ဟျောင့်…. မင်း ဘာအလုပ်မှ မလုပ်ဘဲနဲ့ ပိုက်ဆံမရချင်ဘူးလား…..

ဘာလုပ်ရမလဲ

အလုပ်ဆိုတာ အဲဒါပဲ….

အဲတော့ မင်းပိုက်ဆံရချင်ရင် မင်း ဝါသနာပါတာ သင်လိုက်… 

အဲတော့ မင်းဝါသနာနဲ့ လုပ်ရမယ်…

အဲဒါဆိုရင် မင်း အလုပ် မဟုတ်တော့ဘူး….

အလုပ်မလုပ်ဘဲနဲ့ ပိုက်ဆံရတဲ့ကောင်ဖြစ်သွားမယ်…..

ဒီစကားတွေဟာ – ဆရာဝင်းဖေ ပြန်ပြောပြတဲ့ မော်ဒန်ဝါဒအကြောင်း အင်တာဗျူးထဲက ကောက်နုတ်ချက် တချို့ ဖြစ်ပါတယ်။ အဓိကကတော့ ဝါသနာအကြောင်း ပြောချင်တာပါ။ 

ဝါသနာမပါတဲ့အလုပ်ကို လုပ်နေရတဲ့အခါ သိပ် ပင်ပန်းပါတယ်။ ဝါသနာပါတဲ့အလုပ်ကို လုပ်နေရတော့ အလုပ်လုပ်နေရတယ်လို့တောင် မထင်ပါဘူး။ ကျနော်က ဒီအချိုးအကွေ့ကို ဖြတ်ခဲ့ရသူပါ။ ဆယ်ကျော်သက်ဘဝရဲ့ ညသန်းခေါင်ယံတွေမှာ — ဝါသနာကို လိုက်မှာလား၊ ရပ်တည်မှုအတွက် လိုက်မှာလား ဆိုတဲ့ မေးခွန်းကို ကြိမ်ဖန်များစွာ မေးခွန်းထုတ်နေခဲ့တယ်။ 

အဲသည့်တုန်းက ကျနော့်ကို လွှမ်းမိုးထားတဲ့ အမြင်က — ဝါသနာကို လိုက်ရင် ရပ်တည်လို့ မရဘူး။ ရပ်တည်မှုကို ဦးစားပေးရင် ဝါသနာကို စတေးရမယ်။ ဒီလွှမ်းမိုးထားတဲ့အမြင်ကို မကြိုက်ပါဘူး။ မကြိုက်လို့ ငြင်းဆန်ဖို့ ကြိုးစားတယ်။ ဒီငြင်းဆန်မှုဟာ ငြင်းဆန်ရုံနဲ့ မရပါဘူး။ လက်တွေ့က ဝီရိယနဲ့ ဉာဏ်နဲ့ ပူးတွဲအားထုတ်မှ ငြင်းဆန်ဖို့ တတ်နိုင်ခဲ့တာပါ။ အခုတော့ ပြောနိုင်ပါပြီ။ “ငါ ဝါသနာနဲ့ ရပ်တည်နိုင်ပါပြီ” လို့။ 

တက္ကသိုလ်ကျောင်းသားဘဝကတည်းက ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။ အကုန်တော့ မဖြစ်ပါဘူး။ အထူးသဖြင့် ကျောင်းစာ။ ဘွဲ့ရတစ်ယောက်ဖြစ်ဖို့လိုတယ်ဆိုတဲ့ အခြေခံလိုအပ်ချက်ကြောင့် ကိုယ်မသင်ယူချင်တဲ့ ကျောင်းစာတွေကို လေ့လာကျက်မှတ်ခဲ့ရတယ်။ မပျော်ပါဘူး။ ပြင်ပက သမိုင်းစာအုပ်၊ နိုင်ငံရေးစာအုပ်၊ အတ္ထုပ္ပတ္တိ တစ်အုပ်လောက် ဖတ်ရသလို ကျောင်းစာလုပ်ရတာ မပျော်ပါဘူး။ ဒါပေမယ့် ဒါဟာ ငါ ဘွဲ့ရပြီးရင် ပြီးပြီလို့ တွက်ပါတယ်။ 

၂၀၁၂ ခုနှစ် နှစ်ကုန်မှာ ဘွဲ့ရပါတယ်။ 

ဘွဲ့လက်မှတ် လက်ထဲ မရောက်ခင် စာကြည့်တိုက်မှူးအလုပ် လုပ်ပါတယ်။ 

စာကြည့်တိုက်မှူးအလုပ်လုပ်ရင်း — ဘွဲ့လွန် IR Diploma သင်တန်းတက်တယ်။ 

IR တက်ဖို့ ဝင်ခွင့် ဖြေရပါတယ်။ 

ဒီအတိုင်း ဘာမှ ထူးထွေ လေ့လာကျက်မှတ်တာမျိုး မလုပ်ဘဲနဲ့ ဖြေခဲ့တယ်။ 

အောင်ပါတယ်။ 

အိုင်အာတက်ခွင့်ရတော့လည်း စာမေးပွဲ ဖြေရတယ်။ 

First Semester မှာ တစ်ခု။ 

Second Semester မှာ တစ်ခု။ 

ကိုယ်သဘောကျတဲ့ IR ဘာသာရပ် ဘွဲ့လွန်ဒီပလိုမာဘွဲ့ကို ရခဲ့တယ်။ 

ထူးထွေပြီး စာကျက်မှတ်တယ်ဆိုတာ မရှိပါဘူး။ 

အေးဆေးပါ။ 

နောက် ၂၀၁၉ မှာ၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘွဲ့လွန်မဟာဘွဲ့တစ်ခု ထပ်တက်ပါတယ်။ 

သူကလည်း ဝင်ခွင့် စာမေးပွဲ ဖြေရပြန်တယ်။ 

ထူးထွေ ပြင်ဆင်တာ မရှိပါဘူး။ 

ဒီအတိုင်း ဝင်ဖြေတာပါပဲ။ 

အောင်ပါတယ်။ 

ဘွဲ့လွန်မဟာဘွဲ့အတွက် နှစ်နှစ် တက်ရတယ်။ 

အဲသည့်မှာလည်း စာမေးပွဲတွေမှာ ထူးထွေ ပြင်ဆင်တာ မရှိပါဘူး။ 

အတန်းထဲမှာ ဘယ်လို မေးခွန်းတွေ မေးနိုင်ခြေရှိတယ်လို့ ၊ ဆရာ တချို့က ပြောပေမယ့် လိုက်မမှတ်ပါဘူး။ 

ပေးတဲ့‌ မေးခွန်း ကိုယ့်မေးခွန်းပါပဲ။ 

Open book မေးခွန်းတွေဆိုတော့ ပိုတောင် မစိုးရိမ်သေး။ 

စာပေနယ်မှာ နိုင်ငံရေးစာပေကို မျက်စိသူငယ် နားသူငယ်နဲ့ လေ့လာခဲ့ပြီး စာတောထဲ မျက်စိလည်ခဲ့တာ နှစ်ပေါင်းများစွာပါ။ နောက်တော့လည်း အခြေခံတွေ ကြေညက်စွာ ဆုပ်မိကိုင်မိသွားတာပါပဲ။ ဝါသနာ ၊ ဝါသနာ။ 

ဘွဲ့ရပြီးနောက်ပိုင်း ကိုယ်လုပ်ချင်တာတွေပဲ လုပ်ပါတယ်။ 

ကိုယ်ဝါသနာပါတာတွေပဲ လုပ်ပါတယ်။ 

နေ့ရယ် ညရယ် မပြတ်ပါ။ 

သူများတွေမှာ အလုပ်ချိန်ရယ်လို့ ရှိပေမယ့်၊ ကျနော့်မှာ အလုပ်ချိန်ရယ်လို့ မရှိပါ။ နေ့တွေ ညတွေ အလုပ်နဲ့ပတ်သက်တာတွေ လုပ်နေတာပါပဲ။ ဒါပေမယ့် အလုပ်လုပ်နေရတယ်လို့ မထင်ပါ။ ကိုယ်လုပ်ချင်တာတွေ လုပ်နေတာမို့ ပင်ပန်းတယ်လို့လည်း မရှိပါ။ တခါတရံတော့ ကိုယ့်ဝါသနာကို လုပ်ရင်း ငြီးငွေ့တာတောင် တောင်ဖြစ်ပါတယ်။ ဒါဆိုရင်လည်း ကိုယ့်ဘာသာ ပြောင်းလဲဖန်တီးပြီး လုပ်ကြည့်တယ်။ ဒီတော့လည်း စိတ်ပြန်လည်လာတာပါပဲ။ 

ကိုယ်လုပ်ချင်တာ လုပ်နေရင်း နေထိုင်ရပ်တည်ဖို့အတွက် ဝင်ငွေရပါတယ်။ တစ်ကိုယ်စာအတွက်ကတော့ လုံလုံလောက်လောက် ဖြစ်ပါတယ်။ အလွန်အမင်း ပိုလျှံတယ်လို့ မပြောပေမယ့် ကျနော့်အတွက် တခြားသော အပိုကုန်ကျစရိတ်ဆိုတာလည်း စာအုပ် စာစောင် ဝယ်တာလောက်ပဲ ကုန်ပါတယ်။ 

ဆယ်ကျော်သက်အရွယ်တုန်းက၊ မှတ်စုစာအုပ်ထဲမှာ ကြုံးဝါးခဲ့တာကို သတိရပါတယ်။ “ငါ့ ဝါသနာနဲ့ ရပ်တည်ပြမယ်” ဆိုတဲ့ အချက် ဖြစ်ပါတယ်။ 

ဝါသနာနဲ့ ရူးသွပ်မှုရှိသော်လည်းပဲ ရပ်တည်မှုအတွက် ဦးစားပေးလိုက်ရလို့ ဝါသနာကို စွန့်လွှတ်လိုက်ရသူတွေ ကိုယ့်နံဘေးနားမှာ ရှိခဲ့ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာလည်း ရှိခဲ့ပါတယ်။ ဝါသနာကို လုပ်ခွင့်၊ ရူးသွပ်တာကို လုပ်ခွင့်ဟာ ဒီအတိုင်း မရဘူးလို့ ယုံကြည်တယ်။ လူအများက ဝါသနာကို လိုက်လို့ကတော့ မဖြစ်နိုင်ဘူး… လို့ ပြောတာကို ခံပြင်းပါတယ်။ ငါ လုပ်ပြမယ်… ဆိုတဲ့ စိတ်လည်း ရှိပါတယ်။ 

ဆရာကြီး ဦးဝင်းဖေရဲ့ ဟောပြောချက်တွေကို ခဏ ခဏ နားထောင်ရင်း၊ ဝါသနာနဲ့ ရူးသွပ်မှုအကြောင်း စဉ်းစားဖြစ်တော့ ဒီစာလေး ရေးဖြစ်ပါတယ်။ ဪ… ဟုတ်သားပဲ၊ “ဝါသနာပါတဲ့အရာနောက် ငါ လိုက်ခဲ့လို့ အခု ဘာအလုပ်မှ မလုပ်ရဘဲ ပိုက်ဆံရတဲ့ကောင် ဖြစ်နေတာ….”

မင်းသေ့ 

ည ၁၀း၄၇ 

၂၉ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post အမျိုးသားရေးဝါဒဆိုတာ ဘာလဲ
Next post ကျနော့် ဘဝကို ပြောင်းလဲစေခဲ့ဖူးတဲ့ စာအုပ် တစ်အုပ်