“ခင်ဗျားစကားပြောတတ်ရဲ့လား” လို့ မေးလိုက်တော့၊ အူကြောင်ကြောင် ဖြစ်သွားအုံးမယ်။ အူကြောင်ကြောင်လည်း မဖြစ်နဲ့၊ အောင်ကြူကြူလည်း မဖြစ်ပါနဲ့။ တကယ်မေးနေတာပါ။ ခင်ဗျား စကားပြောတတ်ရဲ့လား….။ 

တစ်သက်လုံး ပြောနေပေမယ့် မတတ်တာဟာ စကား…တဲ့။ ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်း လူပေါင်းစုံနဲ့ စကားပေါင်းစုံပြောနေပေမယ့် တကယ်စကားပြောတတ်သူကို ရေတွက်ကြည့်ရင် သိပ်ရှားတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ သိပ်ရှားတယ်။ လူတွေဟာ ချစ်တယ်ဆိုတဲ့ စကားကို ခဏ ခဏ ပြောနေကြပေမယ့် တကယ်မချစ်တတ်ကြပါဘူး၊ တကယ်မချစ်တတ်သူတွေက လောကမှာ တစ်ပုံကြီး။ စကားဆိုတာလည်း ထိုနည်းလည်းကောင်းပဲ။ နေ့တိုင်း အချိန်တိုင်း ပြောနေပေမယ့် တကယ်စကားပြောတတ်တဲ့သူဟာ သိပ်ရှားတယ်။ သိပ်နည်းတယ်။ 

နှုတ်မှုရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ရေးဟာ လူမှုနယ်ပယ်မှာ ထဲထဲဝင်ဝင် ကျင်လည်နေတဲ့သူတွေအတွက် သိပ်လိုအပ်တဲ့အရာပါ။ အထူးသဖြင့် နိုင်ငံရေးနယ်က၊ ပညာရေးနယ်က၊ စာပေနယ်က၊ သင်ကြားရေးရပ်ဝန်းက၊ ဘာသာရေးနယ်က၊ စီးပွားရေးနယ်က။ ဒီလိုလူတွေအတွက် သိပ်လိုတယ်။ ငယ်ငယ်တုန်းက ကျနော်တို့ ကြားဖူးနေတဲ့ စကားရှိတယ် မဟုတ်လား။ နှုတ်ကောင်းလျှင် ပြည်စိုး….တဲ့။ 

ပညာရေးဟာ ကျနော်တို့ကို နှုတ်မှုရေးရာကျွမ်းကျင်တတ်မြောက်သူဖြစ်အောင် လုပ်မပေးလိုက်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် လုပ်ရမယ်။ ဆင်ခြေဆင်လက်ပေးနေလို့ မရဘူး။ အထူးသဖြင့် လူအများနဲ့ အလုပ်လုပ်နေတဲ့သူတွေတွေ၊ အစုအဖွဲ့နဲ့ အလုပ်လုပ်နေတဲ့သူတွေ၊ အင်စတီကျူးရှင်းတစ်ခုအောက်မှာ အလုပ်လုပ်နေသူတွေအတွက် စီးစီးပိုးပိုး ခေါင်းဆောင်မှုနေရာတွေ ရထားဖို့အတွက် နှုတ်မှုရေးရာမှာ ကျွမ်းကျင်ဖို့ သိပ်လိုတာပေါ့။ 

ကျနော် ဆယ်ကျော်သက်အရွယ်မှာ ဒီလိုအတွေးမျိုးတွေ ဝင်ခဲ့မိပါတယ်။ ဒါ့ကြောင့် ပြောတတ်ဆိုတတ်သူတစ်ယောက်ဖြစ်ရေးဟာ ကျနော့်ဘဝအတွက် ဂရုဓမ္မထားတည်ဆောက်ရမယ့်အရာလို့ ခံယူထားပါတယ်။ ဒီလိုခံယူချက်ကြောင့် ဘယ်လိုပုံစံမျိုးနဲ့ နှုတ်မှုရေးရာကျွမ်းကျင်သူဖြစ်အောင် လုပ်ရမလဲဆိုတဲ့ နည်းနာတွေကို သဲကြီးမဲကြီး ရှာဖွေဖူးပါတယ်။ ကျနော် တွေ့ခဲ့ဖူးတဲ့အရာတွေထဲက ကျနော် သိပ်ကြိုက်ခဲ့ဖူးတဲ့ ကွန်ဖြူးရှပ်ရဲ့ ဒဿနစာတွေထဲက ကောက်နုတ်ချက်လေး တစ်ခုကို ပြောချင်တယ်။ 

ကွန်ဖြူးရှပ်က ပြောတယ်။ 

  • စကားတတ်တဲ့သူကို မင်း… ဆရာသွားမလုပ်နဲ့။ မင်းပြောတာတွေ အရာမရောက်ဘဲ မိတ်ဆွေတစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်။ ပြန်မပြောတဲ့သူကို မင်း… စကားသွားပြောရင်လည်း မင်းစကားတွေ အလဟဿဖြစ်သွားမှာပဲ။ ဉာဏ်ပညာရှိသူတွေကတော့ မိတ်ဆွေတွေလည်း မဆုံးရှုံးရအောင် ကိုယ့်စကားတွေလည်း အလဟဿမဖြစ်အောင် လုပ်နိုင်ကြလေရဲ့…..။ တဲ့ 

ကွန်ဖြူးရှပ်ရဲ့ ဒဿနတွေထဲက စကားပြောခြင်းအတတ်နဲ့ပတ်သက်ပြီးတော့ မိန့်မှာထားတဲ့ သွန်သင်ချက်တစ်ခုပါ။ 

ကွန်ဖြူးရှပ်ရဲ့ မိန့်မှာချက်က ကျနော့် ဆယ်ကျော်သက်ဘဝရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အတော်လွှမ်းမိုးခဲ့ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ သိပ်ကို သိနေတတ်နေသူတွေ ရှိတတ်ပါတယ်။ အဲသည်လူတွေထဲမှာ တချို့က ကိုယ်သိကြောင်း၊ ကိုယ်တတ်အောင် သိပ်ပြောချင်၊ သိပ်ပြချင်ကြပါတယ်။ တချို့ကလည်း သိထားတတ်ထားတာတွေ ရှိပေမယ့် ဟောင်ဖွာဟောင်ဖွာ မလုပ်ပါဘူး၊ တီးမှ မြည်သောစည်ကြီးကဲ့သို့ ကျင့်ကြံကြပါတယ်။ တချို့ကျတော့လည်း သိတာတတ်တာတွေ ရှိပေမယ့် ခပ်ဆိတ်ဆိတ်ပဲ။ မေးလည်း မပြောဘူး၊ မမေးလည်း မပြောဘူး။ တကယ်သိလို့လား၊ ပြောချင်စိတ် မရှိလို့လား၊ သိချင်ယောင်ဆောင်နေတာလား ဝေခွဲလို့ မရပါ။ ထားတော့။ 

ကွန်ဖြူးရှပ်ရဲ့ ဒဿနက စကားသိပ်တတ်တဲ့သူတွေနဲ့တွေ့ရင် ဆရာသွားမလုပ်မိဖို့ ကျနော့်ကိုယ် ကျနော် သတိချပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကျနော်တို့ဟာ မတောင်းဘဲလည်း ပေးနေမိတဲ့အကြံတွေ ရှိနေတတ်တယ်။ တချို့သော အကြံဉာဏ်တွေဟာ မတောင်းဘဲ မပေးရဘူး။ အကြံဉာဏ်တွေကို မတောင်းဘဲ မပေးမိစေနဲ့။ ဒါဟာ အကြံဉာဏ်တွေကို တန်ဖိုးတုံးအောင် လုပ်လိုက်သလိုလည်းဖြစ်တတ်သလို၊ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးချလိုက်သလို ဖြစ်တတ်တယ်။ ဒါကို သတိထားပါ။ 

ကျနော်တို့ ပတ်ဝန်းကျင်မှာ ထုံပေပေ နဲ့လူတွေ ရှိနေတတ်တယ်၊ ကပ်တက်တက်လူတွေ ရှိနေတယ်။ တချို့လည်း ရိုးသားစွာနဲ့ နှုတ်နည်းကြတာပါ။ တချို့ကျတော့လည်း မမေးဘဲ ပြောပြီး ဟောင်ဖွာဟောင်ဖွာ လုပ်တတ်လွန်းကြတယ်။ ဘယ်လိုလူတွေကို ဘယ်လို စကားပြောရမလဲဆိုတာ သိခြင်းဟာ နှုတ်မှုရေးရာအတတ်ပညာလို့ ထင်ပါတယ်။ စကားပြောအတတ်ပေါ့။ ကျနော်တို့ဟာ ကျနော်တို့ မျိုးဆက်ကို ဒါတွေ လေ့ကျင့်သင်ကြားပေးခဲ့သင့်တယ်။ ဒါပေမယ့် ကျနော်တို့ မလုပ်ခဲ့ပါဘူး။ ကျနော်တို့ ကိုယ်တိုင်တောင် ကိုယ့်ရဲ့ ပြောရေးဆိုရေးစွမ်းရည်နဲ့ပတ်သက်ရင် ဒီအတိုင်း ပစ်စလက်ခတ် ထားတတ်ကြတယ် မဟုတ်လား။ 

တကယ်တော့ လူမှုပတ်ဝန်းကျင်မှာ သူများထက် ခေါင်းတစ်လုံးသာသူ၊ နှာတစ်ဖျားသာသူဖြစ်ဖို့အတွက် စကားပြောအတတ်မှာ ပါးရည်နပ်ရည်ရှိရမယ် မဟုတ်လား။ 

ကျနော်တို့ သားသမီး မြေးမြစ်တွေနဲ့ တူတွေ တူမတွေကို စကားပြောအတတ် / နှုတ်မှုစွမ်းရည် သိမ်မွေ့နက်နဲအောင် လေ့ကျင့်သင်ကြားပေးခဲ့သင့်တယ် မဟုတ်လား။ ကျနော်တို့ ကိုယ်တိုင်လည်း စကားပြောတတ်အောင် ဂရုဓမ္မထားပြီး လေ့ကျင့်တည်ဆောက်ထားသင့်တယ် မဟုတ်လား။ 

မင်းသေ့ 

နံနက် ၁း၄၈ 

၃ ၊ အောက်တိုဘာ၊ ၂၀၂၂။

Previous post သင်သေသွားသော် ကဗျာမှ အမျိုးသားရေးဝါဒ
Next post အမျိုးသားရေးဝါဒဆိုတာ ဘာလဲ