ဆရာဇော်ဂျီဟာ “သင်သေသွားသော်” ကဗျာကို ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလထုတ် အိုးဝေမဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။ “သင်သေသွားသော်” ကဗျာကို ရေးသားတဲ့ နောက်ခံခေတ်အခြေအနေကို လေ့လာကြည့်သင့်တယ်။ 

နောက်ခံကား 

 “သင်သေသွားသော်” ကဗျာ မပေါ်ခင် ရှေ့ (၁၅) နှစ်ကာလလောက်တုန်းက မြန်မာပြည်မှာ အကြီးကျယ်ဆုံးသော ကျောင်းသားသပိတ်လှုပ်ရှားမှုကြီး တစ်ခု ပေါ်ထွက်ခဲ့တယ်။ ၁၉၂၀ ဒီဇင်ဘာမှာ ပေါ်ထွက်ခဲ့တဲ့ ပထမကျောင်းသားသပိတ် ဖြစ်ပါတယ်။ ပထမကျောင်းသားသပိတ်လှုပ်ရှားမှုရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်အနေနဲ့ မြန်မာပြည်မှာ အမျိုးသားကျောင်းတွေ ပေါ်ထွက်လာခဲ့တယ်။ အမျိုးသားကျောင်းတွေဟာ — အမျိုးသားရေးဝါဒကို အခြေခံပြီး ပညာရေးအားဖြင့် ဝံသာနုလှုပ်ရှားမှုကို တွန်းတင်ဖို့ အထောက်အပံ့ကောင်းဖြစ်ခဲ့ပါတယ်။ ဝံသာနုအမျိုးသားရေးစိတ်ကို အခြေခံပြီး လွတ်လပ်သောတိုင်းပြည်တစ်ခုဖြစ်အောင် မြန်မာ့လူ့အဖွဲ့အစည်းကို တွန်းတင်ဖို့ ကျေးဇူးပြုနိုင်ခဲ့ပါတယ်။ 

ပထမကျောင်းသားသပိတ်ပေါ်ပြီး (၁၀) နှစ်လောက်အကြာမှာ၊ သာယာဝတီခရိုင်ကို အခြေပြုပြီး ဆရာစံရဲ့ လယ်သမားလက်နက်ကိုင်ပုန်ကန်မှုကြီး ပေါ်ထွက်ခဲ့ပါတယ်။ ဝံသာနုမျိုးချစ်စိတ်ကို အခြေခံပြီး ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်သောတိုင်းပြည်တစ်ခု တည်ထောင်ဖို့ စတင်လိုက်တဲ့ လက်နက်ကိုင်လှုပ်ရှားမှုပါ။ ဆရာစံ လယ်သမားတော်လှန်ရေးဟာ ရှေးရိုးစွဲအမျိုးသားရေးဝါဒရဲ့ ဒဿနတွန်းအားကို အခြေခံပြီး လက်နက်စွဲကိုင်တော်လှန်တဲ့ ဝံသာနုလှုပ်ရှားမှုဖြစ်ပါတယ်။ 

ဆရာစံလယ်သမားတော်လှန်ရေးပေါ်ပေါက်အပြီး (၄) နှစ် (၅) နှစ်လောက်ကြာတဲ့အချိန်မှာ၊ ဆရာဇော်ဂျီဟာ အိုးဝေမဂ္ဂဇင်းမှာ  “သင်သေသွားသော်” ကဗျာကို ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။  “သင်သေသွားသော်” ကဗျာဖော်ပြအပြီး နောက်ထပ် (၂) လလောက်အကြာမှာ၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းကို “ငရဲခွေးကြီး လွတ်နေသည်” ဆောင်းပါးဖော်ပြမှုနဲ့ပတ်သက်ပြီး ကျောင်းထုတ်ခံရပါတယ်။ ကိုအောင်ဆန်း ကျောင်းထုတ်ခံရတာကို မကျေနပ်လို့ ကျောင်းသားဟောင်း ကိုနုက ရထားတဲ့ ဘွဲ့လက်မှတ်ကို တက္ကသိုလ်ကို ပြန်အပ်တယ်။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ ဒုတိယကျောင်းသားသပိတ် လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာတယ်။ 

ကိုလိုနီလက်အောက်က ရုန်းထွက်တဲ့ ဝိုင်အမ်ဘီအေ ပေါ်ထွက်ပြီး (၁၉၀၆ ခုနှစ်) မှ လွတ်လပ်ရေးရပြီး (၁၉၄၈ ခုနှစ်) အထိ ကာလကို အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလလို့ သတ်မှတ်နိုင်ပါတယ်။ မြန်မာတို့ဟာ လွတ်လပ်သောပြည်ထောင်စုနိုင်ငံအဖြစ်ကို ရရှိဖို့အတွက် နည်းနာပေါင်းစုံနဲ့ လှုပ်ရှားရုန်းကန်ခဲ့ကြတယ်။ ၎င်းနည်းနာတွေထဲမှာ ဘာသာရေးနည်းအားဖြင့် လည်းကောင်း၊ ပညာရေးနည်းအားဖြင့်လည်းကောင်း၊ စာပေအနုပညာနည်းအားဖြင့်လည်းကောင်း၊ လူမှုရေးနည်းအားဖြင့်လည်းကောင်း၊ စီးပွားရေးနည်းအားဖြင့်လည်းကောင်း၊ နိုင်ငံရေးနည်းအားဖြင့်လည်းကောင်း၊ လက်နက်ကိုင်နည်းအားဖြင့်လည်းကောင်း အမျိုးမျိုး ကြိုးပမ်းခဲ့ကြပါတယ်။ 

လစ်ဘရယ်အမျိုးသားရေးဝါဒီ ဇော်ဂျီ 

ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ရဲ့ ကြိုးပမ်းအားထုတ်ချက်တွေဟာ စာပေအားဖြင့် လှုပ်ရှားရုန်းကန်ခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် မှတ်ယူနိုင်ပါတယ်။ ဆရာဇော်ဂျီဟာ စာပေအားဖြင့်လည်းကောင်း၊ ပညာရေးအားဖြင့်လည်းကောင်း ကိုယ့်မင်းကိုယ့်ချင်း တိုင်းပြည်ဖြစ်ဖို့ လွတ်လပ်၍ ပွင့်လင်းမျှတသော လူ့အဖွဲ့အစည်းဖြစ်ဖို့ ကျေးဇူးပြုထောက်ပံ့ခဲ့ပါတယ်။ ဆရာဇော်ဂျီရဲ့ စာပေအတွေးအခေါ်နဲ့ ဘဝဖြတ်သန်းမှုတွေကို လေ့လာကြည့်ပြီး၊ ဆရာဇော်ဂျီဟာ ဘယ်လို လူမျိုးလဲလို့ အကဲခတ်ကြည့်ပါတယ်။ ဆရာဇော်ဂျီရဲ့ စာပေဘဝ၊ စာပေပညာရှင်ဘဝ၊ တက္ကသိုလ်ပါမောက္ခ နဲ့ ဌာနဆိုင်ရာတာဝန်ဝတ္ထရားတွေကို ထမ်းရွက်တဲ့ ပြည်သူ့ဝန်ထမ်းဘဝတွေကို အကြမ်းဖျင်းလေ့လာကြည့်ရင်၊ ဆရာဇော်ဂျီဟာ လစ်ဘယ်အမျိုးသားရေးဝါဒီ (liberal nationalist) တစ်ယောက်လို့ သတ်မှတ်နိုင်စရာတွေ ရှိပါတယ်။ 

တိုင်းချစ်ပြည်ချစ်စိတ် အခြေခံ 

ဆရာဇော်ဂျီဟာ သူ့တိုင်းပြည်ကို လွတ်လပ်စေချင်တယ်၊ ထို့နောက် တိုးတက်စေချင်တယ်၊ ဒါ့အပြင် အတွေးအခေါ် အယူအဆသစ်တွေနဲ့ ခေတ်မီနိုင်ငံတော်တစ်ခု ဖြစ်စေချင်တယ်။ ခေတ်စမ်းစာပေလှုပ်ရှားမှုကို စတင်ခဲ့တဲ့အထဲမှာ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ဟာ ထိပ်ဆုံးက လူပညာရှိတွေ မဟုတ်လား။ ဆရာဇော်ဂျီရဲ့ စာပေနဲ့ ကဗျာတွေမှာ အမျိုးသားရေးဝါဒကို တွေ့ရပေမယ့် သွေးကိုဗဟိုပြုတဲ့ / အမျိုးအနွယ်ကို ဗဟိုပြုတဲ့ အမျိုးသားရေးဝါဒ မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ အထူးသဖြင့် တိုင်းချစ်ပြည်ချစ် စိတ်ကို အခြေခံတဲ့ အမျိုးသားရေးဝါဒ ။ ဒါကို civic nationalism လို့ ပြောမယ်။ ဆရာဇော်ဂျီ့ထံမှာ မျိုးချစ်ဝါဒ မရှိ – တိုင်းချစ်ပြည်ချစ်စိတ်သာ ရှိပါတယ်။ ဒါ့ကြောင့် ဆရာဇော်ဂျီကို ဇာတိမာန်စာဆိုလို့ ပြောပေမယ့်၊ မျိုးချစ်ဝါဒဘက် မယိမ်းဘဲ တိုင်းချစ်ပြည်ချစ်ဝါဒဘက်ကို ယိမ်းတဲ့စာပေလက်ရာတွေကို အများဆုံးတွေ့ရတာဖြစ်ပါတယ်။ ဆရာဇော်ဂျီရေးသားခဲ့ဖူးတဲ့ “တို့ ပြည်ထောင်စု” ကဗျာမှာ ဒီအချက်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါတယ်။ 

ကျယ်ပြန့်၍ ပြည့်ဝသော အမျိုးသားရေး အတွေးအခေါ်

ဆရာဇော်ဂျီရဲ့ စာပေနဲ့ ကဗျာတွေဟာ သိမ်မွေ့၍ နူးညံ့ကျယ်ပြန့်သော အမျိုးသားရေးဝါဒကို အခြေခံပေမယ့် ဇာတိသွေး ဇာတိမာန်ကို လှုပ်နိုးစေကြောင်း တွေ့ရှိရတယ်။ မျိုးချစ်ဝါဒကို အခြေမခံပေမယ့် တိုင်းချစ်ပြည်ချစ် စိတ်ကို အခြေခံတဲ့ အမျိုးသားရေးဝါဒ နောက်ခံနဲ့ စာပေတွေ၊ ကဗျာတွေကို ရေးသားခဲ့ကြောင်း ထင်ရှားတယ်။ ဆရာဇော်ဂျီဟာ တိုးတက်သောအယူအဆကို လိုလားပြီး ကျယ်ပြန့်သောအမျိုးသားရေးဝါဒကို လက်ကိုင်ထား ကြောင်း၊ ဝံသာနုစိတ် အပြည့်ရှိကြောင်း သူ့စာနဲ့ သူ့ကဗျာတွေမှာ ပေါ်လွင်ထင်ရှားတယ်။ ဒါ့အပြင် သဘောထားကြီးသော၊ မသေးသိမ်သော၊  မကျဉ်းမြောင်းသော၊ နှလုံးရည်ပြည့်ဝသော အတွေးအခေါ်အယူအဆ အမြင်တွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို စာပေနဲ့ သိုင်းဝိုင်းတည်ဆောက်မှုကို ရှေ့ဆောင်ဦးရွက် ပြုသူဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဆရာဇော်ဂျီရဲ့ ထင်ရှားသော ကဗျာတွေထဲမှာ – ဗေဒါလမ်းကဗျာ၊ တို့တိုင်းပြည်ကဗျာနဲ့ သင်သေသွားသော် ကဗျာတွေဟာ ထင်ရှားကျော်ကြားပါတယ်။ အဲသည့်အထဲက  “သင်သေသွားသော်” ကဗျာမှာ ပါဝင်တဲ့ အမျိုးသားရေးဝါဒ သင်္ကေတတွေကို အနည်းငယ် လေ့လာကြည့်ပါ့မယ်။ 

 “သင်သေသွားသော်” ကဗျာ — 

ဩော် … လူ့ပြည်လောက၊ လူ့ဘဝကား

အိုရနာရ၊ သေရဦးမည်

မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်

သင်ဖွားသောမြေ၊ သင်တို့မြေသည်

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း

ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်၊ သစ္စာအရောင်

ဉာဏ်တန်ဆောင်လည်း

ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။

သေခြင်းဒဿနနဲ့ သံဝေဂ အမြင် 

ဆရာဇော်ဂျီဟာ —  “သင်သေသွားသော်” ကဗျာကို လူ့အဖွဲ့အစည်းထဲ စွဲမြဲတည်ရှိနေတဲ့ ဗုဒ္ဓဘာသာဓလေ့ထုံးစံလာ လူမှုအမြင်သဘောထားဖြစ်တဲ့ သံဝေဂအမြင်နဲ့ စတင် ဖွင့်ဆိုလိုက်တာတွေ့ရပါတယ်။ မြန်မာတို့ရဲ့ လူမှုအတွေးအခေါ်ထဲမှာ – သေရင် ကိုယ့်နောက် မပါဘူး၊ အားလုံးကို ချန်ထားရစ်ရမှာ၊ ဒါ့ကြောင့် မသေခင် ကောင်းမှုတွေကို လုပ်ခဲ့ကြ၊ ကောင်းတာတွေကို လုပ်ခဲ့ကြ၊ တချိန်မှာ ကိုယ်ပိုင်ထားတာတွေကို အားလုံး ထားရစ်ခဲ့ရမှာ၊ ဘဝဟာ မမြဲဘူး၊ အနိစ္စ – မမြဲခြင်း … ဆိုတဲ့ ဓမ္မအမြင်ကို ဦးစွာ သတိရစေလိုက်ပါတယ်။ ဒါကို သံဝေဂအမြင်လို့လည်း ပြောနိုင်သလို၊ သေခြင်းဒဿနကို ဦးစွာ သတိရစေအပ်တယ်ဆိုတာလို့လည်း ယူဆနိုင်ပါတယ်။ သင်သေသွားသော် ကဗျာမှာ ဆရာဇော်ဂျီက သေခြင်းဒဿနနဲ့ သံဝေဂအမြင်ကို ဗဟိုပြုပြီး စတင်ဖွင့်ဆိုလိုက်တယ်။ သည့်နောက်မှ ဆရာဇော်ဂျီဟာ သူ ဖြစ်စေလိုတဲ့ တိုင်းသစ်ပြည်သစ်နဲ့ လူ့အဖွဲ့အစည်းသစ်အတွက် အုတ်မြစ်တည်မယ့် လူ့စွမ်းအားတွေကို ဘယ်လို မျှော်လင့်တောင်းတကြောင်း ကဗျာသံနှောပြီး လူမှုအတွေးအခေါ်တစ်ရပ်ကို ပျံ့နှံ့စေခဲ့ပါတယ်။ 

@@@ 

သေရင် အားလုံးကို ထားခဲ့ရမယ့် အတူတူ…. မင်း မွေးခဲ့တဲ့ မြေ၊ မင်းဖွားခဲ့တဲ့ မြေမှာ အခြေအနေတွေ တိုးတက် မြင့်မားနေစေခဲ့ဖို့ လိုတယ် မဟုတ်လား။ ငါတို့ရဲ့ အမျိုးသားစရိုက်လက္ခဏာတွေနဲ့ ငါတို့ သုံးစွဲတဲ့ စာတွေ စကားတွေ အနုပညာ ယဉ်ကျေးမှုတွေဟာ ကြီးပွားတိုးတက်စေခဲ့သင့်တယ် မဟုတ်လား။ ငါတို့ နေ့စဉ် ဦးချနေတဲ့ ၊ ငါတို့ နေ့စဉ် အမျှဝေနေတဲ့ စေတီပုထိုးကျောင်းကန်တွေကလည်း အမှန်တရားဆိုတဲ့ သစ္စာအရောင်၊ ဉာဏ်ပညာဆိုတဲ့ အလင်းရောင်တွေ ပြောင်လျက် ဝင်းလျက် ကျန်ရှိနေစေသင့်တယ် မဟုတ်လား။ မဟုတ်လည်း ငါတို့ဟာ တစ်ချိန်မှာ သေရွာကို သွားကြရမှာ။ မသေခင် မအိုခင် မနာခင် ငါတို့ အမျိုးသားရေးအတွက် တိုးတက်မြင့်မားအောင် ကြံဆောင်ခဲ့သင့်တယ် မဟုတ်လား။ 

ဒါဟာ သင်သေသွားသော်ကဗျာကနေလာတဲ့ အမျိုးသားရေးစိတ်နဲ့ ဇာတိသွေးဇာတိမာန် စိတ်၊ ဝံသာနုရက္ခိတစိတ်တို့ပဲ မဟုတ်လား။ 

မင်းသေ့ 

ညနေ ၆း၂၄ 

၄၊ အောက်တိုဘာ၊ ၂၀၂၂။

Previous post စာဂျပိုး ဘဝ 
Next post ခင်ဗျား စကားပြောတတ်ရဲ့လား