နေရှယ်နယ်လစ်ဇင်လို့ခေါ်တဲ့ အမျိုးသားရေးဝါဒကို ဖျောက်ဖျက်ပစ်ဖို့ ဆိုတာ ခက်လှတယ်။ အထူးသဖြင့် အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားတဲ့တော်လှန်ရေး၊ အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားတဲ့ အင်စတီကျူးရှင်း၊ အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားတဲ့ လှုပ်ရှားမှု၊ အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားတဲ့ လမ်းစဉ်တွေကို ပိတ်ဆို့ကာဆီးဟန့်တားဖို့ ခက်တယ်။ အမျိုးသားရေးဝါဒ (တနည်း) မျိုးချစ်စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ပြုမူချက်တွေဟာ ဘာနဲ့ တူသလဲဆိုတော့ တောင်ကျရေနဲ့ တူတယ်။ 

မိုးရွာပါလို့လည်း စေခိုင်းလို့ မရသလို၊ မိုးတိတ်ပါလို့လည်း အမိန့်ပေးလို့ မရဘူး။ မိုးကြောင့်ဖြစ်လာတဲ့ တောင်ကျရေတွေကို ကာဆီးရင်လည်း ကာဆီးတဲ့သူကသာလျှင် တွန်းတိုက်ခံရမယ်။ တောင်ကျရေတွေကတော့ အစဉ်မပြတ် စီးဆင်းနေမှာပဲ။ မိုးတွေ သည်းထန်ရင် သည်းထန်သလောက် တောင်ကျရေရဲ့ အင်အားက ပြင်းထန်တယ်။ 

အမျိုးသားရေးဝါဒကို တားဆီးပိတ်ပင်ဖို့ ခက်ခဲတယ်။ အမျိုးသားရေးဝါဒဆိုတာဟာ ပျောက်မသွားဘူး။ လူတိုင်းလိုလိုမှာ ရှိတယ်။ နိုင်ငံတိုင်းလိုလို ရှိတယ်။ လူမျိုးတိုင်းမှာ ရှိတယ်။ အမျိုးသားရေးဝါဒဟာ ငုပ်လျှိုးနေတာနဲ့ ထင်ထင်ပေါ်ပေါ် ရှိတာ။ ဒီနှစ်ခုပဲ ကွာတယ်။ အမျိုးသားရေးဝါဒကို ဖျောက်ဖျက်ပစ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ လူသားဗီဇအပေါ်မှာ တည်ထားတဲ့အိုင်ဒီယော်လိုဂျီမို့ ဖြစ်ပါတယ်။ 

အမျိုးသားရေးဝါဒကို ဒီအတိုင်းလွှတ်ပေးထားရင်လည်း အန္တရာယ်တွေ ဖြစ်လာနိုင်တယ်။ အမျိုးသားရေးဝါဒကိုယ်၌က ဘေးထွက်ဆိုးကျိုးများတဲ့ အယူဝါဒဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသားရေးဝါဒကို ဗဟိုပြုပြီး အင်စတီကျူးရှင်းတစ်ခုနဲ့ တော်လှန်ရေးတစ်ခုကို ဆွဲစုထားတာမျိုးဖြစ်ရင် ဒါဟာ အကန့်အသတ်နဲ့ အထိန်းအထေစနစ်ကို နားမလည်တဲ့အခါ ဘေးထွက်ဆိုးကျိုးများတဲ့ ရလဒ်တွေကို ထုတ်လုပ်ပေးတယ်။ အမျိုးသားရေးဝါဒကို ဖျောက်ဖျက်ဖို့ ကြိုးစားသူတိုင်းဟာ အမျိုးသားရေးဝါဒနဲ့ ထိပ်တိုက်တိုးပြီး ပဋိပက္ခသစ်တွေကို ထပ်မံ ဖန်တီးဖို့ ဖြစ်လာမှာပဲ။ ဒါ့ကြောင့် အမျိုးသားရေးဝါဒကို အူတိုင်ထားပြီး ဆောက်တည်ထားတဲ့အင်စတီကျူးရှင်းကို ဖြိုဖျက်ဖို့ထက် ယဉ်ပါးအောင်သာ လုပ်ဖို့ ကောင်းတယ်။ 

Blood Centric Nationalism 

Ethnic Nationalist 

Civic Nationalist 

အမျိုးသားရေးဝါဒမှာ မျိုးကွဲ‌တွေ ရှိတာပဲ။ 

အမျိုးသားရေးဝါဒတွေမှာ သွေးကိုဗဟိုပြုတဲ့ အမျိုးသားရေးဝါဒကတော့ ဘေးထွက်ဆိုးကျိုးအများဆုံးလို့ ပြောနိုင်တယ်။ သူ့ကို blood centric nationalism လို့ ပြောနိုင်တယ်။ သွေးကို ဗဟိုပြုတာ အမျိုးကို ဗဟိုပြုတာပဲ။ အမျိုးကို ဗဟိုပြုတာဟာ လူမျိုးရေးဝါဒပဲ၊ တနည်း မျိုးချစ်ဝါဒပဲ။ အမျိုးကို အလွန်အမင်း စွဲလန်းတပ်မက်တဲ့အယူဝါဒဟာ အစွန်းရောက်သွားရင် ဖက်ဆစ်ဝါဒဖြစ်သွားတာပဲ။ ဖက်ဆစ်ဝါဒနဲ့ အမျိုးသားရေးဝါဒအကြားမှာ စည်းပါးပါးလေးပဲ ခြားထားပါတယ်။ အခုဆိုလိုတဲ့ အမျိုးသားရေးဝါဒဟာ မျိုးချစ်ဝါဒ (လူမျိုးဝါဒ) ethnic nationalism ကို ညွှန်းပါတယ်။ ဒါကို ပါးအောင် လုပ်ပြီး civic nationalism လို့ ခေါ်တဲ့ တိုင်းပြည်ချစ်စိတ် / တိုင်းချစ်ပြည်ချစ်ဝါဒကို အကောင်အထည်ဖော်ရင်တော့ ဘေးထွက်ဆိုးကျိုးနည်းနိုင်တယ်။ သွေးကို အလွန်အမင်း ဗဟိုပြု တည်ဆောက်ထားတဲ့ အိုင်ဒီယော်လိုဂျီနဲ့ အမျိုးဝါဒကို အလွန်အမင်းတပ်မက်ရင် ethnic cleansing အယူအဆတွေပါ ခေါင်းထောင်ထလာပြီး လူသားမျိုးနွယ်ကို ဒုက္ခပေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအဖြစ် ရှိလာနိုင်တယ်။ ဒါကို သတိချပ်ရမှာ ဖြစ်ပါတယ်။ 

Conservative Nationalist 

အမျိုးသားရေးဝါဒကို သရုပ်ခွဲရင် နောက်ထပ် မျိုးကွဲတွေ ရှိသေးတယ်။ ရှေးရိုးစွဲအမျိုးသားရေးဝါဒလို့ ခေါ်တဲ့ conservative nationalism ဆိုတာလည်း ရှိနေပါတယ်။ အဟောင်းကို တပ်မက်တာ၊ အဟောင်းကို သဘောကျတာ၊ အသစ်ထက် အဟောင်းကို ပိုတွယ်တာမျိုးဟာ ရှေးရိုးစွဲဖြစ်ခြင်းရဲ့ အဓိက အသွင်အပြင်ဖြစ်ပါတယ်။ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကို မမှီဘူးလို့ ပြောရင် အဲဒါ သေချာတယ်၊ ကွန်ဆာဗေးတစ်အယူအဆ (ရှေးရိုးစွဲအမြင်) ရှိနေတာပါပဲ။ ရှေးရိုးစွဲအမျိုးသားရေးဝါဒီတွေဟာ အသစ်ကို သိပ်မကြိုက်ဘူး။ အပြောင်းအလဲကို အလိုမရှိဘူး။ တည်ဆဲအနေအထားမှာပဲ ပိုနေမြဲ ကျားနေမြဲ နေထိုင်လိုတယ်။ အဟောင်းကိုပဲ သုံးချင်တယ်။ အတိတ်ကိုပဲ သွားချင်တယ်။ အနာဂတ်ဆိုတာကို အတိတ်နဲ့ တည်ဆောက်ချင်တဲ့သူတွေ။ ဒီလို ရှေးရိုးစွဲအမျိုးသားရေးဝါဒမျိုးကို ဆွဲကပ်နေရင် တိုးတက်သင့်သလောက် မတိုးတက်သလို ပြောင်းလဲသင့်သလောက် မပြောင်းလဲတာတွေလည်း ကြုံတတ်တယ်။ အထူးသဖြင့် ရှေးရိုးစွဲအမျိုးသားရေးဝါဒီတွေဟာ ပညာအခြေခံအားနည်းတာတွေ့ရသလို၊ နိုင်ငံခြားသားကြောက်ရောဂါလည်း ရှိတယ်။ သံသယစိတ်လည်း သိပ်ကဲတာတွေ့ရတယ်။ 

Expansionist Nationalist 

အမျိုးသားရေးဝါဒမှာ နယ်ချဲ့ အမျိုးသားရေးဝါဒဆိုတာလည်း ရှိတယ်။ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားခြင်းကို အလွန်အမင်း ပရိုမိုးရှင်းလုပ်ပြီး အမျိုးသားအမှတ်သရုပ်ကို ထိပ်တင်လွန်းတဲ့အပြုအမူတွေတွေ့ရတယ်။ မဟာလူမျိုးကြီးစိတ်အခံနဲ့ အုပ်စုငယ်၊ လူမျိုးငယ်တွေကို လွှမ်းမိုးတာ၊ ဗိုလ်ကျတာ၊ ချုပ်ကိုင်တာ၊ အနိုင်ကျင့်တာမျိုး လုပ်လေ့ရှိတယ်။ နယ်ချဲ့အမျိုးသားရေးဝါဒီတွေက ကိုလိုနီနယ်တွေ ချဲ့ထွင်ရတာကို သဘောကျနှစ်ခြိုက်လေ့ရှိတယ်။ အထူးသဖြင့်သူတို့ရဲ့ လက်အောက်ခံနယ်မြေတွေကို ချဲ့ထွင်ပြီး မဟာလူမျိုးကြီးဝါဒနဲ့ အုပ်မိုးချုပ်ကိုင်ပြီး ဗိုလ်ကျအနိုင်ကျင့်တာမျိုး လုပ်လေ့ရှိတယ်။ 

Extreme/ rigid/ aggressive Nationalist 

အမျိုးသားရေးဝါဒမှာ အစွန်းရောက်တာ၊ ကြမ်းတမ်းတာ၊ ရန်လိုတာတွေလည်း ပူးတွဲတွေ့ရပြန်တယ်။ အစွန်းရောက်တာကို extreme nationalism လို့ ခေါ်ကြတယ်။ ကြမ်းတမ်းတာကို rigid nationalism လို့ သုံးနှုန်းတယ်။ ရန်လိုတာကို aggressive nationalism လို့ သုံးနှုန်းတယ်။ အစွန်းရောက်အမျိုးသားရေးဝါဒ၊ ကြမ်းကြုတ်တဲ့အမျိုးသားရေးဝါဒ၊ ရန်လိုတဲ့အမျိုးသားရေးဝါဒတွေဟာ အလွန်အမင်း ဘေးထွက်ဆိုးကျိုးများတဲ့ အမျိုးသားရေးဝါဒမျိုးကွဲတွေ ဖြစ်ပါတယ်။ ရှေးရိုးစွဲအမျိုးသားရေးဝါဒနဲ့ မျိုးချစ်ဝါဒ (သွေးဗဟိုပြု/အမျိုးဗဟိုပြု) အမျိုးသားရေးဝါဒတွေဟာ ပညာနဲ့ မယှဉ်တွဲရင် လူ့အဖွဲ့အစည်းကို အတော်ဒုက္ခပေးတဲ့ အမျိုးသားရေးဝါဒတွေဖြစ်ပါတယ်။ 

အမျိုးသားရေးဝါဒရဲ့ သဘောကလည်း နှစ်ဖက်ဓားသွားလို ဖြစ်ပြန်ပါတယ်။ မီးလို ဖြစ်နေပြန်ပါတယ်။ တစ်ဖက်မှာ အကောင်းရှိပြီး တစ်ဖက်မှာ အဆိုးရှိနေတယ်။ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်နေတတ်ပါတယ်။ အမျိုးသားရေးဝါဒမှာ ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ အပြုသဘောဆောင်တဲ့ အမျိုးသားရေးဝါဒတစ်ခုတော့ ရှိပါတယ်။ အဲဒါကို လစ်ဘရယ်အမျိုးသားရေးဝါဒ (Liberal Nationalism) လို့ ခေါ်နိုင်တယ်။

Liberal Nationalist

လစ်ဘရယ်အမျိုးသားရေးဝါဒီတွေဟာ ချင့်ချင့်ချိန်ချိန် လုပ်တတ်တယ်၊ စဉ်းစဉ်းစားစား လုပ်တတ်တယ်၊ သက်သက်ညှာညှာ လုပ်တတ်တယ်၊ အကန့်အသတ်နဲ့ ဘေးထွက်ဆိုးကျိုးကို နားလည်ကြပါတယ်။ အပြုသဘောဆောင်တဲ့အရာတွေကို လက်ကိုင်ထားပြီး အကောင်းမြင်စိတ် ရှိကြတယ်။ သူတို့မှာ သံသယစိတ်နည်းတယ်။ အကြောင်းအကျိုး ညီညွတ်ရင် ယုံကြည်မှု ရှိကြပါတယ်။ ထိုနည်းလည်းကောင်း ကျယ်ပြန့်တဲ့သဘောထားအမြင် ရှိတယ်။ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်နဲ့ ကိုယ်နဲ့မတူတဲ့ လူအုပ်စုတိုင်းကို ရန်လိုမုန်းထားတာမျိုးကို လစ်ဘရယ်အမျိုးသားရေးဝါဒီတွေက မလုပ်တတ်ဘူး။ သို့သော်လည်း ကိုယ့်အမျိုးသားရေးရာကိစ္စတွေကို ထိပါးစော်ကားလာရင်တော့ ကာကွယ်တာ၊ ခုခံတာ၊ တော်လှန်တာ၊ တိုက်ခိုက်တာတွေကို နိုးနိုးကြားကြားတက်တက်ကြွကြွ လုပ်လေ့ရှိပါတယ်။ လစ်ဘရယ်အမျိုးသားရေးဝါဒဟာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ စီးဆင်းလာတဲ့ တောင်ကျရေတွေကို တာတမံဆောက်ပြီး အကျိုးရှိရာ လိုရာ အသုံးပြုဖို့ ကြိုးစားတာနဲ့ တူပါတယ်။ တောင်ကျရေတွေကို တာနဲ့ တမံကို အသုံးပြုပြီး အပြုသဘောဆောင်အောင်၊ အကျိုးပြုအောင် လုပ်နိုင်သလို အမျိုးသားရေးဝါဒကို ကန့်ကွက်တားဆီး ဖျောက်ဖျက်မယ့်အစား အကျိုးပြုလုပ်ငန်းစဉ်တွေ ပေါ်ပေါက်အောင် လုပ်နိုင်ပါတယ်။ ဒီလို လုပ်နိုင်ဖို့ အမျိုးသားရေးဝါဒကို ယဉ်ပါး‌အောင် ပြုပြင်ဖို့ လိုပါတယ်။ အဲသည့်အတွက် အဖြေကတော့ — မျိုးချစ်ဝါဒကို လစ်ဘရယ်အမျိုးသားရေးဝါဒဖြစ်အောင် လုပ်ဖို့ ပါပဲ။ မျိုးချစ်ဝါဒီတွေကို လစ်ဘရယ်အမျိုးသားရေးဝါဒီတွေဖြစ်အောင် လုပ်ဖို့ပါပဲ။ 

မင်းသေ့ 

နေ့လယ် ၃း၀၇ 

၃ ၊ အောက်တိုဘာ၊ ၂၀၂၂။

Previous post ခင်ဗျား စကားပြောတတ်ရဲ့လား
Next post ဝါသနာကို လိုက်ပါ