ကျနော် စာဂျပိုး လုံးလုံးဖြစ်နေတဲ့ အရွယ်တုန်းက၊ ကြုံခဲ့ရတဲ့ အဖြစ်အပျက် တချို့ ရှိတယ်။ မင်း ဒီစာအုပ်တွေ ဖတ်လို့ ဘာရမှာလဲ…. လို့ ခဏ ခဏ အငေါ်တူးခံရဖူးတယ်။ စာအုပ်တွေ သဲကြီးမဲကြီး ဖတ်နေလို့ ဘာဖြစ်လာမှာလဲ… လို့ ခဏ ခဏ အထေ့အငေါ့ခံခဲ့ရဖူးတယ်။ ဘယ်သူတွေ ကျနော့်ကို ထေ့သလဲ ငေါ့သလဲဆိုတာကို မှတ်မိပေမယ့် မပြောလိုပါ။ အခုအချိန်အထိတော့ ဘယ်သူ ငါ့အပေါ် ဘယ်လို ဆက်ဆံသလဲဆိုတာကို မမေ့ပါဘူး။ ကိုယ့်စရိုက်က အမှတ်သည်းခြေ ကြီးတာလား၊ အငြိုးအတေးကြီးတာလား မပြောတတ်ပါ။ မေ့လို့ မရတဲ့ စကားတွေထဲမှာ — ကိုယ့်ဝါသနာကို အစော်ကားခံရဖူးတာတွေ အတော်များများကို မမေ့ပါဘူး။ ဒါပေမယ့် ၎င်းတို့ရဲ့ အငေါ်တူးခံရမှုနဲ့ မေးခွန်းတွေကိုလည်း ပြန်မဖြေနိုင်ခဲ့ပါဘူး။ စိတ်ထဲကတော့ ကြိတ်ပြီး ပြောနေမိတယ်။ တစ်နေ့ကျ ဒီမေးခွန်းတွေ အလိုလို ပျောက်သွားအောင် လုပ်ပြမယ်ဆိုတဲ့ အတွေး။ 

တကယ်လည်း ဟုတ်ပါတယ်။ စာတွေ သဲကြီးမဲကြီး ဖတ်လာရင် ဘာဖြစ်လာမယ်ဆိုတာ ကျနော်လည်း ကိုယ့်ကိုယ်ကို မသိခဲ့ပါဘူး။ ကျနော်သိထားတာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ငါယုံကြည်တာကို ငါ လုပ်နေသရွေ့ တစ်နေ့နေ့တော့ လမ်းကြောင်းပေါ် ရောက်လာမယ်ဆိုတာပါပဲ။ ဒီယုံကြည်ချက်က လွဲလို့ ဘာမှ မရှိပါ။ ဗလာနတ္ထိဖြစ်ပါတယ်။ စာပေကို ဝါသနာပါလို့ စော်ကားခံရဖူးတဲ့ ဝန်းကျင်ကို ကျနော် ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲသည့်အထဲမှာ — ဒီစာအုပ်တွေ ဖတ်လို့ မင်း စာမေးပွဲအောင်မှာလား လို့ အမေးခံရဖူးတာလည်း ပါပါတယ်။ 

စာအုပ်တွေကို သဲကြီးမဲကြီး ဖတ်ရင် ချမ်းသာနိုင်လား ဆိုတာ ကျနော် မသိခဲ့ပါ။ စာအုပ်တွေကို သဲကြီးမဲကြီး ဖတ်ရင် စာမေးပွဲအောင်မှာလား ဆိုတာ ကျနော် မဖြေနိုင်ခဲ့ပါ။ စာအုပ်တွေကို သဲကြီးမဲကြီး ဖတ်ရင် ငွေရမှာလား ဆိုတာ ကျနော် မတုန့်ပြန်နိုင်ခဲ့ပါ။ 

ယုံကြည်ချက်တစ်ခုမှ လွဲလို့ တခြားသော အကြောင်းပြစရာ မရှိတဲ့ ကျနော့်အတွက် ဒဿနအဆိုအမိန့် တစ်ခုဟာ အဖော်အဖြစ် အတူရှိနေပေးခဲ့ပါတယ်။ အဲသည့် ဒဿနတစ်ခုကတော့ ကွန်ဖြူးရှပ်ရဲ့ ဒဿနထဲက မိန့်ဆိုချက် တစ်ခု။ 

  • အဆင့်အတန်း မြင့်မားသူတွေဟာ စံတင်လောက်တဲ့ ဂန္တဝင်စာပေတွေကို ကျယ်ပြန့်စွာ လေ့လာကြတယ်။ သာမန်လူတွေကတော့ အကျိုးအမြတ် ရဖို့ကိုသာ နားလည်ကြတယ်။ 

ဒီမိန့်မှာချက်ကို ကျနော် မှတ်စုထဲမှာ သေချာ ရေးမှတ်ကူးယူထားခဲ့တယ်။ ထို့နောက် ကျနော် ကြိမ်ဖန်များစွာ နှလုံးသွင်းပါတယ်။ အဆင့်အတန်းမြင့်မားသူတွေဟာ စံတင်လောက်တဲ့ ဂန္တဝင်စာပေတွေကို ကျယ်ပြန့်စွာ လေ့လာကြသတဲ့။ ငါဟာ ဘယ်လိုလူဖြစ်ချင်သလဲ…..။ 

ဂန္တဝင်စာပေတွေကို သဲကြီးမဲကြီး ဖတ်မှတ်လေ့လာလို့ ချမ်းသာမှာလား၊ ငွေရမှာလား၊ စာမေးပွဲအောင်မှာလားလို့ မေးတဲ့ ဝန်းကျင်ကနေ ကျနော် ထွက်ခွာခဲ့ပါတယ်။ ထို့နောက် လောကစက်ဝန်းထဲကို ကျနော် ရွက်လွှင့်ပါတယ်။ ကျနော့် ယုံကြည်ချက်တွေကို ကျနော် စမ်းသပ်ခဲ့ပါတယ်။ ယုံကြည်ချက်ကို တည်ဆောက်အပြီး ငါး နှစ်အကြာ၊ ယုံကြည်ချက်ကို စမ်းသပ်အပြီး (၆) နှစ်အကြာ… စုစုပေါင်း (၁၀) နှစ်ကျော် (၁၁) နှစ်ကြာတဲ့အချိန်မှာ — စာတွေ သဲကြီးမဲကြီး ဖတ်ခဲ့တဲ့ စာဂျပိုးတစ်ကောင်၊ သူထွက်ခွာခဲ့တဲ့ ဝန်းကျင်ထဲ ပြန်လာခဲ့ပါတယ်။ 

ယောနသံစင်ရော်လို အပျံလေ့ကျင့်ပြီး အဆုံးစွန်ဆုံးအထိ လေ့ကျင့်ရည်ဝပြီးချိန်၊ မူရင်း အသိုက်ဆီကို ပြန်လာခဲ့ပါတယ်။ 

  • အတောင်တွေ တဖျတ်ဖျတ် ခတ်ခြင်းဟာ စားသောက်ဖို့ တစ်ခုတည်းအတွက်ဆိုတာထက်တော့ ပိုပြီး အဓိပ္ပာယ်ရှိသင့်တယ် မဟုတ်လား။ 

လူအတော်များများဟာ နေ့စဉ်လိုလို စားဖို့ သောက်ဖို့ ရုန်းကန် အချိန်ကုန်နေရချိန်၊ ကျနော်ဟာ ကိုယ့်စိတ်အာဟာရအတွက် စိတ်ရှိရာအလုပ်တွေကို လုပ်နေဖြစ်ချိန်တွေ ဖြစ်လာခဲ့ပါတယ်။ ယုံကြည်ချက်ကို တည်ဆောက်နေတဲ့ အချိန်ကာလတွေတုန်းကလည်း ကိုယ် ယုံကြည်တာကိုပဲ စိုက်လိုက်မတ်တက် လုပ်နိုင်ဖို့ အားထုတ်ခဲ့တယ်။ ယုံကြည်ချက်ကို အစမ်းသပ်ခံဖို့ တိုးဝင်ဖြတ်သန်းနေချိန်တုန်းကလည်း ကိုယ် ယုံကြည်တာကိုသာ စွဲစွဲမြဲမြဲ လုပ်ဖို့ ကြိုးစားခဲ့တယ်။ အပျံလေ့ကျင့်ပြီးချိန် မူရင်း အသိုက်ကို ပြန်လာချိန်ရောက်တော့လည်း ကိုယ်ယုံကြည်တာကိုသာ တစိုက်မတ်မတ် လုပ်ဖို့ ရဲရဲဝံ့ဝံ့ ဆော်ဩနိုင်ခဲ့ပါတယ်။ 

ဒါတွေဟာ ဂန္တဝင်စာပေတွေကို ယုံကြည်ချက်တစ်ခုနဲ့ သဲကြီးမဲကြီး ဖတ်ခဲ့ခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ ကျနော် တစ်ခု ဆုံးဖြတ်နိုင်ခဲ့တာက ကျနော့် ဘဝကို သာမန်ဘဝနဲ့ ခြားနားစေဖို့အတွက် အဓိကအချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဝါသနာအရ ဂန္တဝင်စာပေတွေကို သဲကြီးမဲကြီး ဖတ်ရှုလေ့လာမှုကို အကျိုးအမြတ်ကို မျှော်ကိုးစိတ်နဲ့ မလဲလည်၊ မစွန့်လွှတ်ခဲ့တာပါပဲ။ 

စာပေလေ့လာဖတ်ရှုမှုအပေါ် အကျိုးအမြတ်နဲ့ အကဲဖြတ်ပြီး မရွေးချယ်ခဲ့ခြင်းဟာ ကျနော့်ဘဝအတွက် အဓိက အခရာဖြစ်လာခဲ့ပါတယ်။ 

မင်းသေ့ 

နံနက် ဝး၄၅ 

၅ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post နှစ်လိုဖွယ်ဖြစ်ရဲ့လား 
Next post သင်သေသွားသော် ကဗျာမှ အမျိုးသားရေးဝါဒ