဆိုးတစ်ခုခု ရှိနေတဲ့သူဟာ လူ့ပတ်ဝန်းကျင်ကို သာယာပျော်ရွှင်ဖွယ်ရာဖြစ်အောင် လုပ်မပေးဘူး။ အနှောက်အယှက်ပေးတယ်၊ တခါတရံ ဒုက္ခပေးတယ်။ 

နှစ်လိုဖွယ်ဖြစ်သောလူတစ်ယောက်ဖြစ်ဖို့ လူအများအကြိုက် အမြဲ လိုက်လုပ်နေရမှာ မဟုတ်ဘူး။ ဘယ်လို လူဟာ နှစ်လိုဖွယ်ဖြစ်သလဲလို့ ပြောရင် ကိုယ့်မူကိုယ့်ဟန် ကျနပီပြင်တဲ့သူမှာ နှစ်လိုဖွယ်ရာဖြစ်တယ်။ ကိုယ့်ကြောင့် တပါးသူ ဒုက္ခမဖြစ်စေရဆိုတဲ့ မူကို လက်ကိုင်ထားပြီး လူမှုပေါင်းသင်းဆက်ဆံရေးကို လုပ်သူမှာ နှစ်လိုဖွယ်အပြုအမူတွေ ရှိနေတတ်တယ်။ ကိုယ့်ထက်သာသူကို တွေ့တဲ့အခါ မုဒိတာပွားနိုင်တဲ့စိတ်ရှိရင် သူ့မှာ နှစ်လိုဖွယ်အပြုအမူတွေ ရှိနေတတ်တယ်။ ကရုဏာတရားနဲ့ ကိုယ်ချင်းစာတရားရှိသူဟာ နှစ်လိုဖွယ်ဖြစ်တယ်။ စကားကို ချင့်ချင့်ချိန်ချိန် ပြောတတ်တယ်၊ ရိုးရိုးဖြောင့်ဖြောင့်ပြောတတ်တယ်ဆိုရင် ဒီလိုလူဟာ နှစ်လိုဖွယ်ဖြစ်တာပါပဲ။ ကိုယ့်အပြုအမူကြောင့် တပါးသူ မထိခိုက်မနစ်နာစေလိုသူဟာ နှစ်လိုဖွယ်အပြုအမူကို ပိုင်ဆိုင်တယ်။ ကိုယ့်အတွေးတွေကို ကလနားသပ်ပြီး သင့်၏ မသင့်၏ ဆင်ခြင်နိုင်တဲ့သူဟာ နှစ်လိုဖွယ်ဖြစ်တယ်။ သူတစ်ပါးကိုလည်း ဗိုလ်ကျလွှမ်းမိုးတာမလုပ်ဘူး၊ ကိုယ့်ကိုယ်တိုင်လည်း သူများကို ကပ်ဖားရပ်ဖား လုပ်တာမျိုး မလုပ်ဘူးဆိုရင် ဒါဟာ နှစ်လိုဖွယ်ဖြစ်တာပါပဲ။ အကြောင်းအကျိုးကို နားလည်ပြီး ဘယ်အရာက အမှား ဘယ်အရာက အမှန်ဆိုတာကို နားလည်နိုင်စွမ်း ရှိသူဟာ နှစ်လိုဖွယ်ဖြစ်တာပဲ။ ဝေဖန်ဆွေးနွေးခြင်းနဲ့ အတင်းအဖျင်းပြောဆိုခြင်းကို ခွဲခြားနားလည်ပြီး ပိုင်းပိုင်းခြားခြား ပြောဆို ပြုမူနိုင်သူဟာ နှစ်လိုဖွယ်ရှိတာပဲ။ ပြောဆိုဆွေးနွေးခြင်းနဲ့ နားထောင်ခြင်းကို လိုက်လျောညီထွေအောင် လုပ်နိုင်ရင် အဲဒါ နှစ်လိုဖွယ်ဖြစ်တာပဲ။ ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်ရင် ဒါဟာ နှစ်လိုဖွယ်ဖြစ်တာပါပဲ။ ကိုယ့်ကိုယ်လည်း လေးစားထိုက်အောင် နေထိုင်သလို၊ သူများကိုလည်း လေးလေးစားစား ဆက်ဆံပြောဆိုတတ်သူမှာ နှစ်လိုဖွယ်ဖြစ်တာပါပဲ။ ပေါင်းသင်းဆက်ဆံရေးမှာ ဟာသဉာဏ်ရွှင်သူဟာ နှစ်လိုဖွယ်ဖြစ်တာပါပဲ။ တခါတရံ ပေါ့ပေါ့ပါးပါးနေတတ်တာကလည်း နှစ်လိုဖွယ်ရာဖြစ်တာပါပဲ။ ပေါ့ပေါ့ပါးပါးနေတတ်တာနဲ့ ပေါ့ပျက်ပျက်နေတတ်တာက မတူဘူးနော်။ ဒါလည်း သတိချပ်ပါ။ 

ဘယ်လိုလူဟာ နှစ်လိုဖွယ်ဖြစ်သလဲ ဆိုတာကို အခုပြောတဲ့အချက်တွေနဲ့ တိုင်းတာကြည့်သင့်တယ်။ ဟော့ဟော့ရမ်းရမ်း နေထိုင်ပြောဆိုတတ်သူဟာ ဘယ်လိုလုပ် နှစ်လိုဖွယ်ရာ ဖြစ်မလဲ။ တဇွတ်ထိုး တဇောက်ကန်း အပြုအမူဟာ ဘယ်လိုလုပ် နှစ်လိုဖွယ်ရာဖြစ်မလဲ။ ငါတကောကောသူဟာ ဘယ်လိုလုပ် နှစ်လိုဖွယ်ရာဖြစ်မလဲ။ သူများတကာကို တင်တင်စီးစီးဆက်ဆံပြောဆိုတတ်ရင်လည်း နှစ်လိုဖွယ် မဖြစ်ပါဘူး။ အမြဲတမ်းလိုလို မြည်တွန်တောက်တီးပြီး ငြူစူစောင်းမြောင်းခြင်းအကျင့်ရှိသူဟာ နှစ်လိုဖွယ် မဖြစ်ပါဘူး။ အမြဲတမ်း အပျက်တွေးတွေးပြီး အကောင်းမမြင်တတ်သူ၊ အဆိုးကိုပဲ ကွက်ပြီး ပြောတတ်သူဟာ ဘယ်လိုလုပ် နှစ်လိုဖွယ်ရာဖြစ်မလဲ။ သူများတကာကို လှောင်ပြောင်ကဲ့ရဲ့လေ့ရှိသူဟာ ဘယ်လိုလုပ် နှစ်လိုဖွယ်ရာ ဖြစ်မလဲ။

ငါဟာ နှစ်လိုဖွယ်ရာ ဖြစ်သလား။ 

ငါ့ နံဘေးမှာ ဒီလို နှစ်လိုဖွယ်ရာဖြစ်တဲ့သူ ဘယ်နှယောက်ရှိသလဲ။ 

နည်းနည်း မေးကြည့်ပါ။ 

မေးကြည့်တဲ့အခါ ရက်ရက်စက်စက်က ရိုးသားစွာ မေးကြည့်၊ ဖြေကြည့်ပါ။ 

ကိုယ့်ကျတော့ ဖော့ပြီး သူများကျတော့ ဖိတာမျိုး မလုပ်ပါနဲ့။ 

အရှိပကတိကို မြင်နိုင်တာဟာ အကောင်းဆုံးပါပဲ။ 

ကျနော်တို့ ဘယ်လောက် ရိုးသားနိုင်ကြသလဲ။ 

မင်းသေ့ 

နံနက် ၄း၁၀ 

၅ ၊ အောက်တိုဘာ၊ ၂၀၂၂။ 

Previous post နိုင်ငံရေးကျောင်းဆရာ 
Next post စာဂျပိုး ဘဝ